ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့နှင့် ကျိုင်းတုံမြို့လမ်းမပေါ်တွင် ကားများ အဆက်မပြတ် သွားလာနေကြသည်။
မိုင်းလား-ကျိုင်းတုံ ကားလမ်း တနေရာတွင် ဖြစ်သည်။ မိုင်းလားမြို့မှ ၇ မိုင်ခန့် ဝေးကွာပြီး နာရီဝက်ခန့် ဆိုင်ကယ်ဖြင့် သွားလျှင် အလွန်လှပသည့် အဆောက်အအုံများ အပြင်အဆင်များနှင့် တိတ်ဆိတ်သည့် နေရာလေးတခုကို အမှတ်မထင်တွေ့ရသည်။ ထို နေ ရာသည် အဆောက်အအုံ ပုံစံမျိုးစုံဖြင့် ပြုလုပ်ထားသော ကာစီနို လောင်းကစားရုံများရှိသည့် နေရာ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) မိုင်းလား အထူးဒေသ ၄ အဖွဲ့က ထိန်းချုပ်ထားသည့် မိုင်းလား ကာစီနို ဟု ခေါ်သည့် နေရာလည်း ဖြစ်ပါသည်။
မိုင်းလားကာစီနို သို့ သွားရောက်ကစားမည်ဆိုပါက ကစားရုံ၏ သီးသန့် ကြို၊ ပို့ကားများရှိသည်။ ကာစီနိုရုံတိုင်းတွင် ကြို၊ပို့ ကားများ ရပ်ထား ပြီး ကာစီနို ဝန်ထမ်းများအတွက် အပါအဝင် ကြို၊ ပို့လုပ်ပေးနေသည့် ကား အစီးရေ ၄၀၀ ကျော်ရှိပြီး ကာစီနိုကို လာရောက် ကစားသည့် ငွေကြေးကြွယ်ဝသူများ အတွက် ကားများ ထားရှိပေးသည်ကိုလည်း တွေ့ရသည်။ ထမင်းဆိုင်နှင့် ဈေးဆိုင်တန်းများလည်း ရှိသည်။
ကာစီနို လောင်းကစားရုံအဝင် အပြင်ဘက်တွင် စစ်ဝတ်စုံများနှင့် ဝင်ခွင့်မပြု ၊ တုတ်ဓား လက်နက်များ နှင့် မူးယစ်ဆေးဝါးများ ယူဆောင်သုံးစွဲခွင့်မပြု ဆိုသည့် စာများကို တရုတ်၊ ရှမ်း၊ မြန်မာ ဘာသာများဖြင့် ရေး၍ ကပ်ထားသည်။ သို့သော် သွားရောက် ကစားသူများအား စစ်ဆေးခြင်း မရှိသည်ကို တွေ့ရသည်။
ထိုကာစီနိုရုံပေါင်း ၁၅ ရုံခန့်ရှိပြီး လောင်းကစားမျိုးစုံ ကစား၍ရသည်ကို တွေ့ရသည်။
လောင်းကစားရုံ တွင်းသို့ ဝင်ရောက်သွားသည့်အခါ ရုံတရုံတွင် လောင်းကစားဝိုင်းခုံ ၁၅ ခုံ ခန့်ရှိသည်။ ထိုခုံများတွင် အကျႌအဖြူပေါ်ကုတ်လက်ပြတ်ကို ဝတ်ဆင်ထားပြီး ဘောင်းဘီ အနက်ရောင်နှင့် အသက် ၁၄ နှစ် မှ အသက်၂၀ ကျော်အရွယ် လူငယ်များကိုတွေ့ရ သည်။
