Politics

အာဆီယံဥက္ကဋ္ဌ မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံဟာ ပထမဆုံးအနေနဲ့ အာဆီယံလို့ အတိုကောက်ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ ၂၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့များမှာ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့တယ်။ ပြည်တွင်းရေးမှာ တင်းမာနေမှုတွေကြောင့် အသင်းဝင် ၁၀ နိုင်ငံရဲ့ အစိုးရ ခေါင်းဆောင်တွေ စုံညီတရားဝင်ဆွေးနွေးကြတဲ့ ဒီအစည်းအဝေး မျက်နှာမပျက် ပြီးသွားပမလားလို့ စိုးရိမ် ပူပင်မှုတွေရှိခဲ့တယ်။ ဒါပေမယ့် တခါက ဒေသတွင်းမှာ ဘယ်သူမှမကိုင်ချင်တဲ့ ဗြဟ္မာ့ခေါင်းဘဝကနေ လက်ရှိဒေသတွင်း တင်းမာမှု တောင်တရုတ်ပင်လယ်အရေး ကိုင်တွယ်ရတဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ က ပြောင်းလဲနိုင်ခဲ့တာမို့ လက်ရှိသမ္မတ ဦးသိန်းစိန်ဦးစီးနေတဲ့ နေပြည်တော်အစိုးရအတွက် ဂုဏ်ယူတကြီး ဖြစ်စရာပါ။

ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးကို အခြေခံ ထားတဲ့ အာဆီယံအဖွဲ့မှာ လတ်တလော ပြဿနာ ဖြစ်နေတာ တရုတ်နဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ရေပိုင်နက်အငြင်းပွားမှုပါ။ နေပြည်တော် ထိပ်သီး ဆွေးနွေးပွဲမစမီ ရေနံပေါတဲ့ ပါရာဆဲလ်ကျွန်းစုနားမှာ ဗီယက်နမ်သင်္ဘောကို တရုတ်သင်္ဘော ရေပိုက်နဲ့ တွန်းထိုးလွှတ်လိုက်တာ မို့ ဗီယက်နမ်က တရုတ်ကို ကျယ်ကျယ်လောင်လောင်ကန့်ကွက်ခဲ့တယ်။ တနင်္ဂနွေ နေပြည်တော်ရောက် နေတဲ့ ဗီယက်နမ်ဝန်ကြီးချုပ် ငုရင်တန်ဒေါင်းက “ဒီအစွန်းရောက် အန္တရာယ်များ တဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံ ရေးနဲ့ ပင်လယ်ပြင်လုံခြုံမှုကို တိုက်ရိုက်ခြိမ်းချောက် နေတယ်” လို့ပြောတယ်။ ဒါကို ဗီယက်နမ်အစိုးရက ဗီယက်နမ်သတင်းတွေမှာထည့်တယ်။ ဟနွိုင်းမြို့တော် တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲတွေ ကိုလည်း ခွင့်ပြုခဲ့တယ်။ (နောက်ဆုံးရရှိသော သတင်းများအရ ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေးများ ပြန့်နှံ့လာနေပြီး ဗုဒ္ဓဟူးနေ့ညက ဟိုချီမင်းစီးတီးအနီးရှိ ထိုင်ဝမ်ပိုင်စက်ရုံတရုံတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ဗီယက်နမ် ၅ ဦးနှင့် တရုတ်အလုပ်သမား ၁၆ ဦး သေဆုံးကြောင်း သိရသည်။)

တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖိလစ်ပိုင်ရဲ့ သမ္မတ ဘန်နီနိုအကွီနိုကလည်း နေပြည်တော်ခရီးစဉ်မှာ ရှင်းရှင်းပဲကြေညာ ချက်ထုတ်တယ်။ ဖိလစ်ပိုင်ဟာ မေလအတွင်းက နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ ကုလသမဂ္ဂ အငြင်းပွားမှုဆိုင်ရာခုံရုံးမှာ တရုတ်နိုင်ငံကို တရားစွဲခဲ့တယ်။ ဒါ့ကြောင့် “ပိုင်နက်နယ်နမိတ် အငြင်းပွားမှုဖြေရှင်းရာမှာ တရားဥပဒေကို လိုက်နာရမယ်။ စောင့်ထိန်းရမယ်။ ဒါဟာ နိုင်ငံတိုင်းရဲ့ အခွင့်အရေး ကို တလေးတစား အသိအမှတ်ပြုရေးပဲ။ နှစ်နိုင်ငံတည်း ပြောဆိုရတာမျိုးချည်းလည်း ကျနော်တို့ အားမကိုးဘူး။ ဒါက ဒေသတွင်းက တခြားသူတွေကို ထိခိုက်နိုင်တယ်” လို့ ထုတ်ပြန် ကြေညာချက် မှာ အကွီနိုကရေးတယ်။ မကြာခင်ကတင် တားမြစ် ထားတဲ့ လိပ်တွေကိုဖမ်းလို့ တရုတ်တံငါသည် ၁၁ ဦးကို ဖိလစ်ပိုင်ရေတပ်က ဖမ်းထားခဲ့သေးတယ်။ တရုတ်က ဒီဖမ်းဆီးမှုဟာ တရားမဝင်ကြောင်းပြောပြီး အားလုံး ကိုပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။

သံတမန် သတင်းရပ်ကွက်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ရေးတာက တနင်္ဂနွေ ထိပ်သီးဆွေးနွေး ဝိုင်းမှာ တောင်တရုတ်ပင်လယ်ကိစ္စ ကို အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံက ထုတ်ပြောသတဲ့။ တောင်တရုတ် ပင်လယ်ထဲက ရေပိုင်နက်အငြင်းပွားမှုဟာ အာဆီယံရဲ့ ဒီနှစ်များအတွင်း ဘုံဆုံချက်ဖြစ်လာနေတယ်။ ကမ်းရိုးတန်းနဲ့ မိုင် ၁၀ဝ၀ ကျော်ကွာဝေး ပေမယ့် တရုတ်နိုင်ငံက သူပိုင်ဆိုင်ကြောင်းကြေညာ ထားခဲ့တဲ့ တောင်တရုတ်ပင်လယ်ဟာ ငါးပေါပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ အမြောက်အများရှိနိုင်တယ်လို့ တွက်ဆ ထားကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ကမ္ဘောဒီးယား ဖနွမ်းပင် ထိပ်သီးအစည်းအဝေးမှာ ဒီကိစ္စစကားများပြီး ကြေညာချက် မထုတ်နိုင်ခဲ့ပါဘူး။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေဟာ တရုတ် အထောက်အပံ့ခံနိုင်ငံတွေမို့ တရုတ်ကို မလွန်ဆန်ဝံ့ဘူးလို့ သတင်းတွေကရေးတယ်။

အခုလည်း နှစ် ၂၀ ကျော် တရားအားထုတ် တရုတ်အားထားခဲ့ရတဲ့ နေပြည်တော်အစိုးရကလည်း ပေါက်ဖော်ကြီး စိတ်ကွက်မခံပါဘူး။ မြစ်ဆုံနဲ့တင် တော်တော် လုံလောက်သွားခဲ့ပါပြီ။ မြန်မာဟာ တောင်တရုတ်ပင်လယ်နဲ့မထိစပ်ပါဘူး။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကျလာပေမယ့် မြန်မာရဲ့ နိုင်ငံခြားရင်းနှီးမှု အများဆုံးနဲ့ အကြီးဆုံးကုန်သွယ်ဘက်ဖြစ်ဆဲပါ။ သမ္မတ ဦးသိန်းစိန် ရဲ့ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ် က ဝေါစတြိဂျာနယ် သတင်းစာကို တရုတ်နိုင်ငံဟာ “မိတ်ဆွေကြီး” “အရေးအပါဆုံး ကုန်သွယ်ဘက်”လို့ပြောခဲ့တာမို့ တနင်္လာနေ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်ထဲမှ “တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားလျက်ရှိသော အခြေအနေများကို လွန်စွာစိုးရိမ်မိကြောင်း”လို့သာဖော်ပြပြီး တရုတ်နိုင်ငံကို အမည်မတပ်ခဲ့တာ အံ့ဩစရာတော့မဟုတ်ပါ။

တရုတ်နိုင်ငံကတော့ အဲဒီဒေသဟာ တရုတ် ရေပိုင်နက်အတွင်း လုံးလုံးကျရောက်နေတာဖြစ်တယ်လို့ တနင်္ဂနွေနေ့ကကြေညာပြီး မေလ ၁ ရက် နေ့ကတည်းက စစ်သင်္ဘောတချို့ပါဝင်တဲ့ လုံခြုံရေး အစောင့် အရှောက် သင်္ဘော ၈၀ ကိုချထားပြီး ရေနံ ရှာဖွေရေးကိုစလုပ်တယ်။ အင်္ဂါနေ့မှာ နောက်ဆုံးရတဲ့ သတင်းတွေအရ ဗီယက်နမ် သင်္ဘောတစီးကို တရုတ်သင်္ဘော ၁၅ စီးက ရေပိုက်တွေနဲ့အပြန်အလှန် ထိုးကြကြောင်းသိရတယ်။ တချိန်တည်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွချုံယင်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ “ဗီယက်နမ်ဟာ တခြားနိုင်ငံတွေကိုပါတွဲပြီး တရုတ်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရည်မှန်းချက် မအောင်မြင်ခဲ့ဘူး” လို့ နေပြည်တော် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို တိုက်ရိုက် မရည်ညွှန်းပဲပြောတယ်။ ဒါပေမယ့် “အာ ဆီယံနဲ့တရုတ်ဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည် ငြိမ်ရေးကို ပူးတွဲထိန်းသိမ်းဖို့ စွမ်းရည်နဲ့ဆုံးဖြတ်ချက်ရှိကြတယ်” လို့တော့ နေပြည်တော် ကြေညာချက်ကို သံတမန်စကားနဲ့ တုံ့ပြန်ပြောပါသေးတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ကအင်အားနဲ့လွှမ်းမိုးဖို့ ကြိုးစားလာမှုကို စိုးရိမ်ကြတဲ့နိုင်ငံတွေကို ထောက်ခံပြီး အမေရိကန်ကလည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ပြောလာတယ်။ “အငြင်းပွားရာ ဒေသထဲမှာ သင်္ဘောတွေနဲ့ ခြိမ်းချောက်တာ၊ အန္တရာယ်ကြီးတဲ့ စီမံချက်တွေဖော်ဆောင်တာတွေကို ကျမတို့ပြင်းပြင်း ပြပြ စိုးရိမ်မိပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ပဆာကီ က ဝါရှင်တန် နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ တချိန်တည်းမှာ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူက နိုင်ငံခြားရေးဝန်ကြီး ကေရှမ်မူဂန်းဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့တွေ့ဖို့ ဝါရှင်တန်ရောက်နေတယ်။ ဝန်ကြီး ၂ ဦး မတွေ့ဆုံမီ ဂျွန်ကယ်ရီက ကြေညာချက်ထုတ်ပြန်ရာမှာ တရုတ်ရဲ့ “ပါရာဆယ်လ် ကျွန်းစုကို စိန်ခေါ်လာမှု” ကို အမေရိကန်တို့စိုးရိမ်ကြောင်း ထပ်တလဲလဲဖော်ပြတယ်။ “ကျနော် တို့အားလုံး၊ ပြောရရင် တောင်တရုတ်ပင်လယ် နဲ့ အရှေ့တရုတ် ပင်လယ်ထဲက နိုင်ငံအားလုံးဟာ ဒီရင့်သီးတဲ့ အပြုအမူအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ် ပူပန်နေကြတယ်” လို့ ဂျွန်ကယ်ရီကဆိုတယ်။ “လိုက် နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ ဖန်တီးတာ ကျနော်တို့မြင်ချင်တယ်။ တိုက်ရိုက် ထိပ်တိုက်ရင် ဆိုင်ပြီး မောက်မာတဲ့ အပြုအမူတွေအစား ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ၊ တရားခုံရုံး လျှောက်လဲချက်တို့လို မည်သည့်နည်းဖြင့်မဆို ငြိမ်းချမ်းစွာ အဖြေရှာကြ တာကို ကျနော်တို့မြင်ချင်တယ်” လို့လည်း ပြောဆိုတယ်။

