တယ်လီဖုန်းတွေ စတင်တီထွင် သုံးခဲ့တာ ကြိုးဖုန်းတွေ ဖြစ်ပါတယ်။ ကြိုးသုံးဖုန်းတွေသုံးဖို့ ကြိုးတွေသီးခြား သွယ်တန်း ရတဲ့အလုပ်၊ တပ်ဆင် ပြီးပြန်တော့လည်း အထိုင်ဖုန်းရှိတဲ့ နေရာမှာပဲ သုံးနိုင်တဲ့အတွက် ကန့်သတ်ချက်တွေ ရှိပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကွန်ရက်ဖြန့် ကျက်ထားပြီးတဲ့ ဧရိယာမှာ ဘယ်နေရာက ဖြစ်ဖြစ် ခရီးသွားလာရင်း၊ ယာဉ်ရထား စီးနေရင်း ဖြစ်ဖြစ် သုံးစွဲနိုင်အောင် ကြံဆလုပ်ဆောင်လာကြပါတယ်။
အဲဒီကြိုးမဲ့ဖုန်း ဆက်သွယ်ရေး နည်းပညာတွေကို မျိုးဆက်အလိုက် တီထွင်ခဲ့ကြတာ အခုအချိန် မှာတော့ ဖုန်းလည်း ပြော၊ မက်ဆေ့ချ်လည်း ပို့၊ အင်တာနက်လည်း ကြည့်၊ ဓာတ်ပုံ ဗွီဒီယိုတွေလည်း ရိုက်၊ မှတ်သားချင်တာတွေကိုလည်း မှတ်သားနိုင်တဲ့ 3G, 4G အဆင့် ရောက်လာပါပြီ။
3G ဖုန်း မဟုတ်လို့ အဲဒီ App သုံးလို့ မရတာ၊ အဲဒီ ဆင်းကဒ်က အဲဒီဖုန်းမှာ သုံးလို့ မရဘူး။ 4G ကတော့ ဒီမှာ သုံးလို့ မရသေးဘူး ဆိုတာမျိုးတွေ ပြောဆိုနေကြတဲ့ 3G, 4G ဆိုတာ ဘာကို ပြောတာလဲ။ အဲဒီ 3G နဲ့ 4G ကရော ဘာတွေ ကွာသလဲ။ 4G ပြီးရင်ကော ဘာတွေ လာဦးမှာလဲ ဆိုတာတွေ ရေးထားပါတယ်။
ပထမမျိုးဆက် 1G
မိုဘိုင်းလ် ကြိုးမဲ့ ဆက်သွယ်ရေးရဲ့ ပထမဦးဆုံး မျိုး ဆက် 1G က အာနာလော့ ဆဲလ်လူလာ စံနစ်ဖြစ်ပြီး AMPS (Advanced Mobile Phone System) ကို သုံးထားပါတယ်။ AMPS စံနစ်ကို ဘဲလ်သုတေသန ဓာတ်ခွဲခန်း (Bell Lab) ကနေ တီထွင်ခဲ့ပြီး အမေရိကမှာ ၁၉၈၃ အောက်တိုဘာလ၊ အစ္စရေးမှာ ၁၉၈၆၊ သြစတေးလျမှာ ၁၉၈၇ က စတင် သုံးခဲ့ ပါတယ်။ အဲဒီ 1G ဟာ frequency division multiplexing နည်းပညာကို သုံးထား ပါတယ်။
အဲဒီနည်း ပညာကိုသုံးပြီး bandwidth ကို တိကျတဲ့ ဖရီကွင်စီတွေ အဖြစ် ခွဲထုတ်ပြီး တယောက်ချင်းစီ ကနေ ပြောဆို ဆက်သွယ်ဖို့ အဲဒီ ဖရီကွင်စီတွေကို သုံး၍ ဆက်သွယ်ပါတယ်။ 1G တွေရဲ့ အမြန်နှုန်းက 2.4 Kbps (Kilobit per second) ပဲ ရှိပြီး အသံ ခေါ် ဆိုမှု အတွက်ပဲ သုံးနိုင်ပါတယ်။
နောက်ပိုင်း 2G, 3G တွေ သုံးခဲ့တဲ့ အချိန်အထိ အဲဒီ 1G တွေနဲ့ အတူ တွဲသုံးခဲ့ပါတယ်။ အသံ အရည်အသွေး မကောင်းသလို ဘက်ထရီတွေရဲ့ သုံးနိုင်တဲ့ အချိန်လည်း တို၊ ဖုန်းတွေ ကလည်း အုတ်ခဲ ဖုန်းလို့ တင် စားခေါ်ရ လောက်အောင် ကြီးနေပါတယ်။
အမေရိကရဲ့ ဖုန်း ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီကြီး တွေဖြစ်တဲ့ AT&T, Verizon တို့ကနေ ၂၀၀၈ ခုနှစ်မှာ ဆက်မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သြစတေးလျမှာတော့ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလအထိ သုံးခဲ့ပါတယ်။
ဒုတိယမျိုးဆက် 2G
ဒုတိယမျိုးဆက် 2G တွေက GSM (Global System for Mobile Communation) ကို အခြေခံ လုပ်ဆောင်ထား ပါတယ်။ အဲဒီ GSM နည်းပညာကို ETSI (European Telecommunication Standards Institute ) ကနေ ဒုတိယ မျိုးဆက် (2G) ဒစ်ဂျစ်တယ် ဆဲလ်လူလာ ကွန်ရက်ကို စံသတ်မှတ်ပေး ခဲ့တာ ဖြစ်ပါတယ်။ GSM ဟာ တကမ္ဘာလုံး အဆင့်အထိ ကျယ်ပြန့်စွာ သုံးခဲ့ပြီး၊ အဲဒီအချိန်က တခြား နည်းပညာတွေနဲ့ ယှဉ်ကြည့်ရင် ဈေးကွက် အနေအထား ၉၀ ရာခိုင်နှုန်း အထိ သုံးခဲ့ပါတယ်။ GSM သုံးစွဲတဲ့ နိုင်ငံပေါင်းက ၂၅၉ နိုင်ငံ အထိ ကျယ်ပြန့်စွာ သုံးစွဲပါတယ်။
2G တွေဟာ ဒစ်ဂျစ်တယ် ပုံစံ စပြောင်းလာပြီး ဖင်လန်နိုင်ငံမှာ ၁၉၉၁ က စတင်သုံးပါတယ်။ အမြန်နှုန်း 64 Kbps နဲ့ ဆက်သွယ်နိုင်ပါတယ်။ 2G တွေဟာ TDMA (Time Division Multiple Access) ဒါမှ မဟုတ် CDMA (Code Division Multiple Acess ) နည်းလမ်း နှစ်ခုကို သုံးခဲ့ပါတယ်။
ဥရောပရဲ့ GSM ဟာ သူ့ရဲ့ကိုယ်ပိုင် TDMA နည်းလမ်းကို သုံးစွဲထားတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ နိုင်ငံတချို့မှာ တော့ CDMA နည်းလမ်းကို သုံးခဲ့ကြပါတယ်။ 2G တွေမှာ သူ့ရဲ့သီးသန့် လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ Caller ID, Call Forwarding နဲ့ SMS (Shorting Message Service) တွေ သုံးလာ ပါတယ်။
သူ့ရဲ့ အဓိက လုပ်ဆောင်ချက် ကတော့ တယ်လီဖုန်း သုံးသူတွေဟာ ဝန်ဆောင်မှု သက်ရောက်တဲ့ ဧရိယာ အတွင်းမှာ အဆက်အသွယ် မပြတ်ရွှေ့ပြောင်းသွားရင်း ဖုန်းပြော နိုင်တာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင် ပေးနိုင်တာကို seamles roaming လို့ခေါ် ပါတယ်။ 2G တွေဟာ 1G တွေထက် အသံ အရည်အသွေး ပိုကောင်းလာပေမယ့် Signal တွေ အားကောင်း ဖို့လိုပါတယ်။ ဒစ်ဂျစ်တယ် ဒေတာတွေကို သယ်ဆောင် သုံးနိုင်ပေမယ့် ရှုပ်ထွေး များပြားတဲ့ ဗွီဒီယိုဖိုင် လိုဒေတာမျိုးကို ပို့ဆောင် သုံးနိုင်ခြင်း မရှိသေးပါဘူး။ အသံ ဆက်သွယ် သုံးစွဲမှု အတွက် 2G တွေကို အခု ထိ သုံးစွဲ နေကြဆဲ ဖြစ်ပါတယ်။
2G နဲ့ 3G ကြားထဲက 2.5G
2G နဲ့ 3G ကြားထဲမှာ 2.5G ဆိုတာ ရှိပါသေးတယ်။ 2.5G ဆိုတာက 2G ရဲ့ ဆဲလ်လူလာ မိုဘိုင်းလ်နည်းပညာနဲ့ GPRS (General Packet Radio Service) နှစ်မျိုး ပေါင်းသုံးထားတာ ဖြစ်ပါတယ်။ ဖုန်းခေါ်ဆို ဆက်သွယ်မှု၊ အီးမေးလ်တွေ ပို့ယူဖို့၊ ဝက်ဘ် (web) ထဲ ဝင်ကြည့်ဖို့တွေ စတင် လုပ်ဆောင် နိုင်လာပြီး၊ ဖုန်းတွေမှာ ကင်မရာ စတင် သုံးခဲ့ပါတယ်။ (၃) မီးနစ်စာ MP3 သီချင်း တပုဒ်ကို ဒေါင်းလုတ် လုပ်ဖို့ အတွက် ၆ မနစ်ကနေ ၉ မိနစ်လောက် ကြာပါ တယ်။ အမြန်နှုန်း အနေနဲ့ဆိုရင် 64 Kbps ကနေ 144 Kbps အထိ ရှိလာပါတယ်။
တတိယ မျိုးဆက် 3G
တတိယ မျိုးဆက် 3G ကို ဆဲလ်လူလာ ဒေတာဆက်သွယ်ရေး (Cellular Data Communication) လို့လည်း ခေါ် ပါတယ်။ တစက္ကန့်မှာ 2Mbit အထိ (2Mbps) အထိ ပို့ဆောင် နိုင်လာပါတယ်။ ITU (International Telecommunication Union) ကနေ 3G တွေရဲ့ စံ သတ်မှတ် ပေးခဲ့တာ IMT ( International Mobile Communication-2000 ) သတ်မှတ် ကတည်းက ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကြိုးမဲ့ဆက်သွယ်မှု ဖရီကွင်စီ အတိုင်းအတာတွေ၊ ဒေတာတွေရဲ့ ပို့ဆောင်တဲ့ အမြန်နှုန်း၊ စတင်သုံးစွဲ လုပ်ဆောင်နိုင်မယ့်ရက် စတာတွေကို သတ်မှတ် ပေးထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် တကမ္ဘာလုံးဆိုင်ရာ အနေနဲ့ စံသတ်မှတ်ဖို့ လက်တွေ့ လုပ်ဆောင် ရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နေရာဒေသအလိုက် သုံးထားတဲ့ ဖရီကွင်စီတွေ မတူကြတာကြောင့် အဲဒီ မတူတာတွေကို ချိတ်ဆက်ဖို့ အဆင် မပြေတာ ဖြစ်ပါတယ်။ အဲဒါကို Mode ၃ ခု ခွဲပြီး ၃ မျိုးခွဲခြား သတ်မှတ်လိုက် ပါတယ်။
နိုကီယာဖုန်း ဆိုရင် သူရဲ့ 3G ပစ္စည်း တွေဟာ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ ဆက်သွယ်မှတ်သားဖို့၊ မိုဘိုင်းလ် မာလ်တီ မီဒီယာနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို အပိုင်းလိုက် ခွဲထုတ်လိုက်ပြီး၊ ဖုန်းပြောဆိုမှု၊ ရောင်စုံ ရုပ်ပုံတွေနဲ့ ဗွီဒီယိုတွေ တခြား သတင်းအချက် အလက်တွေ စတဲ့ ဒေတာတွေကို ပုံစံ အမျိုးမျိုးနဲ့ ဆက်သွယ် နိုင်စေ ပါတယ်။ 3Gနဲ့ ပတ်သက်ပြီး စိတ်ဝင်စားရင် nokia ရဲ့ ဝက်ဘ်ဆိုက် ( http:// www.nokia.com ) မှာ ကြည့်ရှုလေ့ လာနိုင် ပါတယ်။
3G ဟာ စမတ်ဖုန်းတွေ စတင် သုံးခဲ့တဲ့ မျိုးဆက်ဖြစ်ပြီး ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ အများအပြား စတင် သုံးစွဲ နိုင်ခဲ့ ပါတယ်။ ဝက်ဘ် အခြေခံတဲ့ app တွေနဲ့ အော်ဒီယို၊ ဗွီဒီယိုဖိုင်တွေ စတင်သုံးနိုင်ခဲ့ ပါတယ်။ သိုလှောင် သိမ်းဆည်းနိုင်မှု တီဗွီ ဖမ်းယူကြည့်နိုင်မှု အတွက် မိုဘိုင်းလ်တီဗွီ၊ ဗွီဒီယို ဖုန်းခေါ်ဆိုမှု၊ သရီးဒီဂိမ်း စတာတွေ စတင်သုံးနိုင် ခဲ့ပါတယ်။
သူ့ရဲ့ bandwidth အနေနဲ့ ပိုကျယ်လာပြီး ဒေတာတွေ ပို့ယူနိုင်တဲ့နှုန်း ပိုမြန်လာ ပါတယ်။ အမြန်နှုန်း 144 Kbps က နေ 2 Mbps အထိ ရှိလာပါတယ်။ ၃ မိနစ်စာ MP3 ဖိုင် တခုကို ဒေါင်းဖို့ အတွက် ၁၁ စက္ကန့်ကနေ (၁) မိနစ်ခွဲ လောက်ပဲ ကြာပါတော့တယ်။
3G တွေရဲ့ ဈေးနှုန်းဟာ ဈေးမပေါ လှပဲ၊ ဝန်ဆောင်မှု လိုင်စင်ကြေး မြင့်ပါတယ်။ သူ့ရဲ့ အခြေခံ အဆောက်အဦ အရင်းအမြစ်တွေ တည်ဆောက်ဖို့ ကုန်ကျစရိတ် မြင့်မားနေပါတယ်။ မြန်နှုန်းမြင့် ဆက်သွယ်ဖို့ အတွက် bandwidth တွေ မြင့်ဖို့ လိုပါတယ်။ ဖုန်းတွေရဲ့ အရွယ်အစား မြင်ကွင်းပိုကြီးလာပြီး၊ ဖုန်းတွေဟာလည်း ကွန်ပျူတာ အသေးစား လေးလောက် လုပ်ဆောင် သုံးစွဲနိုင် လာပါတယ်။ 3Gသုံးနိုင်တဲ့ ဖုန်းတွေရဲ့ ဈေးနှုန်း တွေလည်း ပိုမြင့်လာ ပါတယ်။
3G ပြီးတော့ 4G နဲ့ 4G LTE
4G တွေက 3G ရဲ့ စံသတ်မှတ်မှု အရှုပ်အထွေးတွေ ဖြေရှင်းလို့ မပြီး သေးခင်မှာပဲ အသစ် သတ်မှတ်လိုက်တဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ 3G တွေရဲ့ အရေးပါမှုက ကြိုးမဲ့ဖုန်း ခေါ်ဆိုမှုတွေ အမြောက်အမြား ခေါ်ဆိုနိုင်မှုလို့ ပြောခဲ့ရင် 4G ကတော့ အပြည့်အ၀ လုပ်ဆောင်သုံးစွဲနိုင်တဲ့ မြန်နှုန်းမြင့် ဒေတာ ဆက်သွယ်မှုလို့ ပြောရပါမယ်။ 4G ရဲ့ ဒေတာ ဆက်သွယ်မှုနှုန်းဟာ 2Mbps ကနေ 156 Mbps အထိရှိလာပြီး သိသိသာ သာတိုးတက် ပြောင်းလဲ လာတာ ဖြစ်ပါတယ်။ 4G ဟာ IP (Internet Protocol) ကို အပြည့်အ၀ ထောက်ပံ့လုပ်ဆောင် ပေးနိုင်ပြီး၊ သူ့ရဲ့ မြန်နှုန်းမြင့် ဆက်သွယ်နိုင်မှု ကြောင့် Signal Processor တွေရဲ့ စွမ်းအင်ကိုပါ တိုးတက်လာစေပါတယ်။ Modulation နည်းလမ်း အသစ်တွေ သုံးလာနိုင်စေပါတယ်။
စမတ်အင်တာနာတွေ သုံးထားပြီး Signal တွေကို ဖုန်းသုံးခဲ့တဲ့ သူ့ဆီကို တိုက်ရိုက် ရောက်အောင် ဆုံချက် ဖမ်းလုပ်ဆောင် ပေးနိုင်ပါတယ်။ OFDM လို့ခေါ်တဲ့ Orthogonal Frequency Division Multiplexing နည်းပညာ ကနေ ကြိုးမဲ့ ဒေတာတွေကို အလွန် မြန်တဲ့ နှုန်းနဲ့ ဆက်သွယ် ပေးနိုင်အောင် လုပ်ဆောင် ပေးပါတယ်။ လက်ရှိ ရောင်း ချနေ တဲ့ 4G စမတ်ဖုန်း တွေမှာ 4G လုပ် ဆောင်ချက် ပါနေပြီး 3G ကိုပါ လက်ခံ လုပ်ဆောင် ပေးနိုင်ပါတယ်။
4G LTE ဆိုတာက စတုတ္ထမျိုး ဆက် (Long Term Evolution) ကိုပြော ဆိုတာဖြစ်ပြီး CDMA နဲ့ GSM နည်း ပညာ ကြားထဲက ကွာဟချက်တွေကို ပေါင်းစပ် လုပ်ဆောင် ပေးပါ တယ်။ 4G LTE ကို 3GPP (3rd Generation Partnership Project) ကနေ တာဝန်ယူ လုပ်ဆောင်ပြီး 3G ကွန်ရက် တွေထက် ၁၀ ဆ ပိုမြန် ပါလိမ့်မယ်။
စမတ်ဖုန်း၊ တက်ဘလက်၊ netbook, notebook, wireless hot-spots စတာတွေက 4G နည်းပညာကို ထောက်ပံ့ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ အမြန် နှုန်း 100 Mbps ကနေ 1G Bit per second (1GBps) အထိ ဆက်သွယ် နိုင်ပါမယ်။ အဲဒီမှာ 4G LTE မှာ FDD (Frequency Division Duplex) LTE နဲ့ TDD (Time Division Duplex) LTE ဆိုပြီး နည်းပညာ အချက်အလက်တွေ ကွဲနေပါတယ်။
တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းနဲ့ သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာနကနေ FDD LTE ရောTDD LTE ကိုပါ တွဲအလုပ် လုပ်ပေး ခိုင်းတဲ့ 4G -3100/6200 TDD/FDD-LTE Chipset ကို ထုတ်လုပ်ဖို့ အယ်လ်တိုင်ယာ (Altair) တပိုင်း လျှပ်ကူးကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး တရုတ်နိုင်ငံရဲ့ မိုဘိုင်းလ် ကွန်ရက်မှာ 4G တွေ သုံးနိုင်အောင် လုပ်ပြီး သက်သေ ပြခဲ့ပါတယ်။
အခု အချိန် မှာတော့ 4G ကွန်ရက်တွေ သုံးစွဲနိုင်တဲ့ နိုင်ငံ တော်တော်များများ ရှိနေပြီး Apple ရဲ့ iPhone 5S, 5C, HTC One (M8), HTC One Mini, Samsung Galaxy S5, Sony Xperxia Z2, Z1 Compact, Google Nexus 5, LG G3, Nokia Lumia 1520 စတဲ့ စမတ်ဖုန်းတွေနဲ့ နောက်ပိုင်းထုတ် ဖုန်းတွေဟာ 4G ထောက်ပံ့ လုပ်ဆောင် ပေးနိုင်နေပါပြီ။ 4G တွေဟာ သူ့ရဲ့ မိုဘိုင်းလ် မာလ်တီ မီဒီယာ လုပ်ဆောင်ပေးနိုင်မှု၊ ကမ္ဘာ အဝှမ်း ဆက်သွယ်နိုင်မှု၊ ကြိုးမဲ့ကွန်ရက် တွေကို တပေါင်းတစည်းတည်း ဆက်သွယ်နိုင်မှု တွေကြောင့် 4G တွေကို Mobile Broadband Everywhere လို့ ခေါ်ပါတယ်။
နောက်လာမယ့် 5G
4G ပြီးရင် 5G ဆိုတာ လာပါဦး မယ်။ 5G တွေက အကန့်အသတ်မဲ့ ကြိုးမဲ့ ဆက်သွယ် နိုင်လောက်အောင် လုပ်ဆောင်မှာ ဖြစ်ပြီး အဲဒီလို လုပ်ဆောင် နိုင်တဲ့ အတွက် WWWW (Wireless World Wide Web) ဆိုပြီး ခေါ်ထားပါ တယ်။ 5G တွေက၂၀၂၀ လောက်မှ ဈေးကွက် တင်နိုင်ပါလိမ့်မယ်။ အမြန်နှုန်းအ နေနဲ့ 1 Gbps အထိ ဆက်သွယ်နိုင်ပါ လိမ့်မယ်။ လုံခြုံရေးဆိုင်ရာ လုပ်ဆောင် ချက်တွေ ပိုကောင်းလာပါ လိမ့်မယ်။
ဒီမှာတော့ မိုဘိုင်းလ် ဆက်သွယ်ရေး နည်းပညာတွေ ရေးဖို့ အသက်ငင် နေတဲ့ဖုန်းနဲ့ အင်တာနက်ကို မရ ရအောင် ချိတ်၊ အချက်အလက်တွေ ရအောင် ယူ ရေးထားပါတယ်။ နည်းပညာတွေ၊ နည်း ပညာကုမ္ပဏီတွေ ကတော့ သူ့ထက် သူ အစွမ်းထက်အောင် လုပ်ဆောင်နေကြပါ လိမ့်မယ်။
အခု ရေးထားတဲ့ မိုဘိုင်းလ် ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာ မျိုးဆက်တွေ အကြောင်းက ပါးပါးလေး ရေးထားတာပါ။ လိုအပ်တဲ့ အချက်တွေ၊ အကြောင်း အရာတွေကို အစဆွဲထုတ်ပြီး ဆက်လက် လေ့လာဖို့ အများကြီး လိုအပ်နေ ကြောင်းပါ ခင်ဗျား။ ။