မင်္ဂလာ မျက်အောင်ဆု၊ ဇမ္ဗူရယ်တဲ့ ၊ အောင်သပြေ၊
တောင်လ ျာ် ဒီပါကျွန်းမှ၊ ထွန်းနိမိတ်ဝေ၊
ကဝိဆရာ ရက်မြတ်သွင်းတာက၊
မဏိရတနာလို နက္ခတ်ကလင်းပေရဲ့
လက်ထပ်ခြင်းရယ်တဲ့ မင်္ဂလာပေ …
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော် လေးဆယ်ရဲ့ ဟိုဘက်မှာတော့ မန္တလေးတွင် လက်ထပ်မင်္ဂလာ ဆောင်နှင်းမည် ဆိုလျှင် ဦးစွာ သတို့သမီးအိမ်သို့ သတို့သားဘက်က မိဘချင်း နားဖောက်စေ့စပ် ကြောင်းလမ်းမည်။ ဒါကလည်း သက်ဆိုင်ရာ ရပ်မိရပ်ဖများနှင့် အတူ ကန်တော့ပွဲ တပွဲနှင့် ပြီးသည်။
လက်ခံသူ သတို့သမီးဘက်ကလည်း အိမ်ရှင် အရာ အနေနှင့် နှစ်ဖက်လူကြီးသူမများကို လက်ဖက်ရည်၊ မုန့်၊ ကွမ်း၊ ဆေးလိပ်တို့နှင့် ဧည့်ခံမည်။
မင်္ဂလာရက် သက်မှတ်ပြီးလျှင် မင်္ဂလာဆောင် နှင်းမည့် အချိန်မတိုင်မီ သတို့သမီးအိမ်မှာ သာသနာနှင့် မိဆိုင်ဖဆိုင် ကန်တော့ပွဲ ပေးကာ မင်္ဂလာမဏ္ဍပ် ထိုးသည်။ ၂ ရက်လောက်တော့ ကြိုပြီး မဏ္ဍပ်ထိုးတာပေါ့။ မင်္ဂလာဆောင် အတွက်လည်း ကော်ဖီ၊ လက်ဖက်ရည်၊ ကိတ်မုန့်၊ လက်ဖက်ပွဲ စုံဖြင့် ဧည့်ခံသည်။ ခေတ်မီချင်သူတွေကတော့ ရေခဲမုန့် ကျွေးကြတာပေါ့။
မန္တလေး မင်္ဂလာဆောင်တွေမှာ နောက်ထပ် မဖြစ်မနေ ဧည့်ခံမှု အစီအစဉ် အနေဖြင့် မင်္ဂလာမဏ္ဍပ်အတွင်း အငြိမ့်ဖြင့်လည်း ဧည့်ခံကြ၏။ ထိုသို့သော မင်္ဂလာဧည့်ခံပွဲ အငြိမ့်တွေမှာ သက်ဆိုင်ရာ လူရွှင်တော်တွေက လက်ထပ် မင်္ဂလာနှင့် ပတ်သက်သည့် ခွန်းထောက်သဖြန်တွေ ရေးကြ၊ ကျက်မှတ်ကြ၊ ရွတ်ဆိုကြမှာပေါ့။
တက်သစ်နေပြ ဘင်္ဂါရဝိကဲ့သို့
ကျက်သရေမင်္ဂလာ ရှိပါဘိသနှင့်
ကဉ္စမဏိရယ်တဲ့ နှစ်ပါးရွှေ
ဖက်စပ်လို့နှင်းပြန်တော့
လက်ထပ်ခြင်း မင်္ဂလာဆင်၍
သဘင်အရာတွင် အမှုတော်ထမ်းကြတယ်
လျှမ်းတောက်ပါလို့ တဝေဝေ …
စသည့် ခွန်းထောက် သဖြန်မျိုးလည်း သီဆိုကြလိမ့်မယ်။
အခု လူငယ်လေးတွေက မင်္ဂလာဆောင်ရယ်၊ အငြိမ့်ရယ်၊ လူရွှင်တော်ရယ်က ဘာဆိုင်လို့လဲ လို့ အံ့အားတသင့် မေးကြလိမ့်မည်။
သူတို့သိတဲ့ မင်္ဂလာဆောင်က ဟိုတယ်ခန်းမရယ်၊ ဆံပင်မိတ်ကပ်ရယ်၊ မင်္ဂလာဝတ်စုံ သုံးလေးမျိုးရယ်၊ မှတ်တမ်းဗီဒီယို ရယ်၊ ခေတ်ပေါ်တီးဝိုင်းရယ်၊ နာမည်ကြီး အဆိုတော်ရယ်၊ ပန်းကြဲ ဗန်းကိုင်တွေရယ်၊ မင်္ဂလာပန်းကုံးစွပ် ဂုဏ်သရေရှိ၊ အာဏာရှိ လူကြီးမင်း စုံတွဲတွေရယ်၊ ဒင်နာပါတီရယ်၊ ပျားရည်ဆမ်းခရီးရယ် … ဒါတွေပဲ စဉ်းစားမိကြမှာပေါ့။
စေ့စပ်တဲ့၊ လက်ထပ်တဲ့၊ မင်္ဂလာ ဧည့်ခံတဲ့၊ ညစာစားပွဲတဲ့။ ဝတ်စုံငှားခတွေတင် တစုံကို သိန်းကြီး ဂဏန်း တွေ။
သံဝရတို့ အဒေါ်များ၊ အစ်မများ လက်ထက်ကတော့ လူကြီးချင်း စေ့စပ်တော့ ချမ်းသာရ ထုံးကုန်း ရပ်ထဲက ပလိန်းကိတ် သုံးလုံးလောက်ရယ်၊ ကိုဘစိမ်း လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ချိုင့်ဆွဲ ၅ ခွက်ရယ်နဲ့ ပြီးသည်။
မင်္ဂလာ ဆောင်တော့ မဏ္ဍပ်တိုင် ထူမယ့်နေ့မှာ ကန်တော့ပွဲတပွဲ၊ သပြေပန်းတစည်း ရယ်ပါပဲ။
မင်္ဂလာဆောင်တဲ့ နေ့မှာ ရပ်ကွက်ထဲက ဓမ္မာရုံရှေ့က ကွက်လပ်မှာ ဒေါင်းရိုးဆရာနွဲ့ မဏ္ဍပ်ထိုးသည်။ ၃ ခန်း ပတ်လည် ပါပဲ။ ဧည့်များမယ်ထင်ရင် ၃ ခန်း၊ ၅ ခန်း ထိုးကြရ၏။ ရပ်ကွက်သား အချင်းချင်း ဆိုတော့လည်း ဆရာနွဲ့က အလုပ်သမား စရိတ်လောက်ပဲ ယူသည်။
မင်္ဂလာပွဲမှာ ဧည့်ခံကျွေးမွေးဖို့က မြောက်ပြင် ယူနီယံ ဘေကာရီက ကိတ်မုန့်အစုံ မှာထားသည်။ ပန်းကိတ် ၃ မျိုး၊ ပလိန်းကိတ်၊ ဖရုကိတ်တွေ။ လက်ဖက်ကိုတော့ တပတ်လောက် ကြိုပြီး အိမ်မှာ အပ်နှံထားပြီးပြီ။
သတို့သမီး အတွက် ဈေးချိုအလယ်ပေါက်၊ မောင်မောင်လှဆိုင်က မိတ်ကပ်ဘူး၊ နှုတ်ခမ်းဆိုး ဆေးတောင့်နှင့် သဇင်ပန်းခြောက်တွေလည်း ဝယ်ပြီးပြီ။ ဝတ်စုံကိုလည်း ဈေးချို အက်(ဖ်)ရုံထဲက အထည်ဝယ်ပြီး ကိုလှထွေး စက်ဆိုင်မှာ အပ်ပြီးပြီ။
သတို့သား၊ သတို့သမီးနှင့် နှစ်ဖက်မိဘတွေက ကုန်သည်ပွဲစား၊ စက်ပိုင် အသိုင်းအဝိုင်းမို့ တသက်တခါ မင်္ဂလာ ဖြစ်သည်နှင့် လည်း လျော်ညီစွာ အများနည်းတူ မင်္ဂလာ ဧည့်ခံပွဲမှာ စန္ဒရားမမကြီး အငြိမ့် ထည့် သည်။ မင်္ဂလာ မဏ္ဍပ်ထဲမှာ ဧည့်ခံကျွေးမွေးခြင်းနှင့် အတူ အငြိမ့်နှင့်လည်း ဖျော်ဖြေခြင်း ဖြစ်သည်။
ရွှေရောင် ဖိတ်ဖိတ်လက် မဏ္ဍပ်ရှေ့မှာ ပန်းဥယျာဉ် ရှိသည်။ ပန်းဥယျာဉ် အဝင်ဝ တဖက်တချက်မှာက မြားနတ်မောင် ရုပ်လေးတွေက မြားကို ကောင်းကင်သို့ ထောင်ပြီး ပစ်ရွယ်နေသည်။ မြားအဖျား ရေပန်း ထိပ်မှာ ဂေါ်လီလုံး ဆော့ ကစားနေ၏။ အပြင်မှာ မင်္ဂလာပွဲက ဧည့်သည်များ၏ စကိုဒါ၊ အော်စတင်၊ ဘဲအဲလ်ယား ကားတွေ တန်းစီ ရပ်ထား၏။
အတိတ်က မန္တလေး မင်္ဂလာပွဲများကား မြန်မာဆန်လှချည့်။ ကျက်သရေ ရှိလှချည့်…၊ ယဉ်ကျေးလှချည့် …။ ။