မြန်မာ့ သုခုမ အနုပညာလက်ရာများ ကိန်းဝပ်နေသည့် လမ်ပန်းမြို့လေးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဇင်းမယ်ဟု မြန်မာတို့ သိကြသော ချင်းမိုင်မြို့နှင့် ၉၅ ကီလိုမီတာကွာဝေးပြီး ကားစီးလျှင် တနာရီခွဲမျှသာ ကြာမြင့်သည်။ တောင်ပေါ်လမ်း၊ မြေပြန့်လမ်းများကို ဖြတ်ကျော်ပြီး ယင်းမြို့လေးထဲကို ရောက်ရှိသည် နှင့်တပြိုင်နက် ရိုးရာမပျက်သည့် အဆောက်အဦ ပုံသဏ္ဌာန်များ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ လန်းနားလူမျိုး (သို့) ရှေးထိုင်းလူမျိုးတို့၏ ယဉ်ကျေးမှု အငွေ့အသက်များက လာရောက်လည်ပတ်သူအား ခံစားမှုအသစ်များကို ပေးနေသည်။
လမ်ပန်းမြို့၏ မွန်းတည့်ချိန် နေရောင်ခြည် အလင်းရောင်အောက်တွင် မြို့တွင်းရှိ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ အိုမင်းဟောင်းနွမ်းနေပြီဖြစ်သည့် အုတ်တံတိုင်းရှည်ကြီးက ခံ့ညားထည်ဝါလှသော်လည်း အက်ကွဲကြောင်းများ၊ ရေညှိခြောက်များနှင့်အတူ တောက်ပမှုတို့ ကင်းနေ၏။ ညိုမည်းစွဲနေသော အဆိုပါ အုတ်တံတိုင်းနံရံ၌ ထွင်းထု ထားသော ဗိသုကာလက်ရာတို့သည် နှောင်းခေတ် လက်ရာများနှင့်မတူ တမူထူးခြားနေသည်။ ရှည်လျားလှ သည့် ယင်းအုတ်တံတိုင်း အတွင်းဘက်အောက်ခြေ၌ သစ်ပင်များ အုပ်မိုးနေသောကြောင့် ရုတ်တရက်ကြည့် လျှင် အတွင်းဘက်၌ ကျောင်းအိုပျက်၊ အိမ်အိုပျက်များသာရှိမည်ဟု ထင်ရပေသည်။
ယင်းအုတ်တံတိုင်းရှည်ကြီး၏ အလယ်တွင် ရွယ်တူ၊ ပုံတူ မုခ်ဦးနှစ်ခုရှိပြီး ယင်းမုခ်ဦးတို့၏ မျက်နှာစာတွင် မြန်မာဘာသာဖြင့် “သာသနဇောတိ ကာရုံတိုက်”ဟု အုတ်ထွင်း စာလုံးများဖြင့် အထင်းသား ကမ္ပည်းတင် ထားသည်ကို တွေ့မြင်လိုက်ရသည့် အချိန်တွင် မြန်မာ့မြေပေါ် ရောက်နေသည့်အလား ဟု စိတ်ထင်မှတ် ရပါသည်။
မုခ်ဦးမှ အတွင်းသို့ဝင်လိုက်သည်နှင့် တပြိုင်နက် ကြီးကျယ်ခမ်းနားလှသည့် ရှေးမြန်မာ ဗိသုကာ ပညာရှင်တို့၏ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့စသည့် ပန်းဆယ် မျိုး အတတ်ပညာ လက်ရာများဖြင့် တည်ဆောက်ထားသော ရှေးဟောင်း မြန်မာ့သုခုမ အနုပညာလက်ရာတို့ကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရတော့သည်။
ရှေးခေတ် ပန်းရန်၊ ပန်းတော့ လက်ရာများဖြင့် တည်ဆောက်ထားသော ဉာဏ်တော် လေးဆယ့်ငါး မီတာ အမြင့်ရှိ ရွှေရောင်တဝင်းဝင်းနှင့် ရှစ်မျက်နှာစေတီ၊ မြန်မာ့ရိုးရာ ရှေးဟောင်းပန်းပုလက်ရာ ရုပ်လုံး၊ ရုပ်ကြွ များဖြင့် ထွင်းထုတည်ဆောက်ထားသော ဘုရားကျောင်းဆောင်တော်ကြီးနှင့် သိမ်တော်ကြီးတို့၏ ခံ့ညား ထည်ဝါမှုတို့က ဖူးမြော်တွေ့မြင်ရသူ တို့အဖို့ မင်သက်အံ့အားသင့်စရာ ဖြစ်နေသည်။
မုခ်ဦးအဝင် လက်ယာဘက်၌ရှိသည့် ဘုရားကျောင်းဆောင်တော်ကြီးအတွင်းသို့ ဝင်လိုက်ချိန်တွင် ရွှေရောင်၊ ပတ္တမြားရောင်တို့ လင်းလက်တောက်ပနေမှုက ကျောင်းဆောင်တခုလုံး မီးထွန်းစရာပင် မလိုအောင် ဖိတ်ဖိတ် တောက်ပနေသည်။ ကျောင်းမျက်နှာစာတွင် ပေတရာကျော် ကျယ်ဝန်းပြီး ပြောင်လက်ကျစ်လျစ်နေသည့် ကျွန်းတံခါးရွက်ကြီးများ၊ ကျောင်းဆောင်တော်ကြီးအတွင်းရှိ ရွှေရောင် တဖိတ်ဖိတ်လက်နေသည့် ဗုဒ္ဓ ရုပ်ပွား တော်ကြီးများ၊ လူတဖက်ခန့် အလုံးအထည်မပျက်ရှိနေဆဲ ရွှေရောင်ဝင်းလက်နေသော ကျွန်းတိုင် ကြီးများ၊ အရောင်အသွေး စုံလင်လှသည့် မှန်စီရွှေချ ပုလ္လင်တော်ကြီး နှင့် မှန်စီရွှေချ မျက်နှာကြက်များကလည်း ကြည့်ရှု မဆုံးပင် ဖြစ်သည်။
အဆိုပါ ကျောင်းဆောင်တော်ကြီးအတွင်းရှိ ရှေးဟောင်း ကျွန်းဗီရိုကြီးများ အတွင်း၌ ဆွေးမြည့် စုတ်ပြဲနေပြီး သားရေမျက်နှာဖုံး ဖုံးထားသော မြန်မာဘာသာဖြင့် ရေးသားထားသော ဗုဒ္ဓစာပေ ကျမ်းဂန်များ၊ ယွန်းဆွမ်း အုပ်များ၊ ငွေဖလားများ၊ ကွမ်းတောင်များ၊ ကြွေထည်နှင့် ပြုလုပ်ထားသော ဘုရားပန်းအိုးကြီးများ၊ ကျိုးပဲ့ နေသော ဗုဒ္ဓရုပ်ပွားတော်များနှင့် ဗြဟ္မာကြီးများ၏ပုံများကို စနစ်တကျ သိမ်းဆည်းထားသည်ကို တွေ့ရသည်။
ယင်းကျောင်းတော်ကြီးကို ၁၈၈၂ ခုနှစ်တွင် မြန်မာ့သစ်လုပ်ငန်း သူဌေးကြီးကျောင်းဒါယကာ ဦးရွှေအပ်နှင့် ဇနီး ခွန်ဝမ်စူဝနအပ် ဇနီးမောင်နှံတို့က မန္တလေး ရွှေမြို့တော်မှ ဗိသုကာပညာရှင်တို့ကို တကူးတက ဖိတ်ခေါ်ပြီး “သာသနဇောတိကာရုံတိုက်” အမည်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည့် မှတ်တမ်းမှတ်ရာများကို အထင်အရှား တွေ့ရသည်။ ကျောင်းတိုက်ကြီးကို ထိုင်းအမည် ဝပ်ဖာဖန်း (မရမ်း တောကျောင်း)ဟု ခေါ်တွင်သည်။ အဆိုပါ ကျောင်း တိုက်သည် လမ်ပန်းမြို့ရှိ ထင်ရှားသည့် ဘုန်းတော်ကြီးကျောင်းတခုသာမက ထိုင်းနိုင်ငံအတွင်းရှိ ထင် ရှားသည့် ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများထဲ တွင်လည်း တခုအပါအဝင် ဖြစ်သည်။
ယင်းကျောင်းတော်ကြီး၏ ကျောင်းဒါယကာ ဦးရွှေအပ်သည် လမ်ပန်းမြို့၌ အချမ်းသာဆုံး သစ်လုပ်ငန်းရှင် စာရင်းတွင် ထင်ရှားသူ တဦးဖြစ်ပြီး ဗြိတိသျှခေတ်၌ လမ်ပန်းမြို့ သမာဓိလူကြီးမင်း အေတီအမ် ဘွဲ့ထူးခံ (A.T.M British Headman In Lampang) ရွှေတံဆိပ်တော် ရခဲ့သဖြင့် ထင်ရှား ကျော်စောသူ တဦးလည်း ဖြစ်သည်။ ဗြိတိသျှ အစိုးရ က ဦးရွှေအပ် ဆုံးပါးသွားပြီးနောက် ၎င်း၏ ကတိသစ္စာ တည်ကြည်စွာနှင့် ၂၂ နှစ် တိုင် အမှုတော်ထမ်းခဲ့သည်ကို ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် “သာသန ဇောတိကာရုံတိုက်”အတွင်း၌ မြန်မာ ဘာသာဖြင့် ကမ္ပည်းထိုးထားသော အုတ်ဂူ ပြုလုပ်ပေးခဲ့ပြီး ထိုအုတ်ဂူသည်လည်း ယခုထက်တိုင် အထင်အရှား မြင်ရပေသည်။ ဦးရွှေအပ်၏ အုတ်ဂူ ဘေးတွင် “သာသန ဇောတိကာရုံတိုက်” အား အစဉ် အဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသော ၎င်း၏ ဆွေစဉ်မျိုးဆက် ကျောင်းဒကာတို့၏ အုတ်ဂူများကို တွေ့မြင်ရသည်။ ယင်းကျောင်းတိုက်ကြီးကို မြေးမြစ် အဆက်ဆက်က ယနေ့တိုင် ရှေးမူမပျက် ထိန်းသိမ်း စောင့်ရှောက်ထားသည်ကို တွေ့မြင်ရသည်။
လမ်ပန်းမြို့တခုတည်း၌ ရှေးဟောင်း မြန်မာဘုန်းတော်ကြီးကျောင်း ၉ ကျောင်းရှိပြီး၊ ယင်း ကျောင်းများထဲတွင် မြန်မာ့ရှေးဟောင်း အနုပညာ လက်ရာများ ကိန်းဝပ် ရှင်သန်နေဆဲဖြစ်ပြီး အဆိုပါ ကျောင်းများ၏ ကြီးကျယ် ခမ်းနားမှုတို့က မြို့လေး၏ ကျက်သရေကို ဆောင်ကြဉ်းပေးနေသည်။
“သာသန ဇောတိကာရုံတိုက်” ကို တည်ဆောက်လှူဒါန်းခဲ့သော ကျောင်းဒကာ ဦးရွှေအပ်၏ သားဖြစ်သူ မောင်ငွေဇင်က ဖခင် လှူဒါန်းထားသော ကျောင်းတိုက်ကြီး၏ မျက်စောင်းထိုး နေရာမှာ၌ “အောင်မင်္ဂလာ” ခေါ် ဝပ်ချိုင်းမွန်ခွန်းဟု အမည်ရသည့် ကျောင်းတော်ကြီး တစ်ကျောင်းနှင့် ဘုရားစေတီပုထိုးများကို ဆောက်လုပ် လှူဒါန်းထားသည်ကို တွေ့ရသည်။
လမ်ပန်းမြို့ပေါ်ရှိ ရှေးဟောင်းမြန်မာ ဘုန်းတော် ကြီးကျောင်း ၉ ကျောင်းအနက် “သာသန ဇောတိ ကာရုံတိုက်” ခေါ် ဝပ်ဖာဖန်း၊ “အောင်မင်္ဂလာ” ခေါ် ဝပ်ချိုင်းမွန်ခွန်း၊ “ညောင်ဝိုင်းကျောင်း” ခေါ် ဝပ်စီကြုံး၊ “ကျွဲကောပင် ဆိပ်ကျောင်း” ခေါ် ဝပ်ထာ့ မအိုး နှင့် “မြို့ကျက်သရေဆောင်ကျောင်း” ခေါ် ဝပ်စိရောင်းမောင်း တို့သည် ထင်ရှားလှသည်။
အဆိုပါ ကျောင်းကြီးများကို ဆောက်လုပ် လှူဒါန်းခဲ့ကြသော မြန်မာသူဌေးကြီးတို့၏ နေအိမ် ကြီးများသည် ယင်းမြို့လေးပေါ်တွင် တည်ရှိနေဆဲ ပင်ဖြစ်သည်။ ထိုအိမ်ကြီးများကို မြန်မာ ဗိသုကာပညာရှင်တို့ တည်ဆောက်ထားခြင်းဖြစ်ရာ ရှေးမူ၊ ရှေးဟန်တို့ဖြင့် ခံ့ညားထည်ဝါနေသည်။ ယင်းအိမ် ကြီးများသည် မြန်မာကျောင်းတိုက်ကြီးများနည်းတူ ထင်ရှားပြီး နိုင်ငံခြားသားများ စိတ်ဝင်တစားဝင်ထွက် လေ့လာလျက် ရှိနေသည်ကို တွေ့ရသည်။
လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာများ က ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့ သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။ ထိုစဉ်က သစ်လုပ်ငန်းများ အခြေချ လုပ်ကိုင်ရန် လုပ်ငန်းကျွမ်းကျင် သည့် မြန်မာတို့ကို ဗြိတိသျှ တို့က လမ်ပန်းမြို့သို့ ခေါ်ယူသွားခဲ့ရာမှ ချမ်းသာကြွယ်ဝလာသော မြန်မာ သူဌေးကြီးများက ဘုရား၊ ကျောင်း၊ စေတီပုထိုးများ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လန်ပန်းမြို့ထဲတွင်ပင်ရှိသော ဝပ်စီကြုံးခေါ် ညောင်ဝိုင်းကျောင်းတိုက်ကို ထိုင်းဘုရင့် သမီးတော် မဟာချက် ကရီသီရိဒုံက မြို့ကျက်သရေဆောင် ကျောင်းအဖြစ် အသိအမှတ်ပြုကာ အခွင့်အခါကြုံလျှင် ဝင်ရောက် ဖူးမျှော်သည့်အတွက် ထိုကျောင်း တော်ကြီးသည် မြန်မာကျောင်းတိုက်များထဲ၌ ထိုင်းလူမျိုးများအကြား ပို၍ လူသိများလာသော ကျောင်းတော်ကြီးဖြစ်လာသည်။
ဝပ်စီကြုံးကျောင်း၏ မုခ်ဦးမှ အထဲသို့ဝင်လိုက်လျှင် ကြေးသတ္ထုတို့ကို မြန်မာ့ရိုးရာ ပန်းပုပညာဖြင့် ရုပ်လုံး ရုပ်ြွကတို့ဖြင့် ပန်းစွယ်ပန်းခက်များသဏ္ဌာန် ပုံဖော်ပြုလုပ်ထားသော စီကြုံးကျောင်းသိမ်တော်ကြီး ကို ဦးစွာ အထင်အရှား တွေ့မြင်ရမည်ဖြစ်သည်။ ကျောင်းအတွင်းတွင် မှန်စီရွှေချထားသည့် ဘုရားခန်းဆောင် တခုရှိပြီး၊ ဘုရားခန်းဆောင်၏ နဖူးစီး တွင် မြန်မာဘာသာ အုတ်ထွင်းစာလုံးဖြင့် “ကျောင်း ဒကာကြီး ဦးရွှေအုန်း ကောင်းမှု နိဗ္ဗာန်ဆု သာဓု နတ်လူခေါ်” ဟူ၍ ရှေးဟန်ကျကျ ရေးထားသည့် ကမ္ပည်းစာတန်းကို တွေ့ရသည်။
သိမ်တော်ကြီးအတွင်း လက်ယာ နံရံပေါ်တွင် ကြိမ်ဖြင့်ကွပ်ထားသော ကျွန်းကုလားထိုင်ပေါ်တွင် ခေါင်းပေါင်း၊ တိုက်ပုံအဖြူ လုံချည်တို့ကို ဝတ်ဆင်ထားသည့် အသက် ၈၀ ခန့်အရွယ် သူဌေးကြီး ဦးရိုး ၏ဓာတ်ပုံကို မှန်ပေါင် သွင်းထားသော ဓာတ်ပုံ ဟောင်းတခုအား ကျကျနန ချိတ်ဆွဲထားသည်ကို တွေ့ရသည်။
မြန်မာသစ်ကုန်သည် သူဌေးကြီး ဦးရိုးသည် ဝပ်စီကြုံး ကျောင်းတော်ကြီးကို ၁၈၉၀ ခုနှစ်က စတင် တည်ဆောက် လှူဒါန်းခဲ့သူ ဖြစ်ကြောင်းနှင့် စီကြုံးကျောင်း သိမ်တော်ကြီးကို ဆောက်လုပ်လှူဒါန်း ခဲ့သော သူဌေးကြီး ဦးရွှေအုန်းနှင့် အခြား မြန်မာ သူဌေး ၅ ဦးတို့၏ အမည်များကို ကျောက်နံရံပေါ်တွင် ရွှေရောင်စာလုံး ဖြင့် ထိုင်း-မြန်မာ နှစ်ဘာသာ မှတ် တမ်းတင် ရေးထိုးထားသည်ကို မြင်ရသည်။
သိမ်တော်ကြီး၏ အပြင်ဘက် ဆယ့်ငါးပေခန့် အကွာတွင် ဆုံးပါးသွားသည့် ကျောင်းဒကာ မြန်မာ သူဌေးကြီး တို့၏ အရိုးအုတ်ဂူများကို ယနေ့တိုင် ထိန်းသိမ်းစောင့်ရှောက်ပြီး ထိုအုတ်ဂူများပေါ်တွင် သေဆုံးသွားသူတို့၏ အမည်များကို မြန်မာ-ထိုင်း နှစ်ဘာသာဖြင့် ရေးသားထားသည်ကို တွေ့ရသည်။
ယင်းအုတ်ဂူများ၏ လက်ယာဘက် ၁၅ ပေခန့် အကွာတွင် “သက္ကရာဇ် ၁၃၁၀ ခု ဘုရားတကာ မောင်စံလင်း”ဟု မြန်မာအမည်ဖြင့် ကမ္ပည်းတင်ထား သည့် စေတီတော်ကြီးကို ဖူးမြော်ရမည်ဖြစ်ပြီး စေတီ တော်ကြီးနှင့် မျက်နှာ ချင်းဆိုင်တွင် အိုမင်းရင့်ရော် နေပြီဖြစ်သည့် ဝပ်စီကြုံးကျောင်း၏ ကျောင်းဆောင်တော်ကြီး ရှေ့မျက်နှာစာကို တွေ့ရသည်။
“မြန်မာသက္ကရဇ် ၁၂၈၂ ခုနှစ် ဆောက်လုပ် သည် အုဋ္ဌ်တိုက်ကျောင်းတော်ကြီး” ဟူ၍ ကျိုးပဲ့ ပျက်စီးနေသည့် စာလုံးအစအနများဖြင့် တွေ့မြင်ရသော အဝင်မုခ်ဦးသည် နှစ်ပေါင်း ၁၂၀ ကျော်ခဲ့ သည့် အိုစာမှု သက်တမ်း ကို ညွှန်းနေလားဟုပင် ထင်ရသည်။
