နရိန်ဒြာမိုဒီကို ဘယ်သူမှ မတားနိုင်ပါဘူး။ အိန္ဒိယမှာ မယုံနိုင်စရာ အပြောင်းအလဲတွေ ဖြစ်နေတာ သေချာပါတယ်။ ရှေးရိုးစွဲ အိန္ဒိယလူ့အဖွဲ့အစည်းက ဇာတ်နိမ့်တယောက်ကို တိုင်းပြည်ရဲ့ အမြင့်ဆုံးရာထူးကို အပ်နှင်းဖို့ ရွေးချယ်လိုက်ပါပြီ။
ဒေလီမြို့ကနေ အနောက်ဘက်ဆီကို လေယာဉ် စီးသွားရင် နှစ်နာရီလောက်ကြာတဲ့ ဂူဂျရတ်ပြည်နယ် မှာ မိုဒီကို မွေးခဲ့တယ်။ မိဘတွေက ဆင်းဆင်းရဲရဲ၊ ရထားဘူတာလေးဘေးမှာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ထားတယ်။ မိသားစုဦးရေများလို့ ကျပ်တည်းလို့ မိုဒီကျောင်းက ထွက်ပြီး လက်ဖက်ရည်ဆိုင်လေးမှာ ဝိုင်းကူခဲ့ရတယ်။ နိုင်ငံရေးမျိုးရိုးမရှိဘဲ တံမြက်စည်းလှည်းဘဝကနေ နိုင်ငံရေးလောကထဲ ခြေစချပြီး နောက်ဆုံးအိန္ဒိယမှာ အကြီးဆုံးအတိုက်အခံပါတီရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အထိ ကိုယ်ထူးကိုယ်ချွန်ပြီး ကြိုးစားခဲ့ရတယ်။
ရွေးကောက်ပွဲမဲဆွယ်တဲ့အချိန်မှာသူပြောခဲ့တဲ့ စကားတခွန်းကတော့ နားစွဲလောက်ပါတယ်။
“ပြည်သူလူထုကြီးခင်ဗျာ။ ကွန်ဂရက်ပါတီကို နှစ်ပေါင်း ၆၀ လောက် အုပ်ချုပ်ခွင့်ပေးတယ်ဆိုတော့ ကျနော့်ကို လပေါင်း ၆၀ ပဲ အခွင့်အရေးပေးပါ။ နှစ် ၆၀ လုံးလုံး အရှင်သခင်ကိုရွေးခဲ့တယ်ဆိုတော့ ဒီတခါတော့ ကျွန်ခံမယ့် ကျနော့်ကို ရွေးလိုက်ကြပါ ခင်ဗျာ”တဲ့။
၁၉၄၇ ခုနှစ်မှာ အိန္ဒိယလွတ်လပ်ရေးရတဲ့ အချိန်ကစလို့ ဆယ်နှစ်ကလွဲလို့ ကျန်တဲ့နှစ်တွေကို နေရူး-ဂန္ဒီ မျိုးဆက်က ဦးဆောင်တဲ့ ကွန်ဂရက်ပါတီက အုပ်ချုပ်လာတယ်။ အိန္ဒိယ လွတ်လပ်ရေးရတော့ ပထမဆုံး အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင် ဂျဝါဟာရာနေရူးက ဝန်ကြီးချုပ် ဖြစ်လာတယ်။ ၁၉၆၄ ခုနှစ်အထိ အုပ်ချုပ်ခဲ့တယ်။ နေရူးကွယ်လွန် သွားတဲ့ နောက်ပိုင်းမှာ နေရူးသမီးအင်ဒီယာဂန္ဒီ ဝန်ကြီးချုပ်ဖြစ်လာတယ်။ အင်ဒီယာဂန္ဒီ လုပ်ကြံခံရ ပြန်တော့လည်း အင်ဒီယာ့သား ရာဂျစ်ဂန္ဒီ ဝန်ကြီးချုပ် ဖြစ်ခဲ့ပြန်တယ်။ ရာဂျစ်ဂန္ဒီ လုပ်ကြံခံရတဲ့ နောက်ပိုင်းကျတော့ သူ့ဇနီး ဆိုနီယာဂန္ဒီက ကွန်ဂရက်ပါတီကို ခေါင်းဆောင်တဲ့အခါ ရွေးကောက်ပွဲတွေမှာ ဆက်တိုက် အနိုင်ရလာခဲ့တယ်။ ဆိုနီယာဂန္ဒီဟာ အိန္ဒိယဝန်ကြီးချုပ် တာဝန်ကို တရားဝင် မယူထားပေမယ့် သရဖူမဆောင်းတဲ့ ဧကရီတပါးလို အိန္ဒိယ နိုင်ငံရေးလောကမှာ ဩဇာကြီးမားသူ ဖြစ်ပါတယ်။
ဒီနှစ် ရွေးကောက်ပွဲမှာတော့ ဆိုနီယာတို့ရဲ့ သားရာအူးဂန္ဒီက ကွန်ဂရက်ပါတီကို ရှေ့ထွက် ခေါင်းဆောင်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပါတယ်။ အသက် ၄၃ နှစ်အရွယ် ရာအူးက မိုဒီထက် အသက် ၂၀ ပို ငယ်ပါတယ်။ မျိုးရိုးကလည်း အလွန်ကွာခြားပါတယ်။ ရာအူးက ထိပ်တန်း နိုင်ငံရေးမိသားစုက ဆင်းသက်သူဖြစ်ပြီး မိုဒီကျတော့ ဇာတ်နိမ့်၊ အညတရမိသားစုကနေ မွေးဖွားလာသူ ဖြစ်ပါတယ်။ မဲဆွယ်တဲ့ ကာလမှာ မိုဒီက ရာအူးကို“မင်းသားလေး”လို့ သရော်တယ်။
အိန္ဒိယရွေးကောက်ပွဲက ငါးပတ် ကြာမြင့်ပါတယ်။ ဧပြီလ ၇ ရက်နေ့ကနေ မေလ ၁၂ ရက်နေ့ အထိ အဆင့်ကိုးဆင့်နဲ့ ကျင်းပပါတယ်။ အောက်လွှတ်တော် အမတ်နေရာ ၅၄၃ နေရာမှာ ၂၇၂ နေရာကျော်ရင် အများစုဖြစ်ပြီး တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်ပါတယ်။ ဒါကြောင့် မိုဒီခေါင်းဆောင်တဲ့ ဘီဂျေပီပါတီဟာ မဲဆွယ်တဲ့ကာလမှာ ‘‘Mission 272+” လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ မဲပေးခွင့်ရှိသူ ၈၁၄ သန်းထဲက သန်း ၅၅၀ ဝန်းကျင် မဲပေးခဲ့ကြလို့ ၆၆ ဒသမ ၃၈ ဖြစ်ပါတယ်။ ဒီနှုန်းဟာ အင်ဒီယာ ဂန္ဒီ လုပ်ကြံခံရအပြီးမှာ ကျင်းပတဲ့ ၁၉၈၄ ရွေးကောက်ပွဲမှာ မဲပေးတဲ့စံချိန်ကို ကျော်သွားပါတယ်။ ၁၉၈၄ ရွေးကောက်ပွဲတုန်းက အင်ဒီယာဂန္ဒီ လုပ်ကြံခံရတဲ့အရှိန်နဲ့ ပြည်သူတွေက အင်ဒီယာရဲ့သားဖြစ်တဲ့ ရာဂျစ်ဂန္ဒီကို မဲတွေပုံ ပေးခဲ့ပါတယ်။ ဒါပေမ့ယ် ဒီနှစ် ကတော့ နေရူးအနွယ်တွေ ခွက်ခွက်လန်အောင် ရှုံးသွားတဲ့ ရွေးကောက်ပွဲ ဖြစ်သွားပါတယ်။
ဒီလိုဖြစ်သွားစေတဲ့ အဓိက အကြောင်းသုံးချက် ရှိပါတယ်။ လူငယ်ဦးရေ ပေါက်ကွဲမှု၊ မြို့ပြဦးရေ ပေါက်ကွဲမှုနဲ့ ဝင်ငွေပေါက်ကွဲမှုတို့ ဖြစ်ပါတယ်။ အားလုံးက ဆက်စပ်နေပါတယ်။
အိန္ဒိယ လူဦးရေ ၁ ဒသမ ၂ ဘီလီယံမှာ တဝက်ဝန်းကျင်ဟာ အသက် ၂၆ နှစ်တွေ ဖြစ်ပါတယ်။ တောမှာနေကြတဲ့ မျိုးဆက်ဟောင်းတွေနဲ့ မတူတာက မျိုးဆက်သစ်တွေဟာ ပညာပိုတတ်၊ လက်တွေ့ပိုကျတယ်။ ဇာတ်တွေ၊ မျိုးရိုးတွေ၊ အစိုးရအထောက်အပံ့တွေထက် ထိုက်ထိုက်တန်တန် အလုပ် အကိုင် အခွင့်အလမ်းကိုပဲ သူတို့ ငတ်မွတ်ကြတယ်။ ခေါင်းဆောင်ကို ရွေးချယ်တဲ့အခါမှာ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ကိုပဲ ကြည့်ကြတယ်။ ၂၀ဝ၀ ပြည့်လွန်နှစ်တွေမှာ စီးပွားရေးကောင်းခဲ့တာကို မီခဲ့ တဲ့ လူတွေဖြစ်လို့ လက်ရှိ စီးပွားရေးတိုးတက်မှုနှုန်း (၅ ရာခိုင်နှုန်း) က မျိုးဆက်သစ်တွေရဲ့ တိုးတက် ကြီးပွားချင်စိတ်ကို မရောင့်ရဲနိုင်ဘူး ဖြစ်နေတယ်။ တောကနေ မြို့တက် အလုပ်လုပ်တဲ့လူငယ်တွေဟာ ပညာပိုတတ်၊ အမြင်ကျယ်ရုံသာမက တောမှာနေတဲ့ သူတို့ရဲ့ အမြင်တွေဟာ တောက မိဘဆွေမျိုးတွေ အပေါ်မှာလည်း လွှမ်းမိုးနိုင်တယ်။ တယ်လီဖုန်း၊ ရုပ်သံနဲ့ တခြားမီဒီယာတွေကြောင့် တောနဲ့မြို့ ကြားမှာ အမြင်တွေလည်း အရမ်းကြီး မကွာခြားတော့ဘူး။ ဝင်ငွေပိုကောင်းတဲ့ မျိုးဆက်သစ်တွေဟာ နိုင်ငံရေးအရလည်း ပိုပြီးတော့ နိုးကြားတောင်းဆိုလာကြတယ်။
၂၀ဝ၉ ခုနှစ်မှာ စီးပွားရေးပညာရှင် မန်မိုဟန်ဆင်းကို ပြည်သူတွေက ဝန်ကြီးချုပ်အဖြစ် ရွေးချယ် ခဲ့ကြတယ်။ ငွေကြေးဖောင်းပွမှုတွေကို ထိန်းပေးနိုင်မယ်။ အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်မယ်လို့ တွက်ခဲ့ကြတယ်။ သူတို့ တွက်ကိန်းလွဲသွားပါတယ်။ အဂတိလိုက်စားမှုတွေကို မထိန်းပေးနိုင်လို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ အဲဒီနောက် အမျိုသမီးတွေ လုံခြုံရေးပြဿနာတွေ ပေါ်ပေါက်လာတယ်။ ဒီနှစ် မှာတော့ ကွန်ဂရက်ပါတီက လူငယ်မျိုးဆက်တွေကို စည်းရုံးဖို့ ငယ်ငယ်ရွယ်ရွယ် ရာအူးဂန္ဒီကို ပွဲထုတ်ပေမယ့် ပြည်သူတွေ အများစုက အားကိုးလောက်တယ်လို့ မယူဆကြပါဘူး။ အတွေ့အကြုံနည်းပြီး လက်တွေ့ ဘဝနဲ့ ကင်းကွာနေတယ်လို့ မြင်ကြပါတယ်။
ဘီဂျေပီပါတီခေါင်းဆောင် နရိန်ဒြာမိုဒီဟာ ၂၀ဝ၁ ခုနှစ်မှာ ဂူဂျရတ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ရွေးကောက်ပွဲ သုံးကြိမ်လုံး အနိုင်ရခဲ့ပါတယ်။ အိန္ဒိယမှာ ထိပ်တန်းတက္ကသိုလ်တွေမှာလည်း ပညာမသင်ခဲ့ရ၊ လက်ရှိ အိန္ဒိယဝန်ကြီးချုပ် မက်မိုဟန်ဆင်းလို Oxford ကျောင်းဆင်း စီးပွားရေးပညာရှင် မဟုတ်ပေမယ့် ဂူဂျရတ်ပြည်နယ်ကို အိန္ဒိယမှာ စီးပွားရေးအကောင်းဆုံး ပြည်နယ်ဖြစ်အောင် ပြောင်းလဲနိုင်လို့ ရွေးကောက်ပွဲတိုင်း အနိုင်ရတာပါ။
ဒါပေမယ့် ၂၀ဝ၂ ခုနှစ်မှာ ဟိန္ဒူ ဘုရားဖူးအဖွဲ့တဖွဲ့ကို လူအုပ်စုတစုက သတ်ဖြတ်ခဲ့တာကနေ မီးမွှေးပေးခဲ့တဲ့ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းကို ဂူဂျရတ် ပြည်နယ် ဝန်ကြီးချုပ် မိုဒီက သေချာမကိုင်တွယ်ခဲ့လို့ လူ ၁၀ဝ၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ ဝေဖန်ခံရပါတယ်။ မွတ်စလင်တွေ အများစု အသတ်ခံနေရတာကို ဟိန္ဒူ အမျိုးသားရေးဝါဒီ မိုဒီက မတားရုံမက နောက်ကွယ်က မြှောက်ပေးနေခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ရှိပါတယ်။ ဒါပေမ့ယ် စွပ်စွဲချက်ကိုမိုဒီက ငြင်းဆန်ပါတယ်။ တရားရုံးချုပ်က စုံးစမ်းတော့လည်း အထောက်အထား မတွေ့ရပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေနဲ့ ဂူဂျရတ် ဝန်ကြီးချုပ်တို့ ကြားထဲကဆက်ဆံရေးက နှစ်တော်တော်ကြာ မပြေလည်ခဲ့ပါဘူး။
အခုတော့ အိန္ဒိယ ပြည်သူတွေက မိုဒီကို အာဏာအပ်နှင်းလိုက်ပါပြီ။ ဝေဖန်သူတွေကတော့ မိုဒီရဲ့ ခပ်ဆတ်ဆတ် ခပ်ပြတ်ပြတ် နဂိုစရိုက်နဲ့ ပြည်သူတွေဆီက တခဲနက်မဲရတာ ပေါင်းမိပြီး ဂူဂျရတ် ပြည်နယ်မှာ အုပ်ချုပ်ပုံမျိုးနဲ့ ဒေလီမှာထိုင်ပြီး အိန္ဒိယတနိုင်ငံလုံးကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှာကို စိုးရိမ်ကြပါတယ်။ အသက် ၁၀ နှစ်ကစလို့ ရှေးရိုးစွဲ ဟိန္ဒူအမျိုးသားရေးဝါဒီ လှုပ်ရှားမှုအဖွဲ့မှာ နိုင်ငံရေးဘဝစခဲ့တဲ့ မိုးဒီက သူ့ကို ဟိန္ဒူအမျိုးသားရေးဝါဒီလို့ တံဆိပ်တပ်ရင် စိတ်မဆိုးပါဘူး။ အနောက်နိုင်ငံတွေက လုံခြုံရေးဌာန အရာရှိတွေကလည်း မိုဒီကို မီးတုတ်လို့ မြင်ကြပါတယ်။ မွတ်ဆလင် အကြမ်းဖက်သမားတွေ အုံကြွလာအောင် ဆွပေးမယ့် ဂြိုဟ်ကောင်လို့ မြင်ကြပါတယ်။
အပြင်လူတွေ ဘယ်လိုမြင်မြင်၊ အနောက် မီဒီယာတွေက ဘယ်လိုပဲ ပုံဖော်ဖော်၊ အိန္ဒိယပြည်သူတွေရဲ့ အမြင်က ခြားနားပါတယ်။ မိုဒီဝန်ကြီးချုပ် ဖြစ်လာရင် တနိုင်ငံလုံး ဂူဂျရတ်ပြည်နယ်လို စီးပွားရေးဖွံ့ဖြိုးလာမယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်။ ပိုပြီး လုံခြုံမှု ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်။ အိန္ဒိယနိုင်ငံရေးလောကမှာ အဂတိလိုက်စားမှုတွေ ဟိုးလေးတကျော် ဖြစ်နေတဲ့အချိန်မှာ သူကိုယ်တိုင်လည်း အဂတိကင်းသလို လာဘ်ပေး လာဘ်ယူမှုတွေကို ခပ်ပြတ်ပြတ် ကိုင်တွယ်တဲ့ မိုဒီကို လေးစားနေကြတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက မိုဒီကို သာမန် ပြည်သူတွေကြားက ပေါ်ထွက်လာတဲ့ ခေါင်းဆောင်လို့ ယုံကြည်နေကြတာပါ၊ မိုဒီကလည်း “ကျနော်ဟာ ပြည်သူတွေထဲက တယောက်ပါ၊ ဒါကြောင့် ပြည်သူတွေ ဘဝကို ကျနော် နားလည်ပါတယ်”လို့ ပြောပြီး စည်းရုံးခဲ့တယ်။
ဒီလိုအပြောမျိုးနဲ့ မျိုးရိုးအရှိန်အဝါ ကြီးတဲ့ နေရူး-ဂန္ဒီ မျိုးဆက်ကို အပြတ်အသတ် အနိုင်ယူနိုင် လိုက်တယ်။ ဟိန္ဒူတွေ အထွတ်အမြတ်ထားတဲ့ ဂင်္ဂါ မြစ်ကမ်းဘေး ဗာရာဏသီ မဲဆန္ဒနယ်မြေမှာ မမြင့်မြတ်တဲ့ မိသားစုက ပေါက်ဖွားလာသူတယောက် ရွေးချယ်ခံလိုက်ရတာ အံ့ဩစရာလည်း ကောင်းပါတယ်။ တနိုင်ငံလုံးက မဲဆန္ဒနယ် အများစုမှာလည်း မိုဒီရဲ့ ဘီဂျေပီပါတီကလည်း တခဲနက် အောင်ပွဲခံနိုင်တယ်။
နောက်ဆုံးမှာတော့ တချိန်က လမ်းဘေးလက်ဖက်ရည် ပိုင်ရှင်လေးရဲ့ သားကို ကမ္ဘာမှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် အံ့ဩဖွယ် မြင်တွေ့ရပါတော့မယ်။ ဒီလိုပဲ အာဏာရလာတဲ့ အချိန်မှာလည်း အငြင်းပွားဖွယ် ပင်ကိုစရိုက် တချို့ကို လိုက်လျောညီထွေ ပြုပြင်နိုင်မယ်ဆိုရင် ကမ္ဘာက နရိန်ဒြာ မိုဒီကို နောက်တကြိမ် အံ့ဩရပါလိမ့်ဦးမယ်။