ကိုယ့်ရဲ့ သားသမီးကို ဘယ်မိဘကမှ ခိုးတတ်၊ ဝှက်တတ်တဲ့ ကလေးမျိုး မဖြစ်စေချင်ကြပါဘူး။
ခိုးတယ် ဝှက်တယ် ဆိုတာဟာ လိမ်တတ်၊ ညာတတ်တဲ့ အကျင့်စရိုက်လိုပဲ ဘယ်လိုမှ လက်ခံစရာ မကောင်းတဲ့ အကျင့်စရိုက် တခုပါ။ ဒီ အကျင့်စရိုက်ကို ကလေးတို့ဆီမှာ စွဲမသွားစေဖို့ အတွက် သင်ကြားဆုံးမကြတဲ့ အခါမျိုးမှာ နည်းမှန်လမ်းမှန်နဲ့ ကျမတို့ ဘယ်လိုဆုံးမကြမလဲ၊ ကလေးတို့ရဲ့ ခိုးဝှက်ရခြင်းနောက်မှာ ဘယ်လိုအကြောင်းတရားတွေ ရှိနေသလဲဆိုတာကို ကျမ ဆွေးနွေး တင်ပြသွားပါမယ်။
“ဒီကလေးက ခိုးတတ်တယ်” ၊ “သူကတော့ လက်ဆော့ခြေဆော့ရှိတယ်” ဆိုတာမျိုးကို ကျမတို့ ဝန်းကျင်မှာ ကြားရ တတ်ပါတယ်။ ကလေးတယောက် တခါလောက် ခိုးဝှက်ဖူးတာကို မိထားရင်ပဲ ဘာပစ္စည်းပဲ ပျောက်ပျောက် “မင်းယူတယ် မဟုတ်လား” လို့ မေးတတ်၊ စွပ်စွဲတတ်တဲ့ လူကြီးတွေကိုလည်း တွေ့ခဲ့ဖူးပါတယ်။ ဒါဟာ တကယ်တော့ ကလေးတယောက် (လူတယောက်ရဲ့) အမှားတချက်ကို ပြင်ခွင့် မပေးတော့ဘဲနဲ့ တသက်စာ ဒဏ်ခတ်လိုက်တဲ့ ဒဏ်ခတ်မှုမျိုး ပါ။ တကယ်တော့ အဲဒီလို မလုပ်ရပါဘူး။
ကလေးစိတ်ပညာရှင်များရဲ့ အဆိုအရ အသက် ၆ နှစ်အောက်အရွယ် ကလေးများ ခိုးဝှက်ခြင်းကိုတော့ ခိုးဝှက်ခြင်းရယ်လို့ သတ်မှတ် လို့ မရဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၆ နှစ်အောက်အရွယ် ကလေးများဟာ ဒီပစ္စည်းက ကိုယ့်ဟာ မဟုတ်ဘူး၊ ဒါကြောင့် မယူသင့်ဘူး ဆိုတဲ့ သဘောတရားကို နားမလည်ကြ သေးပါဘူး။ ဒါပေမယ့် ၆ နှစ်အထက် ကလေးများမှာတော့ ခိုးတယ် ဆိုတာဘာလဲ ဆိုတဲ့အကြောင်းကို ကောင်းကောင်း နားလည် နေကြပါပြီ။
ဆယ်ကျော်သက် အရွယ်များနဲ့ ဆယ်ကျော်သက်အောက် ကလေးတို့မှာ ပစ္စည်းလေးတွေကို ယူတယ် (ခိုးတယ်) ဆိုတဲ့ နေရာမှာ ခိုးယူရတဲ့ နောက်ခံ အကြောင်းလေးတွေ အမျိုးမျိုး ရှိပါတယ်။ တချို့ကလေးများဟာ ခိုးချင်ဝှက်ချင်လို့ ခိုးကြတာ မဟုတ်ပါဘူး။ အိမ်မှာ စားစရာ မရှိလို့၊ ဗိုက်ဆာလို့၊ အမေ နေမကောင်းလို့၊ စာအုပ်ဖိုးပေးစရာ ပိုက်ဆံ မရှိလို့ စတဲ့ မဖြစ်မနေ အကြောင်းများကြောင့် မခိုးချင်ဘဲနဲ့ ခိုးကြရတာပါ။ တချို့ ဆယ်ကျော်သက် အရွယ် ကလေးများမှာ လောင်းကစားကြောင့် ပိုက်ဆံလိုလို့ ခိုးတာ၊ ဆေးဝါးသုံးစွဲမှုကြောင့် ခိုးတာအပြင် အပျော်သက်သက် အစွမ်းပြချင်လို့ ခိုးယူတာမျိုး တွေလည်း လုပ်တတ်ကြပါတယ်။
ခိုးယူခြင်းရဲ့ အစ
