ယူနီဆက်ဖ်လို့ အများခေါ်တဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ရဲ့ ရန်ကုန်ရုံးဟာ ယခင် စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်ရဲ့ အိမ်ဖြစ်ပြီး ငှားရမ်းခဟာ မတန်တဆ ဈေးကြီးပေးနေရတယ်လို့ ပြီးခဲ့တဲ့ အပတ် ဧရာဝတီက သတင်း ရေး ခဲ့တယ်။
မကြာပါဘူး၊ ယူနီဆက်ဖ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အင်းလျားမြိုင်လမ်း ခြံအမှတ် ၂၃/အေ ကို တလ အမေရိကန်ဒေါ်လာ ၈၇၀ဝ၀ (မြန်မာငွေ သိန်း ၈၈၀ ခန့်) ပေးရပြီး ၇ နှစ် ငှားရမ်းဖို့ စာချုပ်ချုပ်ခဲ့ကြောင်း၊ ဦးညွန့်တင်ဟာ လတ်တလော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်သူ၊ ဒဏ်ခတ်ပိတ်ဆို့ ခံထားရသူ မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ တယ်။
ကျနော်တို့ သတင်းက ယူနီဆက်ဖ် ငွေတွေ အကြီးအကျယ် သုံးနေတာကို ရည်ရွယ်ရုံလို့ စာဖတ်သူများ မှားပြီး ယူဆနိုင်ပါတယ်။ သတင်းဟာ စစ်တပ်က ချုပ်ကိုင်ထားပြီး ခြစား ယိုယွင်းနေတဲ့ စီးပွားရေး စနစ်ကို ထောက်ပြချင်တာလည်း ဖြစ်တယ်။
သိကြတဲ့ အတိုင်း မြန်မာပြည်မှာ ကောင်းပေ့ဆိုတဲ့ အိမ်ခြံမြေ နေရာနဲ့ တိုက်တာ အဆောက်အအုံ အများစုဟာ စစ်ဗိုလ်ချုပ်ဟောင်း တွေ၊ စစ်အုပ်ချုပ်ရေးနဲ့ နီးစပ် ပတ်သက်သူ စီးပွားရေး ခရိုနီတွေ၊ မူးယစ်ရာဇာဟောင်းတွေ ပိုင်ဆိုင်ထားကြ တာပါ။ အခု တိုင်းပြည် ဒီမိုကရေစီ အကူးအပြောင်းမှာ ဒွန်တွဲပါလာတဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ဝင်လာတာ၊ အလျင်အမြန် စီးပွားရေး တံခါး ဖွင့် လိုက်တာတွေ ကနေ အကျိုးအမြတ်တွေကို သူတို့ခံစားနေကြပါပြီ။
ယူနီဆက်ဖ်နဲ့ အခြား ကုလသမဂ္ဂ အေဂျင်စီတွေ၊ နိုင်ငံတကာ ထောက်ပံ့ ကူညီရေး အဖွဲ့တွေဟာ ဆင်းရဲသား ဒုက္ခသည်တွေနဲ့ ကလေးငယ်တွေကို ကူညီဖို့ မြန်မာပြည် ရောက်လာသူတွေ ပါ။ သူတို့ ရည်ရွယ်ချက် မွန်မြတ် ပါတယ်။ ဒါပေမယ့် မြန်မာ စစ်ဗိုလ်ချုပ်တွေ ဦးစီးတဲ့ စီးပွားရေး စနစ်မှားကို ဆန္ဒရှိရှိ မရှိရှိ ရှောင်မလွတ်တော့ပါ။ အရပ်သား အသွင်ဆောင် စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ စည်းမျဉ်းတွေထဲက သူတို့ အလုပ်လုပ်ရ တော့တယ်။
အခု ယူနီဆက်ဖ်က ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်ရဲ့ အပျံစား ခြံကြီးကို ဈေးကြီးပေး ငှားတယ်။ တချိန်တည်း မြန်မာ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာ ဘာတွေကို ဦးစားပေးသင့်သလဲ ဆိုတာ အစိုးရကို အကြံပေးတယ်။ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာမှာ “မြန်မာ့သယံ ဇာတများမှ ဝင်ငွေကို နေရာချ သုံးစွဲရန် စဉ်းစား ဆုံးဖြတ်ရာတွင် ကလေးငယ်များအား ပထမ ဦးစား ပေးပါရန် မြန်မာအစိုးရနှင့် လွှတ်တော်များသို့ တိုက်တွန်းအပ်ပါသည်” လို့ ယူနီဆက်ဖ်က ရေးခဲ့တယ်။
အစီရင်ခံစာမှာ “အိုင်အမ်အက်ဖ်၏ အချက်အလက် များအရ ကျန်းမာရေးနှင့် ပညာရေး အတွက် မြန်မာ့ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်း အောက်သာ လျာထားခဲ့သည်” လို့လည်း ရေးထားတယ်။ “ယူနီဆက်ဖ် အနေဖြင့် လက်ရှိ မြန်မာ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် ကို အခိုင်အမာ ထောက်ခံသလို ကလေးငယ်တွေ အတွက် ပိုသုံးစွဲဖို့ အချိန်ကောင်းကလည်း အခုချိန်ပင်” လို့ ယူနီဆက်ဖ်ရဲ့ မြန်မာပြည် ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘာထရန် ဘိန်းဗဲလ်က အစီရင်ခံစာမှာ ပြောခဲ့သေးတယ်။
ဘယ်လိုပဲပြောပြော၊ မြန်မာပြည် တံခါးဖွင့်ချိန် ကစပြီး ကုလသမဂ္ဂ ရုံးတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေ၊ အသစ် တိုးချဲ့လာတဲ့ သံ တမန်တွေဟာ တလ ဒေါ်လာ သောင်းချီပေးပြီး ကောင်းပေ့ညွန့်ပေ့ ဆိုတဲ့ အိမ်ခြံကျယ်ကြီးတွေကို ငှားကြတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ။
သူတို့တွေဟာ အရင်က (အခု ဆူးလေရှန်ဂရီလာ ဟိုတယ်လို့ အမည်ပြောင်းထားတဲ့) ထရိတ်ဒါး ဟိုတယ်မှာ အခြေချခဲ့ကြပြီး တိုးရစ်တွေ တည်းခိုမှု များပြားလာတာကြောင့် ဟိုတယ်ကနေ မနှစ်ကမှ ရွှေ့ခဲ့ရတယ်။
နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေ များလာတာကလည်း အဆင့်မြင့်ရုံးနဲ့ ရုံးခန်းတွေ တောင်းဆိုမှု တဟုန်ထိုး မြင့်လာစေတယ်။ ရန်ကုန်မှာ ဒီလို နေရာမျိုး ကလည်း ရှားတယ်။ ဝန်ဆောင်မှု ပါတဲ့ အိမ်ခန်းတွေ ဈေးကွက်ထဲ ရှားပါးတာက ရန်ကုန်မှာ အခြေစိုက် မယ့် နိုင်ငံခြားသားတွေကို မတန်တဆ ဈေးကြီးပေးရတဲ့ စံအိမ်ကြီးတွေ ငှားဖို့ တွန်းအားပေးသလို ဖြစ်နေခဲ့တယ် လို့ လေ့လာ သုံး သပ်သူတွေက ပြောကြတယ်။
ဒီလိုနဲ့ ၂ နှစ် အတွင်း ရန်ကုန်က အချက်အခြာကျတဲ့ နေရာတွေက ရုံးခန်းဈေးတွေ ခုန်ပျံတက်ကုန် ကြတယ်။ ရန်ကုန်မြို့လယ်က ရုံးခန်းငှားခဟာ ၁ ပေ ပတ်လည်ကို အမေရိကန် ၁၀၆ ဒေါ်လာပေးရတာမို့ နယူးယောက် မြို့လယ် မန်ဟတ်တန်က ထက်တောင် ဈေး၂ ဆ ကြီးနေတယ်လို့ ကမ္ဘာ့စီးပွားရေး ထိပ်တန်းသတင်းစာ ဝေါစထရိ ဂျာနယ်က မနှစ်က ရေးခဲ့တယ်။
ဒီလို ရန်ကုန် အိမ်ခြံမြေ ရုံးခန်းဈေးတွေ မိုးပျံ သွားတာ ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့အပေါင်းအပါတွေ အိတ်ဖောင်းစရာ ဖြစ်လာပါ တော့တယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မိသားစုအပါအဝင် လက်ရှိ စစ်ဗိုလ်ချုပ်တွေရော လက်ဟောင်း စစ်ဗိုလ်ချုပ် ဟောင်းတွေရော ရန်ကုန်နဲ့ အခြားနေရာတွေမှာ အိမ်ခြံမြေ အမြောက်အမြား ပိုင်ဆိုင်ထား ကြတာကိုး။
မြန်မာပြည် အရှေ့မြောက်ပိုင်း တောင်တန်း တွေပေါ်က ဆင်းလာကြတဲ့ မူးယစ်ရာဇာတွေလည်း အကျိုးခံစား ရတယ်။ ၁၉၉၀ ပြည့်နှစ်တွေ ကတည်းက မူးယစ်ဆေးဝါးလုပ်ငန်းက ရလာတဲ့ ငွေမည်းတွေဟာ အိမ်ခြံမြေတွေ ဝယ်ရောင်းတာကနေ ငွေဖြူဖြစ်နေ ကြ တယ်လို့ အနောက်တိုင်း အစိုးရတွေနဲ့ ငွေကြေး စောင့်ကြည့်ထိန်းချုပ် သူတွေက စွဲချက် တင်လာခဲ့ကြတယ်။ တကယ်တမ်းလည်း ငွေ အကြီးအကျယ်လိုခဲ့တဲ့ ယခင်စစ်အစိုးရဟာ ငွေမည်းတွေနဲ့ တိုင်းပြည် စီးပွားရေးကို ကျားကန်ခဲ့တယ်။
အခု လတ်တလောမှာလည်း မြန်မာနိုင်ငံဟာ တံခါးကို အလျင်အမြန် ဖွင့်ပေမယ့် တရားဥပဒေ စိုးမိုးမှုမရှိ၊ သယံဇာတကြွယ်ဝ ချမ်း သာမှုက ဟန်ချက် မညီတဲ့ စီးပွားရေးကို ကြီးထွားလာအောင်လုပ်၊ သူဌေးတွေ၊ အာဏာရှိသူတွေသာ အကျိုးဖြစ်စေတဲ့ အိမ်ခြံမြေ ဈေးကွက်ထဲ ငွေအလုံးအရင်း ပေါ်အောင် လုပ်တတ်ကြတဲ့ အင်ဂိုလာလို ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေရဲ့ ဥပမာနောက်ကို လိုက် နေ တာပါ။
Eden Group က စီအီးအိုလည်းဖြစ် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးချစ်ခိုင်က ရန်ကုန် အိမ်ခြံမြေဈေးတွေ မြောက်နေတာ ရပ်သွားဖို့လမ်းစ မမြင်ဘူးလို့ ကျနော့်ကို ပြောတယ်။ “ဈေးတွေ ကျဖို့ မရှိဘူး”လို့ သူက ပြောတော့ ကျနော်က “ဘယ်သူတွေများ အဲဒီအိမ်တွေကိုပိုင်ကြ တာလဲ” လို့ မေးလိုက်တယ်။ သူက ရယ်ပြီး “အဖြေကို ခင်ဗျားသိပါတယ်” လို့ ပြန်ဖြေ တယ်။
ယူနီဆက်ဖ်က ၂၀၁၃ ခုနှစ် အောက်တိုဘာလ မှာ စငှားတဲ့ စတုရန်းပေ ၃၃၀ဝ၀ ကျယ်တဲ့ အင်းလျားမြိုင် စံအိမ်ကြီး ကတော့ အရင် စစ်အစိုး ရ အဖွဲ့ထဲမှာ လယ်/ဆည် ဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ဦးညွန့်တင် ပိုင်ပါတယ်။ ဈေးကွက် ပေါက်ဈေး အမေရိကန် ဒေါ်လာ ၂၇ သန်း (မြန်မာငွေ သိန်းပေါင်း ၂ သိန်းခွဲ) ရှိတယ်လို့ အိမ်ပွဲစားတွေက ဆိုကြတယ်။ သတင်း ရင်းမြစ် အတော်များများက ယူနီဆက်ဖ်ဟာ ဒီအိမ်ကို တလ ဒေါ်လာ ၈ သောင်း နဲ့ ၉ သောင်းကြား ပေးရတယ်လို့ ဧရာဝတီကို ပြောကြတယ်။
ဧရာဝတီရဲ့ သတင်းပါလာပြီး ယူနီဆက်ဖ်က ပျော့ပြောင်းတဲ့ လေသံနဲ့ တရားဝင် ကြေညာချက် ထုတ်ပြန်တယ်။ ဒါပေမယ့် ငှားရမ်းခ အတိအကျကို မဖော်ပြတဲ့ အပြင် အမြင်ဆန်းတဲ့ စကားလုံးတွေ သုံးနှုန်းထားခဲ့တယ်။
“လက်ရှိဈေးကွက် ပေါက်ဈေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျနော်တို့ ညှိနှိုင်းခဲ့တဲ့ ဈေးဟာ သင့်တင့်တယ်လို့ ကျနော်တို့ ယုံကြည် တယ်။ ဒီဈေးနှုန်းကလည်း ကျနော်တို့ ပေးချင်တာထက်တော့ များနေတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ အပေးအယူ ဖြစ်ပြီး ကျနော်တို့ ရှာဖွေတဲ့ အထဲက အကောင်းဆုံး နေရာပါ” လို့ ယူနီဆက်ဖ်ရဲ့ မြန်မာပြည် ဌာနေ ကိုယ်စားလှယ်က ရေးတယ်။
ကောင်းတဲ့ အပေးအယူ ဆိုတာ အတိုးအလျှော့ ဆစ်ရတာကို ဆိုလိုတာလား၊ ပိုက်ဆံတွေ အများကြီးပေးရတာကို ဆိုလိုတာလား၊ မရှင်းလင်းပါ။
ဒီသတင်း ပြည်တွင်းပြည်ပ သတင်းတွေမှာ ပါလာပြီး ရန်ကုန် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ယူနီဆက်ဖ်ရဲ့ လစာနှုန်း ထားနဲ့ ကောင်းတဲ့ အပေးအယူအကြောင်း ပွင့်လင်းမြင်သာအောင် အသေးစိတ် ပြောဆိုဖို့ ဝိုင်း ဖိအားပေးခံရတဲ့နောက် ယူနီဆက်ဖ် က ကြေညာချက် နောက်တစောင်ထပ် ထုတ်ပြီး ရှင်းရတယ်။ ဒီတကြိမ်မှာ ရုံးငှားခဟာ တလ ဒေါ်လာ ၈၇၀ဝ၀ ဖြစ်ပြီး ဒါဟာ “မြင့်မားတဲ့ ဈေးနှုန်း” လို့ ပြန်ပြင် ပြောတယ်။
“ငှားရမ်းမှုဟာ ၇ နှစ်စာ ဖြစ်တယ်။ ဒါဟာ ခက်ခဲတဲ့ ဈေးကွက်မှာ ဈေးပြိုင်ပေးရတဲ့ နှုန်းထားလည်း ဖြစ်တယ်” လို့ ယူနီဆက်ဖ်က ဆိုတဲ့အပြင် အမည်နာမတွေ ထုတ်မပြောပေမယ့် “အပြည်ပြည်ဆိုင်ရာ အေဂျင်စီတချို့က ကျနော်တို့ တပေပတ်လည်ကို ၂ ဒသမ ၉ ဒေါ်လာ ပေးရတာထက် ပိုပေးနေကြတယ်” လို့ပါ ထည့်ပြောတယ်။
ယူနီဆက်ဖ်က ဒီတခေါက်လည်း အိမ်ပိုင်ရှင် ဘယ်သူဆိုတာ မပြောပါဘူး။ ဒါပေမယ့် She လို့ သုံးတဲ့အတွက် အမျိုးသမီးဖြစ်တယ်။
“သူ့မိသားစုဝင် တဦးဟာ တချိန်က စစ်အစိုးရထဲမှာ ဝင်ပါဖူးတယ်လို့ စွပ်စွဲချက်တွေရှိပေမယ့် အခု အုပ်ချုပ်ရေး အဖွဲ့ကနေ တရား ဝင် ထွက်ပြီး သွားပါပြီ။ ဘယ်ရာဇဝတ်မှုခင်း ဖြစ်စေ၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်စေ ခံနေရတဲ့ သူလည်း မဟုတ်ပါဘူး”လို့ ပြောပါတယ်။ ဒီလိုနည်းနဲ့ ယူနီဆက်ဖ်က စစ်ဗိုလ်ချုပ်ဟောင်းနဲ့ သူ့မိသားစုကို တနှစ် ဒေါ်လာ တသန်း ပေးကမ်းရတဲ့ ပြဿနာကို ဖြေ ရှင်းလိုက်တယ်။
ဦးညွန့်တင်ကတော့ ငွေထုပ်ပိုက်ပြီး ပြုံးကြည့် နေမှာပဲလို့ ကျနော်တို့ မြင်ယောင်ကြည့်နိုင်တယ်။
တကယ်တော့ ၂၀ဝ၄ ခုနှစ်မှာ ရာထူးက ရပ်ဆိုင်း ခံထိသွားတဲ့ စီးပွားအရှာတော်သူ ဦးညွန့်တင်နဲ့ သူ့ မိသားစုဟာ လဘ်စားမှုနဲ့ အာဏာအလွဲသုံးမှုတွေ ကနေ မတရားကြီးပွား ချမ်းသာလာခဲ့တာပါ။ ဦးညွန့်တင် ကလေးတွေ ကလည်း နောက်ဆုံးပေါ် ပြိုင်ကား တွေ စီးနေကြပြီး စင်ကာပူမှာလည်း တိုက်ခန်းတွေ ဝယ်ထားကြမယ် ဆိုတာ ကျနော်ကတော့ သေချာတယ်။ စင်ကာပူကလည်း မြန်မာစစ်ဗိုလ်ချုပ်တွေ၊ မူးယစ် ရာဇာတွေနဲ့ ခရိုနီတွေကို အိမ်ဝယ်ခွင့်ပေး၊ ဇိမ်ခံခွင့် ပေး၊ ဆေးကုခွင့်ပေးနေတာပဲ။
ဦးညွန့်တင်ဟာ နဝတ/နအဖ စစ်အစိုးရခေတ်မှာ ရည်ရွယ်ချက် ကြီးမားသူလို့ ဦးချစ်ခိုင်က ပြောတယ်။
“တခြား ဗိုလ်ချုပ်တွေလို သူ ဦးသန်းရွှေဘေး ကပ်ခွင့်ရကတည်းက သူရော သူ့မိသားစုပါ ကံကောင်း သွားတော့တာပဲ” တဲ့။ မိသားစုကလည်း စီးပွားအရှာ တော်တယ်။ အကောင်းဆုံး မြေနေရာတွေဝယ်တယ်။ အခွင့်အရေးတွေ အကုန်ယူ တယ်။
ဦးညွန့်တင်ဟာ ၂၀ဝ၄ ခုနှစ်မှာ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးအဖွဲ့ကို ဦးသန်းရွှေက ဖြိုတုန်းက တခြားဝန်ကြီးတွေနဲ့အတူ “အငြိမ်းစားယူခွင့်” အပေး ခံခဲ့ရတယ်။ တချို့ စီးပွားရေး ရာဇဝတ်မှု၊ လဘ်စားမှုတွေနဲ့ ရုံးတင်ခံရတယ်။
၂၀ဝ၅ ခုနှစ် ဇူလိုင်လထဲမှာ Asia Times အွန်လိုင်းသတင်းဌာနက “လယ်/ဆည် ဝန်ကြီးဟောင်း ဦးညွန့်တင်နဲ့ သူ့သား ကိုသားကြီး တို့ ဘာကြောင့် အဖမ်းခံခဲ့ရသလဲဆိုရင် သူတို့မိသားစုရဲ့ နိုင်ငံခြားငွေ အလွှဲအပြောင်း၊ သွင်းကုန် လိုင်စင် လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်တာကြောင့် ပါ။ မြန်မာ့စီးပွားရေး ဘဏ်နဲ့ မြန်မာ့ စီးပွားရေ ဦးပိုင်လီမိတက် အပါအဝင် စီးပွားရေး အေဂျင်စီတွေ၊ ဝန်ကြီး ဌာနတွေနဲ့ အဓိက ဆက်နွယ်ပြီး ဒေါ်လာ ၁၀ သန်းကျော် အကျိုးအမြတ်ရတယ်” လို့ ရေးဖူးတယ်။
သတင်းမှာ လိုင်စင်မဲ့ကား အစီး ၃၀ ကျော်နဲ့ လက်ဝတ်ရတနာတွေ၊ ရွှေတွေ အမြောက်အမြား အာဏာပိုင်တွေက သိမ်းဆည်းခဲ့ ကြောင်းလည်း ရေးထားတယ်။ ဦးသန်းရွှေနဲ့ နီးစပ်သူ ဦးညွန့်တင် ခဏနေပြီး ပြန်လွတ်လာခဲ့တယ်။ တခြား ရာဇဝတ်သားတွေ၊ နိုင်ငံ ရေး အကျဉ်းသားတွေ လိုလည်း ကြမ်းကြမ်းတမ်းတမ်း အကိုင်အတွယ် မခံခဲ့ရဘူး။
Asia Times အွန်လိုင်း သတင်းဌာနက “လယ်/ဆည် ဝန်ကြီးဟောင်းနဲ့ သူ့မိသားစုဟာ လာဘ်စားတဲ့ နေရာမှာ နာမည်ကြီး တယ်။ ၂၀ဝ၄ ခုနှစ်က ဝန်ကြီးဟာ အိမ်အသစ်တလုံး ရန်ကုန်ရဲ့ လူကုံထံတွေနေတဲ့ ဆိတ်ငြိမ် ရပ်ကွက်မှာ ဆောက်ခဲ့တယ်။ အိမ်နံရံတွေမှာ ရွှေချောင်းတွေ၊ ပတ္တမြားတွေ၊ ပုလဲတွေ၊ ရတနာတွေ ကပ်ထားတယ်လို့ အိမ်နီးချင်းတွေက ဆိုကြတယ်” လို့လည်း ရေးခဲ့တော့ …အဲဒီ အိမ်ကြီးဟာ ယူနီဆက်ဖ်က ဒေါ်လာ သောင်းချီပေး ငှားနေနေတဲ့ အိမ်ကြီးများ ဖြစ်နေရော့ သလား။ ။
၂၀၁၄ ခုနှစ် မေလ ၂၂ ရက် The Irrawaddy အင်္ဂလိပ်ပိုင်း အွန်လိုင်းတွင် အောင်ဇော် ရေးသားသော Unicef and the Extortionate Price of Saving Burma’s Children ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။