ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှ ၅၆ မိုင်နီးပါး ကားဖြင့် သွားမည်ဆိုပါက လှပသည့် တောင်ယာများကို ဖြတ်သန်းမြင်တွေ့ရမည် ဖြစ်ပြီး ၂ နာရီခွဲခန့် မောင်းပြီးချိန်တွင် အလွန်တိတ်ဆိတ်သော တရုတ်ပြည်နယ်စပ် တာလော့မြို့နှင့် နယ်မြေချင်း ထိစပ်နေသည့် မိုင်းလားမြို့ကို ရောက်ရှိမည် ဖြစ်သည်။
မိုင်းလားမြို့ အဝင်လမ်းတွင်တော့ ကာစီနို အဆောက်အအုံများ၊ စိမ်းလန်းသည့် တောင်ယာများ၊ ငှက်ပျောပင်များနှင့် ရော်ဘာ စိုက်ခင်းများကို တွေ့ရပါသည်။
မိုင်းလားမြို့ကို အမျိုးသားဒီမိုကရေစီ မဟာ မိတ်တပ်မတော် (NDAA) မိုင်းလား အထူးဒေသ ၄ အဖွဲ့က ထိန်းချုပ်ထား ပြီး မိုင်းလားတပ်မတော်၊ မိုင်းလားရဲ၊ မိုင်းလား အစိုးရရုံး ဟူ၍ သီးသန့် အုပ်ချုပ်ရေး အဖွဲ့ ဖွဲ့စည်းထားကာ မိုင်လား ပြည်နယ် ဥပဒေနှင့် အုပ်ချုပ် လုပ်ကိုင်လျက် ရှိသည်။
မိုင်းလားမြို့တွင်း သွားလာနေသော မိုင်လား တပ်မတော်မှ တပ်သားများ ဝတ်ဆင်ထားကြသော ဝတ်စုံသည် “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်ဝတ်စုံနှင့် ဆင်တူပုံစံ ဖြစ်နေသည်ကို တွေ့ရသည်။
မိုင်းလားမြို့တွင်းသို့ ရောက်ရှိချိန်တွင် ဈေးဆိုင် အများစု၏ ဆိုင်းဘုတ်များကို တရုတ်ဘာသာ၊ ရှမ်းဘာသာနှင့် မြန်မာဘာသာများဖြင့် ရေးသားထားသည်ကို တွေ့ရသည်။ မိုင်းလားမြို့တွင် တရုတ်နှင့် ရှမ်းဘာသာစကားကို အဓိက ပြောဆိုကြသည်။
မိုင်းလားမြို့ ဒေသခံ ဒေါ်နန်းခမ်းက “ဒီမှာက မိုင်းလား တပ်ဖွဲ့တွေပဲ နေကြတယ်။ ဥပဒေက တခြား ဒေသတွေနဲ့ မတူဘူး။ သူခိုးဓားပြတော့ မရှိပေမယ့် တခါတလေ မြို့ထဲမှာ သေနတ်ပစ်တဲ့ အသံတွေ ကြားရတယ်” ဟု ဧရာဝတီကို ပြောသည်။
မိုင်းလားမြို့သည် လောင်းကစားဖြင့် နာမည် ကျော်သည့်မြို့ တမြို့ ဖြစ်သည့်အတွက် တရုတ်ပြည်မမှ တရုတ်လူမျိုး များစွာ လာရောက် အပန်းဖြေကြသည့် နေရာတခုလည်း ဖြစ်ပြီး တရုတ်ယွမ်ငွေ ကိုသာ အသုံးပြုသည်။
မိုင်းလားမြို့သည် မြန်မာနိုင်ငံပိုင် နယ်မြေ ဖြစ်သော်လည်း တရုတ် ဖုန်းဆင်းကတ်များ ကိုသာ အသုံးပြုနေကြသဖြင့် တရုတ်ပြည် အငွေ့အသက်များ လွှမ်းမိုးနေသည့် နေရာတခုဟု ဆိုနိုင်သည်။
မိုင်းလား ဟိုတယ်ကို သွားရောက်တည်းခိုသည့် အချိန်၌ ဟိုတယ်ထဲတွင် လောင်းကစားဂိမ်းများ ကစားနိုင်ပြီး ဟိုတယ်ခန်းထဲတွင် ပြည့်တန်ဆာများ ခေါ်ဆိုနိုင်သည်ဟု ရေးထားသည့် ဆိုင်းဘုတ်များကို တွေ့ရသည်။
မိုင်းလား ညနေခင်းတွင် ပြည့်တန်ဆာများက လမ်းမများပေါ်၌ပင် ၎င်းတို့၏ ဖုန်းနံပါတ်ပါ နာမည်ကတ်များ၊ လက်ကမ်း စာစောင်များကို ဝေနေကြသည်။
ထိုကိစ္စနှင့် ပတ်သတ်ပြီး တန့်ယန်းမြို့မှ မိုင်းလား ဟိုတယ်တွင် လာရောက် အလုပ် လုပ်ကိုင်သည့် အသက် ၂၀ ဝန်းကျင် အရွယ်ရှိ နန်းမွေက “ဒီအမျိုး သမီးတွေကို ခေါ်ရင် တညကို ဘယ်လောက် ပေးရမယ် ဆိုတာ ကြေညာထား တယ်။ သူတို့ကို ခေါ်ချင်ရင် အဲဒီအထဲမှာ ပါတဲ့ ဖုန်းနံပါတ်ကို ဆက်လိုက်လို့ ရပါတယ်။ အနှိပ်သီးသန့် ရှိသလို တခြား လိင်နဲ့ပတ်သက်တဲ့ ဖျော်ဖြေရေး ကိစ္စအတွက်လည်း ခေါ်လို့ ရပါတယ်” ဟု ပြောသည်။
ပြည့်တန်ဆာ များထဲတွင် တရုတ်ပြည်မမှ အမျိုးသမီးများနှင့် မြန်မာ အမျိုးသမီးများကို တွေ့ရ၏။ အမျိုးသမီးများကို ခေါ်ဆိုပါက တညလျှင် အနှိပ်သီးသန့်အတွက် တရုတ်ယွမ် ၆၀ (ကျပ် ၉၆၀ဝ ခန့်) ပေးရမည် ဖြစ်ပြီး ထို အမျိုးသမီးများ နှင့် လိင်ဆက်ဆံမည် ဆိုလျှင် တညကို ယွမ် ၅၀ဝ (ကျပ် ၈ သောင်းခန့်) ပေးရကြောင်း နန်းမွေက ဆက်ပြောသည်။
မိုင်းလားမြို့သည် တရုတ်နယ်စပ် တာလော့မြို့နှင့် နယ်မြေချင်း ထိဆက်နေသည့် နေရာတခု ဖြစ်သည့် အတွက် တရုတ်ခရီးသွားများနှင့် ထိုင်းခရီးသွားများ အတွက် မျက်စိကျစရာ နေရာတခု ဖြစ်ကြောင်းလည်း သိရသည်။
မိုင်းလားမြို့ရှိ လူငယ်များသည် မြန်မာအစိုးရ ပညာရေး စနစ်ထက် တရုတ်ပညာရေး၊ တရုတ် ဘာသာစကားကို သင်ယူရန် အားသန်ကြပြီး တရုတ်စာ၊ တရုတ်စကား သင်ကြားမှသာ အလုပ်ကောင်း၊ လစာကောင်း ရနိုင်သည်ဟု မိုင်းလား ဒေသခံများက ပြောသည်။
မိုင်းလားမြို့ကို လှည့်ပတ်ကြည့်သည့် အခါ မြို့မဈေးကို မြို့လယ်ကောင်တွင် တွေ့ရပြီး မိုင်းလားမြို့တွင် အစိုးရ အထက်တန်းကျောင်း တကျောင်း၊ ဆေးရုံ တရုံနှင့် တရုတ်လူမျိုးများ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ စတိုးဆိုင်များစွာကို တွေ့မြင်ရသည်။
မြို့၏ထူးခြားချက်မှာ ဟိုတယ်များစွာ ရှိနေပြီး ဟိုတယ်တိုင်းနီးပါး လူပြည့်နေခြင်း ဖြစ်သည်။ မြို့တွင်း နေရာတိုင်း၌ လည်း ငါးဂိမ်းဟုခေါ်သည့် လောင်းကစား ဂိမ်းဆိုင်များ ရှိနေသည်။
မိုင်းလားမြို့လယ်ရှိ NDAA အထူးဒေသ ၄ အဖွဲ့ ထိန်းချုပ်ရာ မြို့မဈေးထဲရောက်ချိန်၌ တောရိုင်းတိရစ္ဆာန် အရှင်များနှင့် အရေခွံများကို ခင်းကျင်း ရောင်းချသည်ကို တွေ့ရှိရသည်။
ရောင်းချနေသော တောရိုင်းတိရစ္ဆာန်အရှင်များ နှင့် အရေခွံများကို တရုတ်ပြည် ပြည်မကြီးဘက်က တရုတ်လူမျိုး များက အဓိကဝယ်ယူ သုံးစွဲကြကြောင်း မိုင်းလားမြို့ ဒေသခံများက ဆိုသည်။
တိရစ္ဆာန်အရှင်များနှင့် အရေခွံများကို တရုတ် လူမျိုးတချို့က ဆေးဖော်စပ် သောက်သုံးကြသကဲ့သို့၊ တချို့က အလှတန်ဆာများ အဖြစ် ဆင်မြန်း ဝတ်ဆင်ကြသည်ဟု ၎င်းတို့က ဆက်ပြောသည်။
တိရစ္ဆာန် အရေခွံများ၏ ဈေးနှုန်းများမှာ ၂ လက်မရှိသည့် ဆင်ရေခွံတခုကို တရုတ်ငွေ ယွမ် ၅၀ (ကျပ် ၈ ထောင်)၊ မြွေရေခွံတခုကို ယွမ် ၁၀ဝ (ကျပ် ၁၆၀ဝဝ)၊ ကျားခြေထောက် တချောင်းကို ယွမ် ၁၀ဝ၀ (၁၆၀ဝဝဝ)၊ ဆင်စွယ် တချောင်းကို ယွမ် ၈၀ဝ (၁၃၀ဝဝဝ ခန့်) နှင့် ကျားစွယ်တစုံကို ယွမ် ၅ ထောင် (ကျပ် ၈ သိန်း) ခန့် ပေးရသည်။ ဝက်ဝံခြေထောက်၊ သမင်ချို၊ ကျားရေခွံတို့ကို ရောင်းချ နေကြသကဲ့သို့ ရှေးဟောင်း ပစ္စည်းများ ရောင်းချနေကြသည် ကိုလည်း တွေ့ရသည်။
မိုင်းလားဈေးထဲတွင် တိရစ္ဆာန်အရေခွံ ရောင်းချနေသည့် အသက် ၃၀ အရွယ် အမျိုးသမီးတဦးက “ဒီ တောရိုင်း တိရစ္ဆာန် အခြောက်တွေကို အရက်နဲ့ စိမ်သောက်ကြသလို၊ ဒဏ်ကြေလိမ်းဆေး အဖြစ်လည်း ဖော်စပ်ကြတယ်။ ကျားစွယ်၊ ဆင်စွယ်တွေကတော့ တရုတ်သူဌေးတွေက ဆွဲကြိုးလုပ်ပြီး အလှဝတ်ဆင်တာပါ” ဟု ဧရာဝတီကို ပြောသည်။
ဈေးထဲတွင် တိရစ္ဆာန်အရှင်များ ရရှိနိုင်ကြောင်း၊ သားကောင်များကို စိတ်ကြိုက် ဝယ်ယူနိုင်သည့် အတွက် တရုတ်လူမျိုးများက မိုင်းလားဈေးကို သဘောကျ နှစ်သက်ကြကြောင်း၊ တချို့ တရုတ် လူမျိုးများသည် လတ်ဆတ်သည့် သားကောင်များကို စားချင်သဖြင့် မိုင်းလားကို တကူးတက လာရောက် လည်ပတ်ကြကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
“ဒီ ဆေးရေစိမ် အရက်တွေသောက်ရင် ကာမ အားတိုးသလို၊ လေဖြတ်ရောဂါလည်း မဖြစ်ဘူး။ အစွယ်တွေကို အလှအဖြစ် ဝတ်ဆင်ရင်လည်း ခန္ဓာကိုယ်အတွက် အဆိပ်အတောက်တွေ ပြေပျောက်စေ သလို၊ ကျန်းမာရေး အတွက်လည်း အထောက်အကူ ပြုပါတယ်” ဟု တန့်ယန်းမြို့မှ မိုင်းလားဈေးထဲသို့ လာရောက်ပြီး တောရိုင်းတိရစ္ဆာန် အရှင်များ ရောင်းချနေသည့် နန်းအွမ်က ဧရာဝတီကို ပြောသည်။
မိုင်းလားဈေးသည် တရုတ် ထုတ်ကုန်များ၊ ယိုးဒယား ထုတ်ကုန်များ၊ ဒေသထွက်ကုန်များ၊ တောရိုင်းတိရစ္ဆာန်များနှင့် စားသောက်ဆိုင်တန်းများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။ စားသောက် ဆိုင်တန်းများတွင် တောရိုင်းတိရစ္ဆာန် များဖြင့် စိမ်ထားသော အရက်များ ရောင်းချနေသည်။
တောရိုင်းတိရစ္ဆာန်များကို ဥပဒေမဲ့ စီးပွားဖြစ် ရောင်းဝယ်နေကြခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ မြန်မာပြည်တွင်း၌ တောရိုင်းတိရစ္ဆာန်များကို လွတ်လပ်စွာရောင်းချသည်ကို မတွေ့ရသော်လည်း မိုင်းလားတွင် လွတ်လပ်စွာ ရောင်းဝယ် နေကြသည်ကို တွေ့မြင်ရသည်။
ထိုနည်းတူ မိုင်းလားမြို့ရှိ စားသောက်ဆိုင် အများစုသည် လတ်ဆတ်သည့် သားကောင်အရှင် များကို ရောင်းပြီး စားသောက်မည် ဆိုပါက ချက်ချင်း သတ်ဖြတ် ချက်ပြုတ်ပေးသည် ကိုလည်း တွေ့ရသည်။
မိုင်းလားမြို့ရှိ တရုတ်စားသောက်ဆိုင် တဆိုင် ဖြစ်သည့် တော်ဝင်စားသောက်ဆိုင်ရှေ့တွင် ဖွတ်များ၊ သင်းခွေချပ်များ၊ တောက်တဲ့များ၊ မျောက်များ၊ ပူးများကို လှောင်အိမ်ထဲတွင် ထည့်ပြီး လိပ်များကိုလည်း ကန်ထဲတွင် ထည့်ကာ စားသောက်မည့်သူက လက်ညှိုးထိုး ချက်ခိုင်းနေသည်ကို တွေ့ရသည်။
“တရုတ်တွေက လတ်ဆတ်တဲ့ သားကောင်တွေ၊ ထူးဆန်းတဲ့ အကောင်တွေ အရမ်းစားတယ်။ တချို့ တရုတ်တွေက ဒီအကောင်တွေ စားဖို့အတွက် သီးသန့်လာကြတယ်” ဟု မိုင်းလားတွင် အလုပ်လုပ်နေသည့် ကိုထွန်းအေးက ဧရာဝတီကို ပြောသည်။
မိုင်းလားဈေးတွင် ရောင်းချနေမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှ NDAA ဆက်ဆံရေးနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး ဦးစိုင်းဆိုင်က “မိုင်းလားဈေးမှာ ဈေးရောင်း ချင်ရင် ကျနော်တို့ ကျိုင်းတုံဆက်ဆံရေးရုံး ကို အရင် အကြောင်းကြား ရမှာပါ။ ဈေးထဲမှာ ဈေးရောင်းချင်တဲ့သူတွေက အရမ်းများတယ်။ အခုတောင် ရောင်းဖို့ နေရာတွေ ပြည့်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မိုင်းလား ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူကို တွေ့ဆုံရန် ဧရာဝတီက ခွင့်တောင်းခဲ့ သော်လည်း ကျိုင်းတုံမြို့နယ် NDAA မှ ဗိုလ်မှူး ဦးစိုင်းဆိုင်က NDAA အထက်လူကြီးများ အလုပ်များ နေသောကြောင့် ဆက်ဆံရေးရုံး သို့ မဝင်ရန်ပြောသည်။
မိုင်းလားတွင် ကာစီနိုရုံ တည်ထောင် ထိန်းချုပ် လုပ်ကိုင်နေသော NDAA သည် အစိုးရနှင့် ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေး စတင်ယူခဲ့ပြီး မိုင်းလား အထူးဒေသ ၄ အဖြစ် အစိုးရက သတ်မှတ်ပေးခဲ့သည်။ NDAA မိုင်းလား တပ်ဖွဲ့သည် မိုင်းလား မြို့နယ်၊ မိုင်းယန်းမြို့နယ် ဆီးဘူးဒေသနှင့် အနီးတဝိုက်၊ မိုင်းယောင်းမြို့နယ်၊ နမ့်ပန်း ဒေသ တို့ကို ထိန်း ချုပ်ထားသည်။ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်သည့် ဒေသအတွင်း ရှမ်းလူမျိုးနှင့် အခါလူမျိုးများ နေထိုင် ကြသည်။
မိုင်းလားတွင် ၁၉၉၃-၉၄ ခုနစ်မှ စတင်ပြီး ကာစီနိုကို စီးပွားရေး အဖြစ် ရပ်တည်လုပ်ကိုင်လာကာ ကာစီနိုမှ ရလာသည့် ဝင်ငွေကို မိုင်းလားဒေသ ဖွံ့ဖြိုးရေး အဖြစ် အသုံးပြုနေကြောင်း သိရသည်။ ၁၉၉၇ ခုနစ်မှစပြီး ဘိန်းကင်းမဲ့ဇုန်ဟု မြန်မာအစိုးရက သတ်မှတ်ခဲ့ကြောင်း သိရသည်။
မိုင်းလားဒေသသည် တောရိုင်းတိရစ္ဆာန်များကို ခင်းကျင်းရောင်းချမှု များပြားသည့် အတွက် အာရှတွင် ထိန်းချုပ်၍ မရနိုင်သော ဈေးကွက်ကြီးတခုဖြစ်ကြောင်း Oxford Brookes University မှ ပါမောက္ခ Vincent Nijman က မှတ်တမ်းပြု ဖော်ပြခဲ့သည်။
မိုင်းလားဒေသသည် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် တရုတ်နိုင်ငံ Guangzhou တို့အကြား ကာလများစွာ ကပင် လူသိ များခဲ့သော ပြည်တွင်းနှင့် နိုင်ငံတကာ တရားမဝင် ဆင်စွယ်ရောင်းချ ဖြန့်ဖြူးရာ နေရာတခု အဖြစ်လည်း တည်ရှိနေ သည်။ ။