အဲပုဂံ လေယာဉ် ဟဲဟိုးလေဆိပ်တွင် ပျက်ကျမှု မဖြစ်ပွားမီ ၂ နှစ်က အသက် ၇၃ နှစ်ရှိပြီဖြစ်သော Allan Lokos သည် နယူးယောက်မြို့ရှိ ဗုဒ္ဓဘာသာ တရားရိပ်သာတခုတွင် နည်းပြဆရာ တယောက်အဖြစ် ပျော်ပျော်ရွှင်ရွှင် တာဝန် ထမ်းနေခဲ့ပါသည်။
လတ်တလောတွင် သူရေးသားထုတ်ဝေခဲ့သော သည်းခံမှုကို ပျိုးထောင်ခြင်းနှင့် စိတ်တည်ငြိမ် အေးချမ်းမှုကို တည်ဆောက်ခြင်း အကြောင်း စာအုပ်များက အမေရိကန် နိုင်ငံတွင် ဗုဒ္ဓဝါဒအပေါ် သိမြင်နားလည်လိုခြင်းများ တိုးပွားနေသည်ကို တွေ့ရှိ ခဲ့ရသည်။
ဘရော့ဒ်ဝေးလမ်းမှ အဆိုတော်ဟောင်း တယောက်လည်း ဖြစ်သည့် Allan Lokos ထံသို့ နယူးယောက် တိုင်းမ် သတင်းစာက ငြိမ်းချမ်းစွာ ခရီးသွားခြင်း၏ အတွေ့အကြုံနှင့် ပတ်သက်သော သတင်းတပုဒ် အတွက် အကြံဉာဏ်များ တောင်းခံခဲ့ပါသည်။ အပတ်စဉ် မင်ဟတ်တန် (Manhattan)အရှေ့ပိုင်းရှိ Allan Lokos တည်ထောင်ထားသော တရားရိပ်သာသို့ ဒါဇင်နှင့်ချီသော လူများ တရားဆွေးနွေးရန် ရောက်လာကြသည်။
တရားရိပ်သာ၏ တရားပြဆရာများတွင် အမေရိကန် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းမှ ထင်ရှားသူများ ဖြစ်သော Stephen Bachelor နှင့် Allan Lokos ၏ မိတ်ဆွေနှင့် ဆရာလည်းဖြစ်သူ Sharon Salz-berg တို့ပါဝင်သည်။
၂၀၁၂ ခုနှစ် အတွင်းတွင် Allan Lokos နှင့် သူ၏ ဇနီးဖြစ်သူ Susanna Weiss တို့သည် ဗုဒ္ဓဘာသာ ဓလေ့ထုံးစံများ ကာလရှည်ကြာစွာ ရှိနေခဲ့သော နိုင်ငံတခုသို့ သွားရောက် လည်ပတ်ရန် စိတ်လှုပ်ရှားခဲ့ပြီး မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ရန် ရွေးချယ်ခဲ့ကြသည်။
မြန်မာနိုင်ငံ ရောက်ရှိချိန်တွင် အဲပုဂံလေယာဉ် စီးရင်း ဟဲဟိုးတွင် လေယာဉ်ပျက်ကျမှုနှင့် ကြုံတွေ့ခဲ့ရသည်။ မြင့်မားသည့် စိတ်ဓာတ် အရည်အသွေးကို ပျိုးထောင်ရန် Allan Lokos ၏ အစောပိုင်း အတွေးအခေါ်များနှင့် အလေ့အကျင့်များ အတွက် ဆိုးရွားသော စမ်းသပ်ချက်တခု ဖြစ်ခဲ့သည်။
လေယာဉ်ကို ဝါးမျိုထားသည့် မီးတောက်များကြားထဲမှ လွတ်မြောက်လာပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည့် အချိန်တွင် သူ့မှာ အသိ မရှိခဲ့ပါ။ အသက် ၇၀ ကျော် အရွယ်လူသားတယောက် ဖြစ်သည့် သူ့ကိုယ်ခန္ဓာ အစိတ်အပိုင်း များတွင် အရိုးထိအောင် မီးလောင်ကျွမ်း ခံထားရသည်။ မီးကျွမ်းနေသည့် အသားတွေက တွဲလောင်းကျနေပြီး သူ လှုပ်ရှားလိုက်တိုင်း မြင်ရသူတွေကို ထိတ်လန့် ခြောက်ချားစရာ ဖြစ်စေသည်။ သူ့ကို ပထမဆုံး တွေ့မြင်ရသည့် ဆရာဝန်များက အသက်ရှင်နိုင်တော့မည် မဟုတ်ဟု ပြောခဲ့ကြသည်။
သို့သော်လည်း ဘန်ကောက်၊ စင်ကာပူနှင့် နယူးယောက်မြို့ရှိ ဆေးရုံများတွင် ဆရာဝန်များနှင့် အခြားကျွမ်းကျင် သူများက သူ့ကို ကယ်ဆယ်နိုင်ရန် ခက်ခက်ခဲခဲ လုပ်ဆောင်နေကြသည့် အချိန်မှာတော့ သတိ မလွတ်ခဲ့ပါ။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းတွင် ထုတ်ဝေရန်ရှိသည့် စာအုပ်သစ်တွင် Allan Lokos က အခက်အခဲများကို ကျော်ဖြတ်သည့် အချိန်တွင် ဗုဒ္ဓတရားကို အားထုတ်ရင်း ရရှိခဲ့သည့် သတိကဲ့သို့သော အရည်အချင်းများက မည်မျှအထိ အထောက်အကူ ဖြစ်ကြောင်းကို ရှင်းလင်းထားသည်။
“Through the Flames: Overcoming Disaster through Compassion, Patience and Determination” အမည်ရှိ ထိုစာအုပ်ကို အမေရိကန်နိုင်ငံတွင် Penguin Random House စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိမည် ဖြစ်သည်။
Allan Lokos က စာအုပ်သည် နှိုးဆော်မှုတခု ကို ညီတူစွာ ဝေမျှပေးသည် ဟု ပြောသည်။ ယခုနှစ် အတွင်းသူ၏ ဟောပြော ပို့ချမှုများကို လာတက်သူ ပိုများ လာရသည့် အကြောင်းရင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
“ဒါက ယုတ္တိဗေဒ အရရော ဆေးပညာဆိုင်ရာ အားလုံးကပါ မရတော့ဘူး ဆိုတဲ့ အခြေအနေ ကနေ အမှန်တကယ် ပြန်လည် လွတ်မြောက်လာသူ လူယောက်ရဲ့ အကြောင်း ဖြစ်ပါတယ်။ တကယ်လို့ သူတို့အတွက် အဆိုးရွားဆုံးတွေ ဖြစ်လာပြီဆိုရင် သူတို့တွေလည်း လွတ်မြောက်ရှင်သန်နိုင်တဲ့အကြောင်း လူတွေကို အားပေးခြင်းလည်း ဖြစ်နိုင်ပါ တယ်”
ပဋိပက္ခများကို ရင်ဆိုင်ရင်း ကျပ်တည်းသည့် အခြေအနေများတွင် ခက်ခဲစွာ ရုန်းကန်နေရခြင်းများ အတွက် အကူအညီ ဖြစ်ကြောင်း စာအုပ်က သက်သေပြလိမ့်မည်ဟု သူက မျှော်လင့်သည်။
သူ့အနေဖြင့် ဆိုးရွားသည့် အတွေ့အကြုံကို ကျော်ဖြတ်ကာ အကောင်းဘက်သို့ ရောက်အောင် လာနိုင်ခဲ့သော်လည်း ပဋိပက္ခ တခုတွင် ပါဝင်ခဲ့ သူတိုင်းသည် ယခုလို ကံကောင်းနိုင်လိမ့်မည် မဟုတ်ကြောင်း Allan Lokos သတိထားမိ သည်။
“ဘာဖြစ်ခဲ့သလဲ ဆိုတော့ ကျနော် အားလပ်ရက် ခရီးထွက်ခဲ့တယ်။ လေယာဉ်တစင်းပေါ် ရောက်ခဲ့တယ်။ အဲဒီ လေယာဉ် မတော်တဆမှု ဖြစ်ခဲ့တယ်။ ကျနော် ဒဏ်ရာရခဲ့တယ်။ ဒါတွေက အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ပြိုကွဲပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဒါက စိတ်လှုပ်ရှားစရာ ဖြစ်ပေမယ့် အမှန်တရားကတော့ ဖြောင့်ဖြောင့် တန်းတန်းရှေ့ကို ဆက်သွားပါတယ်”
သူ၏ ကြုံတွေ့လိုက်ရတဲ့ အခက်အခဲက ပုံမှန် မဟုတ်သည့် အခြေအနေမျိုး မဟုတ်ဟု သူက ဆိုသည်။
“ဒီအတွက် ကျနော် ဂုဏ်မယူပါဘူး။ လူတိုင်းလုပ်သလိုပဲ ကျနော် အတိအကျ လုပ်ခဲ့တာပါ။ အသက်ရှင် ရပ်တည်နိုင်ဖို့ အတွက် ကျနော် ကြိုးစားခဲ့ပါတယ်”
Allan Lokos ကဲ့သို့ပင် အသက်ရှင် လွတ်မြောက်လာသည့် မြန်မာတချို့ကလည်း ယခု အချိန်တွင် သူတို့၏ ကံမကောင်းမှု အတွက် အပြစ်တင်ခြင်း မပြုကြပါ။ ဗုဒ္ဓဘာသာ၏ အဆုံးအမများအောက်တွင် ခိုလှုံခဲ့ကြသည်။
“ကျမတို့က ဗုဒ္ဓဘာသာတွေပါ။ ကျမတို့ရဲ့ ကံကြမ္မာ မကောင်းတဲ့ အတွက် ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေခဲ့ရ တယ် လို့ ယုံကြည်ပါတယ်” ဟု ခြေထောက်တွင် မီးလောင်ပြီး ကျောရိုးဆစ် ဒဏ်ရာ ရရှိခဲ့သော ဧည့်လမ်းညွှန် မတိုးတိုးခင်က သူကိုယ်တိုင်နှင့် သူ့လိုပင် ဒဏ်ရာရရှိခဲ့သော လုပ်ဖော်ကိုင်ဖက် အမျိုးသမီး ဧည့်လမ်းညွှန်တဦး ကိုယ်စား ပြောပြ သည်။
“ဖြစ်ရမယ့်ဟာတွေ အားလုံးက ဖြစ်ပြီးသွားပြီ။ အခုအချိန်မှာ ကျမတို့ အတွက် လိုအပ်တာက ကျမ တို့ကိုယ် ကျမတို့ ဂရုစိုက်ဖို့နဲ့ မြန်မြန် နာလန်ထနိုင် အောင်ကြိုးစားဖို့ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားဟော ကြားခဲ့သလိုပါပဲ အားလုံးက သူ့အကြောင်းနဲ့ သူ ဖြစ်နေတာပါ” ဟု သူက ထပ်ပြောသည်။
ခုချိန်အထိ အလုပ်ခွင်သို့ ပြန်မသွားနိုင်သေးသော မတိုးတိုးခင်က ဧည့်လမ်းညွှန်များ၏ ဆေးဝါး ကုသစရိတ် ကို ကူညီပေးခဲ့သော လေကြောင်းလိုင်းကို ချီးကျူးခဲ့ပါသည်။
ဦးခေါင်းတွင် အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဆိုသော ဧည့်လမ်းညွှန် ကိုမြင့်ထွေးကလည်း အလားတူပင် သဘောထားသည်။
“ဒီမတော်တဆမှုဟာ ကျနော့်ရဲ့ ကံကြမ္မာကြောင့် ဖြစ်တယ်လို့ပဲ သဘောထားပါတယ်။ အဲဒါဖြစ်ပြီးတော့ ကျနော် လေယာဉ်မှူး တွေဆီကို သွားပြီးတော့ ကျေးဇူးတင် ကြောင်းပြောခဲ့ပါတယ်။ လူတိုင်း အမှားလုပ်တတ်ပါတယ်။ သူတို့ ကြောင့်သာ မဟုတ်ရင် လေယာဉ်ပေါ်မှာ ရှိသူအားလုံး သေသွားနိုင်ပါတယ်” ဟု သူက ပြောသည်။
အသက်ရှင် လွတ်မြောက်လာသူများ အတွက် နာလန်ထနိုင်ရန် ကြိုးစားရာတွင် ဘာသာရေးနှင့် အတွေးအခေါ် သက်သက်သာ မဟုတ်ပါ။ ဟာသ လုပ်နိုင်ခြင်းကလည်း ဆေးဝါးတခုလို တစိတ်တပိုင်း အသုံးဝင်ပါသည်။
Allan Lokos က “ကျနော်က လက်တွေကို အများဆုံး အသုံးပြုတယ်။ အမာရွတ်တွေကို လျှော့ချနိုင်ဖို့ ကျနော် လက်အိတ်တွေ စွပ်ထားတယ်။ ကျနော့် လက်၂ ဖက်လုံးမှာ လက်ဗွေရာတွေ မရှိတော့ဘူး။ တကယ်လို့ ကျနော်သာ ရာဇဝတ်မှု ကျူးလွန်မယ် ဆိုရင် အကောင်းဆုံး အခြေအနေ ပေါ့” ဟု ဟာသနှော၍ ပြောပါသည်။ ။
ဆက်စပ်ဆောင်းပါး
အဲပုဂံ ပျက်ကျပြီး ၂ နှစ်ကျော်တိုင် မပြီးဆုံးသေးသော လျော်ကြေး ပြဿနာ