မြန်မာနိုင်ငံတွင် ပထမဆုံးစာပေပွဲတော်ကို ယမန်နှစ် ၂၀၁၃ ဖေဖော်ဝါရီက အင်းလျားကန် ဟိုတယ်၌ ကျင်းပခဲ့သည်။ “ပွဲတော်” ဟူသော ဝေါဟာရသည် ကျယ်ပြန့်၏။ မီးထွန်းပွဲတော်၊ သင်္ကြန်ပွဲတော် စသဖြင့် ကျယ်ကျယ် ပြန့်ပြန့် စုံစုံလင်လင် ကျင်းပကြမြဲ ဖြစ်သော်လည်း၊ စာပေပွဲတော် (Literary Festival) ဟူ၍ကား၊ မိမိတို့ မြန်မာ နိုင်ငံမှာ ယခင်က မရှိခဲ့ဖူးချေ။ ၂၀၁၃ တွင်မှ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး (ယခုသံအမတ်ကြီးဟောင်း) ၏ ဇနီးက စိတ်ကူးကြံဆကာ မြန်မာနိုင်ငံတွင် နေရခိုက်၊ ထူးထူးခြားခြား ကိစ္စတခု လုပ်ပေးချင်စိတ် (စေတနာ) လှုံ့ဆော်မှုအရ ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။
မိမိတို့ နိုင်ငံသား စာရေးဆရာများ အနေနှင့်လည်း နိုင်ငံအသီးသီးမှ စာရေးဆရာများနှင့် သိခွင့်ရပြီး ၎င်းတို့၏ တင်ဆက်မှု များကို လက်တွေ့သိခွင့် ရခြင်း၊ မိမိတို့၏ တင်ဆက်မှုများကို ပြသနိုင်ခြင်းဖြင့် စာပေဗဟုသုတ ဖလှယ်နိုင်ကြ လေသည်။ ဤတွင် “ပွဲတော်” ဟူသော အဓိပ္ပာယ်အရ အမျိုးအမည် စုံသည်၊ အခမ်းအနားစုံသည်။ စာပေအပြင် ဂီတ၊ အလှ၊ ယဉ်ကျေးမှု စသော ဖျော်ဖြေရေးများလည်း ပါဝင်ရာ၊ ပျော်စရာ အမှတ်တရ ပွဲတခုလည်းဖြစ်သည်။ မြန်မာမှာက စာပေပွဲဆိုလျှင် စာတမ်းဖတ်ပွဲ၊ စာပေဟောပြောပွဲ၊ ဆွေးနွေးပွဲများသာ ရှိခဲ့သဖြင့်၊ ယခုမှ အသစ်ဖြစ်လာသော Panel Discussion ကဲ့သို့ ပုံစံမျိုးကို ရရှိနိုင်ကြပါသည်။
ယမန်နှစ်က အင်းလျားလိပ် ဟိုတယ်၌ ကျင်းပရာတွင်၊ သံအမတ်ကြီး ကတော်နှင့် မိမိတို့ မြန်မာစာရေးဆရာများ အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးခဲ့ရ၏။ အဓိကအချက်မှာ စာရေးဆရာများကို “ရွေးချယ်၍ ဖိတ်ခြင်း” မဟုတ်ဘဲ၊ အားလုံးပါဝင်ရေး ဖြစ်၏။ သို့သော် လက်တွေ့ လုပ်ဆောင်ရာတွင် “ရွေးခေါ်” သကဲ့သို့ ဖြစ်သွားကာ၊ အုပ်စု သဘောဆောင် သဖြင့် မကျေနပ် သူများလည်း ရှိခဲ့၏။ မည်သို့ဖြစ်စေ ပထမဆုံးအတွေ့အကြုံဖြစ်၍ မှားယွင်းမှုများရှိလျှင် သင်ခန်းစာယူပြီး နောင်ပွဲများတွင် ပြုပြင်မည်ဟု မှတ်ယူခဲ့ကြသည်။ ထိုပထမအကြိမ်ပွဲ၌ ပြည်တွင်း ပြည်ပ စာရေးဆရာ ၁၀၀ ခန့် ပါဝင်နိုင်ခဲ့ကြသဖြင့် အောင်မြင်သည်ဟု ယူဆရပါမည်။
ယခုနှစ်တွင် မန္တလေး၌ ပြုလုပ်ရန် သံအမတ်ကြီး ကတော်က ယမန်နှစ်ပွဲမှာပင် ဖွင့်ဟပြောဆိုခဲ့၏။ မန္တလေး အကြောင်း အရာများကို နိုင်ငံတကာ စာရေးဆရာများ လေ့လာနိုင်ရန်ဖြစ်သည်။
သို့သော် …။
ယခုနှစ် ပွဲတော်ဖြစ်မြောက်ရေး ဖော်ဆောင်ရာတွင် မန္တလေးရှိ ဖြစ်မြောက်ရေး အဖွဲ့ဝင်များထဲ၌ မပြေလည်မှုများ ရှိခဲ့သည်ဟု ကြားရ ဖတ်ရ၏။ မိမိတို့ ရန်ကုန်မှ စာရေးဆရာများ ကိုလည်း ပါဝင်ကြရန် ဖိတ်ကြားရာတွင်၊ ရန်ကုန်မှ စာရေးဆရာ အနည်းဆုံး ၃၀ ဖိတ်ပေးရန် ဗြိတိသျှကောင်စီမှ ပြောခြင်းကို လူ ၃၀ ကန့်သတ်ထားသည်ဟု နားလည်မှုလွဲပြီး ရန်ကုန် တာဝန်ယူသူက ၃၀ သာဖိတ်ခဲ့၏။ သို့ဖြစ်ရာ လိုက်ပါချင်လျှက် မလိုက်ရသူများရှိသည်။ မနှစ်က ရန်ကုန်အင်အား ၁၀၀ နီးပါး ပါဝင်ခဲ့ပေသည်။ ရန်ကုန်မှ လူတချို့ကလည်း မန္တလေးဖြစ်မြောက်ရေး အဖွဲ့ဝင်များ အချင်းချင်း အဆင်မပြေသဖြင့် သွားရောက်ရန် မသင့်ဟု ယူဆဖြစ်၏။ ကျမတို့တတွေကား ယခုပွဲ စည်စည်ကားကား မဖြစ်မှာစိုးရိမ်၏။ သူတို့ အင်အား နည်းနေသဖြင့် ကျမတို့က ပိုပြီးအားဖြည့်ရန် လိုသည်ဟု ယူဆသည်။ ကျမတို့သည် ဤပွဲတွင် မန္တလေး ကိုယ်စားမဟုတ်၊ ရန်ကုန် ကိုယ်စားမဟုတ်။ မြန်မာနိုင်ငံ ကိုယ်စား ဆောင်ရွက်ရခြင်းဟု ခံယူပါသည်။ ဤသို့ဖြင့် ရန်ကုန်မှ စာရေးဆရာအင်အား ၃၀ လာရောက်ခဲ့ကြသည်။ ဤစာရေးဆရာ အားလုံး မနှစ်က ပွဲတော်တွင် အတွေ့အကြုံရှိပြီးသူများချည်း ဖြစ်ရာ၊ ဆွေးနွေးပွဲ၌ ပြည့်ပြည့်စုံစုံ လှလှပပ တာဝန်ကျေနိုင် ခဲ့ကြပေသည်။
ယခုနှစ်ပွဲတော်တွင် အဖုအထစ်များကို ကျော်လွှားကြရသည်။ ပထမ အဖုအထစ်မှာ ပွဲကျင်းပရာ နေရာဖြစ်၏။ တာဝန်ရှိသူ တဦးထံမှ သိရှိရပုံမှာ မူလက စဉ်းစားခဲ့သော နေရာမှာ “မန္တလေးတောင် ဟိုတယ်” ဖြစ်သည်။ မနှစ်က အင်းယားလိပ် ဟိုတယ်ဖြစ်၏။ ဟိုတယ်နေရာ ကျယ်ဝန်းရန် လိုသဖြင့် မန္တလေးပွဲကို မန္တလေးတောင်ခြေရှိ အနားယူစခန်းများ ပါသော အဆိုပါ ဟိုတယ်ကို စဉ်းစားခြင်းဟု ဆိုသည်။ သို့သော် အစိုးရအဖွဲ့တာဝန်ရှိသူ ဝန်ကြီးတဦးက “ကုသိုလ်တော်ဘုရားဝင်း” ၌ ပြုလုပ်ရန် အကြံပေးသည်ဟု သိရသည်။ ထို့ကြောင့် အဆိုပါ ဘုရားဝင်းအတွင်း ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ရွက်ဖျင်တဲများ၊ လေအေးစက်များ ပြင်ဆင်ခဲ့သည်။ ပစ္စည်း အသစ်များကို ပြည်ပမှ မှာယူရခြင်းဖြစ်ပြီး သိန်း ၃၀၀ ခန့် တန်ဖိုးကျသည်ဟု ဆိုသည်။ ဤအတွက် သီးခြား အလှူရှင်ရှိ၏။
သို့သော် ပွဲတော်ကျင်းပမည့်နေ့ ၁၄ – ၂ -၂၀၁၄ မတိုင်မီ ၁၃ – ၂ -၂၀၁၄ နေ့တွင်မှ၊ ထိုနေရာ၌ ကျင်းပခွင့်မပြုနိုင်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စာထုတ်ခဲ့သည်၊ ခွင့်မပြုနိုင်သည့် အကြောင်းပြချက်မှာ ကုသိုလ်တော်ဘုရားကို ကမ္ဘာ့ အမှတ်တရ စာရင်းဝင်အဖြစ် ထိန်းသိမ်းရေး လုပ်နေချိန်ဖြစ်ပြီး ယခင်တခါမျှ စာပေပွဲတော် မလုပ်ခဲ့ဖူးသောကြောင့် ဖြစ်ကြောင်း၊ သာသနာ့ နယ်မြေဖြစ်သဖြင့် ဘာသာရေးပွဲများသာ လုပ်ခဲ့ကြောင်း၊ ယခုခွင့်ပြုလိုက်လျှင် နောင် တခြားအဖွဲ့အစည်းများက တောင်းခံ လာနိုင်ကြောင်း၊ ယခုတကြိမ်မှာ ဗြိတိသျှသံရုံး၏ အစီအစဉ်ဖြစ်ရာ၊ နောင်ခွင့်မပြုနိုင်လျှင် ပြည်ပ နိုင်ငံသားများကို ခွင့်ပြုပြီး နိုင်ငံရင်း အဖွဲ့များကျမှ ငြင်းဆိုသည်ဟု ပြည်တွင်းပြည်ပ (နိုင်ငံတကာနှင့် ဒေသတွင်း) တင်းမာမှု ဖြစ်လာနိုင်ကြောင်း၊ ထို့အပြင် ဘုရားပရဝုဏ် အတွင်းဖြစ်၍ ဝန်ကြီးဌာန ကော်မတီ အစည်းအဝေး တခုတွင် ပြုလုပ်ခြင်းဖြစ်ရာ၊ ဝန်ကြီးဌာနကို ကြိုတင် အကြောင်းကြားသင့်ကြောင်း၊ သို့ဖြစ်ရာ မူလက စတင်ခွင့်ပြုခဲ့သူ ဝန်ကြီးထံသို့ ဆက်သွယ်သင့်ကြောင်း ပြန်ကြားအပ်ပါသည် ဟူ၍ ပါဝင်သည်။
ထို့ကြောင့် တာဝန်ခံကျင်းပသူ ဗြိတိသျှ သံအမတ်ကြီးဟောင်းတို့ ဇနီးမောင်နှံနှင့် အသင့် ရောက်ရှိနေကြသော နိုင်ငံပေါင်းစုံမှ စာရေးဆရာများ စုပေါင်း စဉ်းစားကြရသည်။ ၁၃ – ၂ – ၂၀၁၄ ည ၆ နာရီ တွင်မှ မူလ စဉ်းစားထားသော မန္တလေးတောင် ဟိုတယ်၌ ကျင်းပရန် ခွင့်ပြုမိန့် ကျသည်။ ဤတွင် ကုသိုလ်တော် ဘုရား၌ မကျင်းပ ဖြစ်သော်လည်း မူလ ကြေညာထားပြီးဖြစ်၍၊ ထိုနေရာသို့ပင် သွားရောက် စုရုံးရန် နိုင်ငံတကာ စာရေးဆရာများနှင့် သံအမတ်တို့ ဆုံးဖြတ်သည်။ ဘုရားဝင်း၌ ဖွင့်ပွဲမိန့်ခွန်းပြောရန် စဉ်းစားကြသည်။ ၁၄ – ၂ – ၂၀၁၄ နံနက် ၁၀ နာရီတွင် မူလ အစီအစဉ်အတိုင်း၊ စာရေးဆရာများ အပြင်၊ ပရိသတ်များပါ ကုသိုလ်တော်ဝင်းသို့ ရောက်ရှိကြသည်။ သံအမတ်ကြီးဟောင်း ကတော်နှင့် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌတို့က “ဖွင့်ပွဲ မိန့်ခွန်း” ကို မပြောတော့ဘဲ၊ အဘယ်ကြောင့် နေရာ ပြောင်းရကြောင်းကို ရှင်းလင်း ပြောကြားကြပါသည်။ ရုတ်ရုတ်သဲသဲ ကွဲကွဲပြားပြား သိရှိကြပြီးမှ မန္တလေးတောင် ဟိုတယ်သို့ ကားများဖြင့် သွားရောက်ကာ မူလ အစီအစဉ်အတိုင်း “ဖွင့်ပွဲမိန့်ခွန်း” ကို “ပုဂံဆောင်” ၌ ပြောကြားသည်။ အချိန်မိနစ် ၃၀ သာ နောက်ကျခဲ့သည်မှအပ၊ အစစ မူလ အစီအစဉ်အတိုင်း ကျင်းပနိုင်ခဲ့ပါသည်။
“မန္တလေးတောင် အပန်းဖြေဟိုတယ်” ကား နေရာထိုင်ခင်း အဆင်ပြေလှ၏။ ဆွေးနွေးပွဲများကို ကုန်းဘောင်အခန်း၊ တောင်ငူအခန်း၊ ပင်းယ၊ အင်းဝ၊ ပုဂံ စသဖြင့် တပြိုင်နက် ပြုလုပ်ခြင်းဖြစ်သည်။ တောင်ငူနှင့် ကုန်းဘောင်က မြက်ခင်းပြင် စိန်ပန်းပင်ကြီး အောက်မှာဖြစ်ပြီး ပရိသတ်က ထိုင်ခုံများပေါ်၌လည်းကောင်း၊ သစ်ပင်ရိပ် များရှိမြက်ခင်းပြင်ပေါ် ဖျာခင်း၍ လည်းကောင်း နားထောင်ကြရာ ရှေးခေတ် မြေဝိုင်းဇာတ်ကို သတိရစေပါသည်။
ယခုပွဲတွင် အခန်းတိုင်း၌ စကားပြန်များရှိ၏။ မြန်မာလို ဆွေးနွေးသောပွဲတွင်၊ အင်္ဂလိပ်လို ဘာသာပြန်ပေးပြီး နိုင်ငံ ခြားသားများက နားကြပ်ကိုယ်စီနှင့် နားထောင်ကြသည်။ အားလုံး စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင်နှင့် တခန်းပြီး တခန်း ကူးသန်း နားထောင်ကြသည်။ အချင်းချင်း မိတ်ဆက်ကြသည်။
ဆွေးနွေးသော ခေါင်းစဉ်များကလည်း စုံလင်သည်။ စာပေဘာသာရပ်တင် မကဘဲ၊ ပတ်ဝန်းကျင် ကိစ္စများ၊ လောလောဆယ် အရေးတကြီး ကိစ္စများ ပါဝင်သည်။ ဗဟုသုတ အမြောက်အများ ရယူနိုင်သောပွဲ ဖြစ်သည်။ ဟိုတယ်ဝင်းအတွင်း ဈေးဆိုင်များ၊ ဖျော်ဖြေရေး စင်များရှိသည်။ အေးအေးဆေးဆေး နားနေ၍ ရသည်။ ညစဉ် ညတိုင်း ကြိုက်ရာ ကိုယ်တိုင်ယူ စနစ်ဖြင့် ညစာစားပွဲ များကို ဂျက်ဗဆင်စင်တာ၊ ဆီဒိုးနားဟိုတယ်၊ မန္တလေးတောင်ဟိုတယ် များ၌ ၄ ညလုံးလုံး ကျွေးမွေးသည်။
ရန်ကုန် စာရေးဆရာများကို လေယာဉ်အသွားအပြန် အဆင်သင့်ကြိုပို့ လုပ်ပေးသည်။ ကြယ်ငါးပွင့်အဆင့် ဆီဒိုးနားဟိုတယ်၌ ထားရှိသည်။ ညစာစားပွဲများ ပြုလုပ်ရုံမက၊ နေ့လယ်စာအတွက် ကြိုက်ရာ ဝယ်စားနိုင်ရန် မြန်မာကျပ်ငွေလည်း ပေးသည်။ ဤကုန်ကျစရိတ်များ အတွက် “ပြည်တွင်းမှ အလှူရှင်များ” က လှူဒါန်းခြင်းဖြစ်သည်။ ဦးစီးကျင်းပသော ဗြိတိသျှ သံရုံးက ငွေကြေး မကိုင်တွယ်ဘဲ၊ အလှူရှင်များက ကုန်ကျစရိတ်များကို သက်ဆိုင်ရာသို့ တိုက်ရိုက်ပေးချေသည်ဟု ဆိုသည်။
အလှူရှင် အသီးသီး၏ အမှတ်တံဆိပ်များကို ညစာစားပွဲ ဖတ်စာများတွင် တွေ့ရသည်။ အလှူရှင် တဦးကမူ အချိန်နီးမှ သူ့အမှတ်တံဆိပ်ကို ပြန်ဖြုတ်ပေးပါရန် တောင်းပန်သည်ဟု သိရသည်။ ကုန်သမျှငွေ၊ ဥပမာ – ဟိုတယ်ခ များကို အားမနာတမ်း လှူပါမည်ဟု ဆိုလေသည်။ ဟိုတယ်ခန်းများ၌ နိုင်ငံတကာ အဆင့်မီ တယောက်တခန်း စနစ်ထားသည်။ နှစ်ယောက်ခန်းများ ဖြစ်သော်လည်း သီးသန့်ဖြစ်ရန် တယောက် တခန်းစနစ် ပေးခြင်းဖြစ်ရာ ဟိုတယ်ခန်းပေါင်း ၁၀၀ ခန့်၊ လေးရက် ဖြစ်သဖြင့် ကုန်ကျငွေကို မှန်းဆ ကြည့်နိုင်ပါသည်။
ဤ ကုန်ကျမှုအားလုံးသည် လူ့အဖွဲ့အစည်း၌ ယဉ်ကျေးမှု ဖလှယ်ရေး၊ နားလည်မှု တိုးပွားရေး၊ ရင်းနှီး ဆက်ဆံမှု လမ်းကြောင်း ဖြစ်ပေါ်ရေးများ အပြင်၊ မြန်မာစာရေးဆရာများ အဖို့ နိုင်ငံတကာသို့ မိမိတို့ စာပေများ ရောက်ရေးအထိပါ အကျိုးသက်ရောက် ပါသည်။ နောင်နှစ် “တတိယအကြိမ် ဧရာဝတီစာပေပွဲတော်” ကို ရန်ကုန်တွင် ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့် နေရာကိုလည်း ခွင့်ပြုမိန့် တောင်းခံရရှိထားပြီး ဖြစ်ကြောင်း သိရှိရ၏။ ထိုနေရာကား ဟိုတယ်မဟုတ်ပါ။ သမိုင်းဝင်နေရာတခု ဖြစ်၏။ အားလုံးကို ကျေးဇူးတင်ပါသည်။