ရန်ကုန်မြို့မှာ မောင်းနှင်သွားလာကြတဲ့ ကွန်တိန်နာကားတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုနဲ့ ယဉ်မတော်တဆ ဖြစ်စဉ်တွေ ပိုမိုဖြစ် ပွားလာတဲ့အပြင် မြို့တွင်း ကန့်သတ်ဧရိယာတွေကိုပါ ဝင်ရောက် မောင်းနှင်နေတာကြောင့် မြို့တွင်းသွားလာရေးမှာ အချိန်ကြာမြင့် ပြီး အခက်အခဲမျိုးစုံ ကြုံနေရတယ်လို့ ယာဉ်လမ်းကြောင်း အသုံးပြု သွားလာနေသူတွေ က ပြောဆိုကြပါတယ်။
ကွန်တိန်နာ ယာဉ်တွေကို ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းက လမ်းတွေပေါ်မှာ မောင်းနှင်သွားလာခွင့် ပြုထားချိန် ဖြစ် တဲ့ မနက် ၈ နာရီက ၁၀ နာရီ အတွင်း နဲ့ ညနေ ၃ နာရီကနေ ၅ နာရီ အတွင်း၊ တချိူ့လမ်းပိုင်တွေမှာ ည ၇ နာရီခွဲကနေ မနက် ၅ နာရီ ခွဲ အထိ မောင်းနှင်ခွင့် ပြုထားပေမယ့် ဒီ စည်းကမ်းချက်တွေကို လိုက်နာမှု မရှိတာကြောင့် ရန်ကုန် မြို့ပတ်လမ်း တလျှောက် ယာဉ်ကြော ပိတ်ဆို့မှုတွေနဲ့ ယဉ်မတော်တဆမှုတွေ ဖြစ်ပွားနေတယ်လို့ ရန်ကုန်မြို့ခံတွေကလည်း ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ ဘုရင့်နောင် လမ်းမကြီး ၊ အမှတ်(၂) လမ်းမကြီးနဲ့ သံသုမာ လမ်းဆုံ ၊ အမှတ်(၃) လမ်းမကြီး အပါအဝင် သာကေတ မြို့နယ်မှာ ရှိတဲ့ ယမုံနာ လမ်းမကြီးလို နေရာမျိုးတွေဟာ ကွန်တိန်နာ ယာဉ်တွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေနဲ့ ယာဉ်တိုက်မှုတွေ ဖြစ်ပွားနေတယ်လို့ တောင်ဥက္ကလာပ မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ သံသုမာ လမ်းဆုံအနီး နေထိုင်ကြသူတွေက ပြောပါတယ်။
“ဟိုတနေ့က ပြည်ထောင်စု ခုံးတံတား အဆင်းမှာ ကွန်တိန်နာ ကားကြီးက တိုက်လိုက်တာ ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်သွားပြီး လူတယောက် သေသွားတယ်။ အဲ့ဒီ မတိုင်ခင်ကလည်း ဒီလမ်းကြောမှာပဲ ကွန်တိန်နာ ကားမှောက်လို့ ကျနော်တို့တောင် သွားကြည့်ကြသေးတယ်။ ဒေသခံတွေ အတွက် အန္တရာယ်များလို့ ဒီကားတွေ သွားလာတဲ့ အချိန်ကို တိတိကျကျလေး သတ်မှတ်ပေး သင့်တယ်” လို့ သုဝဏ္ဍမြို့နယ် သံသုမာလမ်းမကြီး အနီး နေထိုင်တဲ့ ဦးအေးကျော်က ပြောပါတယ်။
ကွန်တိန်နာကားတွေ သွားလာတဲ့ အချိန်တွေဟာ ကျောင်းသွား ကျောင်းလာ၊ ဈေးသွား ဈေးပြန်လို အချိန်မျိုး ဖြစ်နေပြီး လူတွေ အတွက် အန္တရာယ် အရမ်းများတဲ့ အပြင် ရပ်ကွက်တွေနဲ့ ကားလမ်းတွေက ကပ်နေတဲ့ အခါမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပြီး လမ်းပိတ်ဆို့မှု ကြာမြင့်စွာ ဖြစ်လေ့ရှိတယ်လို့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်မှာ နေထိုင်သူ တဦးဖြစ်တဲ့ ဦးတင်အောင် က ဆိုပါတယ်။
ယာဉ်ကြောပိတ်ဆို့မှု အပြင် ယာဉ်မတော်တဆမှုက ရန်ကုန်မြို့မှာ ဖြစ်ပွားမှုစိပ်လာပြီး ဇွန်လ ၅ ရက်က အလုံမြို့နယ်ရှိ စည်ပင်ဝင်း ကနေ သာကေတ ကြယ်ငါးပွင့်ဆိပ်ကမ်းကို မောင်းနှင်လာတဲ့ VOLVO အမျိုးအစား ပေ ၄၀ ကွန်တိန်နာယာဉ် တစီး မဟာဗန္ဓုလ တံတားအနီး ဗိုလ်တထောင် ဈေးလမ်းထိပ်က မီးပွိုင့်အနီးမှာ အရှိန်လွန်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအပြင် ဇွန်လ ၁၀ ရက် မနက်ပိုင်းကလည်း ကိုရီးယား နိုင်ငံထုတ် အိမ်အမိုး ပစ္စည်းတွေ တင်လာတဲ့ ကွန်တိန်နာ ယာဉ်တစီး မဟာဗန္ဓုလ တံတား အဆင်း ဒေါပုံမြို့နယ်ဘက်မှာ တိမ်းမှောက်ခဲ့တာကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ပြီး ညပိုင်းအထိ ဖယ်ရှားခြင်း မရှိကြောင်း မျက်မြင် သွားလာနေကြသူတွေက ပြောပါတယ်။
ကွန်တိန်နာကားတွေကြောင့် ယာဉ်လမ်းကြောင်း ပိတ်ဆို့မှု အပြင် အစိုးရရဲ့ ပြောင်းလဲလိုက်တဲ့ မော်တော်ယာဉ် တင်သွင်းမှု မူဝါဒ တွေကြောင့် ပြည်တွင်းမှာ အစားထိုး မော်တော်ယာဉ်တွေ ပိုများလာပြီး နေ့စဉ် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာတွေ၊ ယာဉ် မတော် တဆမှုနှုန်းတွေ မြင့်တက် လာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ယာဉ်ကြော ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ တက္ကစီ ယာဉ်မောင်းတဦး ဖြစ်တဲ့ ဦးထက်အောင်က “မြောက် ဥက္ကလာဘက် က လမ်းကတော့ နေ့စဉ်လိုပါပဲ။ ဒီလမ်းမှာ သစ်လုံးတင်ကားကြီးတွေ၊ ကွန်တိန်နာကားကြီးတွေက အချိန်တိုင်းသွားနေတော့ ဒီလမ်း က အမြဲပဲ ကားပိတ်မှုတွေ ဖြစ်နေတယ်။ မြောက်ဥက္ကလာအဝင် အဝိုင်းနားမှာ တခါ ပိတ်တယ်။ ပိတ်ပြီဆိုရင် ၆ ကွေ့ မရောက်ခင်ကို ပိတ်နေတာ။ ဘယ်လိုမှ သွားလို့မရတော့ဘူး”လို့ ဧရာဝတီကို ပြောပါတယ်။
