ဆောင်းပါး

ကြိုးတိုက် ဋီကာ (၄)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကြိုးသမားဘဝ အစမှာ စစ်ထောက်လှမ်းရေးရဲ့ ငရဲခန်း စစ်ကြောရေး စခန်းတွေတုန်းက အခါခါပြောခဲ့ရတဲ့ ကိုယ်ရေးအကျဉ်းတွေလည်း ထပ်ပေးရတယ်။ ပြီးတော့ ကြိုးသမားရဲ့ ကိုယ်အလေးချိန် အပါအဝင် ကျန်းမာရေး ဆေးစစ်မှု မှတ်တမ်း ယူကြတယ်။

ကိုယ်အလေးချိန် ယူတယ် ဆိုတာက ကြိုးသမားတွေကို ကြိုးပေးသတ်မယ့် ကြိုးသမားရဲ့ ကိုယ် အလေးချိန်နဲ့ ကိုက်ညီအောင် ကြိုးကျစ်ဖို့ အတွက် ဖြစ်တယ်လို့ ကြိုးသမားဟောင်းတွေက ပြောကြတယ်။

အဲဒီ ကြိုးကိုလည်း လက်မှု၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့ လုပ်ငန်း အမျိုးမျိုး လုပ်ကြတဲ့ အလုပ်ကြီးဝင်း ထဲမှာ ကျစ်ကြတာ လို့ ကြိုးသမားတွေကို အရင်ကတည်းက ထိန်းသိမ်းကိုင်တွယ်ခဲ့ဖူးတဲ့ ထောင်ဝန်ထမ်း တပ်ကြပ် ဦးမောင်မောင်ကြီးက ရှင်းပြလို့ သိခဲ့ရတယ်။

သူ့ရဲ့ ရှင်းပြချက်တွေထဲမှာ ကြိုးသမားတိုင်း ကြိုးပေးလို့ မသေတဲ့ သူ၊ အဲဒီလို ကြိုးပေးလို့ မသေသူကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် တောင် ပေးတယ်ဆိုပြီး ပြောပြချက်က စိတ်ဝင်စားစရာပါ။

ဒီလိုနဲ့ ကြိုးသမားကို ဘယ်လို ကြိုးပေး သတ်သလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ကိုယ်ကလည်း ကြိုးသမား ဖြစ်လေတော့ ကိုယ်သေရမယ့် နည်းစနစ် ပုံစံကို သိချင်၊ လေ့လာချင် စိတ်က ပြင်းထန်လာခဲ့တယ်။

၁၉၈၈ ခုနှစ် မတိုင်ခင် အထိ သေဒဏ် ကျသူတွေကို ကြိုးပေးသတ်လေ့ ရှိပါတယ်။ ကြိုးပေး ခံရတော့မယ့် ကြိုးသမား ဟာ အယူခံ အဆင့်ဆင့် ရှုံးပြီး နောက်ဆုံး စောဒက ဆိုတဲ့ အဆင့်ကို နိုင်ငံတော် သမ္မတထံ အသနားခံစာ တင်ရတယ် လို့ သိရတယ်။

အဲဒီလို အသနားခံစာ တင်ထားပြီး နိုင်ငံတော် သမ္မတက ကြိုးပေးစေဆိုတဲ့ အမိန့် ပြန်ကျလာရင်တော့ သက်ဆိုင်ရာ ကြိုးသမားကို ကြိုးတိုက်ထဲမှာ မထားတော့ဘဲ အင်းစိန် ထောင်တွင်း ကြိုးစင်နဲ့ အနီးဆုံး ဖြစ်တဲ့ တိုက်ဝင်းထဲက ၅ တိုက် အခန်းနံ ပါတ် ၂၂ နဲ့ တခြား အခန်းတခုခု၊ သို့မဟုတ် ၁ တိုက် ၁၄ ခန်း စသဖြင့် သီးသန့် အခန်းတခုထဲမှာ ပြောင်းရွှေ့ ထားလိုက်တော့တာ ပါပဲလို့ ကြိုးသမား တွေကို ကိုင်တွယ်ခဲ့တဲ့ အရာရှိတချို့ နဲ့ အခြား အဆင့် ထောင်ဝန်ထမ်းတွေက ရှင်းပြလို့ သိရတယ်။

အဲဒီလို နောက်ဆုံး ကြိုးပေးသတ်မယ့် နေ့ရက်ကို စောင့်စားရင်း ကြိုးသမားရဲ့ ကျန်းမာရေး ဆေးစစ်ချက်ကို ထောင်ဆရာဝန်က မပြတ်စစ်ဆေးလေ့ ရှိတယ်လို့လည်း သိရတယ်။

