Politics

မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို မျှော်လင့်နေသူ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အသက် ၂၇ နှစ် အရွယ် မဝေဝေနုရဲ့ သွေးကြောထဲမှာ ဒီမိုကရေစီ အရေး လှုပ်ရှားလိုမှုတွေ စီးဆင်းနေပုံရပြီး သူ့ရဲ့ တက်ကြွလှုပ်ရှား လိုမှုက မွေးကတည်းက ဗီဇ ပါလာတယ်လို့ ထင်ရပါတယ်။ မဝေဝေနုဟာ သူ့ရဲ့ ငယ်ရွယ်စဉ်ကာလ တွေကို အကျဉ်းထောင် သံတိုင်တွေရဲ့ နောက်ကွယ်မှာ ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အရင်က နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့ မဝေဝေနုဟာ လက်ရှိအချိန်မှာတော့ သူနဲ့ လူမျိုးတူတွေဖြစ်တဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ လူမျိုးတွေ ကြုံတွေ့နေရတဲ့ ဖိနှိပ်ခံရမှုတွေ ချုပ်ငြိမ်းသွားစေဖို့ အရေးကို လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

သူနဲ့ သူ့မိသားစု တွေ့ကြုံ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကတော့ ရခိုင်ပြည်နယ်မှာ အဓိက နေထိုင်နေတဲ့ လူနည်းစု ရိုဟင်ဂျာ ၁.၃၃ သန်းအပေါ် ပစ်မှတ်ထား ဖိနှိပ်နေမှုများစွာ ထဲက သာဓက တခုလို့ ပြောနိုင်ပါတယ်။ သူတို့ အများစုဟာ မြန်မာ နိုင်ငံတွင်းမှာ မျိုးဆက်များစွာ နေထိုင်ခဲ့ပေမယ့်လည်း နိုင်ငံသား ခံယူခွင့်မရှိကြပါဘူး။

မဝေဝေနုဟာ ရဲရင့် ပြတ်သားပြီး ရှင်းလင်းခိုင်မာတဲ့ အမြင်ရှိသူ အမျိုးသမီး တဦးဖြစ်ပါတယ်။ သူဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အယူသည်းမှု၊ အုပ်စုဖွဲ့ ဖိနှိပ်အနိုင်ကျင့်မှု ပြဿနာတွေကို ဆွေးနွေးရာမှာ အစွန်းရောက်အမြင်နဲ့ ပါဝင် ပြောဆိုမှု စတာတွေကို ဆန့်ကျင် လုပ်ဆောင်နေသူ တဦးဖြစ်ပါတယ်။

တွေ့ဆုံ ဆွေးနွေးမှုများ ဟာ ရိုဟင်ဂျာ အရေး ဆွေးနွေးသည်ဖြစ်စေ  အမျိုးသမီးများမှ ၎င်းတို့စိတ်ကြိုက်အိမ်ထောင်ဖက် ရွေးချယ် နိုင်ခွင့်အကြောင်း ဆွေးနွေးသည်ဖြစ်စေ တယူသန်သော မျိုးချစ်များ နှင့် ဘုန်းကြီး များမှ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် လူမျိုးများ အကြား တင်းမာ မှုကို အားဖြည့် ပေးလိုက်ပြီး ဖြစ်သည်။

“လက်ရှိအချိန်မှာ ဗုဒ္ဓဘာသာ တွေက မွတ်စလင်တွေကို ကြောက်လန့်နေရသလို မွတ်စလင်တွေ ဘက်ကလည်း ထိုနည်း လည်းကောင်းပါပဲ။ အားလုံးက တယောက်နဲ့တယောက် ကြောက်လန့်နေရတယ်” လို့ သူက ရိုက်တာကို ပြောပါတယ်။

သူ့ရဲ့ ရုံးခန်းဟာ ရန်ကုန်မြို့တွင်းက တိုက်တတိုက်ရဲ့ ၆ လွှာ အပေါ်ဆုံး အထပ်မှာ ဖွင့်လှစ်ထားတာပါ။

“အခုချိန်မှာက လူတွေကြားမှာ ပြောဆိုဆက်ဆံ တာတွေရယ်၊ ယုံကြည်မှုတွေရယ် နည်းပါးနေတော့ သွေးထိုး လှုံ့ဆော်သူတွေအတွက် ပဋိပက္ခနဲ့ သွေးထိုးစကား ဖြန့်ဖို့ ဆိုတာက လွယ်ကူ မြန်ဆန်လှပါတယ်” လို မဝေဝေနုက ဆိုပါတယ်။

မဝေဝေနုရဲ့ ရည်မှန်းချက်က ရေရှည်မှာ လူမျိုးစု တခုနဲ့တခု ချစ်ခင် ရင်းနှီး ငြိမ်းချမ်းစွာ တိုင်းပြည်အတွင်း နေထိုင်သွားဖို့၊ အထူးသဖြင့် သူ့ရဲ့ ဇာတိ ဖြစ်တဲ့ ရခိုင်ပြည်နယ် အတွင်းက တရားမျှတမှု မရှိတဲ့ လုပ်ရပ်တွေကို ရပ်တန့် သွားစေဖို့သာ ဖြစ်တယ်လို့ သိရပါတယ်။

“လူမျိုးရေးတွေ၊ ဘာသာရေးတေကို ဘေးဖယ်ထားပြီး ပြောချင်တာက ကျမတို့ရဲ့ ရခိုင်ပြည်နယ်ကို တရားမျှတပြီး တိုးတက်တဲ့ ပြည်နယ်တခု အဖြစ် ဖြစ်ထွန်းလာစေချင် ပါတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

သူပါဝင် လုပ်ဆောင်aeတဲ့ Women Peace Network Arakan အဖွဲ့အစည်းဟာ အခုအချိန်မှာ လူမျိုးစုတွေ အကြား နားလည်မှု တည်ဆောက်နိုင်ဖို့ အတွက် ပညာပေး ပို့ချမှုတွေကို ပြုလုပ်နေပါတယ်။ ဒါ့အပြင် သူဟာ လူတန်းစာခွဲခြား နှိမ့်ချ ဆက်ဆံ မှုတွေကို ခံစား နေရတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေဘက်က ကာကွယ် ပြောဆိုပေးနေ သူ တဦးလည်းဖြစ်ပါတယ်။

မဝေဝေနုဟာ ဖမ်းဆီး ထိန်းသိမ်းခံရစဉ် ၂၀၀၅ ခုနှစ် က အသက် ၁၈ နှစ်အရွယ် ဥပဒေ ကျောင်းသူ တဦး ဖြစ်ပါတယ်။ သူ ဖမ်းဆီး ခံရတဲ့ အကြောင်းကတော့ သူ့ရဲ့ ဖခင် ရိုဟင်ဂျာလူမျိုး တဦးဖြစ်သူ ဦးကျော်မင်းကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတာနဲ့ စပ်ဆက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နည် အနောက်ပိုင်း ဘူးသီးတောင် မြို့နယ်မှာ ပညာရေး ဝန်ထမ်းတဦးဖြစ်တဲ့ ဦးကျော်မင်းဟာ  ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အနိုင်ရပေမယ့် စစ်အစိုးရရဲ့ အသိအမှတ်ပြုမှု မခံခဲ့ရတဲ့ ပါတီကိုယ်စားလှယ် တဦးအဖြစ် ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။

ဦးကျော်မင်းဟာ အာဏာပိုင်တွေရဲ့ အကြိမ်ကြိမ် နှောင့်ယှက် တိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး ၁၉၉၀ ပြည့်နှစ် အစောပိုင်း မှာတော့ မိသားစု တစုလုံး ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ကြရပါတယ်။

၁၀ နှစ်လောက် အကြာမှာတော့ သူတို့ မိသားစု အားလုံး ထိန်းသိမ်းခံခဲ့ရပါတယ်။ ဦးကျော်မင်းကို ပထမဦးဆုံး ထိန်းသိမ်းခဲ့ပြီး နောက်၂ လအကြာတွင် ကျန်မိသားစုဝင်တွေကို ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ သူတို့ အားလုံးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တိုင်းပြည်လုံခြုံရေး ဥပဒေတွေနဲ့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ အရင် စစ်အစိုးရက ဦးကျော်မင်းရဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုအပေါ် ကူညီ ပံ့ပိုးနေတာတွေကို ရပ်တန့်လိုတာကြောင့် အခုလို ဖမ်းဆီးတာလို့ တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

“ကျမ ငယ်ငယ်တည်းက ဒီလို မတရားမှုတွေ ကျမတို့ နိုင်ငံထဲမှာ ဖြစ်ပျက်နေခဲ့တာတွေကို ပြုပြင်ပြောင်းလဲ နိုင်ဖို့အတွက် ဥပဒေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ချင် ခဲ့ပါတယ်” လို့ မဝေဝေနုက ပြောပြပါတယ်။

“ကျမတို့ ထောင်ထဲမှာ နေခဲ့ရတုန်း က ကျမ အမေက အခုဒီလို ဖြစ်နေတာဟာ လက်တွေ့လေ့လာဖို့ အခွင့်ကောင်းပဲ ဆိုပြီး ပြောခဲ့ပါသေးတယ်။ အဲဒီအတွက် ကျမကိုယ် ကျမ ကံကောင်းတယ်လို့လည်း မြင်မိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ရုံးတင် စစ်ဆေးခြင်းကို တံခါးပိတ်ပြုလုပ်ခဲ့ကြပြီး သူတို့ မိသားစုကို ရှေ့နေ ခေါ်ယူခွင့် မပေးခဲ့တဲ့အပြင် တရားသူကြီး ကလည်း သူတို့ရဲ့ ချေပချက်တွေကို နားမထောင်ခဲ့ကြဘူးလို့ သူက ပြောပြပါတယ်။ သူ့ဖခင် ဦးကျော်မင်းကို ထောင်ဒဏ် ၄၇ နှစ် ချမှတ်ခဲ့ပြီး ကျန်မိသားစု ဝင်တွေ ဖြစ်ကြတဲ့ သူ့မိခင်နဲ့ သမီး ၂ ဦး၊ သား တဦးတို့ကို ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ် ခဲ့ပါတယ်။

“ကျမတို့ တော်တော် အံ့သြပြီး စကားတောင် ပြန်မပြော နိုင်ခဲ့ဘူး။ အဖေ က အဲဒီ အချိန်မှာ အသက် ၆၀ ရှိနေပြီလေ။ ကျမက တရားသူကြီး ဘက်ကို လှည့်ပြီး ကျမတို့ကို အခုလို ပြစ်ဒဏ်ချမှတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့တာကို မှတ်မိနေသေးတယ်။ ကျမတို့ အဘွားက နှစ်တွေ အများကြီး နေခဲ့ပြီးပြီ ဆိုတော့ ကျမတို့လည်း အဆင်ပြေမှာပါ။ အဖေ့ကိုလည်း စိတ်မကောင်း မဖြစ်ဖို့ ပြောခဲ့တယ်” လို့ သူက ဆိုပါတယ်။

“ကျမ အချုပ်ခန်းထဲကို ပြန်ရောက်တော့မှပဲ ကျမ မျက်ရည်တွေ သွန်ချပြီး ချုံးပွဲချ ငိုနိုင်တော့တယ်” လို့ ဆိုပါတယ်။  ထိန်းချုပ်ထားတဲ့ကြားက ကျလာတဲ့ မျက်ရေတွေကို သုတ်ရင်း မဝေဝေနုက ပြောပြတာ ဖြစ်ပါတယ်။

မဝေဝေနုဟာ နာမည်ဆိုးတွေနဲ့ လူသိများတဲ့ အင်းစိန် အကျဉ်းထောင်မှာ ၇ နှစ်လောက် နေခဲ့ရပါတယ်။

သူဟာ အကျဉ်းထောင် ဖြတ်သန်းမှုတွေထဲမှာ အဆိုးဆုံး ဖြစ်တဲ့ စိတ်ဓာတ်ကျဆင်းတဲ့ ဝေဒနာကို ခံစားခဲ့ရပြီး သူ့ကိုယ်သူ မအားလပ်ရအောင် အလုပ်တွေလုပ်ရင်း စိတ်ဖြေဖျောက်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီလို စိတ်ဖြေဖျောက်တဲ့ နည်းတွေထဲမှာ ထောင်ထဲက တခြား အမျိုးသမီးတွေနဲ့ စကား လက်ဆုံ ပြောတာမျိုးတွေလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။ သူတို့တွေထဲက အများစုဟာ ပြည့်တန်ဆာ လုပ်ငန်း၊ အသေးစား လောင်းကစားမှု၊ မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့ အမှုတွေကြောင့် ဖမ်းဆီး ခံခဲ့ရသူတွေ ဖြစ်ကြတယ် လို့လည်း သူက ပြောပြပါတယ်။

“သူတို့တတွေက တော်တော် ငယ်ကြတယ်။ တချို့ဆို ကျမ ထက်တောင် ငယ်ပါသေးတယ်။ သူတို့တတွေ ဒီလိုအလုပ် မျိုး လုပ်ခဲ့ရတာဟာ သူတို့မှာ တခြား ရွေးချယ်စရာ မရှိလို့ပါ။ အခွင့်အလမ်းတွေ မရှိတာက သူတို့ရဲ့ အမှားလား” လို့ မဝေဝေနုက မေးခွန်းထုတ်ပါတယ်။

အကျဉ်းထောင်က အမျိုးသမီးတွေရဲ့ ဘ၀ ဇာတ်ကြောင်းကို ကြားနာ ခဲ့ရခြင်းက သူ့ကို အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တဦး ဖြစ်စေရန် တွန်းပို့ခဲ့သလို၊ အဆင့်အတန်းနှိမ့်ချ ဆက်ဆံခံ နေရတဲ့ အမျိုးသမီးတွေကို ကူညီလိုစိတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

“သူတို့နဲ့ တွေ့ပြီး နောက်ပိုင်း ကိုယ့်ဘဝကိုယ် အားငယ်ပြီး အပြစ်တင်ချင်တဲ့ စိတ်တွေ ပျောက်သွားတယ်။ အင်းစိန်ထောင် က ကျမ အတွက်တော့ ဘ၀ တက္ကသိုလ်ကြီး တခုလိုပါပဲ” လို့ သူက ဆိုပါတယ်။

ဒါပေမယ့်မယ့်လည်း အကျဉ်းထောင် ဘဝမှာ ဖြတ်သန်း ခဲ့ရခြင်းက သူတို့ မိသားစု အတွက် ဒဏ်ရာတခုအဖြစ် ဆက်လက် ရှိနေခဲ့ပါတယ်။ သူ့အဖေရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး သူ့ရဲ့ ညီမ ဖြစ်သူဟာလည်း အသည်း ရောဂါနဲ့ သေလု နီးနီး ဖြစ်ခဲ့ရပါတယ်။

သမ္မတ ဦးသိန်းစိန် ၂၀၁၁ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတို့ကို စတင် လုပ်ဆောင်ချိန် ဖြစ်တဲ့ ၂၀၁၂ ဇန်နဝါရီလမှာ သူတို့ မိသားစုဟာ တခြားသော နိုင်ငံရေး အကျဉ်းသားတွေနဲ့ အတူ လွတ်မြောက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ကတော့ ဆိုးမြဲတိုင်း ဆိုးဆဲ အဖြစ် ကျန်ရှိနေပါတယ်။

မဝေဝေနုရဲ့ ဖခင် ဦးကျော်မင်းဟာ ရိုဟင်ဂျာ လူမျိုး နိုင်ငံရေး သမားတယောက်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူတဦး ဖြစ်ပေမယ့် အဲဒီအချက်ဟာ အမြဲတစေ အငြင်းပွားဖွယ်ရာ ဖြစ်နေခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေမှာ စတင်ခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ပေါ်ပေါက်လာချိန်မှာတော့ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ အဲဒီ အဓိကရုဏ်တွေကြောင့် လူ ပေါင်း ၁၄၀၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစု ကတော့ ရိုဟင်ဂျာ လူမျိုးတွေ ဖြစ်ပါတယ်။

မြန်မာ အစိုးရနဲ့ တခြားသော မြန်မာလူမျိုးအများစုက သူတို့ကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ တရားမဝင် ဝင်ရောက် လာသူတွေလို့ သတ်မှတ်ပြီး ဘင်္ဂါလီ လို့ပဲ ခေါ်ဆို သုံးစွဲကြပါတယ်။

“ကျမတို့ ရိုဟင်ဂျာ လူမျိုးတွေက သိက္ခာရှိရှိ လူရိုသေ ရှင်ရိုသေ နေခဲ့တာပါ။ ကျမတို့က နေစရာမဲ့နေတဲ့ သူတွေ မဟုတ်ပါဘူး။ ကျမရဲ့မိဘ၊ အဘိုးအဘွား၊ ဘိုးဘေးတွေက နိုင်ငံသားတွေ အဖြစ်နေခဲ့ကြတဲ့သူတွေပါ” လို့ မဝေဝေနုက ပြောပါတယ်။

၁၉၈၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံသား အက်ဥပဒေဟာ ရိုဟင်ဂျာ လူမျိုးတွေရဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့်နဲ့ သွားလာခွင့်၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေကို ထိန်းချုပ်လိုက်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

“မှတ်ပုံတင် ကတ် ဆိုတာလေး မရှိရုံနဲ့ လူမျိုးစု တခုလုံးကို ထိခိုက်ခံ ရတာပါ။ အဲဒီလို ဖြစ်သွားတာက ကျမတို့ အတွက် အခြေခံ လူ့အခွင့်အရေး ကိုလည်း ဆုံးရှုံး စေတဲ့အပြင် သိက္ခာနဲ့ စိတ်ဓာတ်ရေးရာကိုလည်း ကျဆင်းစေပါတယ်” လို့ မဝေဝေနုက ပြောပြပြန်ပါတယ်။

လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြည်နယ်မဲ့ နေသူများအတွက် ကမ္ဘာ့ ပထမဆုံးသော ဖိုရမ် တခုကို Hague မှာ စတင်ပြုလုပ်သွားမှာ ဖြစ်ပြီး အဲဒီဖိုရမ်ဟာ ကမ္ဘာပေါ်က ခန့်မှန်းခြေ ၁၀ သန်းလောက်ရှိတဲ့ ပြည်နယ်မဲ့ သူတွေအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ မဝေဝေနုက အဲဖိုရမ်ကနေ တဆင့် ရိုဟင်ဂျတွေအတွက် အခွင့်အရေးတရပ် ရရှိလာဖို့ မျှော်လင့်နေပါတယ်။

“ကျမတို့ အဖေ ခေတ်က သူဟာ အစိုးရ ဝန်ထမ်းဖြစ်ခဲ့ပြီး ရွေးကောက်ပွဲမှာ ပါဝင်နိုင်ခဲ့တယ်၊ ရွေးကောက် ခံခဲ့ရတယ်။ အခု ကျမတို့ ခေတ်မှာ ဘာလို့ ဒီလို မဖြစ်နိုင်တော့တာလဲ” လို့ သူက မေးခွန်းထုတ်ပါတယ်။

သူက ရိုဟင်ဂျာတွေအပေါ် မကောင်းမြင်နေတဲ့ အမြင်တွေကို ပြစ်တင်ပြောဆိုပြီး သူတို့တွေကို အိမ်ထောင်ဘက် မြောက်များစွာရှိတဲ့ ပြစ်မှုကျူးလွန်သူ ရာဇဝတ်သားတွေလို သတ်မှတ်ထားခြင်း ကိုလည်း ဝေဖန် ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂက ရိုဟင်ဂျာ တွေကို မြန်မာနိုင်ငံရဲ့ တခြားသော တိုင်းရင်းသား လူမျိုးဘာသာ အကြား မိတ်ဆွေ မဲ့နေတဲ့ သူတွေအဖြစ် ပြောခဲ့ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ ပြယုဂ် တခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင်မှ ရိုဟင်ဂျာ အရေးကို နှုတ်ဆိတ်နေခဲ့တယ်လို့ သူက ဆိုပါတယ်။

“ကျမတို့ လူမျိုးတွေ ဘက်ကလည်း စွန့်လွှတ် အနစ်နာခံခဲ့တာတွေ ရှိပါတယ်။ ဒီမိုကရေစီ အရေးကို ကျမတို့လည်း လှုပ်ရှားနေတာပါပဲ။ ကျမတို့ အား လုံး နိုင်ငံရဲ့ အနာဂတ် အတွက် လုပ်နေကြတာပါပဲ၊ ဒါပေမယ့် လူ့အခွင့်အရေး အတွက် ပြောရေးဆိုခွင့် ရှိသူတွေ ကိုယ်တိုင်ကပါ ရိုဟင်ဂျာတွေမှာ အခွင့်အရေး မရှိသင့်ဘူးလို့ ပြောတော့ ပိုပြီး ခံစားရပါတယ်” လို့ သူက ပြောပါတယ်။

“ကျမတို့ လူမျိုးတွေ ရဲ့ သမိုင်းကြောင်း ဟာ စစ်အစိုးရ ရဲ့ ဖျက်ဆီးခြင်းကို ခံခဲရ တဲ့အတွက် သူတို့ရဲ့ အမှားလို့လည်း မဆိုချင်တော့ပါဘူး။ စနစ်ရဲ့ အမှားလို့ပဲ ပြောချင်ပါတော့တယ်” လို့ သူက ဖြည့်စွက် သွားခဲ့ပါတယ်။

Reuters သတင်းဌာနတွင် သင်းလဲ့ဝင်း ရေးသည့် Young Rohingya Woman Chases Dream of Peace and Justice In Myanmar ဆောင်းပါးကို ဆုလာဘ်ရတနာ ဆီလျော်အောင် ပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading