Politics

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း - ၁)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်ဝန်းကျင်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံး အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရစဉ်အချိန်က ဤစာရေးသူသည် လသားခန့်အရွယ်သာ ရှိခဲ့ပါသည်။ ဆရာသမား လူကြီးများ၏ တဆင့်ပြောကြားချက်၊ စာနယ်ဇင်းနှင့် သတင်းစာဆောင်းပါးများကို ဖတ်ရှုလေ့လာချက်အရသာ ဤနိုင်ငံတော်လုပ်ကြံမှုကြီးအကြောင်းကို သိရှိခွင့်ရခဲ့ပါသည်။ လုပ်ကြံမှုနှင့် ပတ်သက်၍ စိတ်ကူးယဉ်ဇာတ်လမ်းများလည်း ငယ်စဉ်ကလေးဘဝက ကြားခဲ့ဘူးသည်များလည်း ရှိခဲ့ပါ၏။ ဗိုလ်ချုပ်သည် ယနေ့တိုင်မသေသေးဟုပင် အလွန် နားထောင်ကောင်းလှသော ပါးစပ်ရာဇဝင်များဖြင့် လူကြီးသူမများက စာရေးသူတို့ငယ်စဉ်တွင် ပုံပြင်သဖွယ် ပြောဆိုသည်ကိုလည်း ကြုံခဲ့ဘူးပါ၏။

စာရေးသူတို့ မြန်မာ့လူ့အဖွဲ့အစည်းသည် အကြောင်းအကျိုးကို ဝေဖန်ဆန်းစစ်မှု အားနည်း၏။ အတိတ်ကိုလည်း လွယ်လွယ်နှင့်မေ့၍ ပစ္စုပ္ပန်တွင် သာသာယာယာ နေတတ်ကြ၏။ လူတယောက်ကို ချစ်လျှင် ချစ်သလို တခမ်းတနား စာဖွဲ့ပြောဆိုတတ်သလို မုန်းလျှင်လည်း မုန်းသလို လူတယောက်၏ ဘဝတလျှောက်လုံး၊ ထိုသူ၏ မျိုးနွယ်စဉ်ဆက်တခုလုံး ခေါင်းမဖော်နိုင်အောင် ဟုတ်တာရော မဟုတ်တာရော သိမ်းကြုံးပြောဆိုတတ်သည့် အကျင့်စရိုက်များကို ဘဝတွင် ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ဘူးပါ၏။ အထက်ပါ အကျင့်စရိုက်များသည် အဆိုပါ လူ့အဖွဲ့အစည်း၏ ဖြတ်သန်းရသော မှတ်တမ်းမဲ့ အတိတ်သမိုင်းကြောင်းနှင့် သမိုင်းမှတ်တမ်းကို တန်ဖိုးထားရကောင်းမှန်း မသိမှုက အဆိုပါလူမျိုး၏ ဗီဇတွင် အမြစ်တွယ်နေသော အချောင်သမားစိတ်ဓာတ်၊  မင်းလောင်းမျှော်ဝါဒတို့ကို မွေးထုတ်ခဲ့လေရော့သလားဟု စာရေးသူတွေးမိပါသည်။ စာရေးသူတို့သည် မိမိကိုယ်တိုင်နှင့် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း၏ စရိုက်သဘောကို မညှာမတာ ဝေဖန်ဆန်းစစ်ဖို့တော့ လိုအပ်နေပြီဟု အလျင်းသင့်၍ တင်ပြလိုပါသည်။

