၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းမှ မုတ်သုံနှောင်းပိုင်း နေသာသည့် နေ့တနေ့တွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်သည် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ် ခန်းမတခုတွင် ပြည်တွင်း စာနယ်ဇင်းသမားများ၊ နိုင်ငံတကာမှ မီဒီယာစောင့်ကြည့် လေ့လာသူများ၏ မေးခွန်းများကို ဖြေကြားခဲ့ပါသည်။
၂ ရက်ကြာ ကျင်းပခဲ့သော တတိယ အကြိမ်မြောက် Media Development ကွန်ဖရင့်၏ အဖွင့်နေ့တွင် တက်ရောက်လာသည့် ပရိသတ် အမြောက်အမြားက အစိုးရပိုင် နေ့စဉ်သတင်းစာများကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲရန် ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည့် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက်၍ သင်္ကာမကင်း ဖြစ်မှုများကို ထုတ်ဖော် ပြောကြားခဲ့ကြသည်။ အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနကိုလည်း အများပြည်သူ ဝန်ဆောင်မှု အသံလွှင့်ဌာနအဖြစ် ပြောင်းလဲရန်ရှိသည်ဟုလည်း သိရသည်။
အခမ်းအနားသို့ တက်ရောက်လာသူတဦးက “တခြားနိုင်ငံများတွင် ပြည်သူ့ဝန်ဆောင်မှု ပုံနှိပ်မီဒီယာ မရှိကြောင်း” ပြောသည့်အခါ ဒုတိယ ဗိုလ်မှူးကြီးဟောင်းဖြစ်သူ ဝန်ကြီးက “မဟုတ်ဘူး၊ ခင်ဗျားပြောတာ မမှန်ဘူး၊ သူတို့ဆီမှာ ရှိတယ်။ ဒါပေမယ့် မအောင်မြင်တာပဲ ရှိတယ်။ ကျနော်တို့က ဒါကို အောင်မြင်အောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်” ဟု တုံ့ပြန်ခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပါအဝင် လွတ်လပ်သော မီဒီယာကိုယ် စားလှယ်များကမူ သတင်းစာများ အစီအစဉ်နှင့် ပတ်သက်၍ စိုးရိမ်မှုများက မြင့်တက်လာခဲ့ပြီး လိုအပ်ခြင်းမရှိဟု သတ်မှတ်ခဲ့ကြသည်။ စစ်အစိုးရ လက်ထက်က ဝါဒဖြန့်ချိရေး သတင်းစာများ ဖြန့်ဝေခဲ့သည့် နည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်လို ခြင်းဖြစ်သည်ဟု ယူဆကြသည်။ ဝန်ကြီး၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ သူတို့ အလေးအနက် သံသယဝင်ခဲ့ကြသည်။
ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်၍ စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၁၉၆၂ ခုနှစ်မှစ၍ ဆယ်စုနှစ် ၅ ခုကြာ ကျင့်သုံးခဲ့သည့် ပုံနှိပ်ထုတ်ဝေမှုများကို ထုတ်ဝေခြင်းမပြုမီ ကြိုတင်၍ စိစစ်ရေးတင်ရသည့် စနစ်ကို ၂၀၁၂ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ရပ်ဆိုင်းလိုက်သည်။ နောက် ၁ နှစ် ကြာသည့်အခါတွင် ပြန်ကြားရေး ဝန်ကြီးဌာနက ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုလိုက်သည်။ အစိုးရပိုင် နေ့စဉ် သတင်းစာများကိုလည်း ဆက်လက် ထုတ်ဝေခဲ့သည်။
လက်ရှိအချိန်တွင် အစိုးရပိုင် သတင်းစာ ၃ စောင် ထုတ်ဝေလျက်ရှိရာ မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာ ၂ ခုကို မြန်မာဘာသာဖြင့် ထုတ်ဝေပြီး The Global Light of Myanmar ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာကို အောက်တိုဘာလမှစ၍ မြန်မာကုမ္ပဏီ တခုဖြစ်သည့် Global Direct Link နှင့်ဖက်စပ်ပြုလုပ်၍ ပြန်လည် ထုတ်ဝေခြင်းဖြစ်သည်။ အဆိုပါသတင်းစာ ၃ စောင်လုံးသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
အတိတ်ဆိုး
အတိတ်က သတင်းစာများ၏ အခန်းကဏ္ဍသည် အစိုးရ၏အာဘော်ကို ထုတ်ပြန်ပေးခြင်းသာ ဖြစ်သည်။ အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ် ၂ ခုကျော်ကြာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ သည့် ယခင် စစ်အာဏာရှင် အစိုးရလက်ထက်တွင် ဖြစ်သည်။ ဦးသိန်းစိန် သမ္မတဖြစ်လာသည့် ၂၀၁၁ ခုနှစ်တွင်းအထိ အစိုးရ သတင်းစာများက နိုင်ငံရေးနှင့် ပတ်သက်လျှင် လက်လွတ်စပယ် ပြောဆိုရေးသားခဲ့ကြသည်။ နိုင်ငံရေး အတိုက်အခံများ၊ တိုင်းရင်းသား လက်နက်ကိုင်များကို အဖျက်အမှောင့် အဖွဲ့အစည်းများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုကို ပြိုကွဲအောင် ကြိုးစားနေသူများအဖြစ် သရုပ်ဖော်ခဲ့ကြသည်။
ပြည်တွင်းမှာရော ပြည်ပမှာပါ ပိုမိုကျော်ကြား ထင်ရှားလာခဲ့ခြင်းကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခမျာ ထိုသတင်းစာများတွင် မကြာခဏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ခံရသည်မှာ အံ့ဩစရာ မဟုတ်ပါ။ ထိုအချိန်က သူ့အကြောင်း ရေးသားထားသည့် ဆောင်းပါးများ နေ့စဉ်နီးပါးလိုလို သတင်းစာများတွင် ပါဝင်ခဲ့သည်။ မည်မျှသေးသိမ်သည် ဆိုသည်ကို ဥပမာပြရလျှင် ၁၉၉၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပါဝင်ခဲ့သော အတိုက်အခံ ခေါင်းဆောင်နှင့် ပတ်သက်သည့် ဆောင်းပါးတပုဒ်တွင် စာရေးသူ စိန်ဂျစ်တူးက နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို အပြည့်အစုံ သုံးခြင်းမပြုဘဲ “ဒေါ်စု” ဟုသာ ခေါ်ဝေါ်ခဲ့သည်။ “သူက သူ့အဖေရဲ့ နာမည်ကိုသုံးဖို့ မထိုက်တန်ဘူး” ဟု ဆောင်းပါးရှင်က ရေးသားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်ကို ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေး ရရှိအောင် တိုက်ယူခဲ့သော်လည်း သမီးဖြစ်သူက ဗြိတိသျှလူမျိုး တဦးနှင့် လက်ထပ်ခဲ့သည်ဟု သူကဆိုသည်။
ထိုလအတွင်းမှာပင် ပုံနှိပ်ခဲ့သည့် ဆောင်းပါးတစောင်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားတဦးကို လက်ထပ်ခဲ့သည့်အတွက် “မျိုးဖျက်မ” ဟု ခေါ်ဝေါ်ရေးသားခဲ့သည်။ “သူက ကုလားတပိုင်း ဖြစ်သွားပြီ။ ကုလားတယောက်ကို လက်ထပ်ခဲ့တဲ့အတွက် ကုလားမိသားစုထဲကို ရောက်သွားပြီး ကုလားတယောက်လို နေထိုင်ပြုမူနေတယ်” ဟုလည်း ဆောင်းပါးရှင်တဦးက ရေးသားခဲ့သည်။
စစ်အစိုးရ၏ ဝါဒဖြန့်ချိရေး တိုက်ခိုက်မှုများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း ထိပ်တန်းပစ်မှတ်များ ဖြစ်ခဲ့ရသည်။ ၁၉၉၅ ခုနှစ်အတွင်းတွင် မြန်မာစစ်တပ်က ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကို ၃ လဆက်တိုက် တိုက်ခိုက်ခဲ့သည့် အခါတွင်လည်း အစိုးရပိုင် သတင်းစာများတွင် “KNU ဘာလဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ယုတ္တိမတန်သည့် စွပ်စွဲရေးသားမှုများ ဖော်ပြခဲ့သည်။ စုစုပေါင်း ဆောင်းပါး ၃၃ ပုဒ်တွင် ဦးတည်ရေးသားခဲ့သည်မှာ တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှုများသည် အမျိုးသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေပြီး ပြည်ထောင်စု မြန်မာနိုင်ငံကို ပြိုကွဲပျက်စီးစေမည် ဆိုသည့် အချက်ဖြစ်သည်။ KNU ခေါင်းဆောင် ဗိုလ်မြကိုလည်း “ငမြ” ဟု သုံးနှုန်းခဲ့သည်။ “င” ဆိုသည့် အသုံးအနှုန်းသည် ရှေးခေတ်က မြန်မာဘုရင်များနှင့် အဆင့်မြင့်အရာရှိများက အစေခံများ၊ ကျေးကျွန်များကို နာမည်ရှေ့မှထည့်၍ ခေါ်ဝေါ်လေ့ ရှိသည့် စကားလုံးဖြစ်သည်။
အစိုးရပိုင် သတင်းစာများတွင် ဝါဒဖြန့်ချိရေး ဆောင်းပါးများအပြင် သတင်းအချက်အလက် ပေးသည့်သတင်းမှာ မပါသလောက် ဖြစ်ခဲ့သည်။ မျက်နှာဖုံး စာမျက်နှာများတွင် များသောအားဖြင့် အဆင့်မြင့် စစ်အရာရှိများက ကျောင်းများ၊ လမ်းများနှင့် တံတားများ ဖွင့်လှစ်သည့် အခမ်းအနားများသို့ တက်ရောက်ခြင်း ကဲ့သို့သော ငြီးငွေ့ဖွယ်ရာ သတင်းများသာ မြင်တွေ့နေခဲ့ရသည်။ တက်ရောက်သူ အရာရှိတိုင်း၏ အမည်ကို ဖော်ပြထားသည့် ရှည်လျားသော စာပိုဒ်ကြီးများကို စာဖတ်သူများဘက်မှ သည်းခံနိုင်စွမ်း ကုန်ဆုံးခဲ့ရသည်။ အကျိုးဆက်အနေဖြင့် ပြည်သူ အမြောက်အမြားသည် တခြားသောသတင်းများ သိရှိနိုင်ရန်အတွက် BBC နှင့် VOA မှ မြန်မာပိုင်း အစီအစဉ်များနှင့် ပြည်ပရောက် မီဒီယာများဘက်သို့ ရောက်ရှိသွားကြသည်။ အစိုးရပိုင် သတင်းစာများကို မိမိတို့၏ ဆွေမျိုးမိတ်ဆွေများ၏ နာရေးအကြောင်းများကို သိရှိနိုင်ရန်အတွက် နာရေးကြော်ငြာကဏ္ဍကို စောင့်ကြည့်ရန်အတွက်သာ အသုံးပြုကြတော့သည်။
တာထွက် မကောင်းခြင်း
ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို အစိုးရပိုင် သတင်းစာများ၌ ၂၀၁၃ ခုနှစ် မေလအတွင်းတွင် ဖော်ပြခဲ့သည်။ ထိုစဉ်က ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က အဆိုပြုထားသည့် ဥပဒေကြမ်းကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ တခြား ပြည်တွင်းနှင့် ပြည်ပ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ဥပဒေကြမ်းသည် အစိုးရပိုင် ပုံနှိပ်နှင့် အသံလွှင့်မီဒီယာ ၂ ရပ်လုံးနှင့် အကျုံးဝင်သော်လည်း အထူးဝေဖန်ခံရသည်မှာ ပုံနှိပ်မီဒီယာများ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာ မီဒီယာ လေ့လာ စောင့်ကြည့်သူများ၊ စာနယ်ဇင်းသမားများနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ထံမှ ဖြစ်သည်။