နှစ်ပေါင်း ၁၂၃ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သော ဝပ်စီကြုံး ကျောင်းတော်ကြီး၏ ကျောင်းဆောင် အချို့သည် ၁၉၉၂ ခုနှစ်တွင် လောင်ကျွမ်းခဲ့သော မီးကြောင့် ပျက်စီးခဲ့ရသည်။ ယခင်က ကျောင်းဝင်း ကြီးအတွင်း၌တည်ရှိခဲ့သော ကျောင်းဆောင်၊ စေတီ ပုထိုးပုံတို့ကို မန္တလေးမှ ပန်းချီဆရာအား ခေါ်ယူရေးဆွဲစေပြီး ရွှေဆေးပန်းချီဖြင့် ကျောင်းဆောင်တော် ကြီးအတွင်းနံရံ၌ ရေးဆွဲမှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ကျောင်းအတွင်း ဘုရားခန်း၏ယာဘက် နံရံတွင် ကျောင်းတော်ကြီး မီးမလောင်ခင်က ဓာတ်ပုံ ဟောင်းတခုကို ပုံကြီးချဲ့၍ ၈ ပေခန့် ပိုစတာဖြင့် ချိတ်ဆွဲထားသည်ကို တွေ့ရပါသည်။
လမ်ပန်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများအနက် မြန်မာဘုန်းကြီးကျောင်းများဖြစ်သည့် ဝပ်စီကြုံး ခေါ် “ညောင်ဝိုင်းကျောင်း” နှင့် ဝပ်ထာ့မအိုး ခေါ် “ကျွဲကောပင်ဆိပ်ကျောင်း” တို့ကို ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံက မြို့ကျက်သရေဆောင် ကျောင်းများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါကျောင်းနှစ်ကျောင်းသည် ရှေ့နောက်ဆိုသလိုပင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ယင်းကျောင်းများ မီးလောင်မှုနှင့် ပတ်သက်ပြီး ထိုင်း တာဝန်ရှိသူများက မတော်တဆ မီးလောင်မှုဟု ထုတ်ပြန်ခဲ့သော်လည်း ထိုင်းနိုင်ငံ၌ သီတင်းသုံးနေ ကြသည့် မြန်မာသံဃာတော်များက ရှေးမြန်မာ ဘုန်းကြီးကျောင်းများအပေါ် အမြင်မကြည်သူ ထိုင်း တချို့၏ လုပ်ရပ်ဟု သံသယရှိခဲ့ကြသည်။
ဝပ်ထာ့မအိုး ကျောင်းကိုလည်း ၁၈၉၃ ခုနှစ်က မြန်မာသစ်ကုန်သည် သူဌေးကြီး ဦးစံအုန်းက ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြန်မာသံဃာ တော် အဆက်ဆက်က ကျောင်းထိုင်ခဲ့ကြောင်း သိရသည်။ ယင်းကျောင်းတော်ကြီးသည် ထိုင်းနိုင်ငံရှိ မြန်မာဘုန်းတော်ကြီးကျောင်းများအနက် ပါဠိစာပေ၊ သဒ္ဒါနှင့် ကျမ်းအမျိုးမျိုးကို မြန်မာနိုင်ငံ၏ သင်ရိုး ညွှန်းတမ်းအတိုင်း သင်ကြားနေဆဲဖြစ်သည့် တခုတည်းသော မြန်မာဘုန်းတော်ကြီးကျောင်း တကျောင်းဖြစ်သည်။
နိုင်ငံခြားသားများ နေ့စဉ် ဝင်ထွက် လေ့လာ နေကြသည့် လမ်ပန်းမြို့ပေါ်ရှိ ဝပ်စီရောင်းမောင်း ခေါ် “မြို့ကျက်သရေဆောင်” ကျောင်းတော်ကြီးသည် လည်း မန္တလေးသား ဗိသုကာ ပညာရှင်များ၏ လက်ရာ များဖြစ်ပြီး၊ ၁၉၀၄ ခုနှစ်မှ ၁၉၁၂ ခုနှစ် အထိ ၇ နှစ်အကြာ ဆောက်လုပ်ခဲ့ရကြောင်း၊ ထို ကျောင်း၏မှတ်တမ်း တွင် ဖော်ပြထားသည်။ ဝပ်စီ ရောင်းမောင်း ကျောင်းဆောင်တော်ကြီး အဝင်ဝ၌ ထားရှိသော ကျောင်းရေစက်ချ တရားတော်နာ ဖိတ်ကြားစာတစောင်တွင် ပါဠိ-မြန်မာ ၂ ဘာသာ ဖြင့် ရေးသားထားပြီး၊ ယင်းဖိတ်စာအား မန္တလးမြို့ နာမည်ကြီး ရဟိုင်းဈေး၏ မြောက်ဘက် မန္တလာ ဘုမ္မိစာ ပုံနှိပ်တိုက်ကမှာယူထားသည့် အမှတ် အသား စာလုံးများကို တွေ့ရသည်။
ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်မင်းတရားကြီးသည် ၁၅၅၈ ခုနှစ်၌ လန်းနားလူမျိုးများ နေထိုင်သည့် ထိုင်းနိုင်ငံမြောက် ပိုင်းနှင့် မြောက်ပိုင်း၏ မြို့တော် ဇင်းမယ်ခေါ် ချင်းမိုင်ကို ၃ ရက်အတွင်း သိမ်းပိုက်ခဲ့ပြီး၊ ၁၅၅၈ မှ ၁၇၇၅ ခုနှစ်အထိ မြန်မာဘုရင်က၂၁၇ နှစ်တိုင် တိုင် အုပ်စိုးခဲ့သည်ဟု သမိုင်း မှတ်တမ်းများတွင် တွေ့ရသည်။ ဘုရင့်နောင် အုပ်စိုးခဲ့ပြီးနောက် ထိုင်း နိုင်ငံ မြောက်ပိုင်းတွင် မြန်မာ့ရိုးရာဓလေ့ ယဉ်ကျေး မှုများ လွှမ်းမိုးခဲ့သည်ကို ယနေ့တိုင် တွေ့မြင်ရသည်။
၁၃ ရာစုနှစ်မှ ၁၈ ရာစုနှစ်အထိ ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသတချို့သို့ ရောက်ရှိခဲ့သော မြန်မာ လူမျိုးများသည် ကောင်းမှုကုသိုလ်အဖြစ် ဘုရား စေတီပုထိုးနှင့် ဘုန်းကြီးကျောင်းများကို တည်ထား ကိုးကွယ်ခဲ့ကြသော်လည်း နှောင်းပိုင်းကာလများတွင် ထိန်းသိမ်းနိုင်မှု မရှိတော့သဖြင့် ရှေးမြန်မာ ဘုန်းကြီးကျောင်းများပင် ယိုယွင်း ပျက်စီး လာသည်ကို တွေ့ရသည်။
သို့သော် လမ်ပန်းမြို့လေးတွင်ရှုမျှော်မဆုံးသော တောင်တန်းကြီးများ၊ ညို့မှိုင်းမှိုင်း တောအုပ်များနှင့် အတူ မြန်မာ့သုခုမ ဝိညာဉ်တို့သည် ရာစုနှစ်များစွာ ကြာမြင့်ခဲ့သော်လည်း ယနေ့တိုင် ကိန်းဝပ်အသက်ဝင် ရှင်သန်နေသည်ကို အထင်အရှားပင် တွေ့မြင်ခဲ့ရပါသည်။