အာဆီယံနိုင်ငံများ အတွင်း ဖွံ့ဖြိုးမှုနှုန်း ကွာဟသော အချက်များစွာ ရှိနေသည့် အနက် မြန်မာနိုင်ငံ အနေဖြင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးမှု ကွာဟချက် အတွက် ဖြည့်ဆည်း လုပ်ဆောင်ရန် လက်ရှိ အချိန်တွင် ပို၍ လိုအပ်နေကြောင်း အာဆီယံရေးရာ သုတေသနဌာန၊ အာဆီယံ လူမှုယဉ်ကျေးမှု အသိုက်အဝန်း သုတေသနမှူး ဒေါ်မိုးသူဇာက ပြောသည်။
နိုဝင်ဘာ ၁၁ မှ ၁၃ ရက်အထိ ကျင်းပသော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတွင် အာဆီယံ နိုင်ငံများ ကြားရှိ ဖွံ့ဖြိုးမှုနှုန်း ကွာဟချက် ကျဉ်းမြောင်းရန် လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးမှု အပြီး ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်မိုးသူဇာက “အခြေခံအဆောက်အဦ ကလည်း ကွာဟမှု (Gap) ကြီးတခုပဲ။ ဒါ အာဆီယံ အသိုက်အဝန်း တခုလုံး လိုအပ်နေတဲ့ (Gap) ပါ။ မြန်မာနိုင်ငံမှာလည်း လိုနေတယ်။ အခုဆိုရင် တော်တော်လေးကို လိုအပ်နေတယ်။ ဘာကြောင့်လဲ ဆိုရင် မြန်မာဟာ တောင်အာရှ၊ အရှေ့အာရှကြားမှာ ဆက်သွယ်နေတဲ့ တံတားအနေအထား လိုမျိုးမှာ ရှိနေတဲ့ နေရာမို့ပါ” ဟုပြောသည်။
လက်ရှိအချိန် ဒေသတွင်း ဖွံ့ဖြိုးမှု ကွာဟချက်တွင် ပညာရေး ကွာဟမှုနှင့် ကျန်မာရေး ဆိုင်ရာကွာဟမှုတို့ အပြင် တခြား အမျိုးမျိုးသော ခေါင်းစဉ်များ ရှိနေပြီး အစိုးရများ၏ အုပ်ချုပ်မှုစနစ် အနေအထား ကွာဟမှု အထိ ပြော၍ ရကြောင်း သိရသည်။
ဒေါ်မိုးသူဇာက “ပြောရမယ် ဆိုရင် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ပေါ့။ တိုင်းပြည် အတွင်းမှာ ရှိတဲ့ ကိုယ့်ရဲ့ သယံဇာတ အရင်းအမြစ်တွေကို အစိုးရတရပ် အနေနဲ့ ဘယ်လို စီမံခန့်ခွဲပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားမလဲ ဆိုတဲ့ လိုအပ်ချက်တွေ ပေါ့။ ဒီတော့ (Gap) တွေက အများကြီး ရှိတဲ့အချိန်မှာ ဘယ်ဟာ အရေးကြီးဆုံးလဲ ဆိုပြီး တခုတည်းကို အာရုံစိုက်နေတယ် ဆိုရင် ကျန်တာတွေ လစ်ဟာသွားနိုင်ပါတယ်” ဟုပြောသည်။
၂၀၁၅ ခုနှစ်တွင် စတင်မည် ဖြစ်သည့် အာဆီယံ နိုင်ငံအချင်းချင်းကြား ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်း အပါအဝင် ကျွမ်းကျင် လုပ်သားမှ အစ အကောက်အ ခွန်မဲ့ လွတ်လပ်စွာ စီးဝင်ကြမည် ဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ပေါ်လာလျှင် ဒေသတွင်း နိုင်ငံများကြား ဖွံ့ဖြိုးမှုနှုန်း ကွာဟချက် ပိုမိုကြီးသွားမည်လားဟု ပြောဆို ကြသည်များလည်း ရှိသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများကြား ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်း လာရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုတွင် ပါဝင်ခဲ့သူ ဦးသူရကိုကိုက “AEC က ၂ ခုစလုံး ဖြစ်နိုင်တယ်။ ကွာဟချက် လိုက်လာ နိုင်သလို ကွာဟချက် ပိုကြီးသွားမှာလည်း ဖြစ်နိုင်ပါတယ်” ဟုပြောသည်။
AEC သည် ၂၀၁၅ ခုနှစ်တွင် စတင်မည် ဖြစ် သော်လည်း အာဆီယံတွင် အဖွဲ့ဝင် အဖြစ် ဝင်ရောက်မှု နောက်ကျပြီး အဆင်သင့်ဖြစ်မှု အားနည်း သော မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘာဒီးယား နိုင်ငံများ အနေဖြင့် ၂၀၁၈ ခုနှစ်အထိ ပြင်ဆင်ချိန် ၃ နှစ် ထပ်မံတိုး ပေးထားသည်။
ပြင်ဆင်ချိန် ထပ်မံ တိုးပေးထားသည့် အနေအထားတွင် လုပ်ငန်းအားလုံး လွတ်လပ်စွာ စီးဝင်ကြဦးမည် မဟုတ်ဘဲ အဆင်သင့် မဖြစ်သေးသော လုပ်ငန်း အချို့ အတွက် ထိန်းထားခွင့် ရသည့် အနေအထား ဖြစ်ရာ ရရှိသော ထပ်တိုး အချိန်တွင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုကြောင်း ဦးသူရကိုကိုက ပြောသည်။
၎င်းက “နှစ်ထပ်တိုးနဲ့ ပြောင်းလဲမှုတွေ အထဲမှာ ဘာမှ မလုပ်ဘူး ဆိုရင်လည်း ဒီထိန်းထားတာက အလကားပဲ။ ထိန်းထားတာက ကျနော်တို့ အချိန် နည်းနည်း လိုလို့၊ ပြုပြင်ဖို့ အချိန်လိုလို့ ထိန်းထားတယ် ဆိုရင်တော့ ထိန်းထား သင့်တယ်။ ထိန်းနေရင်းနဲ့ ဒီဘက်က လိုအပ်တာတွေ ကိုလည်း ပြီးမြောက်အောင် လုပ်ဖို့ လိုတယ်” ဟုပြောသည်။
AEC ဖြစ်ပေါ်လာချိန်တွင် အကောက်ခွန် အတားအဆီးများကို အာဆီယံ နိုင်ငံများ အကြားတွင် သုညရာခိုင်နှုန်း အထိ လျှော့ချရမည် ဖြစ်သည်။ မြန်မာနိုင်ငံက အကောက်ခွန် လျှော့ချမှုကို ၂၀ဝ၈ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ရာတွင် လက်ရှိ အချိန်၌ သုည ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်း ကြားတွင်သာ ရှိတော့ကြောင်း၊ ကုန်ပစ္စည်း အနည်းစုသာ ၅ ရာခိုင်နှုန်း အထက်တွင် ရှိတော့ကြောင်းနှင့် ၂၀၁၈ တွင် အားလုံးလျှော့ချသွားနိုင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ။