အစိုးရကျောင်း ပညာရေးနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ဖို့ လိုအပ်နေတဲ့ အရာလေးတွေကို ဧရာဝတီမှာ ကျမ ဆောင်းပါး လေးတွေ ရေးလာခဲ့ပါတယ်။ အစိုးရကျောင်းများဟာ တကယ်တော့ မြန်မာပြည်သူ ပြည်သားတွေရဲ့ ရင်သွေး ကလေးငယ်တွေ အများဆုံး အားထားမှီခိုနေရတဲ့ ကျောင်းများဖြစ်တာမို့လို့ အစိုးရကျောင်းတွေ အဆင့်မီရေး၊ စစ်မှန်တဲ့ ပညာရပ်၊ စွမ်းရည်တွေကို လေ့ကျင့်ပေးရေးဆိုတဲ့ ကိစ္စဟာ ကျမတို့ နိုင်ငံအတွက် သိပ်ကိုမှ အရေးကြီးလှပါတယ်။
ကလေးတယောက်ဟာ နံနက် ၈ နာရီကနေ ညနေ ၃ နာရီကျော်လောက်အထိ ကျောင်းမှာ နေကြရတာမို့လို့ ကျောင်းရဲ့ ပညာရေးဟာ စစ်မှန်တဲ့ ပညာရေးသာ တကယ်ဖြစ်ခဲ့မယ် ဆိုရင်ဖြင့် ဒီအချိန် အတောအတွင်းလေး မှာပဲ ကလေးတယောက် (ပြည်သူ ပြည်သားလေးတယောက်) တကယ့်ပညာတတ် ဖြစ်လာဖို့ အုတ်မြစ်ချပေး နိုင်ပါတယ်။
ဒါပေမယ့် အစိုးရကျောင်းများမှာ ကလေးတို့ရဲ့ အလိုက်အထိုက်ကို ကြည့်ပြီးတော့ စာကို သိအောင်၊ တတ်အောင် အချိန်တို အတွင်း သင်ပေးသွားနိုင်တဲ့ ပညာရပ် အားနည်းနေတာကို တွေ့နေရ ပါသေးတယ်။ ဆရာတယောက် အနေနဲ့ စာသင်ခန်းတခန်းမှာ ဘာသာရပ်တခု အတွက် ကိုယ်ရလိုက်တဲ့ မိနစ် ၄၀ အချိန်ဟာ တန်ဖိုးရှိလှ တာမို့ ဒီမိနစ် ၄၀ အတွင်း စာကို ဘယ်လိုသင်မလဲ ဆိုတဲ့ကိစ္စက သိပ်ကိုမှ အရေးကြီးတဲ့ ကိစ္စပါ။
စာသင်ခန်းထဲကို ဝင်လာပြီးတော့ ကျောက်သင်ပုန်းဖျက်နေတာက ၁၀ မိနစ်၊ သင်မယ့် စာကို ဖတ်စာအုပ်ထဲ ကနေ ကျောင်းစာအုပ်ထဲ ရောက်ဖို့ ကလေးတို့ကို ပြန်ကူးခိုင်းတာက မိနစ်၂၀ စသဖြင့် ဆရာက အချိန်ဖြုန်း လိုက်မယ် ဆိုရင်တော့ စာသင်ခန်းထဲက အချိန်တွေဟာ စာမသင်လိုက်ရဘဲ ကုန်ဆုံးသွားရတာမို့ နှမြောစရာ ကောင်းလှပါတယ်။
စာသင်ခန်းထဲက စာသင်ချိန် မိနစ်တိုင်း၊ စက္ကန့်တိုင်းဟာ ကလေးနဲ့ ဆရာအတွက် အရေးကြီးတဲ့ အချိန်များပဲ ဖြစ်ပါတယ်။ ဆရာဟာ သင်ရိုးညွန်းတမ်း အတိုင်း ပြီးအောင် သင်ရမယ့်တာဝန် ရှိသလို၊ ဒီသင်ရိုးညွှန်းတမ်းကိုပဲ ကလေး စိတ်ဝင်စားအောင်၊ ကလေး နားလည်အောင် ဘယ်လို သင်မလဲ ဆိုတဲ့ သင်နည်းကလည်း လိုပါသေး တယ်။
