မကြာသေးမီကာလ မြန်မာ့တပ်မတော်က တရားမဝင်သစ်ခိုးထုတ်မှုတခုကို ဖမ်းဆီးနှိမ်နင်းလိုက်ပြီးနောက် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တင်းမာမှုများ ဖြစ်ပေါ်လာပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးမှုများတွင် မြန်မာ၏ အနေအထားက စဉ်းစားရမည့် အကြောင်းတခု ဖြစ်လာစေခဲ့ပါသည်။
တချို့က တရုတ်နယ်စပ် တလျှောက်တွင် လက်နက်ကိုင် ပဋိပက္ခများ မြင့်တက်လာခြင်း၊ ဒုက္ခသည်များ ဝင်ရောက်လာခြင်းနှင့် အတူတွဲပါလာသည့် အမျိုးသား လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို စိုးရိမ်ကြသည်။ တချို့ကလည်း တင်းမာမှုများ မြင့်တက်လာသည့်အထဲတွင် အမေရိကန် ပြည်ထောင်စုက ဝင်ကစားသွားမည့် အလားအလာနှင့် အကယ်၍ အမေရိကန်က တရုတ်နိုင်ငံ၏ နောက်ဖေးခြံထဲကို တဖြည်းဖြည်းနှင့် ဝင်ရောက်လာနိုင်မည်ဆိုလျှင် တရုတ်နိုင်ငံ၏ မဟာဗျူဟာတွင် အားနည်းချက် ဖြစ်သွားမည်ကို ပူပန်နေကြသည်။
ပိုအရေးကြီးသည့် အချက်မှာ သစ်ခိုးထုတ်မှုကို နှိမ်နင်းစဉ် တရုတ်နိုင်ငံသား ၁၀ဝ ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ရာနှင့်ချီသော တရုတ်အလုပ်သမားများ ပဋိပက္ခ ဖြစ်ပေါ်လာသည့် နယ်မြေတွင် ပိတ်မိနေသည်ဟု သတင်းများ ထွက်ပေါ်လာသည့်အတွက် နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသည့် တရုတ် နိုင်ငံသားများ၏ လုံခြုံရေးက တရုတ်နိုင်ငံတွင် ဆွေးနွေးမှုအများဆုံး အကြောင်းအရာတခု ဖြစ်လာသည်။
အမျိုးသားရေး ဝါဒီများက တရုတ်အစိုးရကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပြီးနှင့် တရုတ်နိုင်ငံသားများကို “ကယ်ဆယ်ရေး” မြန်မာပြည်အတွင်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုပြုရန် အထိပင် တောင်းဆိုခဲ့ကြသည်။
တရုတ်နိုင်ငံသား လေ့လာဆန်းစစ်သူများနှင့် တရုတ်မီဒီယာ အများအပြားက တရုတ် သစ်ခုတ်သူများတွင် အပြစ်မရှိဟု ဆိုသည့်အမြင်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားကြသည်။ မြန်မာအစိုးရက နိုင်ငံခြားသို့ သစ်တင်ပို့ခြင်းကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကတည်းက တရားဝင် ပိတ်ပင်တားမြစ်ခဲ့သည်ကို အားလုံးသိရှိထားသော်လည်း သူတို့က မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်က သစ်ထုတ်လုပ်ခြင်းသည် လက်ခံရမည့်အရာအဖြစ် သဘောထားကြသည်။
အဘယ်ကြောင့်ဆိုသော် တရုတ် စီးပွားရေးသမားများသည် သစ်ခုတ်ရန် ဒေသခံ တိုင်းရင်းသား အဖွဲ့များနှင့် ဒေသခံ အစိုးရတပ်များထံမှ ခွင့်ပြုချက်နှင့် ပါမစ်များ ရရှိထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သစ်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင်လည်း ဒေသအာဏာပိုင်များသို့ ထရပ်ကားတစီး ဖြတ်သန်းခ ဒေါ်လာရာနှင့်ချီ၍ပေးရသည်ဟု သိရသည်။