DSC_4609

စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များ၏ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ယနေ့တိုင် ပြည့်စုံသော သမိုင်းမှတ်တမ်းကို နိုင်ငံတော်အဆင့်မှ ပြုစုထုတ်ပြန်ခြင်းမရှိဘဲ၊ လူပုဂ္ဂိုလ်တဦးချင်းက နိုင်ငံတော် လုပ်ကြံမှု အမှုတွဲမှတ်တမ်း၊ သတင်းစာပါ မှတ်တမ်းများကို ကိုးကား ရေးသားထားချက်များသာ ရှိပါသည်။ ထိုစဉ်က ခေတ်ပြိုင်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိအစိုးရသည် အဘယ်ကြောင့် နိုင်ငံတော်လုပ်ကြံမှုကြီး၏ နောက်ကွယ်မှ ဖြစ်ရပ်မှန်များကို ကော်မရှင်ဖြင့် စုံစမ်းဖော်ထုတ်၍ လူထုထံ ရှင်းလင်းတင်ပြရန် ပျက်ကွက်ခဲ့ရသလဲ။ မြန်မာလူထုကလည်း မိမိတို့၏ အာဇာနည်သူရဲကောင်းများ လုပ်ကြံခဲ့ရသည့် အမှုဖြစ်စဉ်မှန်ကို ဂဃနဏ သိရှိရအောင် ဖော်ထုတ်ပေးခဲ့ဖို့ တောင်းဆိုရကောင်းမှန်း ဘာကြောင့် မသိခဲ့ရသလဲ။ အစိုးရအဆက်ဆက်ကလည်း ယင်းတာဝန်ကိုဘာကြောင့် ပျက်ကွက်ခဲ့သလဲ။ အတိတ်သမိုင်းမှန်ကို ဖော်ထုတ်မှတ်တမ်းတင် သင်ခန်းစာယူရန် မကြိုးစားဘဲ အခြားသူပါးစပ်ဖျားမှ ပြောစကားတွင် လမ်းဆုံးနေကြလျှင် စာရေးသူတို့ လူမျိုးသည် ကမ္ဘာ့အလယ်တွင် မျက်စေ့သူငယ်၊ နားသူငယ်ဖြင့် အရာမဝင် ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချိုသွေးရနှင့် ဗိုလ်ချုပ်ပြောသည့် ဖာနိုင်ငံဖြစ်မှန်းမသိ ဖြစ်တော့မည်ကို သတိပြုကြပါဟု အသိပေးလိုပါသည်။

၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အင်းစိန်ထောင် ၆ တိုက် ၆ ခန်းတွင် ပြည်သူ့ရဲဘော် ဗိုလ်စက်ရောင်ခေါ် ဗိုလ်ခင်မောင်က ၎င်းမသေမှီရက်ပိုင်း လပိုင်းအလိုတွင် ထူးထူးခြားခြား မြန်မာနိုင်ငံနှင့်ပတ်သက်သော တာဝန် တခ ုစာရေးသူအား ပေးပါသည်။ ဒီတာဝန်ကို မင်းပဲ ထမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်၍ ပေးရခြင်းဖြစ်သည်ဟု ပြောပါသည်။ သူပေးသောတာဝန်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရမှုတွင် တရားခံဦးစော နောက်ကွယ်၌ နယ်ချဲ့သမားများ ရှိနေကြသည်ဟု ခပ်လွယ်လွယ် ကောက်ချက်ဆွဲမှုကိုသာ မြန်မာ့ သမိုင်းတွင် ပေါ်ပေါက်နေသည်၊ အမှန်တကယ် အဓိက ဇစ်မြစ် လက်သည်တရားခံမှာ ဖဆပလ အစိုးရအတွင်းက အာဏာရ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်ပိုင်း ကိုယ်တိုင်ပါဝင်နေခြင်းနှင့် စပ်ဆိုင်သည့် သမိုင်း၏ အတွင်းရေးအချို့ကို ဗိုလ်စက်ရောင်က စာရေးသူအား ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

စာရေးသူက စာရေးသူ မွေးကာစ ကလေးဘဝတွင် ဖြစ်ပွားခဲ့သော နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ထောင်ထဲ၌ ၁၄ နှစ်နေရဦးမည့် အသက် ၄၀ ကျော် စာရေးသူအား ဖော်ထုတ်ပေးရန် တာဝန်ပေးသော ဗိုလ်စက်ရောင်ကို အန်ကယ်တို့ ခေတ်က ဖြစ်ခဲ့တဲ့ဇာတ်လမ်း၊ အန်ကယ်ကိုယ်တိုင်လည်း တစိတ် တပိုင်း ပါဝင်ပတ်သက်ပါလျက် အန်ကယ်မဖော်ထုတ်ခဲ့ဘဲ ဘာကြောင့် ကျနော့်ကို အခါနှောင်းမှ လူမိုက်ငှားသလို ခိုင်းရတာလဲဟု မကျေမချမ်း ပြန်ပြောခဲ့ပါသည်။ ဗိုက်စက်ရောင်က မင်းက ဥပဒေပညာရော ရှေ့နေပညာပါတတ်ရုံမက သတင်းသမားလည်း ဖြစ်လို့ သမိုင်းတာဝန်ကို လက်ဆင့်ကမ်းပေးလိုက်တာပါ။ ငါက ကျောင်းဆရာနဲ့ စစ်သားပဲ လုပ်ခဲ့ဘူးတယ်။ အမှန်ကိုသိရုံနဲ့ အမှန်တရားကို ပေါ်အောင်ဖော်တာ မတူဘူး။ ဒီအလုပ်က မင်းလုပ်တတ်ပါတယ်၊ လုပ်နိုင်ပါတယ်ဟုပြောပြီး နိုင်ငံတော်လုပ်ကြံမှုကြီးနှင့် ဆက်စပ်သော အရေးကြီး အချက်အလက်ဆိုသည်များကို စာရေးသူအား ပြောပြခဲ့ပါသည်။ စာရေးသူကလည်း သေခါနီး လူတယောက် စိတ်ချမ်းသာလျှင် ပြီးရောသဘောဖြင့်သာ နားထောင်ခဲ့ပါသည်။ ဤသို့ဖြင့် ၁၉၄၆/၄၇ ဝန်းကျင် ဗိုလ်စက်ရောင် ကိုယ်တိုင်တွေ့ကြုံရသည့် နိုင်ငံရေးဘဝနှင့် နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်စပ်ဆိုင်သော အချက်အလက်များကို စာရေးသူ သိရှိ နားထောင်ခွင့်ကြုံခဲ့ပါသည်။

နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ အဓိကတရားခံမှာ ဦးစောဖြစ်သော်လည်း ၎င်း၏ နောက်ကွယ်တွင် နယ်ချဲ့သမား၏ အကွက်ဆင် ထောက်ပံ့ကူညီခဲ့မှု ရှိခဲ့သည်ဟူသော သမိုင်းအမြင်သည် နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားပြီးခါစကပင် စတင်ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါသည်။ ပြည်တွင်းရှိ ကွန်မြူနစ်ဂိုဏ်းရော ဆိုရှယ်လစ်ကပါ ယင်းအမြင်ကို ခပ်လွယ်လွယ် ဖော်ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဦးနေဝင်းမြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ဆင်းသွားချိန်မှစ၍ နိုင်ငံတော်လုပ်ကြံမှုကြီး၏ နောက်ကွယ်တွင် အဓိကတရားခံဦးစောသည် နိုင်ငံရေးဆင်ကွက်အတွင်းကျရောက်သွားသူသာဖြစ်သည်။ အဆိုပါ နိုင်ငံရေးထောက်ချောက်အတွင်းသို့ ဦးစောရောက်ရှိရန်ဖန်တီးသူမှာ ပြည်ပနယ်ချဲ့သမားသာမဟုတ်ဘဲ ပြည်တွင်းနိုင်ငံရေးပြိုင်ဘက်များပါဝင်ခဲ့ပြီး ယင်းပြိုင်ဘက်များထဲတွင် ဦးနေဝင်းသည် အဓိကဇာတ်ကောင်ဖြစ် သည်ဟူသောသမိုင်းအမြင်တခုထပ်မံပေါ်ထွက်လာပါသည်။ အဆိုပါအမြင်ကိုနိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပွားစဉ် က နိုင်ငံတော်၏ ရဲဗိုလ်ချုပ်တာဝန်ယူထားသူဦးထွန်းလှအောင်၏ သားလည်းဖြစ်၍ ထိုစဉ်က နိုင်ငံတော်တရားရုံးချုပ်တရားရေးဌာနအတွင်းဝန်အဖြစ်လည်းကောင်း၊ ထောင်မင်းကြီးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သူ ဦးသောင်းစိန်၏ သားမက်တော်သူ ဦးခင်အောင်ရေးသားသည့် အောင်ဆန်းကို ဘယ်သူသတ်သလဲ “Who Killed Aung San?” စာအုပ်တွင် ထုတ်ဖော်တင်ပြထားခဲ့ပါသည်။

စာရေးသူအား ဗိုလ်စက်ရောင်က ထုတ်ဖော်ပြောကြားခဲ့သော နိုင်ငံတော် လုပ်ကြံမှုကြီးနောက်ကွယ်မှ အဓိက သမိုင်းတရားခံများမှ အထက်ပါသမိုင်းအမြင် ၂ ရပ်နှင့် သက်ဆိုင်ခြင်းမရှိသော အတွင်းရေး အချက်အလက်သစ်များဖြစ်ပြီး ယင်းအချက်အလက်နှင့် ဆက်စပ်၍ စာရေးသူကိုယ်တိုင် မမျှော်လင့်ဘဲ နိုင်ငံတော်လုပ်ကြံမှုကြီးနှင့် ဆက်စပ်မှတ်တမ်းတချို့အား ထပ်မံရှာဖွေတွေ့ရှိသောကြောင့် ပြည်သူတရပ်လုံး သိရှိသုံးသပ်ဆုံးဖြတ်နိုင်ရန် အချိန်ကျရောက်ပြီထင်၍ ဤဆောင်းပါးကိုရေးသားတင်ပြရခြင်းဖြစ်ပါသည်။ သမိုင်းအမှန်ပေါ်ပေါက်ရန် လိုအပ်သည်ထင်မြင်၍ မည်သည့်ဘက်မျှ မလိုက်ဘဲ သစ္စာတရား လက်ကိုင်ထား၍ ရေးသားခြင်းဖြစ်ပါကြောင်း ဦးစွာ ဝန်ခံ ကတိပြုပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်ခေါင်းဆောင်များ လုပ်ကြံမှုကြီးကို စစ်ဆေးဖော်ထုတ်လျှင် ဦးစွာပထမ ဦးစောဘဝနှင့် ၎င်းအား ၂၁-၉-၄၆ နေ့က လုပ်ကြံမှုကို ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။ ဦးစောသည် အောက်တန်းရှေ့နေဘဝမှ နန်းရင်းဝန်ဘဝသို့ ဒုတိယကမ္ဘာစစ်မတိုင်မှီ မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီခေတ်တွင် ရောက်ရှိအောင်မြင်ခဲ့သော နိုင်ငံရေးသမားတယောက် ဖြစ်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်အစိုးရက ဦးစော၏ နိုင်ငံရေးလှုပ်ရှားမှုများကို ယုံကြည်စိတ်ချမှု မရှိသောကြောင့် အာဖရိကတိုက်ရှိ ယူဂန္ဓာနိုင်ငံတွင် ၁၉၄၂၊ ဇန်နဝါရီလ ၈ ရက်မှ ၁၉၄၆ ဇန်နဝါရီလဆန်းအထိ ၎င်းအား ထိန်းသိမ်းထားခဲ့ပါသည်။ ယင်းကာလများအတွင်း မြန်မာနိုင်ငံရေးအခင်းအကျင်းသည်လည်း ပြောင်းလဲသွားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဟူသော လူငယ်ခေါင်းဆောင်သစ်တယောက်သည် စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးတွင် ထင်ရှားပေါ်ပေါက်လာရာ အင်္ဂလိပ်အစိုးရသည် ၎င်းအားယှဉ်ပြိုင်နိုင်ရန် နန်းရင်းဝန်ဟောင်းဦးစောအား မြန်မာနိုင်ငံသို့ အမြန်ပြန်ပို့ပေးလိုက်ခြင်းဖြင့် နိုင်ငံရေးကစားကွက်တခုကို ဖန်တည်းခဲ့ပါသည်။

ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖဆပလအဖွဲ့တို့အကြား နိုင်ငံရေးမပြေလည်မှုကို ပုံစံသစ်ပြောင်းရန် ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်ကို အင်္ဂလန်မှ ထပ်မံစေလွှတ်ပြီးနောက် အာဏာနေရာ အပေးအယူပြုလုပ်ကြရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တချိန်တည်းတွင် ဖဆပလအများစုပါသော ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဖဆပလအား ထိန်းရန် ဦးစောနှင့် သခင်ဗစိန်တို့ကဲ့သို့ ဖဆပလဆန့်ကျင်ရေး အင်အားစုများကို ဘုရင်ခံခန့်ကောင်စီလူကြီးများအဖြစ် ဆာဟူးဘတ်ရန့်က ခန့်အပ်ရန် စီစဉ်ခဲ့ပါသည်။

အထက်ပါအတိုင်း အင်္ဂလိပ်အစိုးရက နိုင်ငံရေး ကျားကွက်ဆင်နေချိန် ၂၁-၉-၁၉၄၆ ညနေပိုင်းတွင် ဦးစော သည် ဘုရင်ခံဆာဟူးဘတ်ရန့်နှင့်တွေ့ဆုံပြီး အိမ်အပြန်ပြည်လမ်း (မြေနီကုန်း၊ မပိုလမ်းထိပ်အနီး) ၌ ၎င်း၏ ကားအား နောက်မှ ကပ်လိုက်လာသည့် ဂျစ်ကားပေါ်မှ စစ်ယူနီဖောင်းဝတ် လူတဦးက သေနတ်နှင့်ပစ်၍ လက်ဝဲမျက်လုံးတဝိုက် မှန်စနှင့် ကျည်ဆံ ပွတ်ရှ ထိခိုက်ဒဏ်ရာရခဲ့ပြီး ရန်ကုန်ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။

