ဇင်းမယ်မြို့ထဲက လမ်းသွယ်လေး တခုထဲကို ဝင်လိုက်တယ် ဆိုရင်ပဲ မှိန်ဖျော့ဖျော့ ထွန်းထားတဲ့ နီကြင်ကြင် မီးရောင်တွေ အောက်က တံခါးဝရှေ့မှာ အနောက်တိုင်း ဝတ်စုံဝတ်ထားတဲ့ အာရှသား ဧည့်ကြို တယောက်က နှစ်လိုဖွယ် အပြုံးနဲ့ ဦးညွှတ်ပြီး အရိုအသေပေးပါတယ်။
ဧည့်ကြိုက ဝင်ပေါက်တံခါးကို တွန်းဖွင့်ပြီး အထဲကို ဝင်ဖို့ လက်ပြလမ်းညွှန် လိုက်ပါတယ်။ တံခါးအတွင်းကို ဝင်လိုက်တာနဲ့ အပေါ်ထပ်ကနေ လွင့်ပျံ့လာတဲ့ ဒစ္စကိုတီးလုံးသံတွေက ဝင်လာတဲ့ ဧည့်သည်တွေရဲ့ ရင်ဘတ်ကို ပဲ့တင်ရိုက်ခတ်မှုနဲ့ ကြိုဆိုနေပါတယ်။
ဒစ္စကိုတီးလုံးသံတွေ တဒိန်းဒိန်း လွင့်ပျံ့နေတဲ့ အခန်းကြီးထဲမှာတော့ မှိန်ပျပျ ရောင်စုံမီးလုံးတွေနဲ့ တဖျပ်ဖျပ်လက်နေ တဲ့ စပေါ့လိုက်မီးတွေ အောက်က စတိတ်စင်ကြီးပေါ်မှာ ခန္ဓာကိုယ်တခုလုံး အတွင်းခံ ဘောင်းဘီအဖြူ တထည်တည်းကိုသာ ဆင်တူဝတ် ဆင်ထားတဲ့ လူငယ် အယောက် ၂၀ လောက်ဟာ သံစဉ်တွေနဲ့အတူ တန်းစီပြီး စည်းချက်ညီညီ ကနေ ကြပါတယ်။
သူတို့အားလုံးဟာ ငယ်ရွယ်နုပျိုသူတွေ ဖြစ်ကြပြီး ရုပ်ရည်သန့်ပြန့် သူတွေချည်းပါ။ သူတို့ရဲ့ အသက်အရွယ် ကတော့ ရုပ်ပိုင်းဆိုင်ရာအရ ကြည့်ရင် ၁၅ နှစ်နဲ့ ၂၅ နှစ်အကြားမှာ ရှိနိုင်ပါတယ်။
စတိတ်စင်ရဲ့ ရှေ့နဲ့ ဘေးပတ်လည်မှာ ရှိနေတဲ့ စားပွဲဝိုင်းတွေမှာ ထိုင်နေကြတဲ့ လိင်တူချစ်သူ ဧည့်သည်တွေ ကတော့ သူတို့ ကနေတာကို စိတ်ဝင်တစား ငေးမောနေကြပါတယ်။ အများစုကတော့ အနောက် တိုင်းသားတွေ ဖြစ်ပြီး အာရှသား တချို့ကိုလည်း တွေ့ရသလို၊ အမျိုးသမီးကြီးတွေ ထိုင်နေကြတဲ့ ဝိုင်းတွေလည်း တွေ့ပါတယ်။
တချို့ ဧည့်သည်ဝိုင်းတွေ ကတော့ စင်ပေါ်မှာ ကနေတဲ့ အမျိုးသားတွေထဲက သူတို့ သဘောကျသူတွေကို ဝိုင်းမှာ ခေါ်ထိုင်ပြီး အရက်အတူသောက်ကာ ကျီစယ်နေကြတာပါ။ တချို့ ဝိုင်းတွေကတော့ စင်ပေါ်မှာ ကနေတဲ့အထဲက သူတွေကို သူတို့ စိတ်ကြိုက် အကဲခတ် ရှာဖွေနေကြပုံ ရပါတယ်။
မြူးကြွတဲ့ ဒစ္စကိုသံစဉ်တွေ ခေတ္တရပ်သွားတဲ့ အချိန်မှာတော့ ကနေကြတဲ့ လူငယ်လေးတွေလည်း စင်ပေါ်က ဆင်းလာပြီး အောက်မှာ ရှိတဲ့ ဧည့်သည်တွေရဲ့ ဝိုင်းတွေမှာ ဝင်ထိုင်လို့ အရက်အတူသောက် ကြရင်း ဧည့်ခံကြ ပါတယ်။
ကျနော်တို့ ဝိုင်းကိုလည်း စင်ပေါ်က ဆင်းလာတဲ့ အထဲက ၄ ယောက် လာထိုင်ပြီး အရက်သောက်ကြတယ်။ ကျနော်တို့ ဝိုင်းမှာ မြန်မာစကားပြောနေတော့ သူတို့လည်း မြန်မာလိုပဲ မပီတပီနဲ့ ပြောကြတယ်။ မိတ်ဆက်ကြည့်တော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ပင်လုံ၊ လွိုင်လင်နဲ့ မိုးနဲဇာတိတွေက ဖြစ်နေပါတယ်။
သူတို့ထဲက ခပ်သွက်သွက် ပင်လုံသားလေးက `ဒီဆိုင်မှာ သူဌေးက အင်္ဂလိပ်။ ကောင်လေးတွေက ကျနော်တို့ မြန်မာပြည်သားတွေ ချည်းပဲ။ ရှမ်းများတယ်။ နောက် လီဆူး၊ လားဟူနဲ့ အခါလည်း ရှိတယ်´လို့ ဝီစကီခွက်ကို ကိုင်ရင်း မြန်မာစကား ခပ်ဝဲဝဲနဲ့ ရှင်းပြပါတယ်။
သူတို့ အထဲက တချို့ဟာ ရုပ်ပိုင်းဆိုင်ရာအပေါ်ယံ အမြင်အရ ၁၅ နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်လို့ ပြောတော့၊ သူက ခပ်သွက်သွက်ပဲ ပြန်ဖြေပါတယ်။ အားလုံးက ၁၈ နှစ်နဲ့ အထက်ဖြစ်ပြီး အသက် မပြည့်တဲ့လူ မရှိဘူးလို့ ဆိုပါတယ်။
စကားပြောနေကြရင်း လက်ခုပ်တီးသံတွေကြား လိုက်ရတော့ အားလုံးရဲ့အကြည့်တွေက စင်ပေါ်ကို အာရုံရောက် သွားပါတယ်။ ဖြည်းညင်းတဲ့ တေးသံစဉ် နဲ့အတူ စင်ပေါ်မှာ ခန္ဓာကိုယ် အဝတ်ဗလာကျင်း ထားတဲ့ လူငယ်တဦးက ဘားကွင်းတွေကို ဆွဲပြီး သူ့ရဲ့ ခန္ဓာကိုယ် အလှပြရင်း လိင်ဆွဲဆောင်တဲ့ ကကွက်တွေကို တကိုယ်တော် ကပြနေပါ တယ်။
သူ့နာမည်က အိုက်လုံ။ ဒီဘားမှာတော့ သူက အရပ်အမောင်း ကောင်းပြီး ခန္ဓာကိုယ် ကျစ်ကျစ်လျစ်လျစ်နဲ့ ရုပ်ရည် ချောမောတဲ့ အတွက် အနောက်တိုင်းသားတွေက သူ့ကို တော်တော်နှစ်ခြိုက်ကြလို့ စူပါစတား ဖြစ်တယ် ဆိုတဲ့ အကြောင်း လုပ်ဖော်ကိုင်ဖက် တွေကတောင် ချီးမွမ်းပြောဆိုကြပါတယ်။
စင်ပေါ်မှာ ကပြီးလို့ အဝတ်လဲခန်းထဲက ထွက်လာတဲ့ အိုက်လုံလည်း မြန်မာစကားတွေ ပြောနေတဲ့ ဒီစားပွဲဝိုင်းထဲကို စိတ်ဝင်တစား ရောက်လာပြန်တယ်။ မပြောတာ ကြာပြီဖြစ်တဲ့ မြန်မာစကားကို အားရပါးရ ပြောပါတယ်။ သူ့ကို ကြည့်ရတာ မြန်မာပြည်ကိုလည်း တော်တော်လေး လွမ်းဆွတ်နေပုံ ပေါ်တယ်။
`ကျနော် ဒီမှာ နေတာကြာပြီ၊ မြန်မာစကား ပြောမယ့်လူ မရှိဘူး။ ကြာတော့ စကားလုံးတွေတောင် မေ့ချင်လာတယ်´ လို့ အိုက်လုံက အားတက်သရော ပြောပါတယ်။
အသက် ၂၃ နှစ်ရှိပြီ ဖြစ်တဲ့ အိုက်လုံက ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှာ ၇ တန်းအထိ ကျောင်းနေခဲ့ဖူးပြီး မြန်မာ စကားကိုလည်း တော်တော်လေး ပီပီသသ ပြောနိုင်ပါတယ်။
ဒီဘားမှာလုပ်နေကြတဲ့ မြန်မာနိုင်ငံသားလူငယ် တွေဟာ တယောက်ကို တလ ဘတ်ငွေ ၂ သောင်း (ကျပ် ၆ သိန်းဝန်းကျင်) ကနေ ၄ သောင်း (ကျပ် ၁၂ သိန်း) အတွင်း ရကြပါတယ်။ သူတို့အထဲမှာ အိုက်လုံကတော့ ဝင်ငွေပိုကောင်းသူပါ။ သူ့ရဲ့ဝင်ငွေ က တလကို ဘတ်ငွေ အနည်းဆုံး ၅ သောင်း (ကျပ် ၁၅ သိန်း) အထက်မှာရှိတယ်လို့ သိရပါတယ်။
“ဒီမှာ လူကောင်သေးရင်၊ သူတို့သတ်မှတ်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အမျိုးသား လိင်အင်္ဂါကအစ စံနှုန်းတွေမပြည့်ရင် One Man Show လျှောက်လို့ မရဘူး။ ကျနော်က Show လျှောက်ရတော့ လျှောက်ခနဲ့ ဆို ပိုရတာပေါ့”လို့ အိုက်လုံက ရှင်းပြပါတယ်။
ဒီလို Show Bar မှာ အိုက်လုံ လုပ်လာခဲ့တာ ၅ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုလုပ်ရင်းနဲ့ သူ့ကို သဘောကျတဲ့ ဆွီဒင်သူဌေး လိင်တူချစ်သူ တဦးက စရိတ်အဖြစ် ဘတ်ငွေ ၅ သောင်း လတိုင်းထောက်ပံ့ ပြီး ဆိုင်ကယ်နဲ့ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်း တချို့အတွက် လိုအပ်လာရင်လည်း သီးသန့်ငွေ ပို့ပေးတယ်လို့ ဆိုပါတယ်။
ဆွီဒင်သူဌေး ထိုင်းနိုင်ငံကို လာလည်တဲ့ အချိန်တွေမှာတော့ သူနဲ့အတူ နေပေးဖို့အတွက် အလုပ် ဆင်းလို့ မရပါဘူး။ အခုလို Show Bar မှာ ပြန်လုပ် ကိုင်နေတာဟာ ကြားပေါက်ဝင်ငွေ ရှာနေတာဖြစ်ပြီး ဒီလိုပြန်လုပ်နေတာကို ဆွီဒင်သူဌေးက မသိပါဘူး။
လိင်တူချစ်သူတွေ အတွက် လိင်ဖျော်ဖြေရေး လုပ်နေရပေမယ့် အိုက်လုံ တကယ်တမ်း ကြိုက်တာက အမျိုးသမီးကိုပါ။ သူ့မှာ ၄ နှစ်အရွယ် သားလေး တယောက် ရှိသလို၊ ချစ်စရာကောင်းပြီး ရိုးသားတဲ့ ချစ်ဇနီးရှိကြောင်း ပြောပြရင်း သူ့ လက်ကိုင်ဖုန်း ထဲမှာ ပါလာတဲ့ ဓာတ်ပုံတွေကို ထုတ်ပြပါတယ်။
သူ့အနေနဲ့ လိင်တူချင်းကို မနှစ်သက်ပေမယ့် ဝင်ငွေကောင်းတဲ့ ဒီလုပ်ငန်းကို စွန့်လွှတ်ဖို့ အခက်အခဲ ရှိနေပုံရပြီး ဇနီးရှိတဲ့ အကြောင်း ဆွီဒင်သူဌေး သိသွားရင်လည်း သူ့ကို လစဉ်ထောက်ပံ့နေမှုတွေ ရပ်ဆိုင်းခံရမှာ ဖြစ်လို့ သူ့ရဲ့ ရည်မှန်းချက်တွေ ပျက်သွားမှာကိုလည်း စိုးရိမ်နေပုံရပါတယ်။
“ကျနော့် သူငယ်ချင်း တယောက်ကိုလည်း အမေရိကန် သူေဋ္ဌးတယောက်က လစဉ်ထောက်ပံ့ ကြေးပေးတဲ့အပြင်၊ ဒီမှာ အိမ်တွေ ဘာတွေ ဝယ်ပေးထားတယ်။ ဆိုင်ကယ်ဆိုလည်း နောက်ဆုံးပေါ် ဝယ်ပေးတယ်။ လိုလေသေးမရှိ ထားတယ်။ ကောင်မ လေးတယောက်နဲ့ ရည်းစားထားတာ သိသွားတော့ အဲဒီသူဌေးက အကုန်ပြန်သိမ်းသွားတယ်”လို့ သူ့ သူငယ်ချင်းရဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။
တကယ်တော့ အိုက်လုံဆိုတဲ့ နာမည်ဟာလည်း သူ့ရဲ့အမည်အရင်းမဟုတ်ဘဲ ဒီဆိုင်မှာသုံးစွဲဖို့ သတ်မှတ်ထားတဲ့ နာမည်တခုပဲ ဖြစ်ပါတယ်။ သူ့လိုပဲ ဒီဆိုင်မှာ လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းတွေလည်း နာမည်အရင်းတွေ မသုံးကြ ပါဘူး။
သူတို့ တတွေလည်း အိုက်လုံလိုပဲ အများစုက အမျိုးသမီးကိုသာ ကြိုက်နှစ်သက်ကြ သူတွေပါ။ အယောက် ၂၀ မှာ ၅ ယောက်လောက်က အိမ်ထောင်ရှိပြီး ကျန်အများစုကတော့ အမျိုးသမီးချစ်သူ ရည်းစားတွေ ရှိကြတယ်လို့ သိရပါတယ်။
Show Bar မှာတော့ မင်းသားတွေလို နေကြတဲ့ သူတို့ကို ကြိုက်နှစ်သက်တဲ့ ဧည့်သည်တွေက တညကို ဘတ်ငွေ ၃၀ဝ၀ (မြန်မာကျပ်ငွေ ၁ သိန်းခန့်) နဲ့ခေါ်ယူပြီး လိင်ပျော်ပါးကြပါတယ်။ ဆိုင်ရှင်ကို တော့ ဧည့်သည်ကပဲ ၃၀ဝ ဘတ် (ကျပ်ငွေ ၁ သောင်းခန့်) ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
အလုပ်သဘောအရ ဧည့်သည်တွေ ကျေနပ်အောင် ပြုစုပေးကြရတဲ့ သူတို့ရဲ့ ဝန်ဆောင်မှုကလည်း လိင်တူ ချစ်သူချင်းနေသလို အပြန်အလှန် လိင်ဆက်ဆံမှုမျိုး တောင်းဆိုတဲ့ အခါမျိုးမှာတော့ ဧည့်သည်နဲ့ ပြဿနာတက်ပြီး ညကြေးတွေ ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ ရတာတွေလည်း ရှိတယ်လို့ ညည်းတွားကြပါတယ်။
“ဧည့်သည် အခြေအနေ အကဲခတ်ကြည့်တယ်။ သဘောကောင်းတဲ့ ဧည့်သည်ဆိုရင် လိုက်တယ်။ ဒါလည်း တခါတည်း ကြိုပြောထားတယ်။ ဒါတွေ၊ ဒါတွေတော့ လုပ်မပေးနိုင်ဘူး။ ကိုယ့်ကို ပြန်ဆက်ဆံ ဖို့တောင်းဆိုတာ မျိုးလည်း ခွင့်မပြုဘူးလို့။ အဲဒီလိုမျိုး လုပ်တာ ဖလန် (အနောက်တိုင်းသား) တွေက ပိုဆိုးတယ်”လို့ အိုက်လုံရဲ့ သူငယ်ချင်း စိုင်းဟန်က ရှင်းပြပါတယ်။
ဒီလို လိင်ဖျော်ဖြေရေး Show Bar တွေမှာ သူတို့ အလုပ်လုပ်နေကြတယ် ဆိုတာကိုတော့ မိသားစု အသိုင်းအဝိုင်းနဲ့ မိတ်ဆွေတွေကို ပေးမသိကြပါဘူး။
အိုက်လုံကတော့ သူ့အမျိုးသမီး၊ သားနဲ့ မိဘ ဆွေမျိုးတွေကို ဇင်းမယ်မြို့ထဲက နာမည်ကြီး စားသောက်ဆိုင်ကြီး တဆိုင်မှာ စားပွဲထိုးလုပ်နေတယ်လို့ လိမ်ပြောထားတဲ့အတွက် ရိုးသားလှတဲ့ အမျိုးသမီးနဲ့ မိဘတွေက အခုချိန်ထိ သူ ဒီအလုပ် လုပ်နေတာကို မသိတဲ့အကြောင်း ရှင်းပြပါတယ်။
အိုက်လုံက သူငယ်ငယ်က ရင်ဆိုင်ကြုံတွေ့ခဲ့ရ တဲ့ သူ့ရဲ့အတိတ်ကို အခုချိန်ထိ စွဲထင်နေတုန်းပါ။ သူကိုယ်တိုင်က လွိုင်လင်မြို့နယ်ထဲက ရှမ်းတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေရှိတဲ့ နေရာမှာ ကြီးပြင်းလာခဲ့ရပြီး မိသားစုကလည်း ဆင်းရဲတော့ အခက်အခဲတွေ မျိုးစုံကြားမှာ ရှင်သန်လာခဲ့ရသူ ဖြစ်ပါတယ်။
မူလတန်းအောင် အလယ်တန်း ကျောင်းသား ဘဝရောက်တော့ နယ်မြေတွင်းမှာ ရှမ်းတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ စစ်တပ်တို့ အကြားမှာ စစ်ပွဲတွေက မကြာခဏ ဖြစ်လေတော့ မိဘတွေက စစ်သားစုဆောင်းခံရမှာ စိုးရိမ်ပြီး ထိုင်းနိုင်ငံ ဇင်းမယ်မြို့ကို ဆွေမျိုးတွေနဲ့အတူ အလုပ် လုပ်ဖို့ ထည့်ပေးလိုက်တာကနေ ကျန်တဲ့ ဘဝတဝက် ကို ဇင်းမယ်မှာ ဆက်လက်ရှင်သန်ခဲ့ရပါတယ်။
ဇင်းမယ်မြို့ကို ခြေချခဲ့တာ ဆယ်စုနှစ် တခုတောင် စွန်းခဲ့ပြီ ဖြစ်ပေမယ့် သူငယ်ငယ်က ရွာမှာ ကျောင်းတက်ရင်း ပျော်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်တမ်းတနေတုန်းပါ။ ဒါပေမယ့် ဆင်းရဲပြီး လူအထင်အမြင် အသေးခံရတဲ့ဘဝနဲ့ ဖြတ်သန်းရမှာ ကိုတော့ သူစိုးရွံ့နေပုံပါ။
အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ သားဖြစ် သူရဲ့ ဓာတ်ပုံကို သူ့လက်ကိုင်ဖုန်းထဲကနေ ဖွင့်ပြပြီး – `ကျနော့်သားကို လွိုင်လင်မြို့ပေါ်မှာ ကျောင်းပြန်ထားမယ်။ ပညာတတ်အောင်သင်ပေးမယ်။ ကျနော့်လို ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ကျနော့်သား မတွေ့ကြုံစေချင်ဘူး´ လို့ပြောရင်း ဝဲကျလာတဲ့ မျက်ရည်ကို ကြွေ မကျအောင် ခေါင်းမော့ပြီး ဟန်ချက် ထိန်းလိုက် ပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေအနေနဲ့ အခုလိုလုပ်ငန်းမျိုးတွေမှာ လုပ်နေတာ ကလည်း တရားဝင်တော့မဟုတ် ပါဘူး။ ဥပဒေအရ ဆောက်လုပ်ရေး၊ စားသောက် ဆိုင်၊ စိုက်ပျိုးရေးနဲ့ အိမ်ဖော် လုပ်ငန်းတွေပဲ လုပ်ခွင့် ရှိတဲ့ အတွက် ရဲအဖမ်းခံရရင်လည်း ဒဏ်ငွေဆောင် ကြရပါတယ်။
လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ လုပ်နေကြတဲ့ သူတွေထဲမှာ တချို့က ရည်ရွယ်ချက် ရှိရှိနဲ့ ပိုက်ဆံ စုဆောင်းကြ ပေမယ့် တချို့ ကတော့ မူးယစ်ဆေးဝါး သုံးစွဲရင်း ဒီအထဲမှာပဲ တဝဲလည်လည် ဖြစ်နေကြသူတွေ ရှိပါတယ်။
လိင်နဲ့ မူးယစ်ဆေးဝါးကနေ ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီးတော့ ဇင်းမယ်အခြေစိုက် လိင်တူချစ်သူများ အခွင့်အရေးနဲ့ HIV အသိပညာပေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ Mplus ဆိုတဲ့ အဖွဲ့က အသိပညာပေးတဲ့ အတွက် သူတို့ နားလည်ထားကြပါတယ်။
ဇင်းမယ်မြို့မှာ လိင်တူချစ်သူတွေ အတွက် ထုတ်ထားတဲ့ လမ်းညွှန်စာအုပ်တွေမှာ ဂေးဘား (Show Bar) က ၄ ခုလောက်ရှိပြီး အမျိုးသား အနှိပ်ခန်းက ၁၀ ခုလောက်ရှိပါတယ်။ လိင်တူချစ်သူတွေ အတွက် Boy Karaoke ၄ ခုနဲ့ အဖော်အချွတ် မပါတဲ့ ဂေးဘားတွေလည်း ရှိပါတယ်။
ဒီနေရာတွေဟာ ငွေကြေးနဲ့ လိင်ပျော်ပါးနိုင်တဲ့ နေရာတွေဖြစ်ပြီး လိင်တူချစ်သူတွေအတွက် သီးသန့် Gay Club နှစ်ခုတောင် ရှိပါသေးတယ်။ အဲဒီနေရာတွေမှာ အဓိက အများဆုံး အလုပ်လုပ်နေကြသူတွေ ကတော့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပြီးတော့ အလုပ်အကိုင်ရှားပါးပြီး ဖွံ့ဖြိုးမှု အားနည်းတဲ့ ဒေသက လာသူတွေပါ။
ဘားမှာ လုပ်နေကြတဲ့ လိင်တူလုပ်သားတွေ အနေနဲ့ ဧည့်သည် ဧည့်သည်ကြည်ဖြူအောင် လိင်ဆက်ဆံပေးရတဲ့ နေရာမှာ အချိန်ကြာအောင်နဲ့ အိပ်ငိုက်မှု မဖြစ်စေအောင်အတွက် ICE ၊ ရာဘ စတဲ့ မူးယစ်ဆေးဝါးတွေလည်း သုံးစွဲတာတွေ ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ICE ကတော့ ဈေးကြီးတဲ့အတွက် ရံဖန်ရံခါမှသာ သုံးစွဲတာဖြစ်ပေမယ့် ရာမကတော့ တလုံးကို ဘတ် ၂၀ဝ နဲ့ အလွယ်တကူ ဝယ်ယူရရှိတဲ့အတွက် အသုံးများကြတယ်လို့ ဆိုပါတယ်။
“တော်တော်များများ ဧည့်သည်တွေက လိင်ဆက်ဆံတဲ့ အခါမြန်တာ မကြိုက်ဘူး။ သူတို့စိတ်တိုင်း မကျရင် ပိုက်ဆံလည်း မပေးချင်ဘူး။ နောက်ဆို ကိုယ့်ကိုလည်း သူတို့မခေါ်ချင်ဘူး။ ဖောက်သည် ပျက်တာပေါ့။ သူတို့ စိတ်ကြိုက်ဖြစ်ရင်တော့ အပိုမုန့်ဖိုးဆိုပြီး ပေးကြတယ်။ ဒါကြောင့် တချို့က ရာဘသုံးကြတယ်” လို့ အိုက်လုံက ရှင်းပြပါတယ်။
အဲဒီလို မူးယစ်ဆေးဝါးတွေသုံးပြီး ဧည့်သည်နဲ့ တရက်လောက် လိုက်နေဖြစ်ခဲ့ရင်တော့ နောက်ထပ် နှစ်ရက်လောက် အလုပ်မဆင်းဘဲ အိမ်မှာနားနေဖြစ် ကြတယ်လို့ဆိုပါတယ်။ ဒီအပေါ်မှာ ဆိုင်ရှင်ကလည်း ခွင့်ပြုသလို ဘဝတူ လုပ်ဖော်ကိုင်ဘက်တွေကလည်း နားလည်ကြတယ်လို့ ဆိုပါတယ်။
ဧည့်သည်တော်တော်များများက လိင်ဆက်ဆံ တဲ့အခါမှာ ကျန်းမာရေးအတွက် ကွန်ဒုံး သုံးတာကို ကြိုက်ကြပေမယ့် တချို့ဧည့်သည်တွေဟာ ကွန်ဒုံးသုံးတာကို မနှစ်သက်ကြပါဘူး။ ကွန်ဒုံး မသုံးလိုသူတချို့က လိင်လုပ်သားတွေရဲ့ ဘာသာစကား အားနည်းချက်အပေါ်မှာ အခွင့်ကောင်းယူပြီး ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံလိုက်တာတွေလည်း ကြုံတွေ့ရတယ်လို့ သိရပါတယ်။
စိုင်းဟန်က ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခဲ့လို့ ကာလသားရောဂါ သုံးကြိမ်လောက်ဖြစ်ဖူးတယ်လို့ ပြောပါတယ်။ နှစ်ကြိမ်ကတော့ လိင်တူအမျိုးသား ငှားရမ်းတဲ့အတွက် ရာဘသုံးပြီး ညလုံးပေါက်လိုက်ပြီး ဖျော်ဖြေအပြီးမှာ ဖြစ်ခဲ့တာ။ နောက်ထပ် နှစ်ကြိမ်ကတော့ လိင်အလုပ်သမတဦးနဲ့ လိင်ဆက်ဆံအပြီးမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
`အခုကတော့ ဧည့်သည်ခေါ်လို့ပဲ ဖြစ်ဖြစ်၊ ကောင်မလေးတွေနဲ့ သွားနေတာပဲ ဖြစ်ဖြစ် ကျနော် ကွန်ဒုံး အမြဲတမ်းသုံးတယ်။ ရာဘတောင် တခါတရံမှပဲ သုံးတော့တယ်´ လို့ သူက ရှင်းပြပါတယ်။
ကာလသားရောဂါ ဖြစ်တဲ့အခါ သုံးရမယ့် ဆေးတွေက အရင်သုံးဖူးတဲ့ သူငယ်ချင်းတွေဆီကနေ သိရပြီး အပြင်မှာ မှာယူသုံးစွဲခဲ့တာလို့ ဆိုပါတယ်။ သူငယ်ချင်းတွေထဲမှာတော့ HIV/AID ဖြစ်တယ် လို့တော့ မကြုံတွေ့ဖူးသေးဘူး လို့လည်း သူတို့တွေ ပြောပြချက်အရ သိရပါတယ်။
သူတို့ကို လိင်ဆက်ဆံရင်း၊ မူးယစ်ဆေးဝါးသုံးစွဲ ရင်း တက်တူးအတူထိုးရင်းကနေ HIV/AIDS ကူး စက်တတ်တဲ့ အကြောင်းတွေကို ဇင်းမယ်မြို့မှာရှိတဲ့ လိင်တူချစ်သူများ အခွင့်အရေးနဲ့ HIV/AIDS အသိပညာပေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ Mplus ဆိုတဲ့အဖွဲ့က မကြာခဏ လာရောက်ပြီး ဆွေးနွေးပွဲတွေ ပြုလုပ်ပေးတယ်လို့ ဆိုပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းက မလုပ်သင့်တဲ့လုပ်ငန်း တခုလို့ စွဲမှတ်နေထားတဲ့ လိင်လုပ်ငန်းမှာ လုပ်ကိုင်နေကြရတဲ့အတွက် ဒီအလုပ်ကို လုပ်ကိုင်နေတဲ့ အကြောင်း သူငယ်ချင်းတချို့ သိသွားရင်လည်း ခွဲခြားဆက်ဆံမှုတွေ ခံရတယ်လို့ သူတို့တွေက ရင်ဖွင့်ကြပါတယ်။
အိုက်လုံက `ကျနော်တို့လို ပညာမတတ် ဘာမတတ်လူတွေ ထိုင်းမှာဖြစ်ဖြစ်၊ မြန်မာပြည်မှာဖြစ်ဖြစ် ကျွဲလို နွားလို ရုန်းတောင် လူနဲ့တူအောင် နေရဖို့ မလွယ်ဘူး။ ကျနော်ကတော့ စီးပွားရေးတခုလုပ်ဖို့ အရင်းအနှီးရရင် ကျနော့် မိသားစုကို ခေါ်ပြီး လွိုင်လင်မှာ ပြန်နေမယ်´ လို့ ဆိုပါတယ်။
ဒီအလုပ်မှာ နောက်ထပ် ၂ နှစ်လောက်လုပ်ပြီး ရင် မွေးရပ်မြေမှာ မိသားစုနဲ့အတူ လုပ်ငန်းတခု လုပ်ကိုင်ပြီး ဘဝသစ်စဖို့ သူရည်မှန်းနေပါတယ်။ သူ့ရဲ့ ဘဝသစ်အတွက်လည်း လွိုင်လင်မြို့ပေါ်မှာ နေဖို့ ခြံအကျယ်ကြီး ဝယ်ထားပြီး အိမ်တလုံးဆောက် ထားပြီးပြီဖြစ်လို့ တော်တော်လေး နီးစပ်နေပြီလို့ သူက ယုံကြည်နေပါတယ်။
ဒီကနေတဆင့် HIV/AIDS ကူးစက်မှုမဖြစ် အောင် သူတို့ဘယ်လိုရှောင်ကြဉ် ဆက်ဆံရမလဲဆို တာကိုတော့ သူတို့ သိနေကြတယ်လို့ အိုက်လုံနဲ့ စိုင်းဟန်တို့က ပြောပြပါတယ်။ ဒါပေမယ့်လည်း ဘားမှာအတူလုပ်ကိုင်နေတဲ့ သူငယ်ချင်းတွေကြား ထဲမှာ ကာလသားရောဂါ ဖြစ်တဲ့လူ မကြာခဏတော့ ရှိနေဆဲပဲလို့ ဆိုပြန်ပါတယ်။
HIV/AIDS ရောဂါနဲ့ပတ်သက်ပြီး ဂေးဘားတွေက အမျိုးသား လိင်လုပ်သားတွေဆီမှာ သွား ရောက်စစ်တမ်း ကောက်ယူနေသူ Mplus အဖွဲ့ဝင် တဦးကတော့ လိင်လုပ်သားတွေဟာ ကွန်ဒုံးသုံးစွဲတဲ့ အပိုင်းမှာ တိုးတက်မှုတွေ ရှိပေမယ့် မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ကာလသားရောဂါဖြစ်တဲ့ အခါမျိုးမှာ ဆေးရုံဆေးခန်းတွေကို ပြသဖို့ အားနည်းနေ ကြဆဲပဲ လို့ ပြောပါတယ်။
`ကလေးတွေက သူတို့ ဒီအလုပ်လုပ်တာကို လူသိမှာ တော်တော်ရှက်တယ်။ ကာလသားရောဂါ ဖြစ်ရင်လည်း ဆေးခန်းတွေသွားပြဖို့ တော်တော် ဝန်လေးတယ်။ အယောက်တိုင်းကတော့ သူတို့မှာ HIV/AIDS မရှိဘူးလို့ ပြောဆို နေကြပေမယ် သွေးစစ်ဖို့ကိုတော့ ဘယ်သူမှ မလုပ်ချင်ကြဘူး´ လို့ Mplus အဖွဲ့ဝင်က ပြောပါတယ်။
အမျိုးသား လိင်လုပ်သားတွေကြား HIV/AIDS ကူးစက်ဖြစ်ပွားမှုတွေ ၂၀ဝ၄ ခုနှစ်ရှေ့ပိုင်းမှာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ NGO အဖွဲ့တွေရဲ့ ထဲထဲဝင်ဝင် အသိပညာပေးမှုတွေ အားကောင်းလာတဲ့ အတွက် HIV/AIDS ကူးစက်မှုတွေ မကြားသိရတော့ဘူး လို့ ဆိုပါတယ်။ ။