အာဆီယံရဲ့ ဘုံရပ်တည်ချက်ကို ထင်ဟပ်ပြီး စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးကလည်း စင်ကာပူ ရေပိုင်နက်ဟာ တောင်တရုတ်ပင်လယ်နဲ့ အနည်း ငယ်သာထိစပ်ပေမယ့် ပင်လယ်မှာ အားလုံးလိုက်နာနိုင်မယ့် စည်းကမ်း ဥပဒေရေးဆွဲဖို့ တရုတ်နဲ့ပြောဆို ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေရေး လိုလားတယ်လို့ ဝါရှင်တန်မှာပြောလိုက် တယ်။ စနေနေ့ နေပြည်တော်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အာဆီယံ အတွင်းရေးမှူးချုပ် လီလျောင်မင်းတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒီသဘောပဲပြောတာပါ။ “တောင်တရုတ်ပင်လယ် အရေးကို ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေအရ နိုင်ငံတကာက လက်ခံထားသော စည်းမျဉ်း စည်းကမ်း များအတိုင်း ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူအားလုံး လိုက်နာပြီး ယင်းနယ်မြေဧရိယာ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေမည့် အင်အားသုံးခြိမ်းခြောက်သည့် အပြုအမူမျိုးမလုပ်ဘဲ ငြိမ်းချမ်းသည့် နည်းလမ်းမျိုး ဖြင့်ဖြေရှင်းရန်” အကြံပြုကြောင်း အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့တယ်။

တရုတ်ဘက်က အားလုံးလိုက်နာနိုင်မယ့် စည်း မျဉ်းစည်းကမ်းများ ရေးဆွဲရေးကို သဘောတူ၊ မတူ ဆိုတာ မသေချာသေးပေမယ့် တောင်တရုတ်ပင်လယ် ရေပိုင်နက်ကို ၁၉၄၇ ခုနှစ်တုန်းက ပထမဆုံးအကြိမ် ထုတ်ဝေဖြန့်ချိခဲ့တဲ့ မြေပုံကို အခြေပြုထားတယ်။ အဲဒီမြေပုံအရ ဟိုင်နန်ကျွန်းတောင်ပိုင်း မိုင်ရာပေါင်း များစွာဝေးကွာတဲ့ ဘော်နီယိုကျွန်းနားက အီကွေတာ မျဉ်းတွေထိ တရုတ်ကပိုင်တယ်။ အခု တရုတ်နဲ့ ဗီယက်နမ် ပါရာဆယ်လ်ကျွန်းစုတွေကို အငြင်းပွား နေရသလို အခြား အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်တို့လည်း သူတို့ရဲ့ ရေပိုင်နက်ကို တရုတ်နဲ့ အငြင်းပွားနေရတယ်။

ဒီလို တရုတ်ကလုပ်လာလေ ခံရတဲ့နိုင်ငံတွေ အနေနဲ့ အမေရိကန်ကို မျက်နှာသာပေးလေ ဖြစ်ဖို့သာ မြင်တယ်လို့ အာရှရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြကြတယ်။ ဧပြီလတုန်းက သမ္မတအိုဘားမားရဲ့ အာရှခရီးစဉ်မှာ အမေရိကန်ရဲ့ မဟာမိတ် ဂျပန်နဲ့ဖိလစ်ပိုင်နိုင်ငံတို့ကို လုံခြုံရေးကို အာမခံခဲ့ပေမယ့် မဟာမိတ်မတောင့်တင်းဘဲ အမေရိကန်နဲ့လည်း ခပ်ဝေးဝေးဖြစ်နေသေးတဲ့ ဗီယက်နမ်ကို တရုတ်က စနစ်တကျ အနိုင်ကျင့်တာလို့လည်း ဆိုကြတယ်။

လာမယ့်နိုဝင်ဘာလ နေပြည်တော်မှာပဲကျင်းပမယ့် အမေရိကန်သမ္မတရော တရုတ်သမ္မတပါ တက်မယ့် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲထိပါ ဒီ တောင်တရုတ်ပင်လယ်အရေးတွေက အရိပ်ထိုးနေ ဦးမှာပါ။ ဝါရှင်တန်ပို့စ် သတင်းစာခေါင်းကြီးတခုကဆို ယူကရိန်းမှာ ရုရှားကပြုမူနေသလို တရုတ်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာလည်းအလားတူပြုမူနေတာကို အမေရိကန်နဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေ လျှော့မတွက်ဖို့ သတိပေးထားတာလည်း ရှိကြောင်းပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading