Military

အင်းစိန် တိုက်ပွဲထဲက “တံမြက်စည်း”

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းစစ် အစလို့ ဆိုရမယ့် နာမည်ကျော် “အင်းစိန်တိုက်ပွဲ” ဖြစ်ပွားခဲ့သည်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုလျှင် ၆၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး တနှစ်အကြာမှာ ဖြစ်ခဲ့တဲ့ အင်းစိန်တိုက်ပွဲဟာ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခဲ့ရာ လေးလနီးပါး ကြာမြင့်ပြီး တဲ့နောက် မေလ ၂၂ ရက်နေ့တွင် အဆုံးသတ်သွား ခဲ့ပါတယ်။

နာမည်ကြီး အင်းစိန်တိုက်ပွဲဟာ ရက်ပေါင်း ၁၂၂ ရက်ကြာခဲ့ပြီး နောက်ဆုံးမှာတော့ မြန်မာ့ တပ်မတော်ဟာ ကရင်စစ်တပ်တွေကို ပြန်ဆုတ်သွား အောင် တိုက်နိုင်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ မြန်မာ့ရေ တပ်မှာ ဗိုလ်ကြီးတာဝန်ထမ်းဆောင်နေတဲ့ ဦးကျော် သိန်းလွင်က ရေတပ်အမြောက် ဘိုဖာ (Bofors) ကို မြေပေါ်ကို ဆွဲတင်ပြီး တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီ ဘိုဖာရဲ့ နာမည်ကတော့ “တံမြက်စည်း” လို့ တိုက်ပွဲ ထဲမှာပဲ ပေးခဲ့ပါတယ်။ (ဘိုဖာ၂ လက်မှာ တလက် ကတော့ “ရန်ပုံခွင်း” လို့ အမည်ရတယ်။ နောက် တလက်ကတော့ “တံမြက်စည်း” ပါ။)

အင်းစိန်တိုက်ပွဲဖြစ်ရခြင်းနဲ့ ကရင်သေနတ်ကိုင် တပ်ရင်းများက ကရင်အမျိုးသားကာကွယ်ရေးတပ် များ (KNDO) နဲ့ ပူးပေါင်းရန် ကြိုးစားခြင်းဟာ နယ်ချဲ့ပယောဂ၊ ကရင်တွေရဲ့ သီးခြားလွတ်လပ်တဲ့ လူမျိုးအဖြစ် ခွဲထွက်ရန်ကြံစည်မှုလို့ အများက ပြော ဆို သုံးသပ်ကြပေမယ့်၊ ပြည်တွင်းစစ်မှာ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သူတချို့ကတော့ ကရင်တွေအနေ နဲ့ စေ့စပ်မရလောက်အောင် အလျင်အမြန် ပုန်ကန် ဖို့ ဖြစ်လာတာဟာ နောက်ကွယ်က တွန်းအားပေးတဲ့ အကြောင်းအချက်တချို့ကြောင့်လို့ ဆိုပါတယ်။

စစ်ပြီးခေတ် တပ်မတော် (ရေ) မှာ အဲဒီအချိန် က ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်သိန်းလွင်ဟာ ရန်ကုန်က သူ့ရဲ့နေအိမ်မှာ  ထိုင်ပြီး လွန်ခဲ့တဲ့ ၆၅ နှစ်က ဖြစ်ခဲ့တဲ့ နာမည်ကျော် အင်းစိန်တိုက်ပွဲနဲ့ အဲဒီတိုက်ပွဲက အစိတ်အပိုင်းတခု ဖြစ်တဲ့ “ဝက်ကော်” တိုက်ပွဲအကြောင်းကို ရှင်းပြပါ တယ်။

“တကယ်တော့ ကရင်က တိုင်းပြည်ပုန်ကန်ချင် လို့ မဟုတ်ဘူး၊ သူတို့ကို သွားဆွလို့ဖြစ်တာ၊ အလုံ ကရင်ခြံကို ဗမာတွေက သွားမီးရှို့တယ်၊ ဒါတွေက ဦးနေဝင်း ပယောဂ နည်းနည်းပါတယ်။ မီးရှို့တော့ သူတို့ ခံလိုက်ရတာပေါ့။ အဲဒီတော့ အင်းစိန်က လူတွေအနေနဲ့  သူတို့ကိုယ်သူတို့  ကာကွယ်ရတော့ မယ်၊ KNDO ကို ခေါ်တယ်၊ KNDO အင်းစိန်ထဲ ဝင်လာတယ်။ ဗမာက ပုလိပ်တွေဘာတွေနဲ့ ဝိုင်း တယ်။ ဒါပေမယ့် အပြင်ကလူကလည်း ဘာမှမလုပ် သလို အထဲက ကရင်ကလည်း ချဲလင့်မလုပ်ရဲဘူး”လို့ သူရဲ့ အင်းစိန်တိုက်ပွဲ အတွေ့အကြုံကို ပြောပြ ပါတယ်။

ဒါ့အပြင် ဗိုလ်မှူးကြီးအောင်ကြီး (နောင် ဗိုလ် မှူးချုပ်) အရေးပေါ်ဖွဲ့စည်းခဲ့တဲ့ အာဏာရ ဆိုရှယ် လစ်ပါတီရဲ့ ခါးပိုက်ဆောင်တပ် UMP စစ်ရဲ (လဲဗီး) တွေရဲ့ စည်းကမ်းမဲ့ ရန်စ တိုက်ခိုက်မှုတွေကြောင့် အခြေအနေက ပိုမိုဆိုးရွားသွားတာလို့ သူကသုံးသပ် ပါတယ်။

အခုဆိုရင် အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ ဦးကျော်သိန်းလွင်ဟာ လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ်မှ စတင်ပြီး ရေတပ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခင်မောင်ဘို ကိုယ်စား စစ်ဦးစီးအရာရှိတဦးအနေနဲ့ စစ်ရုံးရှိ ကြည်း၊ ရေ၊ လေ အစည်းအဝေးများကို တက်ရောက်ရသူ ဖြစ်ပါတယ်။ KNDO ကြီးစိုးရာ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ ဗမာ့သေနတ်ကိုင် တပ်ရင်း (၃) ကို ဘေးအန္တရာယ်မရှိ အမြန်ဆုံး ရန်ကုန်ရောက် အောင် ရေလမ်းကြောင်းသစ်ကိုသုံးပြီး ပင်လယ်ဝက နေ ခေါ်ဆောင်နိုင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

“အဲဒီတုန်းက မင်္ဂလာဒုံက လက်နက်တိုက်ကို ဖောက်ပြီး တောခိုတယ် ဆိုတာက ကရင်တစုပါ၊ တကယ့် အင်အား ရှိတာက အစိုးရက ရန်ကုန်ကို ကာကွယ်ဖို့ ပြည်နဲ့ တောင်ငူမှာ ချထားတဲ့ ကရင် သေနတ်ကိုင်တပ်ရင်း နှစ်ရင်းပဲ။ အမှန်တော့ အဲဒီတပ်ရင်း တွေက အင်းစိန်မှာရှိတဲ့ သူတို့ ကရင်ဆွေမျိုးသားချင်းတွေ အဝိုင်းခံရတယ် ကြားတော့ သူတို့မကာကွယ်ရင် သူတို့ ဆွေမျိုးတွေ သေကုန်တော့ မယ်ဆိုပြီးတော့ အင်းစိန်ကို ဆင်းလာတာ” လို့ ဦးကျော်သိန်းလွင် က ထိုစဉ်က အခြေအနေကို ရှင်းပြပါတယ်။

အဲဒီ ပြည်နဲ့ တောင်ငူက ဆင်းလာတဲ့တပ်တွေကို တားဆီး ဖို့အတွက်  အဲဒီတုန်းက  ဗိုလ်ကြီးကျော်သိန်းလွင်နဲ့  အဖွဲ့ဟာ တံမြက်စည်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ကရင်တပ် နဲ့ ပဲခူးက ဝက်ကော်ဒေသမှာ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့လို့ “ဝက်ကော် တိုက်ပွဲ” လို့ အမည်တွင်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှက သင်တန်း ပေးထားတဲ့ အဲဒီ ကရင်တပ်တွေ ရန်ကုန်ကိုရောက်ခဲ့မယ်ဆိုရင် သမိုင်းမှာ အလှည့်အပြောင်း ရှိသွားနိုင်ပါတယ်။ ဒီနေရာမှာ ဘိုဖာ တံမြက်စည်းနဲ့ ဗိုလ်ကြီးကျော်သိန်းလွင်တို့အဖွဲ့က အဲဒီ တပ်ကူ ဆင်းလာတဲ့ ကရင်လက်နက်ကိုင်တပ်ရင်းကို တားဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်သိန်းလွင်ကို ရန်ကုန်မြို့ နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
ဦးကျော်သိန်းလွင်ကို ရန်ကုန်မြို့ နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

နေ့လယ်ဘက်ကျရင် တာဝန်အတိုင်း ကရင်တပ်တွေကို မြို့ထဲကို ဝင်မလာနိုင်အောင် တားဆီးပေမယ့်လည်း ညဘက်ကျရင် တော့  အဲဒီတုန်းက  ဗိုလ်ကြီးကျော်သိန်းလွင်ဟာ  သူ့ရဲ့ ကရင် သူငယ်ချင်းတွေနဲ့ ရန်ကုန်မြို့လယ်က ရုပ်ရှင်ရုံတွေမှာ အမေရိကန် က နောက်ဆုံးလာတဲ့ ရုပ်ရှင်တွေကို သွားကြည့်ပြီး အခင်အမင် မပျက် နေနိုင်ခဲ့တဲ့ သဘောထားပြည့်ဝတဲ့ ရေတပ်မတော် ဗိုလ်ကြီး ဟောင်းတဦးလည်း    ဖြစ်ပါတယ်။    ဒီအကြောင်းတွေကိုတော့ “မြို့မလွင်” ကလောင်နဲ့ ရေးသားတဲ့ “ရန်ကုန်မြို့တော်ကို ကယ် တင်လိုက်တဲ့ တံမြက်စည်း” ဆိုတဲ့ သူကိုယ်တိုင် ရေးထားတဲ့ စာအုပ်ထဲမှာ မှတ်တမ်းတင်ထားပါတယ်။

ဒီတိုက်ပွဲနောက်ပိုင်းမှာတော့ ဗိုလ်ကြီး ကျော်သိန်းလွင်ကို လည်း လန်ဒန်ကိုပို့ပြီး စစ်သင်တန်း တက်စေခဲ့တယ်။ ဒါပေမယ့် ၁၉၅၀ အစောပိုင်းမှာတော့ မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ အကြောင်းရင်းကတော့ သင်တန်း အတူတူတက်နေတဲ့ မြန်မာ့ တပ်မတော် အရာရှိတဦးက “ကရင်လူမျိုးများကို စာနာသူ” လို့ ကုန်းချောခဲ့လို့ပါ။ ဒါကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းက ဦးကျော်သိန်း လွင်ကို ရန်ကုန်ကိုပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးကျော်သိန်းလွင် ရဲ့  တိုင်းရင်းသား  ကရင်တွေအပေါ်  မြင်တဲ့အမြင်တွေကတော့ လူကြီးလူကောင်းဆန်ပြီး နိုင်ငံကြီးသားပီသတာကို တွေ့ရပါတယ်။

“အဲဒီတုန်းက ကရင်က ရန်ကုန်ကို သိမ်းမိရင် ကရင်က လူနည်းစု၊ ဗမာက လူများစု၊ သူတို့အနေနဲ့ ကာလကြာရှည် တိုင်းပြည်အုပ်ချုပ်လို့ မရဘူး၊ အဲ့ဒီတော့ ဗမာနဲ့ ညှိရမှာပဲလေ။ အတူတူအုပ်ချုပ်ဆိုရင် အပေးအယူမျှသွားမယ်။ ဖြစ်နိုင်တာက ဓနသဟာယ အဖွဲ့ထဲ ပြန်ရောက်သွားနိုင်တယ်။ ဒါဆို တိုင်းပြည် က ဆိုရှယ်လစ်မဖြစ်ဘူး သေချာတယ်။ အခုလို မြန်မာ့ဆိုရှယ်လစ်ရဲ့ နှစ်ပေါင်းသုံးဆယ်ဒဏ်ကို ခံချင်မှခံရမှာပေါ့” လို့ ဦးကျော်သိန်း လွင်က အတိတ်ကို ပြန်ပြောခဲ့ပါတယ်။

မည်သို့ပင် ဆိုစေကာမူ လွန်ခဲ့သော ၆၅ နှစ်က စခဲ့တဲ့ ပြည်တွင်းစစ်မီးဟာ အခုတိုင် မငြိမ်းသေး၊ ငြိမ်းသတ်ရန် ကြိုးစား နေသည် ဆိုသော်ငြားလည်း တငွေ့ငွေ့ လောင်နေဆဲလို့ ဆိုရပါမယ်။

အင်းစိန်တိုက်ပွဲ

–           ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် တိုက်ပွဲဖြစ်။
–           ယင်းနှစ် မေလ ၂၂ ရက်နေ့တွင် တိုက်ပွဲပြီး။
–           အစိုးရတပ်ဘက်မှ (ရဲဘော်သုံးကျိပ်ဝင်၊ နောင်တွင် ဗိုလ်မှူးချုပ်) ဗိုလ်မှူးကြီး ကျော်ဇော ဦးစီး။
–           ကရင်အမျိုးသား   ကာကွယ်ရေးတပ် (KNDO) မှ စောစံဖိုးသင်၊ စောဘဦးကြီးတို့ ခေါင်းဆောင်။
–           ပွဲဦးထွက်တွင် အမှတ် (၅) ဗမာ့သေနတ်ကိုင် တပ်ရင်းမှ ဗိုလ်မှူးလှသောင်း အပါအဝင် အရာရှိ အရာခံ အကြပ်တပ်သား ၈၀ ခန့်ကျဆုံး၊ ၁၂၀ ခန့် ဒဏ်ရာရ။
–           KNDO ဘက်မှလည်း အလားတူအရေအတွက်ခန့် ထိခိုက်ကျဆုံးမှု ရှိ။
–           အင်းစိန်အဝင်ပေါက် မင်းဓမ္မကုန်း၊ နွားထိုးကုန်း၊ တောင်သူကုန်း၊ စော်ဘွားကြီးကုန်း၊ ဦးစက္ကိန်ကျောင်းတိုက်၊ ကြို့ကုန်း၊ ဦးသော် ပန်းကန်စက်၊ စောဘင်ဆင်ခြံ၊ ဂျမားခြံ၊ အင်းစိန် ကျမ်းစာသင်ကျောင်း၊ တိရစ္ဆာန် ဆေးကျောင်း၊ အင်းစိန်မီးရထားစက်ခေါင်းရုံတို့ စစ်မြေပြင်ဖြစ်ခဲ့။
–           KNDO ထိုးစစ်တကြိမ်တွင် သမိုင်းလမ်းဆုံအထိ ရောက်ခဲ့။
–           KNDO ဘက်က စောဘဦးကြီးနဲ့ မန်းဂျိန်းထွန်းအောင်တို့ အိန္ဒိယသံရုံးအကူအညီဖြင့် ဖဆပလ အစိုးရ ဝန်ကြီးချုပ် ဦးနုနှင့် ဆွေးနွေး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်။
–           KNDO ဘက်မှ ကူညီမည့် ကရင်သေနတ်ကိုင် တပ်ရင်း (၂) သည် ဝက်ကော်တံတားတွင် ဗမာ့သေနတ်ကိုင်တပ်ရင်း (၃) ၏ ချေမှုန်းခြင်းခံရ။
–           KNDO ထိုးစစ်မဆင်နိုင်တော့ဘဲ အင်းစိန်မှနေ၍ မြစ်ဝကျွန်းပေါ်သို့ ဆုတ်ခွာ။

(အမှားပြင်ဆင်ချက် – “ဗိုလ်မှူးလှသောင်း (အောင်ဆန်းသူရိယ)” အစား “ဗိုလ်မှူးလှသောင်း” ဟု အမှားပြင်ဆင်အပ်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading