လူသားရယ်လို့ ဖြစ်တည်လာ ကတည်းက ကျား၊ မ ဆိုတဲ့ လိင်ကွဲပြားမှုနဲ့ လူ့ရာဇဝင်ကို စဉ်ဆက် မပြတ် အောင် ရေးထိုးခဲ့ကြ တာပါပဲ။ ကိုယ်အင်္ဂါ ဖွဲ့စည်း တည်ဆောက်ပုံ မတူကွဲပြားရာကနေ သတ်မှတ်ချက်တွေ၊ ကန့်သတ် ချက်တွေ အလိုလို ပေါ်ပေါက် လာခဲ့ကြတာပေါ့။
အမျိုးသား၊ အမျိုးသမီး တာဝန်တွေ ခွဲခြားကွဲပြားသလို ရောဂါ ဘယတွေမှာလည်း အမျိုးသားမှ ဖြစ်တဲ့ရောဂါ၊ အမျိုးသမီးမှ ဖြစ်တဲ့ရောဂါ ဆိုတာတွေလည်း ကွဲပြားခဲ့ကြ လေရဲ့။
လူသားရဲ့ အခြေခံ အင်္ဂါအစိတ်အပိုင်း တွေမှာ ပါဝင်တဲ့ နှလုံး၊ အဆုတ်၊ အသည်း၊ ဦးနှောက်နဲ့ အစာ လမ်း ကြောင်း တွေမှာဖြစ်တဲ့ ရောဂါတွေ တူကြပေမယ့် အမျိုးသမီးမှာမှ ပါတဲ့ သားအိမ်လို အင်္ဂါရဲ့ ရောဂါတွေ ကျ တော့ အမျိုးသား တွေမှာ မဖြစ်နိုင်ဘူးပေါ့။ နောက်ပြီး ရင်သွေးလွယ်၊ မွေးဖွားရတဲ့ ကိစ္စနဲ့ ပတ်သက်တာတွေ ကလည်း အမျိုးသမီးတွေရဲ့ သီးသန့်ရောဂါတွေ အဖြစ်သာ သတ်မှတ်သားထားခဲ့ကြတာ ပါပဲ။
ခေတ်ကြီးတွေရဲ့ ရွေ့လျား ပြောင်းလဲမှုတွေ ကနေ တဖန်ပြန်ပြီး တန်းတူ အခွင့်အရေး ကိစ္စတွေ၊ လိင်တူ ဆက်ဆံ ပေါင်းသင်းမှုတွေ ပေါ်ပေါက်လာလို့လား၊ တိုးတက်လာတဲ့ သိပ္ပံနည်းပညာတွေက ရှာဖွေ တွေ့ရှိ လာကြလို့လား အတတ် မပြောနိုင်ပေမယ့် အခုတော့လည်း အမျိုးသမီးမှ ဖြစ်တာပါလို့ ဆိုကြတဲ့ ရောဂါ တွေက အမျိုးသား တွေမှာလည်း ဖြစ်တတ်တာကို တွေ့လာရပြန်ပြီလို့ ဆိုလာကြပြန် ပါတယ်။
အဲဒီ စိတ်ဝင်စားစရာ တွေ့ရှိမှုတွေကို ဗဟုသုတအနေနဲ့ သာမက သတိမူစရာ အဖြစ်လည်း စဉ်းစားရတော့မှာ ဖြစ်ပါတယ်။
ရင်သားကင်ဆာ
ကုန်လွန်ခဲ့တဲ့ ကာလတွေ တုန်းကတော့ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေ အတွက် ဝဋ်ကြွေးကြီးတခု လိုသာ သတ်မှတ် ထားခဲ့ကြတာ မဟုတ်လား။ ရင်သားက အမျိုးသားမှာလည်း ပါဝင်ပေမယ့် ကလေးကို နို့ချို တိုက်ကျွေး ရတဲ့ တာဝန်အတွက် တချို့ ဇီဝကမ္မ လုပ်ဆောင်ချက်တွေ ကတော့ ကွဲပြားနေခဲ့တာ ကိုး။ အမျိုးသားမှာ ရင်သား ကင်ဆာ တွေ့ရတယ် ဆိုရင်လည်း သိပ်ကံဆိုးတဲ့ ရှားပါးတဲ့ အကြောင်းလို့သာ ထင်ကြတာပါ။
အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ကျားကျားကြီးတွေ ကနေ မမဖြစ်ချင်လို့ မွမ်းမံတာတွေ လုပ်လာ ကြ လို့ပဲ လား မသိ၊ ကျန်းမာရေး သိပ္ပံသုတေသန ခန့်မှန်းချက် တချို့ရဲ့ အဆိုတွေက ၂၀၁၄ လောက်မှာ အမျိုး သားတွေ ၄၀ဝ၀ လောက် ရင်သားကင်ဆာ ဖြစ်လာဖွယ်ရှိပြီး အဲဒီရောဂါကြောင့် ၄၀ဝ လောက် သေဆုံး ရ ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအချက်က အမျိုးသားတွေ မှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်တာကို သတိမူဖို့ အရေးကြီးတဲ့ အချက်တခု ဖြစ်လာ ပါပြီ။
မဟော်မုန်း အီစထရိုဂျင် (Estrogen)
အမျိုးသမီးတွေမှာက ပိုပြီး ပမာဏများလို့ မ,ဟော်မုန်းလို့ ခေါ်ပေမယ့် အီစထရိုဂျင်က ကျားရော မ နှစ်မျိုးစလုံးမှာ ပါရှိ နေတာပါ။
အဲဒီ ဟော်မုန်း လုံလောက်တဲ့ ပမာဏ ရှိနေတာက အမျိုးသားတွေရဲ့ ကျန်းမာရေး အတွက် အရေးပါ တန်ဖိုးရှိ ပါတယ်။
ဒါပေမယ့် လေ့လာချက်တွေ အရ အီစထရိုဂျင်လျော့နည်းတဲ့၊ အသက်အရွယ်ရ လာတဲ့ အမျိုးသား တွေမှာ လည်း လိင်ဆိုင်ရာ စွမ်းဆောင်ရည် လျော့ကျလာတာ၊ ကိုယ်အလေးချိန်တက်ပြီး ဝလာတာတွေ တွေ့ရပါ တယ်။
ကျားဟော်မုန်း တက်စတိုစတီရုန်း လျော့နည်းလာတာလည်း ထပ်လောင်းပါ ဝင်တာပေါ့။ အဲဒါကြောင့် အမျိုးသားတွေ လည်း ခန္ဓာကိုယ်တွင်း ဟော်မုန်းပမာဏ စစ်ဆေးရာမှာ မ,ဟော်မုန်း စစ်ဆေးဖို့ လိုအပ် လာပါသတဲ့။
အရိုးပါး၊ အရိုးပွရောဂါ
အရိုးတွေရဲ့ သိပ်သည်းဆ လျော့နည်းလာတတ် တာက အမျိုးသမီးတွေမှာ တွေ့ရများတာ ပါ။ မဟော်မုန်း လျော့နည်းလာတဲ့ သွေးဆုံးကာလတွေမှာ အရိုးပြဿနာက အတော် ဂရုစိုက်စရာ အဖြစ် တွေးဆခဲ့ကြ တာပါ။ ဒါပေမယ့် အခုတော့ အမျိုးသားတွေ မှာလည်း တွေ့လာရပါပြီ။ ရောဂါသည်တွေရဲ့ ၃၂ ရာခိုင်နှုန်း လောက်က အမျိုးသားတွေ ဖြစ်လာတာတွေ့လာရပါသတဲ့။
ဒီတော့ အသက်အရွယ်လေး ရလာတဲ့အခါ အရိုးခိုင်မာစေဖို့ အရိုးပါးရောဂါ ကာကွယ်တဲ့ ကယ်လ်စီယမ်နဲ့ တခြားအာဟာရတွေ လုံလောက်အောင် ဖြည့်တင်းဖို့ကလည်း အမျိုးသားတွေရဲ့ တာဝန်ဖြစ်လာပါပြီ။
သွေးဆုံးခြင်း
သွေးဆုံးကိုင်တယ် ဆိုတာ၊ မီးယပ်သွေးဆုံး ဖြစ်တယ်ဆိုတာ မိန်းမတွေရဲ့ အလုပ်လို့သာ ထာဝစဉ် စွဲမှတ် ထားကြတာ ကလား။ တခုခု မဆီလျော်တာကို “ကျားကျား မီးယပ်” လို့တောင် စကားပြောင် ဖွဲ့ကြသေးတာ ပေါ့။ ဒါပေမယ့် အသက်အရွယ်ဆိုတဲ့ စေစားမှုအောက်မှာ အရွယ်ရလာတာနဲ့ အမျှ အမျိုးသားတွေလည်း သွေးဆုံးလက္ခဏာ ဖြစ်တတ် ပါတယ်လို့ ဆိုလာကြပါတယ်။
ဒါက အသက်ကြီးလို့ ဟော်မုန်းပမာဏ နည်းပါးလာတာကြောင့် ဆိုတာ ထင်ရှားပါတယ်။ အထူးသဖြင့် ကျားဟော်မုန်းလို့ ခေါ်တဲ့ တက်စတိုစတီရုန်း လျော့နည်းလာရာကနေ ဖြစ်လာတတ်တာပါ။
သွေးဆုံးဖြစ်တဲ့ အမျိုးသမီးတွေလိုပဲ ပင်ပန်းနွမ်းလျတာ၊ စိတ်ရှုပ်ထွေး အားငယ်တာ၊ စိတ်ဓာတ်ကျတာ၊ လိင် ဆိုင်ရာဆန္ဒတွေ လျော့ပါးလာတာ စသဖြင့် ကြုံလာရတော့ တာပါပဲ။
ဒါကြောင့်လည်း ဒီလိုလက္ခဏာတွေ ဖြစ်လာတဲ့ အရွယ်ရ အမျိုးသားတွေ အနေနဲ့ ဟော်မုန်းပမာဏ စစ်ဆေး ပြီး ကုသဖို့ နည်းလမ်း ရှာဖွေကြရမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင်တဲ့ ကိစ္စ ပြောရင် ဒါက မိန်းမတွေပဲ သက်ဆိုင်တယ် ဆိုတာကို အငြင်းပွားဖွယ်မရှိ လက်ခံ ရမှာ ပါ။ ဒါပေမယ့် ဇနီးသည် ကိုယ်ဝန်ဆောင် ချိန်မှာ ခင်ပွန်းကလည်း ကိုယ်ဝန်လက္ခဏာတွေ ပေါ်ပေါက် လာတတ် တာကို အခုတော့ တွေ့လာရပြီလို့ ဆိုကြပါတယ်။
မယုံရင် ပုံပြင်မှတ်လို့ဆိုရလေမလား၊ အားလုံးမှာ တန်းတူ မဖြစ်ရင်နေမယ် ကြုံတော့ ကြုံကြရပြီလို့ ဆိုပါ တယ်။
ဒီလက္ခဏာစုကို Couvade Syndrome လို့တောင် အမည်တပ်ထားရ ပါပြီ။ ဇနီးသည်ရဲ့ ကိုယ်ဝန်ဆောင် နေရပြီ ဆိုတာကို သိတဲ့ စိတ်ကနေ ရိုက်ခတ်လာတဲ့ ဂယက်တခုပေါ့။ အိပ်ရာထချိန် ပျို့အန်တာ၊ ကိုယ် အလေးချိန် တက်လာတာ၊ ကောင်းကောင်း အိပ်လို့ မပျော်တာ စတဲ့ လက္ခဏာတွေ အမျိုးသမီးကိုယ် ဝန် ဆောင်နဲ့ ထပ်တူဖြစ်တတ် ကြပါသတဲ့။
မီးတွင်းစိတ်အားငယ်မှု
ကလေး မွေးဖွားပြီးချိန် ကနေ ၂၈ ရက်အတွင်း ကာလကို မီးတွင်းလို့ သတ်မှတ်ကြပါတယ်။ သွေးနုသားနု ကာလလို့ လည်း ခေါ်ဆိုကြတာ ပေါ့။ အဲဒီ အချိန်မှာ အမျိုးသမီးတွေရဲ့ စိတ်အားငယ်မှု၊ စိတ်ကျရောဂါတွေ လည်း ထင်ရှားမြင်သာ တတ်ပါတယ်။
အခုကျတော့လည်း သုတေသနတွေက အမျိုးသား ဖခင်များမှာလည်း ကလေးမွေးပြီ ဆိုတာနဲ့အတူ အဲဒီလိုအချိန်မှာ မီးတွင်း စိတ်ကျဝေဒနာ တွေ့လာရတယ် ဆိုပြန်ပါတယ်။ Paternal Postnatal Depression ဝေဒနာ လို့ သတ်မှတ်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကိုတော့ အခုထိ အကြောင်းရင်း တိတိကျကျ မသိရသေးပေမယ့် တကယ် ခံစားရသူတွေ ရှိလာပါသတဲ့။ ဝမ်းနည်းသလိုလို၊ အထီးကျန်သလိုလို၊ နောင်တပူပန် ဖြစ်ရသလိုလို ခံစားမှု တွေ ပေါ်လာတတ်ပါ သတဲ့။ ဒါကြောင့်လည်း မီးဖွားပြီး ကာလမှာ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု ပေးဖို့ မိခင်ရော ဖခင်ကိုပါ ထည့်သွင်း စဉ်းစားလာကြပြီလို့ ဆိုပါတယ်။
မီးယပ်ပူ
သွေးဆုံးကာလမှာ အမျိုးသမီးတွေ ပြောလေ့ ရှိတဲ့ လက္ခဏာ တခုပေါ့။ အသားတွေ ပူတယ်၊ ချွေးတွေ ထွက်တယ်၊ ဖျားတာလည်း မဟုတ်ဘူး ဆိုတဲ့ လက္ခဏာမျိုးပါ။ ပူလိုက် ချမ်းလိုက်နဲ့ ဆိုပြီး ခုပူ၊ ခုချမ်းနဲ့ မီးယပ်ချမ်း လို့လည်း ခေါ်ကြလေရဲ့။
တကယ်တော့ အဲဒါကလည်း ဟော်မုန်း အပြောင်းအလဲ ကြောင့် ဖြစ်ရတာပါပဲ။ အမျိုးသားတွေမှာ အဲဒီ ပြဿနာကို တွေ့လာရတာ ကတော့ ဆီးကျိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေမှာ Androgen ဆိုတဲ့ ဟော်မုန်းပေးပြီး ကုသတဲ့ အချိန် တွေမှာလို့ ဆိုပါ တယ်။ ဒါကြောင့် ဒီကုထုံးနဲ့ ကုသခံနေရတဲ့ အမျိုးသားတွေ အတွက် မီးယပ်ပူလက္ခဏာကို ကာကွယ်နိုင်ဖို့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ထားသင့်တယ်လို့ ဆိုလေရဲ့။
စိတ်ကျရောဂါ
စိတ်ကျန်းမာရေး လေ့လာချက်တွေမှာ တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ၇၀ ရာခိုင် နှုန်းလောက် ပိုပြီး စိတ်ကျ ရောဂါ ဖြစ်တတ်တယ် လို့ ဆိုဖူး ကြပါတယ်။ ဒါကလည်း အမျိုးသမီးတွေက ဒီဝေဒနာကို ကြေညာ သူတွေ ဖြစ်နေလို့ပါ။ ဆိုလိုတာက သူတို့ ခံစားရတာကို ဖွင့်ဟတိုင်ပင် ကုသခံတာကြောင့် ပိုပြီး ဖြစ်တယ်လို့ ဆိုနိုင်တာပါ။
အမျိုးသား အများစုကတော့ စိတ်ကျဝေဒနာ ခံစားနေရပေမယ့် ဖွင့်ဟတာ နည်းပါးတဲ့အတွက် ကုသမှု မခံယူရဘဲ ဝေဒနာ ခံစားနေကြရတာ ပါ။
ဒါကြောင့်လည်း စိတ်ကျရောဂါကြောင့် ကိုယ့်ဘာသာ အဆုံးစီရင်တဲ့ နှုန်းမှာတော့ အမျိုးသားတွေက ၄ ဆ မြင့်နေတာ တွေ့ရပါ သတဲ့။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ ဘဝမှာ မျှော်လင့်ချက်မရှိတော့သလို ခံစား ရရင်၊ အလိုလို ဝမ်းနည်းနေရတာတွေ ဖြစ်လာရင်၊ လူမှုရေး တွေကနေ ရှောင်ဖယ်ချင်တဲ့ စိတ်တွေ ဖြစ်လာ ရင် စိတ်ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်လာပြီဆိုတာ သတိမူသင့် ပါတယ်။
အထက်မှာ ဆိုခဲ့သလိုပါပဲ အရင်ကတော့ အမျိုးသမီးတွေ မှာသာ ဖြစ်ပါတယ်လို့ သတ်မှတ်ထားတဲ့ အထဲက မှ ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးစလုံးမှာ ခံစားရတဲ့ ဝေဒနာတချို့ကတော့ အမျိုးသားတွေပါ ခံစားနေကြရပြီဆိုတာ တွေ့ရှိ လာနေရ ပါပြီ။
အင်္ဂါကွဲပြားပေမယ့် လူဆိုတဲ့ သဘာဝ တူနေကြတာမို့လည်း ရောဂါတွေ တူလာကြပြီ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယောက်ျားကွလို့ ကြွေးကြော်ပြီး လက်ခမောင်းခတ် မနေပါနဲ့။ မီးယပ်ဖြစ်တတ်တယ် ဆိုတာ သတိပြုကြ စေချင် ပါတယ်။ ။