မြန်မာနိုင်ငံမှ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေးအတွက် လှုပ်ရှားနေသည့် အင်္ဂလန်အခြေစိုက် အဖွဲ့အစည်း တခုဖြစ်သော ARTICLE 19 က သတင်းစာများ လွတ်လပ်စွာ လုပ်ဆောင်နိုင်မှသာလျှင် ကွဲပြားသည့် အမြင်နှင့် သတင်းအချက်အလက်များ ကောင်းမွန်စွာ ရရှိနိုင်ရန် အထောက်အကူ ပေးနိုင်မည် ဖြစ်သည့်အတွက် ပြည်သူပိုင်ငွေများကို ပြည်သူ့ဝန်ဆောင်မှု သတင်းစာများအတွက် သုံးစွဲရန် အကြောင်းမရှိဟု ပြောကြားခဲ့သည်။
မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ်လင့်တနာ (Bertil Lintner) က ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဆိုသည်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက စင်ကာပူနိုင်ငံ၏ နည်းလမ်းအတိုင်း လိုက်လိုသည့် အသွင်ရှိကြောင်း၊ စင်ကာပူနိုင်ငံတွင် အစိုးရက ၎င်းပိုင် The Straits Times သတင်းစာမှတဆင့် သတင်းများကို ထိန်းချုပ်ကြောင်း ဧရာဝတီသို့ ပြောသည်။ “ကမ္ဘာပေါ်မှာ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ရှိတဲ့ ဘယ်နိုင်ငံမှာမှ ပြည်သူ့ဝန်ဆောင်မှု သတင်းစာဆိုတာတွေ မရှိဘူး” ဟု သူကဆိုသည်။ တချိန်က စိစစ်ဖြတ်တောက်မှုများကြောင့် နာမည်ဆိုးရှိခဲ့သော ပြန်ကြားရေး ဝန်ကြီးဌာနကို ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း ရေးဆွဲရန် ကူညီခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း “သူတို့ကိုယ်သူတို့ ဘာလုပ်လို့ လုပ်နေမှန်း မသိကြတဲ့သူတွေ” ဟု ဘာတေးလ် လင့်တနာက ထပ်ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင်များကလည်း ပြည်သူ့ဝန်ဆောင်မှု မီဒီယာများအတွက် ပြည်သူ့ဘဏ္ဍာငွေမှ ၇၀ ရာခိုင်နှုန်း သုံးစွဲရန် သတ်မှတ်ထားခြင်းကို ကန့်ကွက်ခဲ့ကြသည်။ (ကျန်သည့် ၃၀ ရာခိုင်နှုန်းကို ကြော်ငြာများ၊ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများမှ အထောက်အပံ့များ၊ သတင်းစာ ရောင်းချမှုနှင့် အလှူငွေများမှကျခံရန် သတ်မှတ်ထားသည်။) ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းတွင် ပုံနှိပ်မီဒီယာ ပါဝင်နေခြင်းကိုလည်း သူတို့က လက်မခံကြပါ။ တခြားနိုင်ငံများတွင် အစိုးရက ထောက်ပံ့ပေးထားသည့် ပြည်သူ့ဝန်ဆောင်မှု မီဒီယာ (ရှိသည်ဆိုလျှင်ပင်) အနည်းငယ်မျှသာ ရှိသည်ဟု သူတို့က ပြောသည်။