တရုတ် စီးပွားရေးသမားများဘက်မှ အမြင်အရ ဒေသတွင်းမှ စည်းမျဉ်းများနှင့် လိုအပ်ချက်များ အားလုံးကို ပြည့်စုံအောင် ဖြည့်ဆည်းပေးခဲ့ပြီး ဖြစ်သည့်အတွက် သူတို့ဘက်တွင် အပြစ်မရှိဟု ယူဆကြသည်။ သစ်ခိုးထုတ်မှုကို ဖမ်းဆီးအရေးယူခဲ့ခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်းမဟုတ်ဘဲ မြန်မာ အစိုးရတပ်များကြားတွင် ရရှိသည့်အကျိုးအမြတ်ကို ခွဲဝေရာ၌ သဘောမတူညီမှုများ ရှိခဲ့၍ဖြစ်သည်ဆိုသော ပြောဆိုမှုများလည်း ရှိနေသည်။
တိုင်းရင်းသား အဖွဲ့များကလည်း အပြစ်မရှိဟု ရှင်းလင်းခဲ့ပါသည်။ တိုင်းရင်းသား နယ်မြေများအတွင်းရှိ သဘာဝအရင်းအမြစ်နှင့် သက်ဆိုင်သော စီးပွားရေး အကျိုးအမြတ်များ ခွဲဝေရေးသည် တိုင်းရင်းသားအဖွဲ့များနှင့် မြန်မာအစိုးရကြားတွင် ပြောဆိုဆွေးနွေးရန် အခက်ခဲဆုံး အကြောင်းအရာတခု အမြဲတမ်း ဖြစ်ခဲ့သည်။ သူတို့သည်သာလျှင် သူတို့ နယ်မြေများအတွင်းရှိ သဘာဝ အရင်းအမြစ်များကို အပြည့်အဝ ပိုင်ဆိုင်ခွင့်ရှိသူများ ဖြစ်သည်ဟု ယုံကြည်ထားကြသည့် ကချင်ကဲ့သို့သော တိုင်းရင်းသားအဖွဲ့ များက ပြင်းပြင်းထန်ထန် တောင်းဆိုနေကြသည်။
အဆိုပါကိစ္စသည် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အဓိက အတားအဆီးကြီးတခု ဖြစ်နေပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် နှောင့်နှေးစရာ ဖြစ်နေသည်။ အထူးသဖြင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ကဲ့သို့သော အဖွဲ့အစည်းများအတွက် သဘာဝအရင်းအမြစ် ထုတ်ယူခြင်း၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်ခြင်းက အဓိကဝင်ငွေလမ်းကြောင်း ဖြစ်နေသည်။ ထိုသို့ ပြုလုပ်နေသည်ကလည်း ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့က တရားဝင် အစဉ်အလာတခုအဖြစ် ခုခံပြောဆိုကြသည်။
မြန်မာအစိုးရနှင့် တပ်မတော်ဘက်ကမူ တရားမဝင် သစ်ခိုးထုတ်မှုကို ဖြိုခွဲဖမ်းဆီးလိုက်ခြင်းသည် ဥပဒေအရ တာဝန်ရှိသည့်အတိုင်း ဆောင်ရွက်လိုက်ခြင်းသာ ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှ ပဋိပက္ခ ဒေသများတွင် သစ်တောရေးရာ ဝန်ကြီးဌာနက ဥပဒေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အကန့်အသတ်များ ရှိနေသဖြင့် တပ်မတော်က ထိုတာဝန်ကို ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူများက ဆိုသည်။
ဗျူဟာအရကြည့်လျှင် ထိုသို့ ဖမ်းဆီးခြင်းသည် တိုင်းရင်းသားအဖွဲ့များ၏ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ခြင်း၊ တားဆီးခြင်းဖြစ်ပါသည်။ သို့သော် တည်ဆဲဥပဒေနှင့်အညီ တရားဝင်ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ အစိုးရဘက်မှကြည့်လျှင် အဖွဲ့တဖွဲ့က အမှန်တကယ် အပြစ်ရှိနေပါသည်။ ရိုးသားမှုမရှိသည့် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် စစ်ဘက် အရာရှိများက ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအတွက် သစ်များကို ဆက်လက်မှောင်ခိုတင်ပို့ ခွင့် ပေးခဲ့ကြသည်။
လူတိုင်းက သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားအတွက် အကြောင်းပြချက်များ ပေးနေကြသည့် အချိန်တွင် အပြစ်မရှိ၊ သို့မဟုတ် ဓားစာခံများဟု သတ်မှတ်ရန် ထိုက်တန်သောအရာ ၂ ခုသာ ရှိပါ သည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ၏ သစ်တောများနှင့် ဒေသခံပြည်သူများ ဖြစ်သည်။ မြန်မာအစိုးရ၏ အဆိုအရ ၁၉၇၀ ပြည့်နှစ်များအတွင်း သစ်တောဖုံးလွှမ်းမှု ၆၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည့် မြန်မာနိုင်ငံ သည် ၂၀၁၀ ပြည့်နှစ်တွင် ၄၀ ရာခိုင်နှုန်း ဝန်းကျင်အထိ လျော့သွားခဲ့သည်ဟု သိရသည်။ တရုတ်အစိုးရ ပိုင် မီဒီယာနှင့် မြန်မာသတင်းဌာန တခုက အစိုးရ တာဝန်ရှိသူများကို ကိုးကား၍ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များအတွက် ၂၀ ရာခိုင်နှုန်းဝန်းကျင် ရှိသည့် ကိန်းဂဏန်းတခုကို ဖော်ပြခဲ့သော်လည်း တိုင်းပြည်၏ သစ်တောဖုံးလွှမ်းမှု လက်ရှိအခြေအေ နှင့် ပတ်သက်၍လည်း ကိန်းဂဏန်းအမျိုးမျိုး ဖြစ်နေသည်။
ကချင်ပြည်နယ်အတွင်းတွင် သင့်လျော်သည့် သစ်လုံးအရွယ်အစား ရှာဖွေမတွေ့နိုင်တော့သည့်အတွက် ယခုအခါတွင် ထုတ်လုပ်ရန် သင့်လျော်သည့်သစ်များ ရရှိနိုင်ရန်အတွက် စစ်ကိုင်းတိုင်းအတွင်းအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရှာဖွေနေရသည်ဟု တရုတ်သစ်ထုတ်လုပ်သူများက ပြောကြသည်။ ခရီး ပိုမိုဝေးကွာလာသည့်အတွက် သယ်ယူစရိတ်လည်း မြင့်မားလာသလို လုံခြုံစွာဖြတ်သန်း သယ်ဆောင်နိုင်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စစ်ဘက်အရာရှိများသို့ ပေးရသည့် ငွေကြေးကလည်း ပိုမိုများပြားလာခဲ့သည်။
သို့သော်လည်း လုပ်ငန်းက ဆက်လက်တည်ရှိနေပြီး အမြတ်အစွန်းများ ရရှိနေသည့်အတွက် ၎င်းတို့ အမြတ်အစွန်း မည်မျှရရှိနေသည် ဆိုခြင်းကို မှန်းဆမှုများလည်း အမျိုးမျိုး ရှိလာသည်။ အမှန်တကယ်အားဖြင့် နယ်စပ်တွင်ရှိနေကြသည့် တရုတ်လူမျိုးများက ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်ဆံရေး ပြေလည်နေသမျှ မြန်မာနိုင်ငံမှ သစ်ခိုးထုတ်ခြင်းသည် ချမ်းသာကြွယ်ဝရန် အလွယ်ကူဆုံးနှင့် အလျင်မြန်ဆုံး နည်းလမ်းအဖြစ် အခိုင်အမာ မှတ်ယူထားကြပါသည်။
လောဘက အားလုံးကို ဖျက်ဆီးခဲ့ပါသည်။ သစ်နှင့် တခြားသဘာဝ အရင်းအမြစ်များ ကုန်ခန်းသွားပြီးနောက် ဒေသခံ အသိုင်းအဝိုင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုးရိမ်စရာဖြစ်လာခဲ့သည်။ ဒေသခံများ နားလည်သည့် အနာဂတ်၏ အဓိပ္ပာယ်ဆိုသည်မှာ သဘာဝ အရင်းအမြစ်များ ရှိနေချိန်တွင် လုံလောက်သည့် ငွေကြေးရှာဖွေပြီး မရှိတော့သည့် အချိန်တွင် သူတို့ထွက်သွားကြမည်ဆိုသည့် အနေအထားသို့ ရောက်ရှိသွားသည်။
ကြီးမားသည့် အကျိုးစီးပွားက ဗဟိုအစိုးရနှင့် ဒေသခံ တိုင်းရင်းသား အဖွဲ့များကြားမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နှောင့်နှေး ကြန့်ကြာစေသည်။ ဒေသတွင်း စီမံခန့်ခွဲနိုင်မှုနှင့် စောင့်ကြည့်နိုင်မှု အားနည်းခြင်းက ကိုယ်ကျိုးစီးပွား ရှာဖွေလိုသူများအတွက် လွယ်ကူစေခဲ့၏။