အဲဒီအချိန် သက်ဆိုင်ရာ ကြိုးသမားဟာ ထောင်ဆရာဝန်ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်ဆိုတဲ့ မှတ်ချက် မပြုမချင်း သူ့ကို ကြိုးစင်ပေါ် တင်ပြီး ကြိုးပေးကွပ်မျက်လေ့ မရှိဘဲ ကျန်းမာရေး ချွတ်ယွင်းချက် ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်မယ့် ရက်ကို ရွှေ့ဆိုင်း လေ့ ရှိတယ် လို့လည်း သိရတယ်။

အဲဒီလို ရက်တွေမှာ ကြိုးသမားရဲ့ ဖြစ်ချင်တဲ့ အလိုဆန္ဒတွေကို ထောင်ဥပဒေက ပြဋ္ဌာန်းထားတဲ့ ဘောင်တွင်းကနေ အကုန် လိုက်လျောတယ် လို့လည်း သိရတယ်။

ထောင်တွင်း စကားတွေ အဆိုအရ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လုပ်ကြံတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ကြိုးပေး ကွပ်မျက်ခံခဲ့ရတဲ့ ဂဠုန်ဦးစောကို သူ့ရဲ့ နောက်ဆုံး ဆန္ဒဖြစ်တဲ့ လယ်တီ ဆရာတော်ဘုရားကြီးကို ဖူးတွေ့ခွင့် ပေးခဲ့တယ် လို့ ဆိုတယ်။

ဂဠုန်ဦးစောရဲ့ နောက်ဆုံးနေ့တွေဟာ ဘာသာတရား အဆုံးအမနဲ့ နေခွင့်ရသွားခဲ့ပြီး ပါးစပ်ရာဇဝင် ထောင်စကားတွေ အရ လယ်တီဆရာတော် ဘုရား ကြီးက ဦးစောကို ကံကောင်းသူ လို့ပင် ဟောပြော သွားခဲ့တယ် လို့ ဆိုတယ်။

ဘာကြောင့်လဲ ဆိုတော့ လူဆိုတာ သေမျိုးဖြစ် ပေမယ့် ကိုယ်သေမယ့် ရက်ကို တိတိကျကျ သိတဲ့လူ လောကမှာ အလွန်ရှားပြီး အခုလို ဦးစောက ကိုယ်သေမယ့် ရက်ကို တိတိကျကျ သိရတဲ့ အတွက် အလွန် ကံကောင်းပြီး ကိုယ်ဘယ်လို သေရမယ် ဆိုတာ အတွက် ကြိုတင် ပြင်ဆင်နိုင်တာပေါ့ လို့ လယ်တီ ဆရာတော်ကြီးက ဟောပြော တယ်လို့ ဆိုကြတယ်။ ဒီစကားတွေ တကယ်ပြောခဲ့တယ်၊ မပြောခဲ့ဘူး ဆိုတာတော့ ထိုစဉ်က သက်ဆိုင်ရာ ထောင် အာဏာပိုင်တွေ နဲ့ ကာယကံရှင်တွေကပဲ ပိုသိနိုင်မှာ ဖြစ်ပါတယ်။

ဒီတော့လည်း ကြိုးသမား ကျနော့်မှာ “ဪ… ငါလည်း အတော်ကံကောင်းတော့မယ့် လူ ဖြစ်ပါလား” လို့ တွေးမိ တယ်။ ဒါပေမယ့် ဆင်ခြင်တုံတရား အရ စစ်အစိုးရဟာ တရားဝင် ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်သလို ရွေးချယ်တင် မြှောက်ခံ ရ တဲ့ သမ္မတလည်း မရှိလေတော့ ဒီအဖြစ်မျိုး ကြုံတွေ့ရမှာ မဟုတ်ဘူး ဆိုတာလည်း တဖက်က အသိမှာ ရှိနေပါတယ်။

ဒါပေမယ့် ကြိုးသမားတယောက်ရဲ့ နောက်ဆုံး ဇီဝိန်ချုပ်ချိန်ဆိုတာ ဘယ်လိုရှိမယ် ဆိုတာတော့ သိချင်နေခဲ့မိတာ အမှန်ပါပဲ။

အယူခံ အဆင့်ဆင့်ရှုံး၊ နောက်ဆုံးအဆင့် စောဒက အသနားခံစာ ရှုံးနိမ့်ခဲ့ရင် ကြိုးစင်ပေါ်မှာ ကြိုးပေး ကွပ်မျက်တယ်။ ကိုလိုနီ ခေတ် အင်္ဂလိပ် လက်ထက်က ကြိုးသမားတဦးကို ကြိုးပေးထားပြီး နာရီဝက် (မိနစ် ၃၀) ကြိုးတန်းလန်းနဲ့ ထားပြီးနောက် ကြိုးဖြတ်ကာ အလောင်းစင်မှာ ကြိုးသမား အသက် ရှိ/ မရှိ သက်ဆိုင်ရာ ဆရာဝန်တွေက စစ်ဆေးပါ တယ်။ အသက်မသေသေး ဘူး ဆိုရင် သူ့ကို အရေးပေါ် ကျန်းမာရေး ဆေးကုသမှုတွေလုပ်ပြီး ကျန်းမာရေး ကောင်းလာတဲ့ အခါ ပြစ်ဒဏ်ကနေ လွတ်မြောက်ခွင့် ရတယ် ဆိုတဲ့ ပါးစပ်စကားက ကြိုးသမားတွေ အတွက် အားပေးစကား ဖြစ်ပါလိမ့်မယ်။

ကြိုးသမား တယောက်ကို ကြိုးပေး ကွပ်မျက်လေ့ ရှိတဲ့ အချိန်ဟာ မနက် အရုဏ်ဦးအချိန်တွေ ဖြစ်လေ့ရှိပြီး ကွပ်မျက် ခံရတော့မယ့် ကြိုးသမားကို ထားရှိရာ သီးသန့်အခန်းကို မနက် ၄ နာရီလောက်မှာ ထောင်အာဏာပိုင်တွေနဲ့ ကြိုးသမားထိန်းတဲ့ ထောင်ဝန်ထမ်းတွေက သော့သွားဖွင့်ပြီး ကြိုးသမားကို ခေါ်ထုတ် လာလေ့ရှိတယ်လို့ သက်တမ်းရင့် ထောင်ဝန်ထမ်းအိုကြီးတွေက ပြောပြပါတယ်။

တချို့ ကြိုးသမားတွေဟာ ကြိုးပေးခံရလို့ သေရမယ့်ရက် မနက်မှာ အခန်းတွင်းကနေ ခေါ်ထုတ်မယ့် သူတွေ ရောက်လာရင် ရုန်းကန်ငြင်းဆန် တတ်ကြပြီး တချို့ကတော့ အသာတကြည်ပဲ ကြိုးစင်ရှိရာကို သွားတတ်ကြတယ် လို့ သိရတယ်။ တချို့ကျတော့ လည်း လာခေါ်ထုတ်တဲ့အချိန်မှာ ရုတ်တရက် အားအင်ချည့်နဲ့သွားကာ လမ်းတောင် မလျှောက်နိုင်တော့ ဘူးလို့ ဆိုကြတယ်။

၁၉၇၄ ခုနှစ် ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင် ရန်ကုန်တက္ကသိုလ် ကျောင်းသား ချင်းလူမျိုး ဆလိုင်းတင်မောင်ဦး ကတော့ ကြိုးပေး ကွပ်မျက်ခံရမယ့်နေ့ မနက်အစောပိုင်း ကြိုးစင်ကို တက်သွားစဉ်မှာ သူ့ရဲ့ အော်ဟစ်သံကို ထိုစဉ်က အကျဉ်းကျနေခဲ့သူ တချို့က ပြန်ပြောင်းပြောပြကြပါတယ်။

“ခင်ဗျားတို့ စစ်ဖိနပ်အောက်မှာ ဘယ်တော့မှ ဒူးမထောက်ပါ၊ ငါ့ခန္ဓာကိုယ်သာ သတ်နိုင်မှာ၊ ငါ့ ခံယူချက်၊ ငါ့ စိတ်ဓာတ်ကို ဘယ်တော့မှ ခင်ဗျားတို့ သတ်နိုင်မှာမဟုတ်” လို့ ကြွေးကြော်သွားတဲ့ အကြောင်း တဆင့်စကား တဆင့်နား နဲ့ ကြားခဲ့ရပါတယ်။

၁၉၈၀ ဝန်းကျင်က တွံတေးမြို့မှာ အမျိုးသမီး ငယ်တဦးကို ဝါးရင်းတုတ်နဲ့ မသေမချင်း ရိုက်သတ်လို့ သေဒဏ် ကျခံခဲ့ရပြီး ကြိုးပေး ကွပ်မျက် ခံခဲ့ရတဲ့ ကြိုးသမား ဂွတိုကတော့ မသေခင် တညလုံး စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်း သီချင်းကို ကက်ဆက်နဲ့ ဖွင့်ပြ တာ နားထောင်ပြီး ကြိုးစင်ကို အသာတကြည် တက်သွားကာ ဘဝဇာတ်သိမ်း သွားခဲ့တယ် လို့လည်း သူ့ကို ထောက်ဖြုတ်ခဲ့သူ ဒုတပ်ကြပ် သန်းလွင်က ပြောပြပါတယ်။

အလားတူ တချို့ကြိုးသမားတွေရဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေလည်း ကြားရ ဖတ်ခဲ့ရ ပြန်ပါတယ်။ ဒါတွေကိုတော့ အလျဉ်း သင့် သလို တင်ပြပေး သွားပါ့မယ်။

အခုဆက်ပြီး ပြောပြချင်တာကတော့ ကြိုးသမားတွေရဲ့ လူ့လောကမှ နောက်ဆုံး ထွက်ရာလမ်း ကြိုးစင်အကြောင်း သိဖို့ ကြိုးစားခဲ့ရပုံပါ။

ကြိုးစင်ဟာ အင်းစိန်ထောင် တိုက်ဝင်းနဲ့ ကပ်လျက်ရှိပြီး အမျိုးသမီး အချုပ်ဆောင်နဲ့လည်း သိပ် မဝေးပါဘူး။ အထူးသဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေကို ထားတဲ့ တိုက်ဝင်းထဲက တိုက်အမှတ် ၅ နဲ့ အလွန် နီးကပ်စွာ တည်ရှိတာပါ။

ကြိုးစင် ဆိုတဲ့နေရာဟာ ကြိုးသမား ဖြစ်နေတဲ့ ကျနော့်အဖို့ အလွန် စိတ်ဝင်စားနေတဲ့ နေရာဖြစ်တာကြောင့် သွားကြည့်လိုစိတ် ပြင်း ထန်ပါတယ်။

ဒါပေမယ့် ကြိုးသမား တဦးအနေနဲ့ ရေချိုးချိန် နဲ့ မိလ္လာချချိန်မှာပဲ အခန်းတွင်းက ထွက်ခွင့်ရတာကြောင့် ကြိုးစင်ရှိရာကို သွားလေ့ လာဖို့ အခွင့်အရေးကို အချိန်ယူပြီး စောင့်ဆိုင်းခဲ့ရ ပါတယ်။

ကြိုးသမားရဲ့ ရေချိုးဆင်းချိန်ဟာ ငါဆိုတဲ့ တကိုယ်တော် နိုင်ငံမှာ ရွှေရည်စိမ် လွတ်လပ်ရေး ရသလိုပါ။ အဲဒီ အချိန်မှာ နေကိုလည်း မြင်ရသလို ကောင်းကင် ကိုလည်း မြင်နိုင်ပါတယ်။ ဒါပေမယ့် ရေချိုးဆင်းရာ လမ်းတလျှောက် သဘာဝကို မြင်ခွင့် တားဆီးထားတဲ့ အရာကတော့ ထိုစဉ်က ခေတ်စားခဲ့တဲ့ ခေါင်းစွပ်ပါပဲ။ ရေကန်ရောက်မှပဲ ခေါင်းစွပ်ကို ချွတ်ရတာ ဖြစ်ပြီး ရေကန်ပတ်ပတ်လည်မှာ နံပါတ်တုတ်တွေ ကိုင်ထားတဲ့ ထောင်ဝန်ထမ်းတွေရဲ့ မျက်လုံးစူးစူးတွေ အောက်မှာ ရှိနေရတာပါ။

ရေကန် ဗာယာလို့ ခေါ်တဲ့ ရေချိုးဖို့ တိုင်ပေး သူရဲ့  “ခပ်” – “ချိုး” ဆိုတဲ့ အသံနက်ကြီးနဲ့ အတူ ခန္ဓာကိုယ်ပေါ်ကို ထမင်းစားတဲ့ ပုံစံ ပန်းကန်ပြားလေး နဲ့ ပါလာရုံလေး ပါလာတဲ့ ရေကို ခပ်ချိုးခွင့်ရတာပါ။ ၆ ကြိမ်အော်ပြီးရင်တော့ ဆပ်ပြာတိုက်ချိန် အနည်းငယ်ရပြီး ပြီးရင်တော့ နောက်ထပ် “ခပ်” “ချိုး” ဆိုတဲ့ အသံ ၆ ကြိမ် ကြားကြရပါတယ်။

နောက်ဆုံး ခြေဆေးဖို့ ပန်းကန်ပြားနဲ့ သယ်လာတဲ့ ရေနဲ့ ကြိုးတိုက် လှေခါးအတက်မှာ ခြေဆေးရင်း တဂျောင်းဂျောင်း တံခါးသော့ဖွင့် သံနဲ့အတူ တဒင်္ဂရွှေရည်စိမ် လွတ်လပ်ရေးလေး အဆုံးသတ်သွားပြီး ၁၀ ပေ၊ ၈ ပေ အခန်းကျဉ်းလေးထဲ ပြန်ရောက် သွားခဲ့ရပြန် တာပါပဲ။     ။

(ဆက်လက် ဖော်ပြပါမည်)

Did you find apk for android? You can find new Free Android Games and apps.
Loading