ဦးစောလုပ်ကြံခံရချိန်က ဖဆပလ အလုပ်အမှုဆောင် အစည်းအဝေးကို ဗဟန်းမြို့နယ် တာဝါလိန်းရှိ ဗိုလ်ချုပ်အောင်ဆန်း အိမ်အပေါ်ထပ်တွင် ပြုလုပ်နေချိန်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှက ဦးစောသေနတ်အပစ်ခံရတယ်ဟု သတင်းလာပို့သည်။ ဦးနုက ဟေ့ ကျော်ငြိမ်း (ဆိုရှယ်လစ်ပါတီခေါင်းဆောင်အား) ဘယ်သူပစ်တယ်ထင်သလဲဟု ခေါ်မေးရာ ဦးကျော်ငြိမ်းက သူမသိဘူးဟု ဖြေသည်။ နောက်တနေ့ ညဘက် ဗိုလ်ချုပ်ကိုယ်တိုင် ဦးစောအား လူမမာမေးရန် ဦးနုကို လာခေါ်သည်။ ဦးနုက ဗိုလ်ချုပ် … ဦးစောကို ဘယ်သူပစ်တယ် ထင်သလဲဟု မေးရာတွင် ပြည်သူ့ရဲဘော်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကလည်း သူ မသိဘူးဟု ပြောကြောင်း (ဦးနုရေး တာတေစနေသား၊ စာမျက်နှာ ၁၀၅ တွင်) မှတ်တမ်းတင်ထားသည်ကို ဖတ်ရှုဘူးပါသည်။

ဗိုလ်စက်ရောင် ပြောကြားချက်အရဆိုလျှင် ထိုနေ့ (၂၁-၉-၄၆) စနေနေ့လည်ပိုင်းက ရန်ကုန်ဘဆွေ (ဆိုရှယ်လစ်ပါတီ Executive Committee အဆင့်ရှိသူ) သည် ၎င်းတို့စခန်းချရာ ပြည်သူ့ရဲဘော်ဌာနချုပ်၊ စစ်ကျန်မော်တော်ယာဉ်များ ပြုပြင်ရောင်းချနေသည့်နေရာ (ယခု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် အင်းယားမြိုင်လမ်း၊ ယခု မိုးညှင်းဓမ္မရိပ်သာနေရာသို့) ရောက်ရှိလာပြီး ဗိုလ်စက်ရောင်နှင့် အခြားပြည်သူ့ရဲဘော် ဗိုလ်တယောက်တို့အား ဗဟန်းရွှေဂုံတိုင်ဘက်ရှိ စားသောက်ဆိုင်တဆိုင်သို့ ခေါ်ဆောင်သွားပြီး ကျွေးမွေးသမှု ပြုခဲ့သည်ဟ ုဆိုပါသည်။ ဗိုလ်စက်ရောင်တို့မှာ အစားကောင်းများ မစားရဘဲ ပြတ်လပ်နေချိန်တွင် ရန်ကုန်ဘဆွေက ၎င်းတို့အား စေတနာဗလပွဖြင့် စိတ်တိုင်းကျ မှာယူစားသောက်ရန် ကုန်ကျငွေကို သူ ဒကာခံမည် ပြောသောကြောင့် ဝမ်းသာအားရ အစားအသောက်များ မှာယူခဲ့ကြသည်။

အစားအသောက်များ ရောက်ရှိလာချိန်တွင် ရန်ကုန်ဘဆွေက အနီးရှိ ပင်မင်းဆိုင်တွင် အဝတ်များအပ်ထား၍ သွားရွေးလိုက်ဦးမည်၊ ပြန်လာလျှင် ငွေရှင်းပေးမည်ပြော၍ ရုတ်တရက် ထွက်သွားပါသည်။ ငွေမရှိသော ဗိုလ်စက်ရောင်တို့မှာ ရန်ကုန်ဘဆွေပြန်လာချိန်ကို စောင့်ဆိုင်းနေရုံမှလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။ အမှန်မှာ ရန်ကုန်ဘဆွေသည် ပင်မင်းဆိုင်သို့ သွားခြင်းမဟုတ်ဘဲ ဗိုက်စက်ရောင်တို့ ပြည်သူ့ရဲဘော်ဌာနချုပ် ယာဉ်ပြင်ရောင်းချရေးစခန်းသို့ ပြန်သွားခဲ့ပြီး ဗိုလ်စက်ရောင်တို့နှင့် အတူသွားစရာရှိ၍ ဂျစ်ကားတစီး ပေးလိုက်ရန် သွားရောက်တောင်းယူ၍ ရန်ကုန်ဘဆွေနှင့် ဦးမြလှိုင်တို့ပါသောအဖွဲ့သည် ပြည်သူ့ရဲဘော် စစ်ယူနီဖောင်းများ ဝတ်ဆင်လျှက် ဘုရင်ခံအိမ်တော်မှ ပြန်လာသော ဦးစောအား မြေနီကုန်းအလွန်၌ သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါသည်။

ရန်ကုန်ဘဆွေသည် ဦးစောအား သေနတ်ဖြင့် ပစ်ခတ်ပြီးမှ ရွှေဂုံတိုင်ရှိ ဗိုလ်စက်ရောင်တို့ စားသောက်နေသော ဆိုင်သို့ပြန်လာခဲ့၍ ဦးစောအား သေနတ်နှင့်ပစ်ခဲ့ကြောင်း၊ ဦးစော သေမသေ မပြောနိုင်ကြောင်း ဗိုလ်စက်ရောင် တို့အား ပြောကြားခဲ့ပါသည်။ ဗိုလ်စက်ရောင်တို့မှာလည်း ရန်ကုန်ဘဆွေက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ ခရီးစဉ်တွင် ဆူးညှောင့်သဖွယ်ဖြစ်နေသော ဘုံရန်သူ အင်္ဂလိပ်အလိုတော်ရိ ဦးစောအား လုပ်ကြံရန် ကြိုးစားမှုကို သဘောကျနေခဲ့ပြီး မသေချာ မရေရာသော သေနတ်နှင့် ပစ်ခတ်မှုအစား ၅၀ လိပ်ဝင် စီးကရက်သံဗူးအတွင်း ၃၆ စိပ် အမေရိကန်လုပ် လက်ပစ်ဗုံးထည့်သွင်း၍ ဦးစောစီးသည့်ကားပေါ်တွင် ထောင်ထားခဲ့ပါက သေချာသော လုပ်ကြံနည်း ဖြစ်ကြောင်းကိုပင် ဗိုလ်စက်ရောင်က ရန်ကုန်ဘဆွေအား အကြံပြု ပြောကြားခဲ့သည်ဟု ဆိုပါသည်။ ဆိုရှယ်လစ်ပါတီခေါင်းဆောင် EC အဆင့်ရှိသူက ပြည်သူ့ရဲဘော် ယောင်ဆောင်၍ ပြည်သူ့ရဲဘော်အဖွဲ့ထံမှ ကားကိုအသုံးပြုပြီး ဦးစောအား ရန်စသည့်သဘော ဟန်ဆောင်အပစ်ပြခဲ့ခြင်းဖြစ်သည်ကို ထိုအချိန်က အစားမက်နေသော ဗိုလ်စက်ရောင်တို့ မသိခဲ့ကြချေ။

အလားတူပင် သေနတ်ပစ်ခံရသော ကာယကံရှင် ဦးစောကိုယ်တိုင်ကလည်း “ထိုအချိန်က သူ့အား မည်သည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ယခုလို ပစ်ခတ်လုပ်ကြံသည်ကို အဖြေရှာမရခဲ့ပါဘူး။ မတွေးတတ်လောက်အောင် ဖြစ်ခဲ့ပါတယ်။ ဦးအောင်ဆန်းနဲ့ သခင်နုတို့ပင် ကျနော့်ထံလာပြီး မေးကြပါသေး တယ်”လို့ တရားရုံးမှာ ထွက်ဆိုမှု ရှိခဲ့ပါသည်။

၁၉၄၆ ခုနှစ် မြန်မာ့နိုင်ငံရေးအခြေအနေကို သုံးသပ်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည်သာ မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင် အညွှန့်တလူလူနှင့် တက်လူ ဖြစ်ပါသည်။ ဆာပေါ်ထွန်း၊ ဒေါက်တာဘမော်၊ ဦးစောတို့မှာ မြန်မာပြည် နိုင်ငံရေးတွင် ကျလူ၊ နိုင်ငံရေး ကျားသေ ဖျက်မြင်း အဆင့်သာရှိကြသူများ ဖြစ်ပါသည်။ ဦးစောဆိုလျှင် မြန်မာနိုင်ငံနှင့် ဝေးကွာလှသော အာဖရိကတိုက်အလယ်တွင် ၅ နှစ်ခန့် အဆက်ဖြတ် ပြည်နှင်ဒဏ်ခံထားရသူဖြစ်ပါသည်။ သို့ဖြစ်၍ ဦးစောသည် သူ၏ မျိုးချစ်ပါတီကို ယခုမှ ခက်ခက်ခဲခဲ ပြန်လည်ထူထောင်နေရသူ ဖြစ်ပါသည်။ ဤအခြေအနေမှန်အရ နိုင်ငံရေးအရ ပစ်မှတ်ထား လုပ်ကြံခံရမည့်သူမှာ ဦးအောင်ဆန်းသာဖြစ်နိုင်ပြီး မိမိမဖြစ်နိုင်ကြောင်း ဦးစော သဘောပေါက်သည်။ သို့ဖြစ်ပါလျက် မိမိအား လုပ်ကြံသူသည် မည်သူမည်ဝါ၊ မည်သည့်ဂိုဏ်းက ဖြစ်နိုင်သည်ဆိုသည်ကို ဦးစော အခင်းဖြစ်ပွားစအချိန်က မမှန်းဆနိုင်ခဲ့ပါဆိုသောအချက်သည် ယုတ္တိရှိသည်ဟု ဆိုနိုင်ကောင်းပါသည်။

အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့် ကိုယ်တိုင်ကလည်း နိုင်ငံရေးအင်အားမရှိတော့သော ဦးစော၊ သခင်ဗစိန် တို့အား ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဖျက်မြင်းသဘော အသုံးချရန် အဆင့်အတွက်သာ ရည်မှန်းပြီး ဘုရင်ခံခန့် ကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရင်ခံကောင်စီအား ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့ဝင် အများစုလက်ထဲသို့ ဘုရင်ခံကိုယ်တိုင် အပ်နှံလိုက်ရသောအခြေအနေသည် ၁၉၄၆ ခုနှစ်တွင် အမှန်ဖြစ်ခဲ့ပါ သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီး၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် အစိုးရကိုယ်တိုင် ၁၉၄၇-ခုနှစ် ဇန်နဝါရီတွင် ဖိတ်ကြားမှုပြုခဲ့သောကြောင့် သမိုင်းဝင် အောင်ဆန်းအက်တလီစာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့  ၉-၁-၄၇ တွင် ရောက်ရှိခဲ့ပါသည်။

ဗိုလ်ချုပ်တို့ ဖဆပလကိုယ်စားလှယ်အဖွဲ့ လွတ်လပ်ရေးတောင်းဆိုမှုနှင့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးပွဲ ကျင်းပပေးနိုင်ရေး တောင်းဆိုမှုကို အင်္ဂလိပ်အစိုးရက လက်ခံလျှင် လိမ္မော်သီး၊ လက်မခံလျှင် သံပုရာသီး လို့ သံကြိုးရိုက်အ ကြောင်းကြားရန် ဦးနုက ဦးကျော်ငြိမ်းကို မှာကြားလိုက်သည်လို့ ဆိုပါသည်။ တောင်းဆိုတာ မရလို့ သံပုရာသီးလို့သာ သံကြိုးစာဝင်လာလျှင် ဦးနုသည် အနုနည်းဖြင့် အာဏာဖီဆန်ရေးလုပ်ငန်းကို မြန်မာ ပြည်တွင်းမှာ စတင်လုပ်ဆောင်ရမည် ဖြစ်ပါသည်။ အနုနည်း အာဏာဖီဆန်ရေးလုပ်စဉ် မြန်မာလူထုက အကြမ်းဖက်မှုတွေ လုပ်လာလျှင် အာဏာဖီဆန်ရေးကို ချက်ချင်းရပ်ပစ်ပါဟု ဗိုလ်ချုပ်က သတိပေးစကား ပြောခဲ့သည်ဟု ဦးနု၏ တာတေစနေသား (စာမျက်နှာ ၁၀၈-၁၁၁) စာအုပ်တွင် ပါရှိပါသည်။

အထက်ပါ အနုနည်း အာဏာဖီဆန်ရေးကို အကန့်အသတ်ဖြင့် လူကြီးများ စီစဉ်ထားချိန်တွင် ဆိုရှယ်လစ်ပါတီ ယူနစ် အုပ်စုဝင်လူငယ်များနှင့် ပြည်သူ့ရဲဘော် တက်ကြွလူငယ်အုပ်စုက လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန်အထိ ၂ အုပ်စု လျှို့ဝှက်စည်းဝေး တိုင်ပင်မှုများရှိခဲ့သည်ဟု ဗိုလ်စက်ရောင်က ဆိုပါသည်။ ယူနစ် အုပ်စုမှ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ချစ်ခိုင် အစရှိသော အရာရှိငယ်များသည် ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့နှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့ဝင်များအဖြစ် ဂျပန်တော်လှန်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ရာ၌ ဗိုလ်နေဝင်းသည်လည်း ယင်းအစုနှင့် နီးကပ်လာသည်။ (တပ်မတော်သမိုင်း၊ စာမျက်နှာ ၉၄ အရ) အကယ်၍ အင်္ဂလိပ်ထံမှ လွတ်လပ်ရေး တောင်းဆိုမရခဲ့၍ လက်နက်ကိုင် တိုက်ပွဲဝင်ရမည်ဆိုလျင် ပြည်သူ့ရဲဘော်ဘက်က စစ်ရေးကို ဦးဆောင်ရန် ဗိုလ်ဖိုးကွန်းနှင့် ဗိုလ်စိန်မှန်ကို ကြိုတင်ရွေးချယ်ကြောင်း အဆိုပြုခဲ့သလို ဆိုရှယ်လစ်ပါတီဘက်မှ စောရန်နောင် ဆိုသော ပုဂ္ဂိုလ်ကို စစ်ရေးခေါင်းဆောင်အဖြစ် အဆိုပြုခဲ့ကြောင်း၊ စောရန်နောင်ဆိုသော အမည်မှာ လူသိထင်ရှားမဟုတ်၍ ၎င်း၏ဓာတ်ပုံ၊ ကိုယ်ရေးရာဇဝင်ကအစ ပြည်သူ့ရဲဘော်ဘက်က ကြိုတင်သိရှိနိုင်အောင် အသိပေးဖော်ပြရန် တောင်းဆိုသောအခါတွင်မှ ဆိုရှယ်လစ်ပါတီဘက်က စောရန်နောင်၏ ဓာတ်ပုံ၊ ကိုယ်ရေးရာဇဝင်တို့ကို ပေးခဲ့ကြောင်း ဗိုလ်စက်ရောင်က ၁၉၄၆ ခုနှစ် နှစ်ကုန်ပိုင်းကာလက ၎င်း၏ ကိုယ်တွေ့လျှို့ဝှက်ဖြစ်စဉ်များကို စာရေးသူအား ပြောပြခဲ့ပါသည်။

ကံအားလျော်စွာပင် အောင်ဆန်း-အက်တလီစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သဖြင့် ဦးနုအနေဖြင့် အနုနည်း အာဏာဖီဆန်ရေးကို လုပ်စရာ မလိုခဲ့သလို ဆိုရှယ်လစ်ပါတီ ယူနစ်အုပ်စုဝင်များနှင့် ပြည်သူ့ရဲဘော်တို့ ပူးပေါင်းလုပ်ဆောင်မည့် စစ်ရေးလုပ်ငန်းစဉ်လည်း လုပ်ဆောင်ရန် မလိုဘဲ အေးချမ်းစွာ ရပ်ဆိုင်းသွားခဲ့ပါသည်။ အောင်ဆန်း-အက်တလီစာချုပ်ကို သခင်ဗစိန်နှင့် ဦးစောတို့ကသာ လက်မှတ်မထိုးဘဲ ငြင်းဆန်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးစော ရန်ကုန်ပြန်ရောက်ခဲ့ပါသည်။ ဘုရင်ခံကောင်စီမှလည်း ဦးစောနှင့် သခင်ဗစိန်တို့ နုတ်ထွက်လိုက်ကြပါသည်။

ယင်းကဲ့သို့ လွတ်လပ်ရေးကိစ္စများ ဆက်လက်ဆောင်ရွက်နေရင်း နောင် ၅ လခန့်အကြာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ စနေနေ့ နံနက် ၁၀:၃၇ နာရီအချိန်တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့သည် အစိုးရ လက်နက်တိုက်မှ လက်နက်များ ဥပဒေနှင့် ဆန့်ကျင်ထုတ်ယူ ပျောက်ဆုံးသွားမှုများကို ဆွေးနွေးနေကြပါသည်။ ထိုအချိန်၌ပင် ပျောက်ဆုံးသွားသော လက်နက်များကို ရယူထားသော ဦးစော၏ အဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့အား အတွင်းဝန်ရုံးအတွင်း အလွယ်တကူဝင်ရောက် လုပ်ကြံသတ်ဖြတ်သဖြင့် ဗိုလ်ချုပ် အပါအဝင် ဒီးဒုတ် ဦးဘချို ၊ သခင်မြ ၊ ဦးအဗ္ဗဒူရာဇတ် ၊ ဦးဘဝင်း ၊ မန်းဘခိုင် ၊ စပ်စံထွန်း ၊ ဦးအုန်းမောင် ၊ ကိုထွေးတို့ ၉ ဦး ကျဆုံးသွားခဲ့ပါသည်။

ထိုနေ့တွင်ပင် ပြည်လမ်းနှင့် ဒူးဘမ်းလမ်း (ယခု-မေခလမ်း) ဆုံ အနီးရှိ ဦးစော၏ အိမ်ဝန်းအား ဝင်ရောက်စီးနင်းဖမ်းဆီး ရှာဖွေခဲ့ရာ အိမ်ခြံဝန်းနှင့် အင်းလျားကန်ထဲမှ လက်နက်များ ရှာဖွေ သိမ်းဆည်းရမိခဲ့ပါသည်။ ဦးစောခြံဝင်းအတွင်း သိမ်းဆည်းရမိသော လက်နက်တွေထဲမှာ ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက်စစ်ရေး ခေါင်းဆောင် စောရန်နောင်၏ သေနတ်ကိုပါ သိမ်းဆည်းရမိတာက အလွန်ကို ထူးဆန်းနေသည်ဟု ဗိုလ်စက်ရောင်က ပြောပါသည်။

(ဆက်လက်ဖော်ပြပါမည်)

Did you find apk for android? You can find new Free Android Games and apps.
Loading