ကလေး တော်တော်များများဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပထမဆုံး စတင်ခိုးယူတတ်ကြ တာကတော့ အိမ်က (မိဘတွေဆီက) ပဲ ဖြစ်ပါတယ်။ မီးဖိုချောင်ထဲမှာ ဟင်းခိုးစားတာ၊ မုန့်ခိုးစားတာ မျိုးကအစ အမေ့ပိုက်ဆံအိတ်၊ အဖေ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို နှိုက်ယူ တာမျိုး အထိ လုပ်လာတတ်ကြပါတယ်။ အထူးသဖြင့် ပိုက်ဆံကို လွယ်လင့်တကူ ထားတတ်တဲ့ အိမ်မျိုးက ကလေးများဟာ မိဘ ပိုက်ဆံအိတ်ထဲကနေ မိဘကို အသိမပေးဘဲနဲ့ ပိုက်ဆံကို ခိုးယူတတ်ကြပါတယ်။
အမေက ကလေးရဲ့ရှေ့မှာ အဖေ့အိတ်ထဲကနေ အဖေမသိအောင်လို့ ပိုက်ဆံနှိုက်ယူတာမျိုးကို ကျမတို့ နိုင်ငံက မိခင် တော်တော်များများ လုပ်လေ့ရှိပါတယ်။ အမှန်တော့ ဒါဟာ လုံးဝ မလုပ်ရမယ့် အရာပါ။ ကလေးတို့ဟာ ရေမြှုပ်နဲ့ တူပါတယ်။ ဒီလို ပိုက်ဆံနှိုက် တဲ့၊ တနည်းပြောရရင် ခိုးယူတဲ့ အကျင့် စရိုက်ဟာ နေ့စဉ် မြင်တွေ့နေကြမို့လို့ ကလေးတို့ အတွက် အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ခိုးတယ်ဆိုတာဟာ မလုပ်ရမယ့်အရာ၊ မလုပ်သင့်တဲ့ အရာပါလား ဆိုတာကိုလည်း သူတို့ မတွေးမိကြတော့ပါဘူး။
ဒါနဲ့ပဲ ကလေးတို့ဟာ အမေလုပ်တဲ့ ပုံစံအတိုင်း အမေ့ပိုက်ဆံအိတ်၊ အဖေ့အိတ်ကပ်ထဲကနေ ပိုက်ဆံကို အလွယ်တကူ နှိုက်ယူ တတ်လာ ပါတော့တယ်။ အဲဒီကနေတဆင့် သူငယ်ချင်း ပိုက်ဆံကို လွယ်လွယ်တွေ့လာတဲ့ အခါ၊ အလုပ်ထဲမှာ ပိုက်ဆံကို လွယ်လွယ်ရလာတဲ့ အခါမျိုးမှာ သူဟာ မရှောင်နိုင်တော့ပါဘူး။ လွယ်လွယ်တွေ့တာနဲ့ လွယ်လွယ် ခိုးတတ်တဲ့ လက်ယဉ်တဲ့ (ခိုးဝှက်တတ် တဲ့) လူမျိုးတွေ ဖြစ်လာရ ပါတော့တယ်။
ကလေးတို့ ကျောင်းစနေတဲ့အခါ
ကလေးတို့ ကျောင်းစနေတဲ့အရွယ် တတန်း၊ နှစ်တန်းလောက် ရောက်လာပြီ ဆိုရင်ဖြင့် ကလေးတို့ရဲ့ လွယ်အိတ်ထဲမှာ ခဲတံဘူး လေးတွေထဲမှာ ဟိုသူငယ်ချင်းက ပေးလိုက်လို့၊ ဒီသူငယ်ချင်းက ပေးလိုက်လို့ ဆိုတဲ့ ပစ္စည်းလေးတွေ ပါလာ တတ်ကြပါတယ်။ ကလေးအချင်းချင်း ချစ်လို့ခင်လို့ ပေးကြတာမျိုးတွေလည်း ရှိပေမယ့် တခါတလေမှာတော့ ကလေးက ပစ္စည်းလေးလှလို့ ယူချင် စိတ်နဲ့ ယူလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။
ကိုယ့်ကလေးရဲ့ လွယ်အိတ်ထဲမှာ ပစ္စည်းလေးတွေပါ ပါလာပြီဆိုရင်ဖြင့် မိဘများ အမူမဲ့အမှတ်မဲ့ မနေသင့်ပါဘူး။ သူငယ်ချင်းက တကယ်ပေးလိုက်တာလား၊ ဒါမှမဟုတ် သူငယ်ချင်း မသိအောင် ကလေးက ယူလာတာလားဆိုတာကို သိအောင် စုံစမ်းဖို့လိုပါတယ်။