“ပြည်သူ့ဝန်ဆောင်မှု သတင်းစာတွေ ကျနော်တို့ မလိုပါဘူး” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ အဖွဲ့ဝင် ဦးသီဟစောက ပြောသည်။ “ဒါက မမျှတဲ့ ပြိုင်ဆိုင်မှုကို ဖန်တီးပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂလိက သတင်းစာတွေက ကိုယ့်အိတ်ထဲကငွေနဲ့ ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့အချိန်မှာ သူတို့က ဘတ်ဂျက်ရဲ့ ၇၀ ရာခိုင်နှုန်းကို အစိုးရဆီက ရနေလို့ဖြစ်ပါတယ်” ဟု သူကဆိုသည်။
ပုဂ္ဂလိက နေ့စဉ်သတင်းစာများ စတင်ထုတ်ဝေခဲ့သည့် အချိန်မှစ၍ အများစုမှာ ဆက်လက်ထုတ်ဝေ နိုင်ရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားခြင်း၊ ကြော်ငြာရရှိမှု နည်းပါးခြင်းနှင့် အစိုးရငွေဖြင့် ထုတ်ဝေနေသော သတင်းစာများနှင့် နှိုင်းယှဉ်လျှင် ဈေးကွက်ဝေစု နည်းပါးခြင်းတို့ကြောင့် တချို့သတင်းစာများ ရပ်ဆိုင်းသွားကြသည်။ အစိုးရ သတင်းစာများသည် တနိုင်ငံလုံးတွင် ပုံနှိပ်တိုက်များ ရှိနေသည့် တိုင်းပြည်၏ ဝေးလံခေါင်ဖျားသည့် နေရာများအထိ ၎င်းတို့ သတင်းစာများကို ဖြန့်ချိပေးနိုင်သည်။ အစိုးရပိုင် နေ့စဉ်သတင်းစာများက စုစုပေါင်း စောင်ရေ ၃၂၀ဝဝဝ ကျော် ဖြန့်ဖြူးရောင်းချနေသည့် အချိန်တွင် ပိုမိုလူကြိုက်များသည့် ပုဂ္ဂလိက သတင်းစာများက နေ့စဉ် စောင်ရေ ၈၀ဝဝဝ ခန့်သာ ရောင်းချနိုင်သည်ဟု AP သတင်းဌာနက ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ဖော်ပြခဲ့သည်။
ဝါရင့်သတင်းစာဆရာကြီး တဦးဖြစ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဖိုးသောကြာက မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ် စတင်ခါစ နိုင်ငံတခုအတွက် အစိုးရက ထောက်ပံ့ပေးထားသည့် ပြည်သူ့ဝန်ဆောင်မှု သတင်းစာဆိုသည်မှာ သင့်လျော်ခြင်းမရှိဟု ပြောသည်။
“သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်နိုင်ဖို့အတွက် အစိုးရက ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သင့်တယ်။ အဲဒီလိုလုပ်မယ့်အစား သူတို့က ပုဂ္ဂလိကတွေနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေတယ်။ ဒါ လုံးဝကိုမှားတယ်။ တကယ်လို့ သူတို့က ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဖန်တီးချင်တယ်ဆိုရင် တခြား နိုင်ငံတွေမှာလို အသံလွှင့်မီဒီယာ လုပ်လို့ရပါတယ်” ဟု သူကပြောသည်။ ပြည်သူ့ဝန်ဆောင်မှု အသံလွှင့် မီဒီယာများ တည်ထောင်ခြင်းသည် အပြုသဘောဆောင်သည့် တိုးတက်မှုတခု ဖြစ်နိုင်ကြောင်း၊ ပုဂ္ဂလိက မီဒီယာများက မကြာခဏ ဂရုမပြုဘဲထားတတ်သည့် ပညာရေးနှင့် ပတ်သက်သည့် အစီအစဉ် မျိုးများကို လေလှိုင်းမှ ထုတ်လွှင့်ပေးနိုင်ကြောင်း ဦးဖိုးသောကြာက ဆက်ပြောသည်။
လူထုအတွက်လား
ဝေဖန်ထောက်ပြမှုများ ရှိနေသော်လည်း ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်သူ့ဝန်ဆောင်မှု အသံလွှင့်မီဒီယာ ဥပဒေကြမ်းကို ၂၀၁၄ ခုနှစ် မတ်လအတွင်းက လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ပြည်သူ့ဝန်ဆောင်မှု အသံလွှင့်ဌာနများ အတွက်သာ ရည်ရွယ်ထားသည့် သီးခြားဥပေဒေ တခုဖြစ်သော ရုပ်မြင်သံကြားနှင့် ရေဒီယို ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ယခုနှစ် အောက်တိုဘာ လလယ်ပိုင်းတွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။
ပြည်သူ့ဝန်ဆောင်မှု သတင်းစာများကို ကာကွယ်သည့်အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သော Media Development ကွန်ဖရင့်တွင် အစိုးရ သတင်းစာများသည် ပြီးခဲ့သော ၃ နှစ်ကစ၍ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတခုပေါ်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ယခုအခါတွင် အလုပ်သမား ပြဿနာနှင့် HIV ကဲ့သို့ လူမှုကိစ္စများ အပါအဝင် ကဏ္ဍအများအပြားကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပြီဖြစ်ကြောင်း ပြောသည်။ တခါတရံ ပုဂ္ဂလိက နေ့စဉ်သတင်းစာများထက်ပင် ကောင်းမွန်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု သူက ရှင်းလင်းခဲ့သည်။
“ကျနော် ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ ပြီးခဲ့တဲ့လတွေအတွင်း ရန်ကုန်မှာ အီဘိုလာလို့ သံသယ ဖြစ်စရာတခု တွေ့ခဲ့တုန်းက ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတိပေးချက်ကို အစိုးရ သတင်းစာတွေလိုမျိုး ၃ ရက်ကြာတဲ့အထိ ဘယ်ပုဂ္ဂလိကသတင်းစာက ထည့်ပေးခဲ့ဖူးလဲ” ဟု ဝန်ကြီးက မေးခွန်းထုတ်ခဲ့သည်။
အစိုးရပိုင် သတင်းစာများ၏ ပြည်သူ့အပေါ် ဝန်ဆောင်မှုစွမ်းရည်နှင့် ပတ်သက်၍ ဦးရဲထွဋ်က ကာကွယ် ပြောကြားခဲ့သော်လည်း အစိုးရ သတင်းစာများသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ထောင်ပြီး အစိုးရက ခန့်အပ်ထားသည့် အဖွဲ့ဝင် ၅ ဦးပါဝင်သော သတင်းစာ ကြီးကြပ်ရေးအဖွဲ့မှ ချမှတ်ထားသည့် အစိုးရ၏ ကိုယ်ပိုင် ပြည်သူ့ဝန်ဆောင်မှု မီဒီယာများအတွက် ကျင့်ဝတ်စည်းကမ်းများထဲမှ မူဝါဒတချို့ကို အပြည့်အဝ လိုက်နာရန် ယခုအချိန်အထိ လိုအပ်နေသေးသည့် အသွင်ရှိပါသည်။ တိကျစွာဆိုရလျှင် အစိုးရပိုင် သတင်းစာများသည် ကျင့်ဝတ်စည်းကမ်းများတွင် ဖော်ပြထားသည့် “လူ့အဖွဲ့အစည်း အတွင်းတွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ပြည်သူများသို့ အချိန်နှင့်တပြေးညီ တိကျသေချာစွာ သတင်းပေးရန်” ဆိုသော သူတို့၏တာဝန်ကို ပျက်ကွက်နေသည့် အသွင်လည်း ရှိပါသည်။
၂၀၁၄ ခုနှစ် ဩဂုတ်လနှောင်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက အမေရိကန်ဒေါ်လာ ဘီလီယံ ပေါင်းများစွာတန်သည့် မြို့သစ်စီမံကိန်း တခုကို လူသိနည်းသည့် တရုတ်ကုမ္ပဏီတခုသို့ ချထားပေးရန် ကြေညာခဲ့သည့်အချိန်၌ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် သတင်းစာများက နှုတ်ဆိတ်နေခဲ့ကြသည်။ စီမံကိန်းကို ဝေဖန်ပြောဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး ပုဂ္ဂလိက စာနယ်ဇင်းများက သတင်းရေးသားဖော်ပြခဲ့ပြီး နောက် ၇ ရက်အကြာတွင် စီမံကိန်းအတွက် တင်ဒါ ထပ်မံခေါ်ယူမည်ဟု ဖြစ်သွားသည်။ စက်တင်ဘာလ ၂၆ ရက်နေ့တွင် စီမံကိန်းကို ရွှေ့ဆိုင်းလိုက်သော်လည်း နောက်ရက်များတွင် ထုတ်ဝေခဲ့သော အစိုးရပိုင် သတင်းစာများတွင် ထိုသတင်းကို လုံးဝ မတွေ့ရှိခဲ့ရပေ။
စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သော ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂ ဦး အသတ်ခံခဲ့ရသည့် အမှုတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပါဝင် ပတ်သက်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ပြည်တွင်းနှင့် နိုင်ငံတကာမှာပါ အချေအတင် အငြင်းပွားမှုများ ထွက်ပေါ်လာပြီး အမျိုးသားရေးကိစ္စတခု ဖြစ်လာသည့် ထိုသတင်းကို အစိုးရပိုင် သတင်းစာ ၃ စောင် လုံးက ဖော်ပြရန် နောက်ကျနေခဲ့သည်။
သံသယများ
အစိုးရပိုင် သတင်းစာများကို အသွင်ပြောင်းလဲရန် ဦးရဲထွဋ်၏ ကတိပြုမှုသည် စာနယ်ဇင်းသမား အမြောက်အမြား၏ စိတ်ဝင်စားမှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါ။
ဦးရဲထွဋ်က သမ္မတဖြစ်နေလျှင်ပင် ထိုသို့သော အသွင်ပြောင်းလဲမှုမှာ မဖြစ်နိုင်ဟု ဦးဖိုးသောကြာက ပြောသည်။ “မယုံမရှိပါနဲ့။ ၁၉၆၂ ခုနှစ်ကတည်းက သတင်းအချက်အလက် အမှောင်ခေတ်ထဲ ပြည်သူတွေကို လိမ်ညာပြီး တွန်းပို့ခဲ့တဲ့အတွက် အစိုးရပိုင် မီဒီယာတွေအပေါ် ယုံကြည်မှု ပျောက်ဆုံးခဲ့ပြီ။ သူတို့ရဲ့ အတိတ်က တွေ့ကြုံခဲ့တာတွေအရဆိုရင် ပြန်ကြားရေး ဝန်ကြီးဌာနက ဒါကို နောက်ထပ် နှစ် ၅၀ အတွင်းမှာ ပြောင်းနိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ” ဟု အသက် ၈၃ နှစ်အရွယ် သတင်းစာဆရာကြီး ဦးဖိုးသောကြာက မေးခွန်းထုတ်လိုက်သည်။
“သမ္မတနဲ့ရော လွှတ်တော် ၂ ရပ်လုံးက ဥက္ကဋ္ဌ တွေနဲ့ရော တွေ့ဆုံတဲ့အခါတိုင်း အဲဒီအကြောင်းကို ကျနော် ရှင်းပြပါတယ်” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တိုင်းပြည် ထိပ်တန်းခေါင်းဆောင်များ မကြာခဏ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ကို ရည်ညွှန်း၍ ဦးဖိုးသောကြာက ပြောသည်။
လက်ရှိအချိန်တွင် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြနေသည်များကိုကြည့်လျှင် ၎င်းတို့သည် ပြည်သူများအတွက်ထက် အစိုးရအတွက် ရေးသားနေသည့် အသွင်ရှိကြောင်း ဦးသီဟစောက ပြောသည်။ “ပြောင်းလဲခဲ့ပြီဆိုပေမယ့် သူတို့တွေက အပေါ်ကလာတဲ့ သတင်းတွေကိုပဲ ဖော်ပြနေတုန်းပဲ” ဟု သူကဆိုသည်။
အဆိုပါ ယူဆချက်သည် ဟောင်ကောင်တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေး ဆန္ဒပြပွဲများနှင့် ပတ်သက်၍ အစိုးရပိုင် မီဒီယာများ၏ သတင်းဖော်ပြပုံ နည်းလမ်းကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဟောင်ကောင်မှ Occupy Central ဆန္ဒပြပွဲများ၏ အစောပိုင်းကာလတွင် အစိုးရထုတ် နေ့စဉ်သတင်းစာများက အဆိုပါသတင်းကို လျစ်လျူရှုခဲ့ကြသည်။ ပြည်သူတို့၏ ဝေဖန်မှုများထွက်ပေါ်လာပြီး နောက်ဆုံးတွင် သတင်းဖော်ပြရသည့် အခါတွင်လည်း “ဟောင်ကောင်မှ ဥပဒေမဲ့ ဆန္ဒပြပွဲများကို ဝေဖန်မှုများ ထွက်ပေါ်လာသည်” ဆိုသည့် ခေါင်းစဉ်အောက်တွင် တရုတ်အစိုးရကို ထောက်ခံသည့် သတင်းဖော်ပြမှု ဖြစ်နေ သည်။
ဟောင်ကောင် ဆန္ဒပြပွဲများနှင့် ပတ်သက်၍ အစိုးရ မီဒီယာများက သရုပ်ဖော်ရေးသားမှုကို အွန်လိုင်းတွင် မှတ်ချက်ရေးသားသူများက မေးခွန်းထုတ်လာကြသည့်အတွက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းကို ကြောင်းကျိုးခိုင်လုံစွာ တင်ပြရန်နှင့် စာနယ်ဇင်း ကျင့်ဝတ်များနှင့် လျော်ညီစေရန် နိုင်ငံပိုင် သတင်းစာများသို့ ညွှန်ကြားချက်ပေးခဲ့ကြောင်း၊ ကျင့်ဝတ်စည်းကမ်းများအရ သတင်းရေးသားမှုသည် တခြားတိုင်းပြည်များ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း မဖြစ်ရကြောင်း သူ၏ Facebook စာမျက်နှာတွင် ဖြေရှင်းခဲ့သည်။
အစိုးရက ပြည်သူ့ဝန်ဆောင်မှု သတင်းစာများ ဖွံ့ဖြိုးစေလိုခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ၎င်း၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြရန်အတွက် ဖြစ်သည်ဟု ဦးဖိုးသောကြာက ဆိုသည်။ “မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ အရင်တုန်းက သူတို့ပြောခဲ့တာကို မမေ့ပါနဲ့” ဟု သူကပြောသည်။ ယခင် စစ်အစိုးရ လက်ထက်က ၎င်းတို့မလိုလားသော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံတကာမှ သတင်းရေးသားမှုများကို တုံ့ပြန်တိုက်ခိုက်ရန် ဝါဒဖြန့်ချိရေး သတင်းဆောင်းပါးများကို ရည်ညွှန်း၍ ပြောခြင်းဖြစ်သည်။
အစိုးရပိုင် ပုံနှိပ်မီဒီယာကို ပုဂ္ဂလိကပိုင် ပြုလုပ်သင့်ပြီး ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းသည် ပြည်သူ့ဝန်ဆောင်မှု ရုပ်သံလွှင့်ဌာန တခုအဖြစ် အသွင်ပြောင်းရန်အတွက်သာ ဖြစ်သင့်သည်ဟု ARTICLE 19 အဖွဲ့က ပြောသည်။ ဦးသီဟစောကလည်း ထိုအချက်ကို သဘောတူသည်။ “အစိုးရ လုပ်သင့်တာက သူတို့ထုတ်နေတဲ့ သတင်းစာတွေကို ပြည်သူတွေလက်ထဲ ပြန်ပေးဖို့ပါပဲ။ ၁၉၆၂ ခုနှစ် ပြည်သူပိုင် မသိမ်းခင်မှာ ဒါတွေအားလုံးက ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာတွေပါ” ဟု သူကပြောသည်။
(၂၀၁၄ နိုဝင်ဘာလထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာ၏ Whose News? Information wants to be free let it be ကို ဘာသာပြန်ဆို ဖော်ပြပါသည်။)