Culture

ဂျပန်နိုင်ငံ၊ မူပိုင်ခွင့် ဥပဒေနှင့် မြန်မာ့သနပ်ခါး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ့သနပ်ခါး၏ အမည်နာမသည် မြန်မာသံသက်သက် ဖြစ်သည်။ မည်သည့်အသံတို့မှ (ပါဠိ၊ သက္ကတ၊ ဟိနီ္ဒ) စသည်တို့မှ ဆင်းသက်လာသည် မဟုတ်ချေ။ တိုင်းရင်းဆေး ကောင်စီဝင်ဖြစ်ခဲ့သည့် မြန်မာသမားတော်ကြီး ဦးစံတင့် (ကွယ်လွန်) က သနပ်ခါးကို အနက်ဖွင့်ရာတွင် အသားကို နူးညံ့ပျော့ပျောင်းစေခြင်းကို အကြောင်းပြူ၍ သားနပ်ခါးမှ ဆင်းသက်လာဖွယ် ရှိကြောင်း (ခါး) ဆိုသည်ကား ပင်ကိုအရသာကို အစွဲပြုခြင်းဟူ၍ သူ၏ အယူအဆကို စာရေးသူအား ပြောပြခဲ့ဖူးသည်။

နောက်တနည်း ကြံဆမှုတွင် သနစေသော (မနှစ်သက်ဖွယ်သော) ခန္ဓာကိုယ်တွင်းမှ အညစ်အကြေးများအား၊ ခန္ဓာကိုယ်ပေါ်မှာ လိမ်းခြယ်ခြင်းဖြင့် အသားအရေ တင့်တယ်စေခြင်းကို အကြောင်းပြု၍ သနခါမှ သနပ်ခါးဖြစ်လာဖွယ် ရှိကြောင်း တခြားသောပုဂ္ဂိုလ် တဦးကလည်း ဖွင့်ဆိုခဲ့ဖူးသည်။ ဤအဆိုအမိန့်သည် ကွယ်လွန်သူ မြန်မာစာပေ ပညာရှင်ကြီး – ဆရာကြီး ဦးဆန်းထွန်း (ဆန်းထွန်း-မန်းတက္ကသိုလ်) ၏ ဖွင့်ဆိုချက် ဖြစ်ပါသည်။

မည်သို့ဖြစ်စေ သနပ်ခါးသည် မြန်မာ့ရင်းမြစ် သယံဇာတစစ်စစ်သာ ဖြစ်သည်။ အင်္ဂလိပ်တို့ မှည့်ခေါ်သည့် (Elephant Apple) အမည်နာမနှင့် လုံးဝဆက်သွယ်မှုမရှိ၊ သမပိုင်းဒေသဖြစ်သော တရုတ်ပြည်အား အမည်နာမ တပ်ထားသည့် သနပ်ခါးတမျိုးအား (Chinese box tree) အင်္ဂလိပ်အမည် မှည့်ထားသည်မှာလည်း လုံးဝ မဖြစ်သင့်ချေ။ အပူပိုင်းဇုန်တွင် ပေါက်ရောက်သည့် သနပ်ခါးနှင့် လုံးဝအဆက် အစပ်မရှိဘဲ Murraya exotica (သနပ်ခါး) တမျိုးဟူ၍ ဖွင့်ဆိုခဲ့ပြန်သည်။

ဟိနီ္ဒဘာသာဖြင့် သနပ်ခါးကို ဗေဠိဟူ၍ ရှိသော်လည်း၊ သနပ်ခါးဟူသော မြန်မာသံစစ်စစ်သည် မြန်မာပြည် အလယ်ပိုင်း ဒေသတဝှမ်းတွင် ခေါ်ဝေါ်သုံးစွဲသည့် အမည်နာမသာ ဖြစ်သည်။ ရုက္ခဗေဒ အမည်အားဖြင့် ယခင်က (Limonia acidissima) ခေါ်တွင်၍ ယခုအခါ (Naringi crenulate) ဟူ၍အမည်ပေးစနစ် ပြောင်းလဲကာ ခေါ်တွင်ခဲ့သည်။

ယခုအခါ မြန်မာ့ဒေသပေါက် မြန်မာသံစစ်စစ် (သနပ်ခါး) အမည်နာမရှိသော ပစ္စည်းကို ဂျပန်နိုင်ငံတွင် မူပိုင်ခွင့် ဥပဒေ မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။ ယင်းကိစ္စမှာ လုံးဝမဖြစ်သင့်သော ကိစ္စရပ်ဖြစ်၍၊ သက်ဆိုင်ရာ မြန်မာနိုင်ငံသို့် စုံစမ်းမေး မြန်းခြင်း၊ သနပ်ခါးဖြစ်ထွန်းရာ မြန်မာနိုင်ငံ၏ အာဏာပိုင်အဖွဲ့အစည်းနှင့် ပညာရှင်များ ထံသို့ ဆက်သွယ်ခြင်း တို့ကို ရှေးဦးစွာ ဆောင်ရွက်သင့်သည်။

ဤမူပိုင်ခွင့် ဥပဒေကို ဂျပန်နိုင်ငံတွင် မျိုးမြန်တိုးအမည်ဖြင့် ၂၇ . ၁ . ၂၀၁၀ နေ့ မှတ်ပုံတင်အမှတ် ၂၀၁၀ – ၃၁၇၈၁ (ပီ ၂၀၁၀ – ၃၁၇၈၁) ဖြင့်တင်သွင်းခဲ့ပြီး ဤလျှောက်ထားခွင့်ကို (Ms.Sawako Otomo) မစ္စဆာဝါကို အိုတိုမိုက တာဝန်ယူ လျှောက်ထား ပေးခဲ့ကြောင်း သိရှိရသည်။

ဂျပန်တရားရုံးမှ (၁၁ ရက် ဩဂုတ်လ ၂၀၁၁) နေ့စွဲဖြင့် မူပိုင်ခွင့်ထုတ်ပြန်ခြင်း အမှတ်၂၀၁၁ – ၁၅၃၁၂၀ (ပီ ၂၀၁၁ –

၁၅၃၁၂ဝ အေ) တိုဖြင့် တရားဝင် အတည်ပြု ပေးခဲ့ကြောင်းလည်း သိရှိရသည်။ ဤသို့သော မြန်မာ့သနပ်ခါးနှင့် ပတ်သက်၍ လူပုဂ္ဂိုလ် တဦးတည်းက လက်ဝါးကြီးအုပ်၍ မောင်ပိုင်စီးရယူခြင်းမှာ လုံးဝ မဖြစ်ထိုက်သော ကိစ္စ တရပ် ဖြစ်သည်။ အမှန်အားဖြင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့နှင့် မြန်မာတမျိုးသားလုံးနှင့် နှီးနွှယ်ပတ်သက် နေသော ကဏ္ဍရပ်တို့အပေါ် နိုင်ငံကြီးသား ပီသစွာ စုံစမ်း ထောက်လှမ်းခြင်းများကို တရားဥပဒေ ရှုထောင့်မှ ကနဦး စူးစမ်း လေ့လာခြင်းများ စနစ်တကျ စိစစ် လုပ်ဆောင်သင့်ပါလျက်၊ ဂျပန်နိုင်ငံဘက်မှ သက်ဆိုင်ရာ မူပိုင်ခွင့်ပြုမိန့်ကို ချမှတ်ပေးခဲ့ခြင်းတို့သည် မြန်မာနိုင်ငံဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့အား လေ့လာမှု အားနည်းလှကြောင်း စိတ်မကောင်းစွာ သိရှိခံစားမိသည်။

မူပိုင်ခွင့် မှတ်ပုံတင်သည့် (မျိုးမြန်တိုး) ဆိုသူသည် မြန်မာလူမျိုး ဖြစ်ခဲ့ပါက မိမိတို့ မြန်မာလူမျိုး အချင်းချင်းအပေါ် ထားရှိအပ်သည့် မြန်မာ စိတ်ထား မထားရှိကြောင်း ပေါ်လွင်ထင်ရှားလှသည်။ အမှန်အားဖြင့် မြန်မာ့သနပ်ခါးသည် မြန်မာပြည် အလယ်ပိုင်း ဒေသတွင် အလေ့ကျ သဘာဝအလျောက် ရှင်သန်ဖြစ်ထွန်းသော မြန်မာ့ရင်းမြစ် သယံဇာတ စစ်စစ် ဖြစ်သည်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေသများနှင့် ဘီဟာ ပြည်နယ်၊ အာသံပြည်နယ် တို့တွင် ပေါက်ရောက်ကြောင်း မှတ်တမ်းများ ရှိသော်လည်း အမျိုးသမီး လောကတွင် နံ့သာလိမ်းကျံ၊ အလှဟန်ဖွဲ့မှုတို့ကို မြန်မာ့ဓလေ့၊ မြန်မာ့ဒေသ၌သာ တွေ့မြင် ခံစားနိုင်သည်။

အထူးသဖြင့် မြန်မာပြည် အလယ်ပိုင်း ပူပြင်းခြောက်သွေ့သော ကျောက်စရစ် ကုန်းမြေကျစ် မြေမာ၊ မြေဩဇာ မကောင်းသည့် ဒေသတို့တွင် သဘာဝအလျောက် အလေ့ကျ ရှင်သန် ဖြစ်ထွန်းလေ့ရှိသည်။ သို့သော်ငြားလည်း သနပ်ခါး၏ သင်းသင်း မွှေးမွှေး၊ လေချို တသွေးသွေးတွင် ထူးကဲသော ရနံ့ကိုဆောင်ခြင်းသည် သူ၏ အရည်အချင်း တရပ်ပင်ဖြစ်သည်။ ဆေးဖက်လည်းဝင်၍၊ နံ့သာအဖြစ် ပါးကွက်ကြားတွင် သနပ်ခါး လိမ်းကျံခြင်းဖြင့် ကျေးတောပျော် လုံမတို့ အတွက် သဘာဝ အလှတန်ဆာ ဆင်ဖွယ်ရာ အဖြစ် မြန်မာ့သနပ်ခါးသည် ထင်ရှားလာခဲ့သည်။

စာရေးသူ၏ ၁၉၆၈ – ၆၉ ခုနှစ်တွင် ရေးသားပြုစုခဲ့သော ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ဆေးဖက်ဝင် အပင်များ (မုံရွာခရိုင်) ကျမ်းတွင် သနပ်ခါးအကြောင်း ပြုစုရေးသားခဲ့သည်။ ကွင်းဆင်း လေ့လာခြင်းကာလသည် (၁၉၆၇ -၁၉၆၈) ကာလများဖြစ်၍ မုံရွာခရိုင်၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲမြို့နယ်များနှင့် ချင်းတွင်းမြစ်ကမ်း တလျှောက်ရှိ ကျေးလက်ဒေသ အသီးသီးသို့ ကွင်းဆင်းခရီး သွားရောက် လေ့လာခဲ့သည်။ ထိုစဉ်ကာလက မုံရွာခရိုင် သစ်တောဌာနတွင် သစ်တောဦးစီး အဖြစ် ဦးသာလှ တာဝန်ထမ်းဆောင် နေချိန် ဖြစ်၍ သစ်တောမြေပုံကြမ်းများ လေ့လာခွင့် ရရှိခဲ့သည်ကိုလည်း သတိရမိသည်။ နောင်တွင် သစ်တောကဏ္ဍ မှနေ၍ မြန်မာ့သနပ်ခါးကို သစ်တောခရိုင်ဝန် ဦးသာလှက ရေးသားပြုစုကာ မြန်မာနိုင်ငံ သုတေသန စာတမ်း ဖတ်ပွဲတွင် တင်သွင်းခဲ့၍ ပြည်သူ့စာစဉ်အဖြစ် စာပေဗိမာန်မှ (၁၉၇၄ – ခုနှစ်) တွင် စာအုပ်အဖြစ် ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ စာရေးသူနှင့် ဦးသာလှသည် တူညီသောအချိန်ကာလ အတွင်း သနပ်ခါးနှင့် ပတ်သက်၍ အစောဆုံး သုတေသန ရေးသားပြုစုခဲ့ကြ သူများအဖြစ် နားလည်ခဲ့မိသည်။ စာရေးသူကလည်း ၁၉၇၃ ခုနှစ် မန္တလေး စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲတွင် ဦးလေးလှ (လူထုဦးလှ) မှတဆင့် စာတမ်းတင်သွင်း ခဲ့ပြီး နောက်ပိုင်း ကာလများတွင် ခတ္တိယ အသုံးချ သိပ္ပံဂျာနယ်တွင် သနပ်ခါး ဆောင်းပါးများ ဆက်တိုက် ရေးသားခဲ့သည်။

စင်ကာပူ နိုင်ငံတွင် ထုတ်ဝေသော မြန်မာအမျိုးသားပိုင် သဇင် အောင်မြင်ရေး မဂ္ဂဇင်းတွင်လည်း (မြန်မာ့သနပ်ခါး နုသားဝါသွေး ကြိုင်ကြိုင်မွှေးရှင့်) အမည်ဖြင့်ဆောင်းပါး ဖော်ပြခဲ့ခြင်းတို့ အပြင် ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေ ခဲ့သော စာရေးသူ၏ (ကမ္ဘာ့ဈေးကွက်ဝင် မြန်မာ့ဆေးပင်နှင့် ဆေးဝါးပစ္စည်းများ) စာအုပ်တွင်လည်း သနပ်ခါး အကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြပါရှိခဲ့ပြီး ဖြစ်သည်။

မြန်မာ့ သယံဇာတ အရင်းအမြစ်ဖြစ်သည့် သနပ်ခါးသည် မူလအနေအထားအရ ကျေးတောပျော် လုံမတို့၏  လယ်ဝင် ကောက်စိုက်ချိန် နေပူဒဏ်ခံနိုင်သော အပင်ထွက်ပစ္စည်း (အခေါက်နံ့သာ) အဖြစ် လိမ်းကျံခဲ့ရာမှ တဖြည်းဖြည်း မြို့ပြဒေသသုံး အလှအပအတွက် လိမ်းချယ်သည့် ဆင်ယင်ထုံးဖွဲ့မှု ပစ္စည်း ဖြစ်လာခဲ့သည်။

သနပ်ခါးသည် မြန်မာပြည်၏ သယံဇာတ ရင်းမြစ်၊ သနပ်ခါးသည် မြန်မာ့မြေ၏ ရင်နှစ်၊ မူလကတည်းကပင် မြန်မာပြည် အလယ်ပိုင်းက အခြေခံလူတန်းစား ကောက်စိုက်ပျိုဖြူ မိလက္ခူတို့၏ ခန္ဓာကိုယ်ပေါ်တွင် လိမ်းချယ်သစရာ၊ နံ့သာတပါး ဖြစ်ခဲ့သည်။ သနပ်ခါးသည် တော်ဝင်နံ့သာကို မဝယ်နိုင်သူတို့အတွက် ဖြေသိမ့်စရာ မြေနိမ့်စံမျှသာ ဖြစ်သည်။

သို့သော် သနပ်ခါးကား မျက်နှာငယ်အနှိမ့်ချခံသည့် အနိမ့်စံဘဝမှာ ထာဝရစံနေသူတော့ မဟုတ်ပါ၊ သူ့ဂုဏ်သိက္ခာ အရှိန်အဝါသည် မှေးမှိန် သိမ်ငယ်နေသည်တော့ မဟုတ်။ အလှကိုယ်စီ ရှိနေသော လောကသဘာဝ အလျှောက်၊ သနပ်ခါးသည်လည်း သူ့ဂုဏ်ထူးနှင့် ထုံကြူးခွင့်ရခဲ့သည် မဟုတ်ပါလား။ သို့ရာတွင်သနပ်ခါးကို လွန်ခဲ့သော နှစ်ပေါင်း ၂၄၀ဝ ခန့် ဗိဿနိုးခေတ် ကတည်းက မိဖုရားတို့ သုံးစွဲခဲ့သည် ဆိုသည်ကား မည်သည့် ကျမ်းမှာမှ မတွေ့ခဲ့ဖူးပါ။ ဗိဿနိုးသည်ပင် (၁) ရာစုမှ တည်ထောင်ခဲ့ခြင်း ဖြစ်၍ လွန်ခဲ့သောနှစ် ၂၄၀ဝ ခန့်က ဆိုပါက တကောင်းခေတ်ဦး အစ ဘီစီ ၈၅၀ ကာလနှင့် ချိန်ဆကြည့် ရန်ဖြစ်သည်။