စာသင်ခန်းအနေနဲ့ ပြောရမယ် ဆိုရင်ဖြင့် ကလေးတို့ရဲ့ စာသင်ခန်းများဟာ ကလေးတို့ အတွက် စူးစမ်း သင်ယူရမယ့် ဝန်းကျင်ဖြစ်ဖို့ လိုပါတယ်။ စာသင်ခန်းများဟာ ကလေးတို့ အတန်းထဲမှာ ပထမရဖို့ ပြိုင်တဲ့နေရာ မဟုတ်သလို၊ အောင်ရင်ပြီးရော၊ အတန်းတက်ရရင် ပြီးရော၊ အောင်ချက်များရင် ပြီးရော ဆိုပြီးတော့ သဘော ထားရမယ့် နေရာလည်း မဟုတ်ပါဘူး။
စာသင်ခန်းများဟာ ကလေးတို့ မမြင်ဖူးတဲ့ ကမ္ဘာသစ်ကို သိမြင်နိုင်ဖို့၊ စူးစမ်းနိုင်ဖို့ အတွက် စူးစမ်းလေ့လာစရာ နေရာကြီး ဖြစ်နေရပါမယ်။ ကလေးတို့ ဦးနှောက်ဉာဏ်ရည်လေးတွေ တိုးတက် ဖွံ့ဖြိုးလာဖို့ အတွက် ကူညီ လေ့ကျင့်ပေးတဲ့ နေရာလည်း ဖြစ်ရပါမယ်။
အဲဒီလိုပဲ လူ့လောက အသိုင်း အဝိုင်းထဲကို ဝင်တဲ့ အချိန်မှာ ရိုးသားဖြောင့်မတ်ဖို့၊ တည်ကြည်ဖို့၊ မှန်ကန်ရဲရင့်ဖို့ စတဲ့ ကိုယ်ကျင့်တရား နဲ့ဆိုင်တဲ့ ကျင့်ဝတ်တွေကိုလည်း ကလေးတို့ဟာ စာသင်ခန်းများမှတဆင့် သင်ယူကြရ မှာပါ။
ကျမတို့ နိုင်ငံရဲ့ အစိုးရကျောင်းများကို ပြန်ကြည့်မယ် ဆိုရင်ဖြင့် စာသင်ခန်းများရဲ့ လေ့ကျင့်ပေး နိုင်မှုဟာ အားရ ကျေနပ်လောက်တဲ့ အခြေအနေ မရှိနိုင်သေးတာကို တွေ့နေရပါသေးတယ်။ ကလေးတို့ဟာ ကျောက်သင်ပုန်းက စာတွေနဲ့ ပုံနှိပ်စာအုပ်ထဲက စာတွေကို ဗလာစာအုပ်ထဲ ပြန်ကူးထည့်ပြီးတော့ အလွတ် ကျက်မှတ် နေရတာကိုပဲ စာသင်တယ်လို့ ထင်မြင်နေကြရရှာပါတယ်။
ကလေးတို့ဟာ စာကို ကူးရေး၊ အလွတ်ကျက်၊ လိုက်ဆိုနေရတာနဲ့ပဲ စာသင်ခန်းတွင်းမှာ သင်ယူရမယ့်၊ လေ့ကျင့်ရမယ့် အရာ တော်တော်များများကို ဆုံးရှုံးကြရပါတော့တယ်။ စာသင်ကြားနည်း စနစ် မှန်ကန်မှု၊ စာ သင်ခန်း အတွင်း အချိန်ခွဲဝေသုံးစွဲမှု မမှန်မှု (အချိန် ဖြုန်းမှု) များကြောင့် ကလေးတို့ ဆုံးရှုံးကြရတဲ့အရာ တော်တော်များများထဲက အရေးကြီးတဲ့ အရာတခု ကတော့ တီထွင်ဖန်တီး ရေးသားခြင်း (Creative Writing) ပါပဲ။
အခုနောက်ပိုင်း ကလေးတွေ စာကို တီထွင် ဖန်တီးပြီးတော့ မရေးတတ်တော့ဘူး၊ စာကို ဖန်တီး ရေးသားရတဲ့ အပိုင်းမှာ အားတော်တော်နည်းလာပြီ ဆိုတာကို ပညာရေးနယ်ပယ်နဲ့ ထိစပ်သူ မိဘ၊ ဆရာ တော်တော်များများ သိကြပါတယ်။ ကျောင်းတွေမှာ ကလေးအများစု စာစီစာကုံး မရေးတတ်တာ၊ စာစီစာကုံးတွေကို အသင့်ရေးပြီး စာအုပ်တွေထဲကနေ ကူးချနေကြတာ၊ အလွတ်ကျက်ပြီးတော့ ဖြေနေ ကြတာကို ကျမတို့ မြင်တွေ့နေရပါပြီ။
ဉာဏ်ရည် ဉာဏ်သွေး ညံ့ဖျင်းသူကလေးမှသာ စာစီစာကုံးကို အလွတ်ကျက်တာ မဟုတ်ဘဲ စာတော်တယ်လို့ သတ်မှတ်ထားတဲ့ ကလေးတွေလည်း စာစီစာကုံး ဆိုရင် အလွတ်ကျက်ရမယ့် အရာလို့ တွေးကြတာကို အံ့ဩဖွယ် ကောင်းအောင်ပဲ ကျမတို့ တွေ့နေရပြန်ပါတယ်။
မြန်မာစာဂုဏ်ထူးရချင်လို့ စာစီစာကုံး အပုဒ် ၁၀ဝ အလွတ်ကျက်ထားပါတယ် ဆိုတဲ့ ကလေးကိုတောင်မှ ကျမ တွေ့ရပါတယ်။
ဒါကို ကြည့်မယ် ဆိုရင်ဖြင့် ကလေးတို့ဟာ ဘာကိုပဲ ဖြစ်ဖြစ် အလွတ်ကျက် ပစ်လိုက်ဖို့ ဝန်မလေးကြ တာကို တွေ့ရပါတယ်။ သူငယ်တန်းကနေ စလို့ တကျက်တည်း ကျက်လာရတာမို့လို့ စာကျက်တယ် ဆိုတဲ့ကိစ္စဟာ စာသင်ယူနေတဲ့ ကျောင်းသားအဖို့ လုပ်ကို လုပ်ရမယ့် စာသင်ကြားနည်း တခုလို့တောင်မှ ထင်မြင်လာကြတဲ့ အထိပါပဲ။
ဒါကြောင့်မို့ စာစီစာကုံးကို ရေးတတ်အောင် မလေ့ကျင့်ဘဲ အလွတ်ကျက်ဖို့ အားထုတ်ကြ တာကို မလုပ်သင့်တဲ့ အရာရယ် လို့ သူတို့ မသိကြရှာပါဘူး။ သူတို့တင် မသိတာလား ဆိုတော့ သင်တဲ့ ဆရာတွေ ကိုယ်တိုင် ကလည်း ကလေးတို့ကို ကိုယ်တိုင် ရေးတတ်အောင်လို့ အားထုတ်ခိုင်းတဲ့ နည်းကို မသုံးကြတော့ပါဘူး။ အလွယ်ပဲ ကူးရေးခိုင်း၊ အလွတ် ကျက်ခိုင်းလိုက်ပါတော့တယ်။
ဒါရဲ့ အကျိုးဆက်ကတော့ ကလေးတို့ဟာ စာတပုဒ်ကို ရေးဖို့ မတွေးတတ်၊ မစဉ်းစားတတ်တော့ ပါဘူး။ မြန်မာ စာဟာ ကိုယ့်ဘာသာ၊ ကိုယ့်စာမို့လို့ မြန်မာလို ကောင်းကောင်း ရေးနိုင်ပေမယ့် ရေးရမယ့် အကြောင်းကို တွေးကို မတွေးတတ် တော့တာပါ။
ဥပမာ အနေနဲ့ ကျမ တူမလေး အကြောင်းကို ပြောပြပါ့မယ်။ တူမလေးတို့ သားအမိဟာ လေးတန်း အစမ်း စာမေးပွဲ မြန်မာစာ ဖြေအပြီးမှာ အိမ်ရောက် လာပါတယ်။ သူတို့ သားအမိနှစ်ယောက် ဟိုဟာ မှန်တယ်၊ ဒီဟာတော့ မှားခဲ့တယ်နဲ့ အမှန်အမှား တိုက်နေတုန်း စာစီစာကုံးအကြောင်း ရောက်လာပါရော။ တူမလေး ကျက်ထားတဲ့ စာစီစာကုံးတွေထဲက တပုဒ်မှ စာမေးပွဲမှာ မမေးပါဘူး။ မေးတဲ့ခေါင်းစဉ်က “တို့ကျောင်း” ပါ။
“တို့ကျောင်းကို သမီး ဘယ်လို ရေးရမလဲ မသိဘူး။ ဒါနဲ့ အင်္ဂလိပ်လို ကျက်ထားတဲ့ တို့ကျောင်းကို မြန်မာလို စဉ်းစားပြီးတော့ သမီးရေးလိုက်တယ်” လို့ တူမလေးက ဆိုပါတယ်။ တူမလေးရဲ့ အဖြေစကားကို ကျမ ကြားရတဲ့ အချိန်မှာ တော်တော်လေးပဲ တုန်လှုပ်မိရပါတယ်။
လေးတန်းကျောင်းသူ ကျမ တူမလေးဟာ ကျောင်းမှာ အဆင့် (၁) အမြဲရတဲ့ ကလေးပါ။ မြန်မာစာကိုလည်း ကောင်းကောင်း ရေးတတ်ပါတယ်။ ဒါပေမယ့် သူ နေ့တိုင်းတက်နေတဲ့ သူ့ရဲ့ ကျောင်းအကြောင်းကို ရေးဖို့ သူ ဘယ်လိုမှ မတွေးတတ်ပါဘူး။ သူ နေ့တိုင်း တက်နေတဲ့ ကျောင်းကို မျက်စိလေးနဲ့ မြင်ပြီးတော့ပဲ ရေးမယ် ဆိုရင်တောင် ရေးစရာတွေ တပုံကြီးရှိနေပေမယ့် သူ့ခမျာ မရေးတတ်တော့ပါဘူး။
မရေးတတ်တော့တဲ့ အကြောင်းကို ထပ်ပြီး စဉ်းစားကြည့်မယ် ဆိုရင်တော့ မတွေးတတ်လို့ ပါပဲ။ ဘာလို့ မတွေးတတ်လဲ ထပ်မေးရင် တွေးကျင့် မရှိခဲ့လို့၊ တွေးဖို့ မသင်ပေးခဲ့လို့ပါပဲ။ တီထွင်ဖန်တီး ရေးသားခြင်း ဆိုတဲ့ အတတ် (Creative Writing) ဆိုတာ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ကျောင်းတွေမှာ ဆိုရင်တော့ ကလေးတွေကို အရေးကြီး သင်ရိုးအနေနဲ့ လေ့ကျင့် သင်ကြားပေးနေတဲ့ အရာပါ။
ဒီ တီထွင် ဖန်တီးရေးသားခြင်း ဆိုတဲ့ အတတ်ဟာ ဘာကြောင့်အရေးကြီးတယ်၊ ကလေးတွေကို ဘယ်လို သင်ကြားပေးရမယ် ဆိုတဲ့ အကြောင်းကို နောက်တပတ်မှာ ကျမ ဆက်လက် ဆွေးနွေးပါဦးမယ်။ ။