အလားတူ လှိုင်သာယာမြို့မှာ နေထိုင်ပြီး ရန်ကုန်မြို့လယ်မှာ အလုပ်နေ့စဉ် လာရောက် လုပ်ကိုင်နေတဲ့ လျှပ်စစ်ပစ္စည်း အရောင်း ဝန်ထမ်း တဦးဖြစ်တဲ့ မနီလာက “ဘုရင့်နောင် လမ်းမကြီးက ကားပိတ်တာ အဆိုးဆုံးပဲ၊ မြို့ထဲက အလုပ်ရှိရာ လာဖို့ကို အောင် ဇေယျ ကြိုးတံတားပေါ်ရောက်ကတည်းက ကားလမ်းပိတ်နေပြီ၊ ပေါက်တောမီးပွိုင့် လမ်းဆုံ၊ ကြို့ကုန်း-ဘုရင်နောင်ဈေး၊ သီရိမင်္ဂလာ ဈေးသစ်ကနေ ဆင်မလိုက်၊ကမ်းနားဈေး၊ အလုံအထိကို တောက်လျှောက် ကားတွေပိတ်တာက ကွန်တိန်နာကားတွေ ကုန်ကား တွေ ကြောင့် အများဆုံးပဲ၊ ကားစီးရတာ လမ်းမှာတင် ၃ နာရီကျော်လောက်ကြာမှ မြို့ထဲကို ရောက်တာ၊ ယာဉ်တစီးစီး မတော်တဆ ဖြစ်လို့ကတော့ တနေကိုကုန်ရော”လို့ ဆိုပါတယ်။
ကွန်တိန်နာယာဉ်တွေ အနေနဲ့ကလည်း ယာဉ်မှာတင်မယ့် ကုန်ပစ္စည်းတွေကို ဆိပ်ကမ်းတွေမှာ ထုတ်ယူတဲ့အခါ ဆိပ်ကမ်းပိုင်း ဆိုင်ရာ လုပ်ငန်းတွေက အချိန် ကြန့်ကြာမှုတွေ အများကြီး ရှိနေတဲ့အတွက် သွားလာခွင့် ကန့်သတ်ထားချိန်တွေကို ချိုးဖောက်ပြီး မောင်းနှင်နေရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်းက ပြောဆိုပါတယ်။
အဆိုပါ အသင်းရဲ့ ဒုဥက္ကဌလည်းဖြစ် ကွန်တိန်နာကား ပိုင်ရှင်တဦးလည်း ဖြစ်တဲ့ ဦးသန်းလွင်က “ပစ္စည်း တင်တဲ့ အခါ ဆိပ်ကမ်း တွေမှာ လုပ်ငန်းပိုင်းဆိုင်ရာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတာ နေ့စဉ် ကြုံရပါတယ်။ ဆိပ်ကမ်းမှာ မလိုလားအပ်ဘဲ ကားတွေ စုပြုံနေ တယ်။ ပြီးတော့ ကားတွေ စုပြုံပြီး ပြန်ထွက်လာရတာကြောင့် အများအမြင်မှာ ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပြီ ဆိုတာနဲ့ ကျနော် တို့ ကုန်သေတ္တာတင် ကားတွေကြောင့်လို့ပဲ မြင်နေကြတယ်”လို့ ပြောပါတယ်။
ကွန်တိန်နာယာဉ်တွေ ဆိပ်ကမ်းတွေမှာ အကောက်ခွန်စစ်ဆေးမှုတွေ လုပ်တဲ့အခါ သွင်းကုန်၊ ထုတ်ကုန်ပစ္စည်းပမာဏ များပြားနေ ပေမယ့် စစ်ဆေးဖို့ လုံလောက်တဲ့ စက်ပစ္စည်းတွေ မရှိတာကြောင့် အချိန်ကြန့်ကြာမှုတွေ ရှိပြီး အခက်အခဲ ဖြစ်ရတဲ့အတွက် သက် ဆိုင် ရာက လုပ်ငန်းပိုင်း ဆိုင်ရာတွေမှာ တိုးချဲ့လုပ်ဆောင် ပေးသင့်တယ်လို့ ယာဉ်ပိုင်ရှင်တွေကလည်း ပြောဆိုကြပါတယ်။
နေ့စဉ် ယာဉ်လမ်းကြောင်းပေါ်မှာ ကွန်တိန်နာ ယာဉ်စီးရေ ၁၅၀၀ ခန့်က ကုန်စည် လည်ပတ် စီးဆင်းနိုင်ရေး အတွက် ပြေးဆွဲလျက် ရှိပြီး၊ အသင်းဝင် မော်တော်ယာဉ် အရေအတွက်က ၁၃၀၀ ရှိတယ်လို့ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်းရဲ့ စာရင်းမှတ်တမ်း အရ သိရပါတယ်။
ရန်ကုန်မြို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးသာဌေးက စည်းကမ်းမဲ့ ကွန်တိန်နာယာဉ်တွေ ရှိနေတာ မှန်ပေ မယ့် ဖမ်းဆီးရေး အဖွဲ့တွေမှာ ဝန်ထမ်းအင်အား နည်းပါးတာရယ်၊ လုပ်ငန်းဆောင်ရွက်ဖို့ ငွေကြေး အင်အား သုံးရတာတွေကြောင့် အရေးယူ ဆောင်ရွက်ရာမှာ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“ကုန်သေတ္တာတင် ယာဉ်တွေက မဝင်ရလမ်းတွေထဲ ဝင်နေတာကို စည်ပင်သာယာက ရာဖြတ်အဖွဲ့ရယ်၊ ကျနော်တို့ အဖွဲ့ရယ်၊ လမ်း တံတား အဖွဲ့ရယ် ပူးပေါင်းပြီး ဖမ်းဆီးနေပါတယ်။ အင်အားကလည်း နည်းနေတယ်။ အဓိကက သူတို့တွေရဲ့ လုပ်ငန်းမှာ ကျနော် တို့ က ပူးပေါင်းပြီး ဖမ်းဆီး ပေးနေရတာပါ”လို့ ရဲမှူးသာဌေးက ဆိုပါတယ်။
လက်ရှိ အချိန်မှာ စည်းကမ်း လိုက်နာမှု မရှိတဲ့ ကွန်တိန်နာတွေ၊ ကုန်တင်ယာဉ်တွေနဲ့ သစ်လုံးတင်ယာဉ်တွေကို သက်ဆိုင်ရာ ဌာန တွေက စုပေါင်းထားတဲ့ အဖွဲ့တွေက ရန်ကုန်မြို့တွင်းမှာ အဖွဲ့ ၃ ဖွဲ့နဲ့ အလှည့်ကျ လှည့်လည် ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ လမ်း/တံတားဌာန တာဝန်ကျ တဦးက“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေနဲ့ မကိုက်ညီရင် ဖမ်းဆီးမှုတွေ လုပ်ဆောင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့အနေအထားနဲ့ အားလုံးကိုတော့ ကျနော်တို့ မလုပ်နိုင်ဘူး။ တတ်နိုင် သရွေ့တော့ လုပ်နေပါတယ်။ လုံလောက်တယ်လို့တော့ မရှိဘူး။ တိုးပြီး လုပ်ဆောင်မယ် ဆိုရင်တော့ နောက်က ဖြည့်တင်းပေး ရ မယ့် အရာတွေ အများကြီး ရှိနေတယ်”လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် အတွင်းမှာ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေ အတွက် ကုန်သေတ္တာ အလုံးရေ ၃ သိန်းကျော် ပို့ဆောင် နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ကုန်သေတ္တာ အလုံးရေ ၅ သိန်းလောက် အထိ ပို့ဆောင်ခဲ့တဲ့ အတွက် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေမှာ တိုးတက်ခဲ့ပေ မယ့် ကုန်စည်ပို့ဆောင်မယ့် ကွန်တိန်နာ ယာဉ်တွေရဲ့ စည်းကမ်းပိုင်း ဆိုင်ရာ လိုက်နာမှုတွေ ရှိလာအောင် လုပ်ဆောင်ပေးဖို့က အဓိက လိုအပ်နေတယ်လို့ ရန်ကုန်မြို့ခံ ယာဉ်မောင်းသူတွေ အကြား ပြောဆို နေကြပါတယ်။ ။