လောင်းကစားခုံ တခုံတွင် အမျိုးသားတဦး အမျိုးသမီးနှစ်ဦး ထိုင်၍ လောင်းကစား အလျော်အစားကို ပြုလုပ်နေကြသည်။ တချို့ လူငယ်များသည် နားကြပ်များ တပ်ဆင်ပြီး အဝေးမှ အင်တာနက်ဖြင့် လောင်းကြေးထပ်သူများ အတွက် လိုက်လံ ထိုးပေးနေကြ သည်။
ကာစီနို လောင်းကစားရုံတွင် အလုပ်လုပ်သူများသည် တရုတ်စကားနှင့် ရှမ်းစကားကို အဓိက တတ်ကျွမ်းရမည်ဖြစ်ပြီး လောင်း ကစား အလျော်အစားကို နားလည်ရမည်ဖြစ်ကြောင်း၊ လောင်းကစားရုံတွင် အလုပ်လာလုပ်သူ အများစုသည် ရှမ်းပြည်နယ် မြောက် ပိုင်း မူဆယ်မြို့၊ လားရှိုးမြို့၊ တန့်ယန်း နှင့် မိုင်းလား မြို့မှ လူငယ်များ ဖြစ်ကြောင်း ထို ကစားရုံတွင် အလုပ်လုပ်နေသူများက ပြော သည်။
လာရောက် လောင်းကစားသူများတွင် ၂၄ နာရီလုံး ကစားသူများလည်း ရှိ၍ အလုပ်သမားများကို မနက်ဆိုင်းနှင့် ညဆိုင်း ခွဲထားပြီး အလုပ် တနာရီ လုပ်ပြီး တနာရီ နားခွင့်ရှိသည်။
မနက်ဆိုင်း အလုပ်ချိန်မှာ မြန်မာ စံတော်ချိန် မနက် ၆ နာရီခွဲမှ နောက်တနေ့ မနက် ၆ နာရီခွဲအထိ လုပ်ကိုင်ရပြီး ညဆိုင်းအလုပ်ချိန် မှာ ညနေ ၆ နာရီခွဲမှ နောက်တနေ့ မနက် ၆ နာရီခွဲ အထိ လုပ်ရသည်။
ကာစီနိုရုံတွင် အလုပ်လုပ်နေသူ ၁၀၀၀ ကျော် ရှိကြောင်း သိရသည်။
မူဆယ်မြို့မှ မိုင်းလား ကာစီနို သို့ လာရောက် အလုပ်လုပ်သည့် အသက် ၁၈ နှစ်အရွယ် မိန်းကလေး တဦးက“ဒီမှာက လစာ အစား စား ရှိပါတယ်။ စဝင်ရင်တော့ တရုတ်ယွမ်ငွေ ၃၀၀၀ ကနေရပြီး အခုဆိုရင် ကျမ တရုတ် ယွမ်ငွေ ၄၅၀၀ ရပါပြီ။ အလုပ်ချိန်က တယောက်ကို ၁၂ နာရီပေမယ့် တနာရီ တခါ နားခွင့်ပြုထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အနိုင်ရသူများထံမှလည်း မုန့်ဖိုးများရရှိကြောင်း၊ ယင်းကာစီနိုရုံတွင် လုပ်ကိုင်ရသည်မှာ အဆင်ပြေကြောင်း မိုင်းလားနှင့် အခြား
ရှမ်းပြည်နယ်မှ လူငယ်တချို့သည် မိုင်းလား ကာစီနိုတွင် အလုပ်ရရှိရန်အတွက် တရုတ်စကားကို သင်ယူနေကြကြောင်းလည်း အထက်ပါ မိန်းကလေး က ပြောပြသည်။
“ကာစီနိုမှာ အလုပ်လုပ်တဲ့လူတွေက များသော်အားဖြင့် ဆယ်ကျော်သက်နဲ့ အသက်နှစ်ဆယ်ကျော်တွေပါပဲ။ အသက် ၃၀ကျော်ရင် ဒီမှာက အလုပ်မရတာများတယ်။ စစချင်းတုန်းက ဖဲဝေတဲ့ နည်းကို တလလောက် သင်ရတယ်။ ပြီးမှ လုပ်ငန်းခွင်ထဲကို ဝင်ရတယ်” ဟုလည်း သူက ထပ်မံရှင်းပြသည်။
ထိုလောင်းကစားရုံများသို့ လာရောက်ကစားသူ အများစုသည် တရုတ် ပြည်မ မှ အများစု ဖြစ်ပြီး တချို့ ကစားသူများသည် အနီး ဝန်း ကျင် ကျေးရွာများမှ ဖြစ်ကြောင်း၊ ကာစီနိုတွင် လာရောက် ကစားသူများသည် လောင်းကြေး အနေဖြင့် ယွမ် ၁၀ အနည်းဆုံးဖြစ်ပြီး ယွမ် တသောင်း၊ ယွမ် တသိန်း အများဆုံး အနေဖြင့် ကစားနိုင်ကြောင်းလည်း သိရသည်။
“ကာစီနိုရုံပိုင်ရှင် တော်တော်များများကတော့ တရုတ်လူမျိုးတွေပဲ။ လာဆော့တဲ့ သူတွေလည်း တရုတ်တွေ များတယ်။ မိုင်းလား ရဲ့ စီးပွားရေးက ကာစီနိုပါပဲ။ အခုတော့ ထိုင်းခရီးသွား ဧည့်သည်တွေတော့ ဝင်လာပါတယ်၊ နယ်စပ်ဒေသတိုင်းမှာတော့ ကာစီနိုတွေ ရှိပါတယ်။ မိုင်းလားလို အရမ်းကြီးတာ မတွေ့ဖူးဘူး”ဟု မိုင်းလားတွင် ၇ နှစ် ကျော် လာရောက် အလုပ်လုပ်နေသည့် ကိုထွန်းအေး က ဧရာဝတီ သို့ ပြောသည်။
ကာစီနိုတွင်အလုပ်လုပ်နေသည့် အသက် ၂၀ ကျော် လူငယ် တဦးကလည်း “ကျနော်ကတော့ ဒီ ကာစီနိုမှာ လုပ်ရတာ အရမ်း သဘောကျတယ်။ ရတဲ့လစာ ကလည်း စုမိတယ်။ ဒီမှာလုပ်တာ ၅ နှစ် ရှိပါပြီ”ဟု ပြောပြသည်။
ကာစီနိုတွင်အလုပ်လုပ်သည့် လူငယ်အများစုသည် မိုင်းလားတွင် လူစုပြီး အိမ်ခန်းငှားနေရကြောင်း၊ အိမ်ခန်းခမှာလည်း ဈေးကြီး ကြောင်း၊ တချို့လူငယ်များသည် ဝင်ငွေများသဖြင့် လောင်းကစားကို စိတ်မထိန်းနိုင်ဘဲ လိုက်ကစားသည့် လူငယ်များလည်း ရှိကြောင်း ၎င်းက ပြောသည်။
မိုင်းလားတွင် ကာစီနိုရုံ တည်ထောင် ထိန်းချုပ် လုပ်ကိုင်နေသော NDAAသည် အစိုးရ နှင့် ၁၉၈၉ ခုနစ်တွင် ငြိမ်းချမ်းရေး စတင် ယူခဲ့ပြီး မိုင်းလား အထူးဒေသ ၄ အဖြစ် အစိုးရက သတ်မှတ်ပေး ခဲ့သည်။
၁၉၉၃-၉၄ ခုနစ်မှ စတင်ပြီး မိုင်းလားတွင် ကာစီနိုကို စီးပွွားရေးအဖြစ် ရပ်တည်လာပြီး ကာစီနိုမှ ရလာသည့် ဝင်ငွေကို မိုင်းလား ဒေသ ဖွံ့ဖြိုးရေးအဖြစ် အသုံးပြုသည်ဟု သိရသည်။ ။