တယောက်ယောက်ဆီကနေ ကလေးက ယူလာတယ်ဆိုရင်တော့ ကလေးတို့ယူလာတဲ့ ပစ္စည်းကို ယူလာတဲ့ သူ (ပိုင်ရှင်) ဆီ ပြန် ရောက်အောင် ပြန်ပေးခိုင်းရပါမယ်။ သူငယ်ချင်းဆီကနေ သူငယ်ချင်း မသိအောင် ယူလာတဲ့ ပစ္စည်းကို ပြန်ပေးရမယ်ဆိုတော့ ကလေး အနေနဲ့ ပေးချင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိဘကိုယ်တိုင် လိုက်သွား ပြီးတော့ ရအောင်ကို ပြန်ပေးခိုင်းရပါမယ်။
ကလေး ယူလာတဲ့ပစ္စည်းကို ကာယကံရှင်ဆီ ပြန်ပေးပြီးပြီ ဆိုရင်တော့ ကလေးကို ထပ်ပြီး ဆူတာပူတာ၊ အော်တာ ငေါက်တာ မျိုးတွေ မလုပ်သင့်တော့ ပါဘူး။ ကလေးဟာ သူမှားယွင်းတဲ့ အမှားတခုကို အမှန်ရောက်အောင်လို့ ပြင်ပြီး သွားပါပြီ။ ဒါကြောင့်မို့လို့ ကလေးစိတ်ထဲမှာ ထိခိုက်ခံစားရအောင်လို့ ထပ်ပြီး မပြောသင့်တော့ပါဘူး။ တခါလောက် သူများပစ္စည်းလေးကို ယူမိတာနဲ့ပဲ တသက်လုံး သူခိုး ဖြစ်တော့မယ့်အတိုင်း ကလေးကို တံဆိပ်ကပ်တဲ့ အပြောမျိုးတွေ မပြောသင့် ပါဘူး။
ပစ္စည်းခိုးတာကို မိတဲ့ အခါ
ကလေးတို့ ပစ္စည်းခိုးယူလာတာကို မိပြီဆိုရင်ဖြင့် အမေတော်တော်များများက ငိုကြပါတယ်။ အဖေတော်တော် များများကတော့ ရိုက်နှက်တာ၊ ဆူပူအော်ဟစ်တာမျိုးတွေ လုပ်လေ့ ရှိပါတယ်။ ဒီ နှစ်နည်းစလုံးဟာ တကယ်တော့ ကလေးတို့ နောက်ထပ် မခိုးဝှက်ဖို့ အတွက် ဆုံးမတဲ့ ဆုံးမနည်းတွေ မဟုတ်ပါဘူး။
နောက်တနည်းကတော့ ကလေးတို့ ပစ္စည်းခိုးတာ မိလာပြီဆိုရင် မင်းခိုးတယ်မဟုတ်လား ဆိုတာက စပြီးတော့ အမှုစစ်သလို စစ်ကြ တာပါပဲ။ အဲဒီလိုမှ မဟုတ်ရင်လည်း ငရဲကြီးတတ်တယ် ဆိုတာမျိုးက စပြီးတော့ တို့အမျိုးမှာ သူခိုး မရှိဘူး ဆိုတာမျိုး အထိ ကိုယ် ကျင့်တရားတွေ၊ ဘာသာရေးတွေနဲ့ ဆုံးမတတ်တာမျိုးပါ။
ဆယ်ကျော်သက် အရွယ်ပဲဖြစ်ဖြစ်၊ ဆယ်ကျော်သက် အောက်ပဲ ဖြစ်ဖြစ် ကလေးတို့ဟာ ခိုးတာကို ခိုးရာပါပစ္စည်းနဲ့ အမိခံလိုက်ရပြီ ဆိုကတည်းက ကြောက်ကန်ကန်ဖို့ အတွက် သူတို့မှာ အသင့်ဖြစ်နေ ကြပါပြီ။ မေးတာကို ကောင်းကောင်း မဖြေတတ်ကြ သလို၊ လူကြီးများရဲ့ အမှုစစ်ခြင်းဟာ သူတို့ လိမ်ပြောဖို့ အတွက် ထွက်ပေါက်တခု ဖြစ်ကောင်း ဖြစ်သွားတတ်ကြ ပါတယ်။ နောက်ဆုံးတော့ ခိုးမှုကို စစ်ဆေး ဆုံးမကြတဲ့ လူကြီးများအနေနဲ့ စိတ်တို ဒေါသထွက်ကြရတာနဲ့ပဲ အဆုံးသတ် ကြရတာ များပါတယ်။
စိတ်ပညာရှင်များရဲ့ အဆိုအရကတော့ ကလေးတို့ ခိုးတာကို မိပြီ ဆိုတာနဲ့ အပျော်သက်သက်ပဲ ခိုးလာလာ၊ လိုချင်လို့ပဲ ခိုးလာလာ ကလေးကို စကားတွေ ပြောနေ၊ ဆုံးမနေတာမျိုး ထက်စာရင် ကလေးတို့ ပစ္စည်းယူလာတဲ့ ကာယကံရှင် ဆီကို ကလေးကိုယ်တိုင် သွားပြီးတော့ ပစ္စည်းကို ပြန်ပေးခိုင်းတာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။
ကလေးတို့ ခိုးယူတာကို ဆုံးမတဲ့အခါမျိုးမှာ ကလေးတို့ရဲ့အမှားကနေ အမှန်ကို ပြင်ခွင့်ရအောင်လို့ လုပ်ပေးကြရမှာပါ။ ဒီတကြိမ် မှားခြင်းဟာ တသက်စာ မှားနေတာမျိုး မဟုတ်ဘူး၊ ပြင်ခွင့်ရှိတယ်၊ ပြင်နိုင်တယ် ဆိုတာမျိုးကို ကလေးတို့ သိအောင်လို့ သင်ပေးဖို့ လိုပါတယ်။ မိဘတို့ အနေနဲ့လည်း ကလေးတို့ရဲ့ ခိုးတဲ့ဝှက်တဲ့ အကျင့်စရိုက်ကိုသာ မကြိုက်ပေမယ့် ကလေးကိုတော့ ချစ်မြဲ၊ ချစ်နေဆဲပဲ ဆိုတာကို ကလေးတို့ သိအောင်လို့ ပြသပေးဖို့ လိုပါတယ်။ ဒါဆို ရင်ဖြင့် ကလေးတို့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် မလုံခြုံဖြစ်မှုဆိုတဲ့ စိတ်ခံစားချက်တွေကို ခံစားရတော့မှာ မဟုတ်ပါဘူး။
မှားတယ် ဆိုတာကတော့ လူတိုင်း မှားတတ်ကြ၊ မှားဖူးကြ တာပါပဲ။ မိဘတို့ အနေနဲ့ ကလေးတို့ တစုံတရာ ခိုးလို့ ဝှက်လို့ ဆုံးမကြ တဲ့ အခါမျိုးမှာ ကိုယ်ကိုယ်တိုင်ရော အခုချိန်ထိ ဘယ်ပစ္စည်းတွေကို ဘယ်လို ခိုးခဲ့ဖူးသလဲ၊ အခုချိန် ထိရော ကလေးတို့ အတွက် ကိုယ်ကျင့်တရားမှာ စံပြ အမေ၊ အဖေ အဖြစ် ရှိနေပါရဲ့လား ဆိုတာကို ပြန်တွေးမိဖို့ လိုပါတယ်။
ကြားပေါက်တို့၊ အောက်ဆိုက်တို့ ဆိုတဲ့ စကားလုံးတွေကို အိမ်မှာလှိုင်လှိုင် ကြားဖူးနေတဲ့ ကလေး တယောက်အဖို့၊ အလုပ်ထဲက ပိုက်ဆံ၊ ပြည်သူ့ပိုက်ဆံ၊ နိုင်ငံတော်ပိုက်ဆံ စတာတွေကို ကိုယ်ပိုင်ငွေလို အိမ်မှာသုံးစွဲနေတာကို မြင်ဖူးနေကျ ကလေး တယောက် အဖို့ ကတော့ ခိုးတယ် ဆိုတာ မကောင်းဘူး၊ ခိုးဝှက်ခြင်းဟာ ကိုယ်ကျင့်တရားအရ လက်မခံသင့်တဲ့အရာ ဆိုတဲ့ကိစ္စကို နားလည်ဖို့ အတွက် တော်တော် ခက်ခဲပါလိမ့်မယ်။
ဒါကြောင့်မို့လို့ ကလေးတို့ကို မခိုးစေချင်၊ မဝှက်စေချင်တဲ့ မိဘများအနေနဲ့ ကလေးတို့ရှေ့မှာ ကိုယ်တိုင်စံပြ အဖြစ် နေပြဖို့က ပိုပြီး တော့ အရေးကြီးတာမို့ ကလေးတို့ကို မပြင်ခင်မှာ ကိုယ်တိုင် အရင်ပြင်ကြဖို့ လိုတယ်ဆိုတာ သတိပြုကြ စေလိုပါတယ်။ ။