လျှပ်စစ်ဓာတ်ကြိုး အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူဦးရေ တနှစ်ထက်တနှစ် များပြားလာသော်လည်း အစိုးရ တာဝန်ရှိသူများက ဓာတ်တိုင်နှင့် ဓာတ်ကြိုးများ၊ ဓာတ်အားဖြန့်ဖြူးမှု နည်းစနစ်များကို ပြုပြင်ခြင်း၊ စနစ်တကျ ဆောင်ရွက်ခြင်း စသည့် ကဏ္ဍများတွင် ထိရောက်မှုမရှိဘဲ အားနည်းနေဆဲ ဖြစ်သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆို နေကြသည်။
လျှပ်စစ်ဓာတ်ကြိုးများ အန္တရာယ်ကြောင့် ထိခိုက် သေဆုံး ဒဏ်ရာရမှု ရှိနေသည့် ပြည်သူများကို ကုစားပေးမည့် အဆိုနှင့် လျှပ်စစ် အန္တရာယ် ကြိုတင်ကာကွယ်ရန် အထူးစီမံချက် အဆိုများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ မြတ် ဉာဏ စိုးနှင့် ဦးစိုင်းကျော်ဇောသန်း တို့က စက်တင်ဘာ ၂၃ ရက်နှင့် ၂၅ ရက်တွင် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အဆိုပြု တင်သွင်းခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦးက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့် စနစ်ကြောင့် ထိခိုက်သေကြေမှုများ မဖြစ်စေဘဲ၊ ဘေးကင်းလုံခြုံစွာ ဖြန့်ဖြူးပေးနိုင်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် လက်ရှိသုံး စွဲ ခွင့် ရထားသည့် ရန်ပုံငွေထက် သုံးဆခန့် ပိုမိုလိုအပ်မည်ဟု အမျိုးသားလွှတ်တော် စက်တင်ဘာ အစည်းအဝေးတွင် ပြန်လည် ဖြေကြားခဲ့သည်။
အဆိုတင်သွင်းခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောသန်းက “ပြည်သူတွေ ထိခိုက်ရင် ထိခိုက်ပါစေဆိုတဲ့ ပုံစံမျိုး ဖြစ်နေလို့ အဆိုတင်သွင်းခဲ့တာ၊ ဒါပေမယ့် ဝန်ကြီးရဲ့ အဖြေက ဖြစ်လာရင် လုပ်ပေးမယ့် သဘောပဲ ရှိတယ်၊ ကာကွယ်ပေး မယ် ဆိုတဲ့ အဆင့်ကို ရောက်မလာဘူး”ဟု ဧရာဝတီကို ပြောသည်။
ထို့အပြင် လျှပ်စစ်ဓာတ်ကြိုး အန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာနေသည့် အပေါ် လျော်ကြေးများ ပိုမိုရရှိရန် အစိုးရအဖွဲ့သို့ တင်ပြပေးမည်ဟု ဝန်ကြီးက ပြောဆိုသည်။
ဝန်ကြီး၏ အဖြေသည် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းကြောင်း၊ ပြည်သူလူထု၏ အသက်အန္တရာယ်ကို အလေးမထားဟု ယူဆရ ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများက ဝေဖန် ပြောဆိုနေကြသည်။
Equality Myanmar မှ ဦးအောင်မျိုးမင်းက “ဖြစ်သွားပြီးမှ လျော်ကြေးပေးတာထက် ဖြစ်စဉ်တွေကြောင့် လူတွေ မသေဆုံးဖို့ ကာ ကွယ်ပေးရမှာက ပိုပြီးလိုအပ်တာပါ၊ ဝန်ကြီးရဲ့ အဖြေက မဟုတ်ဘူးဆိုတာ စဉ်းစားတတ်တဲ့သူတိုင်း နားလည်တယ်”ဟု ပြောသည်။
ဒုဝန်ကြီး၏ ဖြေကြားချက်သည် ပြည်သူများ ထိခိုက်မှုရှိခဲ့ပါက လျော်ကြေးဖြင့်သာ ဖြေရှင်းမည့် သဘောသာ သက်ရောက်နေသည် ဟု အဆိုတင်သွင်းခဲ့သူ ဦးစိုင်းကျော်ဇောသန်းကလည်း ပြောဆိုသည်။
“ဖြစ်ပြီးမှ လျော်ကြေးပေးမှာမျိုး မဖြစ်သင့်ဘူး၊ မဖြစ်ခင် ကာကွယ်ပေးရမယ်၊ တာဝန်ခံ ပေးရမယ်၊ အဲဒါက ပိုပြီး အရေးကြီးတာ၊ အခုက လျော်ကြေးပေးရင် ကျေနပ်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်၊ ကူညီတာကောင်းပေမယ့် ပြည်သူတွေရဲ့ အသက်ကို ကာကွယ် ဖို့ဆိုရင် လူ၊ ပစ္စည်းအားလုံး အဆင့်မြှင့်ပြီး ပြုပြင် ဆောင်ရွက်သင့်တယ်”ဟုလည်းက ပြောသည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ် သြဂုတ်လကုန်ပိုင်း အထိ ၈ နှစ်တာ ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဓာတ်လိုက်သေဆုံးသူ ၆၈၃ ဦး ရှိပြီး၊ ထိခိုက်ဒဏ်ရာရသူ ၂၀၄ ဦး အထိ ရှိပြီ ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း တာဝန်ရှိသူများက ဓာတ်ကြိုး၊ ဓာတ်တိုင်များ၊ ဓာတ်အား ဖြန့်ဖြူးမှု စနစ်များကို အသစ်ပြုပြင်ခြင်း၊ စနစ်တကျ ဆောင်ရွက်ခြင်းများမှာ မရှိသလောက် နည်းပါးနေသည်ဟု ပြည်သူအများကြားတွင်လည်း ဝေဖန်ပြောဆိုလျက် ရှိသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာန တာဝန်ရှိသူ တဦးကမူ လျှပ်စစ်ဓာတ်ကြိုး အန္တရာယ်မဖြစ်စေရန် ပြည်သူများ အနေဖြင့် လမ်း ပေါ် သို့ သွားလာသည့် အခါတွင် မိမိကိုယ်တိုင်သာ ဂရုစိုက်သင့်သည်ဟု ပြောဆိုခဲ့သေးသည်။
“သေချင်တဲ့သူက ဓာတ်ကြိုးတန်းအောက် လမ်းဖြတ်လျှောက်ရမလို ဖြစ်နေပြီ။ အမှန်တော့ ဓာတ်ကြိုးတွေ လုံခြုံမှုရှိရင် ဘယ်သူမှ စိုးရိမ်နေစရာ မလိုဘူး။ အခုက အပေါ်ကြည့်ပြီးလည်း ကြောက်ရ၊ အောက်ကိုကြည့်ပြီးလည်း ကြောက်ရ ဖြစ်နေရတယ်”ဟု ဦးအောင်မျိုးမင်းက ဝေဖန်ပြောဆိုသည်။
ရန်ကုန်မြို့တခုတည်း၌ပင် ဇွန်လမှ စက်တင်ဘာလအတွင်း ဓာတ်ကြိုး ပြတ်ကျမှု၊ နေအိမ်တွင်း ဓာတ်လိုက်မှုနှင့် လျှပ်စစ်ကြိူးများ ပြုပြင်ရင်း ဓာတ်လိုက်မှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ၉ ဦးရှိခဲ့ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက သေဆုံးသူများကို တဦးလျှင်ငွေ ကျပ် ၂ သိန်း မှ ၁၅ သိန်းခန့် အထိ နစ်နာကြေး ပေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုကြောင့် ထိခိုက်သေဆုံးသူများကို နစ်နာကြေးများ တိုးမြှင့်ပေးမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦးက လွှတ်တော်တွင်း ပြောဆိုထားသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ ဦးအောင်နိုင်ကမူ“လျော်ကြေး တိုးပေးမယ်ဆိုတဲ့ ကိစ္စ ကျနော်တို့ ဘာမှမသိသေးဘူး၊ ဝန်ကြီးက လွှတ်တော်မှာ ပြောတာ ၊ ဝန်ကြီးရုံးက တိုက်ရိုက် လုပ်လိမ့်မယ်၊ ဘာမှ ပြောခွင့်မရှိဘူး”ဟု ဧရာဝတီ ကို ပြောသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အသုံးပြုသည့် ပစ္စည်းများကို ယခင်က ဝန်ကြီးဌာန၏ သုံးစွဲခွင့် ရရှိသော ဘဏ္ဍာငွေ အခြေအနေ ပေါ်တွင် လည်းကောင်း၊ စီးပွားရေး ဆက်ဆံခွင့် ရရှိသော နိုင်ငံတချို့မှသာ ဝယ်ယူခွင့် ရရှိသဖြင့်လည်းကောင်း အရည်အသွေး နိမ့် ကျ မှု ရှိနိုင်ခဲ့ကြောင်း၊ ဌာန လက်အောက်ခံ စီးပွားရေး အဖွဲ့အစည်းများတွင် ဝန်ဆောင်မှုပေးရာ၌ ပေါ့လျော့စွာ တာဝန်ထမ်းဆောင် မှု ပေါ်ပေါက်ပါက ဝန်ထမ်း စည်းမျဉ်းနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဒုဝန်ကြီး ဦးအောင်သန်းဦးက အမျိုးသားလွှတ်တော်တွင် ပြောဆိုခဲ့သည်။
Equality Myanmar မှ ဦးအောင်မျိုးမင်းက“အမှန်ဆိုရင် ပြည်သူလူထုအားလုံး လျှပ်စစ်မီးကို အဆင်ပြေပြေရအောင် လုပ်ဆောင် ပေး ရမှာက အစိုးရရဲ့ တာဝန်၊ အဲဒီလိုမျိုးလည်း မလုပ်ဆောင်ဘူး။ အခုလိုဓာတ်ကြိုးတွေ ခဏခဏပြတ်ကျတာကို ဖြည့်ဆည်း ပေး ဖို့၊ ပြည်သူလူထု အပေါ်မှာ တာဝန်ယူမှုှု အပိုင်းတွေ၊ ဝန်ဆောင်မှု အပိုင်းတွေ တော်တော်လေး ပျက်ကွက်နေတယ်”ဟု ပြောသည်။
လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုများကြောင့် ယခုနှစ် ဇွန် ၂၃ ရက်က လှည်းတန်းဈေးအနီး ဈေးရောင်းသူ အမျိုးသမီး ၁ ဦးနှင့် ဈေးဝယ် လာသူ အမျိုးသား ၁ ဦး၊ ဇွန် ၃၀ ရက်က မြောက်ဥက္ကလာပ(ဌ) ရပ်ကွက်ရှိ ကန်စွန်းခင်းတွင်လုပ်ကိုင်နေသူ ၁ ဦး၊ ဇူလိုင်လ အတွင်း က လှိုင်သာယာ ၁၅ ရပ်ကွက် ဈေးတွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဈေးဝယ်သူ ၁ ဦး၊ စက်တင်ဘာ ၁၂ ရက်က သင်္ဃန်းကျွန်းမြို့နယ်နေသူ အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး စုစုပေါင်း ၆ ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်စဉ်များ ဖြစ်ပွားခဲသည်။
အဆိုပါ ဖြစ်စဉ်များတွင် လျှပ်စစ်ဝန်ထမ်းများ ဓာတ်ကြိုးပြုပြင်ရာ၌ ဓာတ်လိုက်သေဆုံးခြင်း၊ နေအိမ်အတွင်း လျှပ်စစ်ဓာတ်လိုက် သေ ဆုံးခြင်း စသည့် ဖြစ်စဉ်များ မပါဝင်သေးပေ။
အမည်မဖော်လိုသည့် လျှပ်စစ်ပြုပြင်ရေး ဝန်ထမ်းတဦးက“အန္တရာယ်များတာကို သိပေမယ့် တာဝန်အရဆိုတော့ မဖြစ်မနေ လုပ်ရ တယ်၊ ကျနော်တို့တွေ ဓာတ်ကြိုးပြင်ရင် မီးလိုင်းတွေ ခဏ ဖြတ်ပစ်တာမျိုး လုပ်လေ့ရှိတယ်၊ ဒါပေမယ့် ဝန်ထမ်းအချင်းချင်း ဒါကို မသိလို့ဆိုပြီး မီးတွေ ပြန်ဖွင့်တာမျိုး လုပ်တာကြောင့် ဓာတ်လိုက်သေတာ၊ ထိခိုက်တာတွေ ရှိတယ်၊ အကာအကွယ် ဖြစ်နိုင်မယ့် ပစ္စည်းတွေ ရရင်တော့ ရင်တထိတ်ထိတ်နဲ့ ပြင်နေစရာ မလိုတော့ဘူးပေါ့”ဟု ဧရာဝတီကို ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးမှ အန္တရာယ်ရှိနိုင်သည်ဟု ယူဆရသည့် ဓာတ်တိုင်များ၊ ဓာတ်ကြိုးများနှင့် ထရန်စဖော်မာများ အသစ်လဲလှယ် တပ်ဆင်ခြင်းနှင့် ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများကို ဌာနပိုင် ငွေကြေးအားလုံး စိုက်ထုတ်သုံးစွဲကာ ပြင်ဆင်နေခြင်းဖြစ်ပြီး ဘတ်ဂျက်သုံးစွဲမှု ပမာဏကို အင်ဂျင်နီယာဌာနက ကိုင်တွယ်ဆောင်ရွက်နေသည်ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ် အား ပေးရေး အဖွဲ့မှ တာဝန်ရှိသူ ဦးအောင်နိုင်က ဆိုသည်။
“ပြင်နေတယ်သာ ပြောတာ၊ ရပ်ကွက်တွေထဲက ဓာတ်တိုင်တွေကို ကြည့်လိုက်ရင် ကြိုးတွေ ရှုပ်ထွေးနေတာ၊ ဆွေးမြေ့နေတာတွေ များတယ်၊ အသစ်လဲတယ်ဆိုတာ နာမည်ခံ တကြိုးနှစ်ကြိုးပဲ၊ ထိထိရောက်ရောက် ပြုပြင်သင့်တာ၊ အခုဆို မိုးကြီးလေကြီး ဆိုတာနဲ့ ဓာတ်တိုင်အောက် ဖြတ်မလျှောက်ရဲဘူး”ဟု စမ်းချောင်း မြို့နယ်နေသူ တဦးက ပြောသည်။
ပြည်သူများ၏ အသက်အန္တရာယ် ကာကွယ်နိုင်ရန် အတွက် ဓာတ်ကြိုးများ ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လျှပ် စစ်စွမ်းအား ဝန်ကြီးဌာနက နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့က အကြံပြု ပြောဆိုကြသည်။
ထို့အပြင် လျှပ်စစ်ဓာတ်ကြိုး၊ ဓာတ်တိုင်များ ပြုပြင်ခြင်း၊ ထရန်စဖော်မာများ လဲလှယ်တပ်ဆင်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက် ရသည့် လျှပ်စစ်ရုံး ဝန်ထမ်းများအတွက် ခန္ဓာကိုယ် အကာအကွယ် ဖြစ်စေနိုင်မည့် ပစ္စည်းများ၊ ကိရိယာများ ပံ့ပိုးပေးမည် ဆိုပါက ဓာတ်လိုက်သေဆုံးမှု အန္တရာယ် နည်းပါးသွားနိုင်မည်ဟု လျှပ်စစ်ရုံး ဝန်ထမ်း တချို့ကလည်း ပြောသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်ကြိုး အန္တရာယ်ကြောင့် ဓာတ်လိုက် သေဆုံးသူ ဦးရေသည် ၂၀၀၇ ခုနှစ်တွင် ၆၁ ဦး၊ ၂၀၀၈ ခုနှစ်တွင် ၈၉ ဦး၊ ၂၀၀၉ ခုနှစ်တွင် ၈၄ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၈၉ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၁၀၇ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၉၁ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၁၀၇ ဦး နှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန် အတွင်း ၅၅ ဦး စုစုပေါင်း သေဆုံးသူ ၆၈၃ ဦး အထိရှိပြီး ထိခိုက်ဒဏ်ရာရသူ ဦးရေ ၂၀၄ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက် အရ သိရှိရသည်။
ထိုသို့ ထိခိုက်သေဆုံးမှု များပြားနေသောကြောင့် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းဝေးစေရန် အတွက် ယခုထက်ပိုမို တာဝန်ယူ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်း လိုက်ရပါသည်။