ဤကာလသည် ဗုဒ္ဓမြတ်စွာဘုရားပင် ပွင့်တော်မမူသေးသည့် ကာလဖြစ်သည်။ ထိုစဉ်က ပျူခေတ်၏  ပျူလူမျိုး မိန်းမပျိုတို့၏ ဆင်ယင်ထုံးဖွဲ့မှု တွင်လည်း သနပ်ခါးဟူသော အသုံးအနှုန်း မတွေ့ခဲ့ရချေ။ ဆိုခဲ့သည့်အတိုင်း ရှေးခေတ် အစဉ်တစိုက် တော်ဝင်နံ့သာ ငါးပါးသည်သာ သမိုင်းဝင် အလှအပသုံး မျက်နှာပြင်အလှဆင် ရနံ့ပေး ပစ္စည်းများသာ ဖြစ်ခဲ့သည်။ မင်းသုံးစိုးသုံး ဖြစ်၍ သာမန် တောနေလူတန်းစားတို့ မချဉ်းကပ်နိုင်ကြ။ ထိုခေတ်ကာလက အပင်ထွက် ပစ္စည်းများဖြစ်သော သနပ်ခါး၊ သီး၊ မန်ကျည်းခေါက် တို့သည်သာ အလှဆင်စရာ ကျေးတောသူတို့ အသုံးချနိုင်ခဲ့သည်။ နံ့သာငါးပါး သုံးစွဲမှုသည်ကား အိန္ဒိယ ယဉ်ကျေးမှုနှင့် နှီးနွှယ်မှုရှိကြောင်း သာဓကများရှိသည်။

၁၉၅၁ ခုနှစ်က ပဲခူးရွှေမော်ဓော ဘုရားကြီး ပြင်ဆင်မွမ်းမံစဉ် ဘုရင့်နောင် မင်းတရားကြီး၏ သမီးတော် ဓာတုကလျာ၏ ကျောက်ပျဉ်အား ဘုရားငုတ်တိုတခုမှ တူးဖော်ရရှိဖူးကြောင်း ၂. ၇. ၇၃ နေ့ ထုတ်ဝေသည့် သတင်းစာတွင် ဆောင်းပါးတပုဒ် တင်ပြထားသည်။ ကျောက်ပျဉ် တွေ့ရှိခြင်းကြောင့် ထိုခေတ်က သနပ်ခါး အသုံးပြုနေပြီ ဖြစ်ကြောင်း တင်ပြလိုဟန် ရှိသော်လည်း ကျောက်ပျဉ်သည် သနပ်ခါး တမျိုးကိုသာ သွေးယူလိမ်းခြယ်ခြင်း မဟုတ်သည်ကို သတိပြုရန် ဖြစ်သည်။ (အဓိပ္ပာယ်မှာ ကျောက်ပျဉ်တွေ့၍ လိုရာဆွဲယူ တွေးခေါ်ခြင်း မပြုနိုင်ကြောင်း၊ ကျောက်ပျဉ်သည် သနပ်ခါး တခုတည်း အတွက် ကိုယ်စားပြုရာ အသုံးချပစ္စည်း မဟုတ်ကြောင်း ထင်ရှားစေလိုခြင်း ဖြစ်ပါသည်) ဤဆောင်းပါးတွင် သနပ်ခါးသည် မြန်မာ့ ရင်းမြစ် သယံဇာတ ဖြစ်ခြင်းနှင့် မြန်မာပြည်သူလူထု၏ အားထားစရာ အလှအပဆင်ယင် မှုနှင့် ဆေးဖက်ဝင်မှု တို့၏ ထင်ရှားပေါ်လွင်မှုကို ဦးစားပေး မီးမောင်းထိုးပြရန် ဖြစ်သည်။ မြန်မာတို့ ပိုင်ဆိုင်သည့် သနပ်ခါးသည် မြန်မာတို့၏ ကျန်းမာရေး၊ မြန်မာပျိုဖြူတို့၏ အလှအပကို ဖြည့်ကူပေးနေသည့် အလှဆင်ရာ မှုန်နံ့သာဖြစ်သည်။

သနပ်ခါးနှင့် ပတ်သက်၍ သနပ်ခါးဝေါဟာရနှင့် သနပ်ခါး လောကကြီး တခုလုံးကို တဦးတယောက်တည်း က လွဲမှားသော အတွေးအခေါ် တို့ဖြင့် မောင်ပိုင်စီး၍ ခံစားလိုသည့် စိတ်ဓာတ်ကို ကျွန်တော်တို့ ရှုံ့ချကန့်ကွက် ပါသည်။ မြန်မာနိုင်ငံ ဘက်မှ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့မှလည်း ဆက်လက် ကန့်ကွက်သွားနိုင်ရန် တင်ပြ တောင်းဆိုသွားမည် ဖြစ်ပါသည်။ သနပ်ခါးဟူသော ဝေါဟာရနှင့် မှည့်ခေါ်ထားသည့် သနပ်ခါးထွက် ပစ္စည်း အားလုံး အပေါ် မိမိတဦးတည်း မူပိုင်ခွင့် ဥပဒေ ပြဌာန်းပေးရန် ဂျပန်ပြည်၌ မူပိုင်ခွင့် လျှောက်ထားသည့် ကိစ္စတွင် သနပ်ခါးအပေါ် မည်သည့်နိုင်ငံသားနှင့်  မည်သည့် နိုင်ငံကမှ ယနေ့ခေတ်ကြီးထဲတွင် တဦးတည်း ပိုင်ဆိုင်ခွင့် လုံးဝ လုပ်ဆောင်၍ မရနိုင်ကြောင်း သိရှိစေချင်သည်။ တခြား သော နိုင်ငံတို့မှ နိုင်ငံခြားသား တဦးဦးက မသိရှိ ၍ဖြစ်စေ၊ ပြည်ပနိုင်ငံ တခုခုတွင် မြန်မာအမျိုးသား အားလုံးပိုင်ဆိုင်သည့် (သနပ်ခါး အမည်နာမနှင့် ပတ်သက် နှီးနွှယ်ရာ အားလုံးတို့ကို) အတ္တစိတ်ထားဖြင့် မူပိုင်ခွင့် တင်ပြ လျှောက်ထား ခဲ့ပါကလည်း မြန်မာပြည်သူလူထု အနေနှင့် အမျိုးသား ယဉ်ကျေးမှု တစိတ်တဒေသအဖြစ် ရပ်တည်လျှက်ရှိသည့် မြန်မာ့ သနပ်ခါးအား လက်ဝါးကြီးအုပ် အမြတ်ထုတ်ကာ လွှမ်းမိုးလိုသည့် စိတ်ထားအား ပြည်သူအပေါင်းက လက်ခံကြမည် မဟုတ်ချေ။ အတ္တစိတ်ဖြင့် ပြုမူလုပ်ဆောင်ခဲ့ပါကလည်း နိုင်ငံတော် အစိုးရမှ လေးနက်ပြတ်သားစွာ အရေးယူကန့်ကွက် ပေးရန်နှင့် ပြည်သူအားလုံးတွင်လည်း အမျိုးသားရေး တာဝန်တရပ် ရှိနေပေသည်။ တခုတော့ရှိသည်။  မြန်မာ့သနပ်ခါးမှ ယနေ့ခေတ် သိပ္ပံ သုတေသန စမ်းသပ်ချက်တို့ဖြင့် အာနိသင် တခုခု (Alkaloid ဖြစ်စေ၊ တခြားသော ဓာတုပစ္စည်း ဖွဲ့စည်းမှု) တို့ကို သိပ္ပံပညာရှင် တဦးဦး၏ စမ်းသပ် လုပ်ဆောင်ချက်များအရ ဓာတုပစ္စည်း အသစ်တွေ့ရှိခဲ့ပါမူ၊ ထိုစမ်းသပ် လုပ်ဆောင်သူ၏ ကိုယ်ပိုင်အဖြစ် မူပိုင် တင်သွင်းခွင့်ရှိသည်။ ဤတင်ပြချက် မူပိုင်ခွင့်သည် သနပ်ခါး အမျိုးအစား အားလုံးအပေါ် လျှောက်ထားခြင်း၊ မူပိုင်ခွင့်ပြုချက် ရယူခြင်း မဟုတ်ဘဲ၊ မိမိ၏ ကြိုးစားအားထုတ်ခြင်းဖြင့် ဓာတုဗေဒပစ္စည်း ဓာတုဗေဒ ကဏ္ဍ အစိတ်အပိုင်း တခုကိုသာ မူပိုင်ခွင့်တင်ခြင်း ဖြစ်ကြောင်း မြန်မာပြည်သူ အများက နားလည်သိရှိ လက်ခံပြီး ဖြစ်ပါသည်။

ဤသို့သော အနေအထား ၂ ရပ်ကို သဲကွဲထင်ရှားစွာ ရှုမြင်နိုင်ရန် အရေးကြီးသည်။ မြန်မာ့သနပ်ခါးသည် မြန်မာ တမျိုးသားလုံး၏ ယဉ်ကျေးမှု အစဉ်အလာ အသုံးပြုခဲ့သော ဆင်ယင်ထုံးဖွဲ့မှု ပစ္စည်းနှင့် ဆေးဝါးအသုံးချ မြန်မာ့သယံဇာတ ပစ္စည်းလည်း ဖြစ်၍ မည်သူမျှ တဦးတယောက်တည်း မူပိုင် အသုံးချပိုင်ခွင့် မရှိဘဲ အမျိုးသားထု လက္ခဏာ ဆောင်လျှက်ရှိပါသည်။ မြန်မာတမျိုးသားလုံး ပိုင်ဆိုင်ခွင့်ရှိသည့် ပစ္စည်းအား အတ္တ စိတ်ဖြင့် လောဘသမား တဦးဦးသည် သနပ်ခါးမူပိုင်ခွင့်ကို တင်သွင်းခဲ့ပါက မြန်မာ တမျိုးသားလုံးနှင့် ရင်ဆိုင်ရန်သာ ရှိသည်။ မြန်မာ့သယံဇာတ အရင်းအမြစ်များ ဖြစ်သည့် မြန်မာ့ရေမြေ တောတောင် သဘာဝမှ ပေါက်ဖွားလာသမျှ အားလုံးကို မြန်မာတို့သာ ပိုင်ဆိုင်ခွင့်ရှိသည်။

သနပ်ခါးအမျိုးအစား အားလုံးအပေါ် မူပိုင်ခွင့်ပြုချက် ရယူခြင်းမဟုတ်ဘဲ မိမိ၏ ကြိုးစား အားထုတ်ခြင်းဖြင့် ဓာတုဗေဒ ပစ္စည်းအသစ်အပေါ် လျှောက်ထားခဲ့ပါမူ သနပ်ခါး၏ ဓာတုဗေဒ ကဏ္ဍပိုင်း တခုခုကိုသာ မူပိုင် လျှောက် ထားခြင်းဖြစ်၍ အများကနားလည်စွာလက်ခံကြရမည်။ အကယ်၍ ဤသယံဇာတထဲမှ တဦးတယောက်သော ပညာရှင်က သိပ္ပံ စနစ်တို့ဖြင့် ဓာတုဗေဒ အသစ်အဆန်းတို့ကို  စမ်းသပ်ဖော်ထုတ် နိုင်ခဲ့ပါမူ မူပိုင်ခွင့် လျှောက်ထား ရယူနိုင်ရုံသာမက မိမိအတွက်လည်း  အကျိုးကျေးဇူးကို ခံစားစေခြင်းနှင့် နိုင်ငံတော်မှပင် ဂုဏ်ယူဝမ်းမြောက်စွာ ဆုတံဆိပ်များ ချီးမြင့်မြှောက်စားခြင်း တို့ကို ခံစားရယူ နိုင်ပေသည်။

မြန်မာ့သယံဇာတ အပင်ထွက် ပစ္စည်းဖြစ်သည့် သနပ်ခါးအား ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ ဖက်စပ် တည်ထောင် လုပ်ဆောင်နိုင်ခွင့် ရှိသော်လည်း၊ တဦးတည်း မူပိုင်အဖြစ်ကိုမူ၊ မည်သူမျှ လုပ်ကိုင်ဆောင်ရွက်ခွင့် မပြုနိုင်ချေ။ ပြည်တွင်းပြည်ပ တို့တွင် မူပိုင်ခွင့်ဥပဒေဖြင့် လွှမ်းမိုးအုပ်ချုပ်ရန် အားထုတ်ခဲ့ပါကလည်း မြန်မာနိုင်ငံ အစိုးရအပါအဝင် မြန်မာပြည်သူလူထု အပေါင်း၏ ဆန္ဒပြ ကန့်ကွက်ခြင်းတို့ကိုသာ ခံယူကြရပေလိမ့်မည်။

သို့ဖြစ်၍ မိမိ၏ ပညာပိုင်းဆိုင်ရာ ကြိုးစား အားထုတ်ခြင်းဖြင့်ခံစားရယူနိုင်သော မူပိုင်ခွင့်နှင့် နိုင်ငံတော်ပိုင် ပစ္စည်း တခုခုအား မိမိတဦးတည်း အကျိုးခံစားခွင့်ကို မူပိုင်ခွင့်ဥပဒေ (Patent Law) ဖြင့် ခံစားရယူရန် ကြိုးစား အားထုတ်ခြင်း တို့သည် ကွာခြားချက် ကြီးမားလှကြောင်း ထင်ရှားစွာ သိရှိနိုင်စေရန် ရေးသားလိုက်ရ ပေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading