မူကြမ်းအဆင့်အထိ ခရီးရောက်နေပြီ ဖြစ်သည့် “မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း” သည် ဗုဒ္ဓဘာသာနှင့် တခြားသော ဘာသာဝင်များကို ခွဲခြားဆက်ဆံရန် ပေါ်ထွက်လာမည့် ဥပဒေတရပ် ဖြစ်သည်ဟု ဥပဒေ ပညာရှင်များနှင့် အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ပြောဆို လိုက်သည်။
“မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း” မှာ မျိုးစောင့် ဥပဒေဟု လူသိများသည့် ဥပဒေ ၄ ခုအနက် တခု အပါအဝင်ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်တွင် မူကြမ်းအဖြစ် ထွက်ရှိလာခြင်း ဖြစ်သည်။
ခေါင်းစဉ်နှင့် အညီ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကိုသာ အကာအကွယ်နှင့် အခွင့်အရေးပေးမည် ဖြစ်ပြီး ဗုဒ္ဓဘာသာ မဟုတ်သည့် တခြားဘာသာ ကိုးကွယ်သူ အမျိုးသမီးများ၏ အခွင့်အရေးကိုမူ ဖော်ပြထားခြင်း မရှိသည့်အပြင် တခြား ဘာသာဝင်များနှင့် သက်ဆိုင်ခြင်း မရှိဟုလည်း မူကြမ်းတွင် ရေးသားထားသည်ကို တွေ့ရသည်။
ထိုဥပဒေကြမ်းမှာ နိုင်ငံသား အမျိုးသမီးများအကြား ကိုးကွယ်သည့် ဘာသာကွဲပြားမှုအပေါ် မူတည်ပြီး အဆင့်ခွဲခြား ဆက်ဆံခြင်းပင်ဖြစ်ပြီး ဥပဒေမှာ ပြည့်စုံခြင်း မရှိသည့် အပြင်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အပြည့်အ၀ ကာကွယ်မှုနှင့် အခွင့်အရေး ပေးနိုင်သည့် အချက်များလည်း မပါရှိဟု ဥပဒေ ပညာရှင်များနှင့် အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေး ဆောင်ရွက် နေသူများက ထောက်ပြဝေဖန်လျှက် ရှိသည်။
အမျိုးသမီးရေး ကိစ္စများ တတ်ကြွလှုပ်ရှားနေသည့် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ မခွန်ဂျာက “ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတိုင်း တန်းတူ အခွင့်အရေး ရမယ်လို့ ပါတယ်၊ ဖွဲ့စည်းပုံနဲ့တောင် ကွဲလွဲနေတယ်။ ခွဲခြားတာက အရမ်း သိသာပါတယ်” ဟု ပြောဆိုသည်။
ဥပဒေကြမ်းတွင် ဘာသာခြားနှင့် အိမ်ထောင်ပြုပြီးသည့် အမျိုးသမီးတို့၏ လက်ထပ်ခြင်း၊ လင်မယား ကွာရှင်းခြင်း၊ ပစ္စည်း ခွဲဝေခြင်း၊ အမွေ ဆက်ခံခြင်း၊ သားသမီး ထိန်းသိမ်းခြင်း စသည်တို့နှင့် ဆက်စပ်နေသည့် အငြင်းပွားမှုများနှင့် အတင်းအဓမ္မ ဘာသာပြောင်းခိုင်းသည့် ဖြစ်ရပ်များမှ ကာကွယ်ပေးမည့် အချက်များကို ထည့်သွင်း ပြဌာန်း ထားသည်ကို တွေ့ရသည်။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် ဘာသာခြား အမျိုးသားတို့ လက်ထပ်မည် ဆိုပါက လက်ထပ်ခွင့်အား ၎င်းတို့ နေထိုင်သည့် မြို့နယ်မှ အထွေထွေ အုပ်ချုပ်ရေးမှူးထံတွင် ခွင့်တောင်းရမည်ဖြစ်ပြီး ၁၄ ရက် အတွင်း ကန့်ကွက်မှု မရှိပါက လက်ထပ်ခွင့်ရမည် ဖြစ်ကြောင်း၊ ကန့်ကွက်မှု ရှိပါက တရားရုံးသို့ တင်ပြမည်ဖြစ်ပြီး လက်ထပ်ခွင့် ရှိ/ မရှိ ဆိုသည်မှာ တရားရုံးမှ ဆုံးဖြတ်ချက်သာ အဓိက ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
အမျိုးသမီးတဦး အနေဖြင့် လူ့အခွင့်အရေး အရ မိမိလက်ထပ်မည့်သူအား ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိရမည် ဖြစ်ပြီး ဘာသာခြား ဖြစ်ပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးထံတွင် လက်ထပ်ခွင့် မှတ်ပုံတင်ခြင်းကို အဆင့်ဆင့် လုပ်ဆောင် ရမည်ဟု ဥပဒေကြမ်း၌ ဆိုထားခြင်းသည် မမှန်ကန်သည့် ပြဌာန်းချက် ဖြစ်သည်ဟု မခွန်ဂျာက ဝေဖန်ပြောဆိုသည်။
ထို့အပြင် ဥပဒေကြမ်းတွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် ဘာသာခြား အမျိုးသား တဦးတို့ ၎င်းတို့သဘောဆန္ဒအရ အတူနေထိုင်သော်လည်း သတင်းပေးသူ ရှိပါက အုပ်ချုပ်ရေးမှူးများမှ ဆင့်ခေါ်ကာ လက်ထပ်ထိမ်းမြားရန် ဥပဒေအရ စီစဉ်မည် ဟုလည်း ဆိုထားသည်။
ထိုသို့ ရေးသားဖော်ပြထားမှုနှင့် ပတ်သက်ပြီး ရှေ့နေများကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးအေးမင်းက “အောက်ခြေမှာ လာဘ်စားမှုတွေတောင် ဖြစ်လာနိုင်တယ်၊ နောက်ပြီး ကြိုတင်ကြံစည်မှုတွေလည်း ဖြစ်လာနိုင်တယ်၊ ဒီဥပဒေက အင်မတန် အန္တရာယ်များတယ်” ဟု သုံးသပ်သည်။
ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေများက မျိုးစောင့် ဥပဒေသည် ဗုဒ္ဓဘာသာ အမျိုးသမီးများအား ကာကွယ်မှုပြုမည့် အရေးအသားများ ပါဝင်သော်လည်း ဌာနဆိုင်ရာ လာဘ်စားမှုများ၊ အိမ်ထောင်ရေးဆိုင်ရာ ပွဲစားများ၊ ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်သည့် ဥပဒေ တရပ်ဟု ယူဆကာ လက်မခံနိုင်ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထိုဥပဒေကြမ်းတွင် အမျိုးသမီးများ အခွင့်အရေး အဖြစ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် လက်ထပ်ထားသည့် ဘာသာခြား အမျိုးသားသည် ဇနီးဖြစ်သူကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုရမည်ဖြစ်ပြီး ဗုဒ္ဓဘာသာ ဓလေ့အယူ၊ ရိုးရာအရ ဆောင်ရွက်ခြင်းများကို ဟန့်တားခြင်း၊ တခြား ဘာသာသို့ ပြောင်းရန် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်ခြင်းများ ရှိပါက ကွာရှင်းနိုင်ကြောင်း၊ ဗုဒ္ဓဘာသာ အမျိုးသမီးမှာ နှစ်ဦးပိုင် ပစ္စည်းအားလုံးတို့ကို တရားဥပဒေအရ ရရှိမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် သားသမီး အားလုံးကို အမျိုးသမီးမှ ထိန်းသိမ်းခွင့် ရရှိမည် ဖြစ်ပြီး အမျိုးသားက ကလေးများ အရွယ် ရောက်သည်အထိ စရိတ် ထောက်ပံ့ရမည်ဟုလည်း ပြဌာန်းထားသည်။
သို့သော် ဗုဒ္ဓဘာသာဝင် မဟုတ်သူ အချင်းချင်း လက်ထပ် ထိမ်းမြားပါက ဤဥပဒေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ ဥပဒေ အသက်ဝင် အတည်ပြုပြီးပါက မြန်မာနိုင်ငံအတွင်း နေထိုင်နေသူအားလုံး (ယာယီ/ နိုင်ငံသား ဖြစ်စေ) နှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများလည်း လိုက်နာရမည် ဖြစ်သည်ဟု ဥပဒေကြမ်းတွင် ပြဌာန်းထားသည်။
အစ္စလမ် ဘာသာရေးဆရာ တဦးဖြစ်သူ ဦးမြင့်မောင်က “ဒီဥပဒေကို တခြားဘာသာဝင် ယောက်ျားတွေကတော့ လိုက်နာရတယ်၊ တခြားဘာသာဝင် အမျိုးသမီးတွေကျတော့ အခွင့်မရဘူးဆိုတော့ ခွဲခြားထားတာပဲ။ နိုင်ငံသား အချင်းချင်း ဘာသာရေးအရ အဆင့် ခွဲခြားလိုက်သလိုပါပဲ။ တခြားဘာသာဝင် အမျိုးသမီးတွေကို တဆင့်နှိမ့်ပြီး ခွဲခြား ဆက်ဆံလိုက်တာပါပဲ၊ နိုင်ငံတော် ဥပဒေနဲ့ ခွဲခြားတာတော့ မကောင်းပါဘူး” ဟု ပြောသည်။
ထိုသို့ ကန့်ကွက်ဝေဖန်မှုများ ရှိနေသည့် မျိုးစောင့်ဥပဒေကို ရေးဆွဲပေးရန် ၂၀၁၃ ခုနှစ်တွင် သံဃာတော်နှင့် ပြည်သူများက လတ်မှတ် ၁၅ သိန်း ကျော်ဖြင့် သမ္မတကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ သမ္မတကလည်း တိုက်ရိုက် ညွှန်ကြားချက်ဖြင့် ကော်မရှင်ဖွဲ့ကာ ရေးသားစေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးရေး ကဏ္ဍတွင် ပါဝင်လှုပ်ရှားနေပြီး ကရင်ပြည်နယ် လူငယ်များ ကွန်ရက်၏ အတွင်းရေးမှူးဖြစ်သူ ခရစ်ယာန် ဘာသာဝင် တဦးဖြစ်သည့် မနန့်လွမ်ရာက “ကျမတို့ ခရစ်ယာန် အမျိုးသမီးတွေ ဘာသာခြားနဲ့ ယူရင်ရော ကာကွယ်မှု မရဘူးပေါ့၊ ဒီနိုင်ငံသားဖြစ်ပြီး ဘာလို့ တန်းတူမှု မရတာလဲ။ ကျွန်မတို့လည်း အမျိုးသမီးတွေပဲ၊ နိုင်ငံတော် ဥပဒေနဲ့ ကာကွယ်မှု ပေးမယ်ဆို လိုချင်တယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ရေးဆွဲရန် လှုပ်ရှားမှုများ စတင်ချိန် ကတည်းက မျိုးစောင့် ဥပဒေ မလိုလားကြောင်း ဗုဒ္ဓဘာသာ အမျိုးသမီး အဖွဲ့အစည်းများ အပါအဝင် ဘာသာပေါင်းစုံမှ အမျိုးသမီး များက ဆန္ဒပြ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။
အမျိုးသမီးများ အခွင့်အရေး လှုပ်ရှားနေသူများက အမျိုးသမီးများကို အမှန်တကယ် ကာကွယ်လိုပါက အမျိုးသမီးများ အားလုံးကို ကာကွယ်နိုင်မည့် ဥပဒေတရပ်ကိုသာ ပြဌာန်းသင့်သည်ဟု အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ သော်လည်း ထိုဥပဒေကြမ်းသည် ဒီဇင်ဘာ ၃ ရက်၌ ထွက်ရှိလာခဲ့သည်။
ဥပဒေ မူကြမ်းတွင် ပါဝင်သည့် အချက်များ အသက်ဝင် အတည် ဖြစ်လာပါက ဗုဒ္ဓဘာသာနှင့် ဘာသာခြားများ အကြား မပြေလည်မှုများနှင့် ပဋိပက္ခများ ဖြစ်လာနိုင်သည့်အပြင်၊ လက်ထပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ပြဿနာ များစွာလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေများက ထောက်ပြ ပြောဆိုလျက် ရှိသည်။