၂၀၁၅ ရွေးကောက် ပွဲအကြောင်း စာနယ်ဇင်း အတော် များများက ရေးသား ပြောဆို ကြတယ်။ တရား မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်မယ်ဆို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နေရာ အများ အပြားမှာ နိုင်မယ် ဆိုတာ အများစုက ယူဆကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် ပိတ်ပင် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက ခက်ခဲတာမို့ ဘယ်သူ့ကို တိုင်းပြည် ဦးဆောင်ဖို့ ပါတီက လျာထားသလဲ မသိရသေးဘူး။ နောက် အစိုးရ အဖွဲ့ကို သင့်လျော်တဲ့ ဘယ်သူတွေနဲ့ ဝန်ကြီးနေရာ ခန့်အပ်ပြီး ဖွဲ့စည်းမယ် ဆိုတဲ့ အဆင်သင့် ပြင်ထားမှုလည်း မရှိဘူး။
လူငယ်တွေနဲ့ ပွဲထွက်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလို ပွဲမဝင်ခင် ပြင်ဆင်ထားမှု မလုပ်ဘဲ နီးမှ လူစုတာ ၂၀၁၅ အလွန် အုပ်ချုပ်ရေး အတွက် မကောင်းပါ။ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်း လဲရေးကို အရှိန်လျော့ သွားစေနိုင်တယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ကလည်း ၂၀၁၅ ရွေး ကောက်ပွဲ အပြီး ပိုဝင်လာ နိုင်တာမို့ စီမံခန့်ခွဲ တတ်မှုက အရေးပါတယ်။ အခုကိုပဲ မြန်မာ့နိုင်ငံရေး လေ့လာသူ အတော် များများက ရှေ့ဖြစ်ဟော ကုန်ကြပါပြီ။ ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲဟာ နိုင်ငံရေးအရ ဒီမိုကရေစီပို ရှိလာဖို့နဲ့ စီးပွားရေးအရ ပိုညီမျှလာဖို့ကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောကုန်ပြီ။ အကြောင်းက ဖြစ်ပျက်နေတဲ့ လူမျိုးရေး ပဋိပက္ခတွေက တိုင်းပြည် စီးပွားဖွံ့ဖြိုးဖို့နဲ့ နိုင်ငံရေးအရ တည်ငြိမ်ဖို့ လမ်းကို ပိတ်ဆို့ထားကြလို့ပါ။ ဒါတွေကို ကိုင်တွယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်ချက်က မရေမရာဆန်လာတယ်လို့ ဝေဖန်မှုတွေ ရှိလာပါတယ်။
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တဦး အနေနဲ့ ရခိုင်မှာတင်မက မြန်မာပြည်အလယ်ပိုင်း မိတီ္ထလာမြို့ကြီးတွေအထိ တောက်လောင်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခမီးတောက်တွေအကြောင်း နှုတ်ဆိတ်နေခဲ့တာ၊ အမုန်းတရားတွေ ဟောပြောပျံ့နှံ့နေတာကို ရင်မဆိုင်တာ၊ ကချင်စစ်ပွဲတွေကို လျစ်လျူရှုခဲ့တာတွေက သူ့အတွက် အမှတ်လျော့စရာတွေ ဖြစ်ခဲ့ရတယ်။ ဒီအတောအတွင်း အောင်မြင်မှု မရှိခဲ့တဲ့ တပ်မတော်နဲ့ နီးစပ်အောင် ကြိုးပမ်းခဲ့တာတွေကလည်း ပြောစရာပါ။ ဗြိတိန်နိုင်ငံ ဒုတိယအကြိမ်ခရီးမှာ လူ့အခွင့်အရေး တိုက်ပွဲဝင် ရဲဘော်ရဲဘက်ဟောင်းတွေနဲ့ မတွေ့ဘဲ နိုင်ငံရေးထိပ်သီး တွေနဲ့ တွေ့ပြီး မြန်မာ့တပ်မတော်ကို အကူအညီပေးဖို့ တိုက်တွန်းတာ၊ တပ်မတော်နေ့အခမ်းအနား ဗိုလ်ချုပ် တွေနဲ့အတူ တက်ခဲ့တာတွေဟာ နောက်ဆုံး အရာမထင်ခဲ့ပါဘူး။
သမ္မတဦးသိန်းစိန်ကို ယုံတယ်လို့ပြောပြီး ကြားဖြတ်ရွေးကောက်ပွဲ မှာ ဝင်ပါလို့ အရပ်သားအသွင်ဆောင် စစ်တပ်ကြီးစိုး အုပ်ချုပ်ရေး စနစ်ကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ထောက်ခံပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ပါပြီ။ ဦးသိန်းစိန် အစိုးရကို ထောက်ခံမှုပေးပြီး လူမသိသူမသိ တွေ့ဆုံဆွေးနွေးမှုကနေ ဘာတွေ သဘောတူညီခဲ့သလဲဆိုတဲ့ သံသယတွေက သူ့အပေါ်ထောက် ခံမှုတွေ စကျဆင်းလာစေခဲ့တယ်။ နာမည်ပျက်နေတဲ့ စစ်အုပ်ချုပ် ရေးကို တရားဝင်လူရာသွင်းပေးပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေး အောင်လုပ်ခဲ့လို့ တပ်ခေါင်းဆောင်တွေက သူ့ကို အသုံးချပြီး လိုတာယူ သွားနိုင်ခဲ့တယ်။
လက်ပံတောင်းကော်မရှင်မှာ အစိုးရနဲ့ တပ်ဘက်က ရပ်တည်ခဲ့တာကလည်း ထောင်ချောက်ထဲ တိုးဝင်သွားသလို ဖြစ်ခဲ့တယ် လို့ ဝေဖန်ခဲ့ကြတယ်။ အခုတော့လည်း ဦးသိန်းစိန်နဲ့ အရင်လို အစေး မကပ်တော့ဘဲ နိုင်ငံရေးပြိုင်ဘက်လိုဖြစ်သွားပြီး ဖြစ်နေသမျှပြဿနာ တွေအတွက် တာဝန်ရှိသမျှဟာ ဦးသိန်းစိန်ဆိုပြီး နိုင်ငံရေးဖိအားတွေကို ပုတ်ထုတ်နေတော့တယ်။ သူရဦးရွှေမန်းနဲ့တပူးတွဲတွဲလုပ်လာပြီး လွှတ် တော်မှာ တရားဥပဒေစိုးမိုးမှု ကော်မတီဥက္ကဋ္ဌ ဖြစ်လာခဲ့ပေမယ့် ဘာမှ လုပ်လို့မရဘူး။
လူမျိုးရေးပဋိပက္ခတွေကို ချဉ်းကပ်ရာမှာလည်း ကျဉ်းထဲကျပ်ထဲမှာပါ။ မွတ်စလင်တွေအပေါ် တိုက်ခိုက်တာတွေကို ရှုတ်ချလိုက်ရင် ဗုဒ္ဓဘာသာဝင်တွေကြား ထောက်ခံမှု လျော့မယ်။ အခုကို ဘုန်းတော်ကြီးတချို့နဲ့ မွတ်စလင်ဆန့်ကျင်သူတွေက မျိုးမစောင့်ဘူးဆိုတဲ့ အကြောင်းပြချက် နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကို မဖျက်ပေးဖို့ လှုံ့ဆော်နေပါပြီ။ နှုတ်ဆိတ်နေရင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အမှတ်လျော့ပေမယ့် အဲဒီလမ်းပဲ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခဲ့တယ်။ သတင်းတွေအရ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိဂ်နဲ့ ဘုန်းတော်ကြီး ဒလိုင်း လားမား၊ ဒက်စမွန်တူးတူးတို့က ဒီကိစ္စထုတ်ပြောဖို့ တိုက်တွန်းပေမယ့် မကြားချင်ယောင်ဆောင်ခဲ့တယ်လို့ သိရတယ်။
မြန်မာပြည် မြောက်ဖျားက ကချင်တွေကို တပ်က အကြီးအကျယ် စစ်ဆင်တုန်းကလည်း စစ်ရပ်စဲရေး ဒေါ်အောင်ဆန်းစုကြည် မပြောခဲ့ဘူး။ ဒီအတွက် တိုင်းရင်းသားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ထောက်ခံမှုတွေ လက်လွှတ်ခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ နီးစပ်ဖို့ သူတန်ဖိုးထားခဲ့တဲ့ စံတန်ဖိုးတွေကို စွန့်ခွာခဲ့ပြီ၊ တိုင်းရင်းသားတွေ သူ့ကိုထောက်ခံခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့ပြီလို့ ဝေဖန် သံတွေညံလာခဲ့တယ်။ တချိန်က နိုင်ငံရေးမှာ အတူ ကျောချင်းကပ်ခဲ့တဲ့ ရဲဘော်ရဲဘက် ရှမ်းနိုင်ငံရေးသမား ဦးခွန်ထွန်းဦးကဆို ဒေါ်အောင်ဆန်းစုကြည် “အချည်ခံ” လိုက်ရပြီလို့ လူသိရှင်ကြား ဝေဖန်ခဲ့တယ်။
ခင်ဗျား ဒေါ်အောင်ဆန်းစုကြည် နေရာမှာဆို ဘာလုပ်မလဲလို့ မေးရင် အဖြေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လေးစားအားကျတဲ့ ခေါင်းဆောင်တွေ ဒီလိုမျိုး ပဋိပက္ခကို ပုံစံအမျိုးမျိုးနဲ့ တုံ့ပြန်ခဲ့ကြဖူးတယ်။ ဒီနေ့ ရခိုင်မှာဖြစ်နေတဲ့ အရေးအခင်းတွေလိုမျိုး ဟိန္ဒူနဲ့ မွတ်စလင်တွေ လွတ်လပ်ရေးအကြိုခေတ်က အိန္ဒိယမှာ အကြီးအကျယ် သတ်ဖြတ်ခဲ့ကြတုန်းက မဟတ္တမဂန္ဒီက သွေးထွက်သံယိုမှုတွေ ရပ်သွားရေး အစာငတ်ခံဆန္ဒပြခဲ့တယ်။ အမေရိကန် လူမည်းခေါင်းဆောင် မာတင်လူသာကင်း လူဖြူတွေ လူမည်းတွေကိုသတ်တုန်းက သတ်ဖြတ် ခံရသူတွေဘက်က ရပ်တည်ပြီး ငြိမ်းချမ်းတဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေကို ဦးစီးခဲ့တယ်။ တောင်အာဖရိကမှာ လူမျိုးစုအချင်းချင်း တိုက်ခိုက်သတ် ဖြတ်တာကို လူဖြူအစိုးရက ဘက်လိုက်လို့ နယ်ဆင်မန်ဒဲလားက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို သပိတ်မှောက်ဖို့ ဖိအားပေးခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခုအချိန် ဝေဖန်တာဟာ အကဲဆတ်တဲ့ အသွင်ကူးပြောင်းရေးအတွက် အထောက်အပံ့ မဖြစ်ဘူးလို့ ပြောသူတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ လူ့ဘောင်တခုဆီသွားရာမှာ ဝေဖန်ရေးဟာ အရေးကြီးတယ်။ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြီး တိုင်းပြည်ကို ခေါင်းဆောင်မယ့်သူကို ဝေဖန်ဆန်းစစ်ရမှာကိုဖြစ်တယ်။ မြန်မာပြည်ရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလင့်တနာကဆို “ဒီနေ့ မြန်မာပြည်ရဲ့ ပြဿနာတစိတ်တပိုင်းက သူ့ဘေးနားမှာသူ ဘာမှားသလဲ ဆိုတာ မပြောရဲတဲ့သူတွေချည်း ဝိုင်းနေတာပါပဲ။ သူတို့ဟာ အဓိပ္ပာယ် ရှိတဲ့ အကြံပြုချက်တွေတောင် မတင်ပြရဲဘူး။ အဲဒါဟာ ဒေါ်အောင်ဆန်း စုကြည်ကျရှုံးမှုကိုလည်း ဖြစ်ကောင်းဖြစ်သွားစေနိုင်တယ်” လို့ အင်တာဗျူးတခုမှာ ဆိုခဲ့တယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်သတင်းအချက် အလက် အမှန်တွေမရဘူး၊ ဒါ့ကြောင့် သူ့ဗျူဟာ အားနည်းပြီး ဆုံးဖြတ် ချက်အမှားတွေ လုပ်ခဲ့တာလို့ ဆိုလိုတာပါ။
ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းက လေးစားချစ်ခင်ကြပြီး မြန်မာပြည်သူ အများစုက ချစ်ခင်ကြည်ညိုကြသူဆိုတာ သံသရှိစရာ မလိုပါဘူး။ မြန်မာ့နိုင်ငံရေးမှာ ထင်ရှားတဲ့ တခြားနိုင်ငံရေးမိသားစုမျိုးဆက်တွေထက်လည်း တိုင်းပြည်နဲ့ နိုင်ငံသားတွေအတွက် စွန့်လွှတ်အနစ်နာခံပြီး လူအများရဲ့ ယုံကြည် ကိုးစားမှုကိုလည်း ရယူနိုင်ခဲ့တယ်။ စစ်ခေါင်းဆောင်တွေလို စာရိတ္တချို့ ယွင်းမှုမရှိဘဲ တိုင်းပြည်ကို ဆင်းရဲဒုက္ခတောထဲ ဆွဲမချခဲ့သေးဘူး။ ပညာအရာမှာလည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေက အသိအမှတ်ပြု လေးစားကြရတဲ့ အဆင့်အတန်းပါ။ ဒါကြောင့် သူ့ကို တိုင်းပြည်က လိုပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံကို ခေါင်းမော့အောင် ပြန်လုပ်နေရတဲ့ အခုအချိန်မှာ ပိုလိုတယ်။ သူ တိုင်းပြည်ခေါင်းဆောင်ဖြစ်လို့ တိုင်းပြည် ပိုအကျိုးများနိုင်တယ်။
ဒါပေမယ့် ဝမ်းလေဒီရှိုးနဲ့ တကိုယ်တော်အစွမ်းပြနေတာ တော်လောက်ပြီလို့ ဆိုချင်တယ်။ နှစ် ၂၀ ကျော် ထောက်ခံခဲ့ပြီး လက်တွဲလာခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေကို ပြန်စည်းရုံးသင့်တယ်။ သူ့ကို ထမ်းတင် ပေးခဲ့တဲ့ ပြည်တွင်းပြည်ပက ၈၈ မျိုးဆက်တွေနဲ့ ဒီမိုကရေစီ အင်အားစု တွေကို ပြန်စုစည်းသင့်တယ်။ အရေးအကြီးဆုံးက ပါတီတွင်းမှာ ပြုပြင်ပြောင်းလဲရေးလုပ်ပြီး မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်မွေးထုတ် ဖို့လိုတယ်။ ၂၀၁၅ ရွေးကောက်ပွဲလွန် တိုင်းပြည်အနာဂတ်ကို ရေရှည်မှာ စိတ်ချရဖို့ ခေါင်းဆောင်ကောင်း ပီသစွာ ပွဲမဝင်မီ အခုအချိန်က စပြီး ကြိုတင်ပြင်ဆင်ဖို့ လိုနေပါပြီ။