ထိုအချိန်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး အကျိုးအမြတ် ရှာဖွေမှုက မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသား ပဋိပက္ခများကို လှုံ့ဆော်မီးထိုးသလို ဖြစ်ခဲ့သည်။ တရားမဝင် သဘာဝအရင်းအမြစ် ထုတ်ယူခြင်းကို စီးပွားရေးသမားများက လုပ်ဆောင်နေကြခြင်းသာဖြစ်ပြီး အစိုးရ၏ မူဝါဒကို ကိုယ်စားပြုခြင်းမရှိဟု တရုတ်အစိုးရက ဖြေရှင်းကောင်း ဖြေရှင်းနိုင်ပါသည်။
သို့သော်လည်း တရုတ်အစိုးရ တာဝန်ရှိသူများက ထိုသို့ဆောင်ရွက်မှုကို တက်ကြွစွာ တားဆီးခြင်း၊ သို့မဟုတ် တားဆီးရန် ရိုးရှင်းသော အားထုတ်မှုများဖြစ်သော တရားမဝင်သစ်များ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခြင်းကို ပိတ်ပင်ခြင်း၊ သစ်များကို တင်းကျပ်စွာ စစ်ဆေးခြင်း၊ တရားမဝင်သစ်များကို သယ်ဆောင်ခြင်း သို့မဟုတ် ပြင်ဆင်ထုတ်လုပ်ခြင်းများအား အလေးအနက်ထား အရေးယူ အပြစ်ပေးခြင်းများ ပြုလုပ်ခြင်းမရှိဘဲ လျစ်လျူရှုထားခဲ့သည်။
ယူနန်ပြည်နယ်၏ နယ်စပ်မြို့ Ruili ရွှေလီသို့ မြန်မာနိုင်ငံမှ သစ်လုံးများ အပြည့်တင်ထားသော ထရပ်ကားကြီးများ ရာနှင့်ချီ၍ ဝင်ရောက်လာသည်ကို မျက်မြင်တွေ့ခဲ့သူတိုင်းအတွက် တရားမဝင် သစ်ခိုးထုတ်မှုကို တားဆီးရန် တရုတ်နိုင်ငံကလည်း တာဝန်ယူ ဆောင်ရွက်နေပါသည် ဆိုခြင်းကို ယုံကြည်ရန် ခက်ခဲပါလိမ့်မည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသော တရုတ်လူမျိုး သစ်ခိုးထုတ်သူများကို ကယ်ဆယ်ရေးဆိုသည်မှာ အငြင်းပွားဖွယ်ရာဖြစ်သော အကြောင်းအရာ တခုသာ ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းတွင် မြန်မာဥပဒေများကို ချိုးဖောက်ခဲ့သော မည်သည့် တရုတ်နိုင်ငံသား အလုပ်သမား၊ သို့မဟုတ် စီးပွားရေး လုပ်ငန်းရှင်ကိုမဆို တရားစီရင်ခွင့်အရ ရုံးတင်စစ်ဆေး အပြစ်ပေးသင့်ပါသည်။ တရုတ်နိုင်ငံအတွင်းတွင် ဥပဒေကို ချိုးဖောက်သည့် နိုင်ငံခြားသားများကို တရုတ်ဥပဒေအတိုင်း တရား စွဲဆိုခြင်း၊ သေဒဏ် အပြစ်ပေးစီရင်ခြင်းများလည်း အတိတ်က ရှိခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ယခုကိစ္စတွင်လည်း တရုတ်နိုင်ငံက မြန်မာအစိုးရ၏ စီရင်ဆုံးဖြတ်မှုကို လေးစားသင့်ပါသည်။ နိုင်ငံရေးအရ သို့မဟုတ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်းသည် အသိဉာဏ် ကင်းမဲ့ခြင်း ဖြစ်သည်သာမက တရုတ်နိုင်ငံ အမှန်တကယ် သတိထားရမည့် အန္တရာယ်ကြီးမားသော နိုင်ထက်စီးနင်း နိုင်ငံခြားရေးမူဝါဒ၏ အတိုင်းအတာကို ကိုယ်စားပြုနေပါသည်။
တရုတ်သမ္မတ ရှီကျင်ပင်း အဆိုပြုခဲ့သည့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးရာ မူဝါဒလမ်းစဉ် ၄ ရပ် ဖြစ်သည့် “ချစ်ကြည်ရင်းနှီးမှု၊ ရိုးသားမှု၊ ၂ ဦး ၂ ဖက် အကျိုးဖြစ်ထွန်းမှုနှင့် သည်းခံမှု” တို့အရ တရုတ်နိုင်ငံသည် စစ်မှန်သော ပါဝင်ဆောင်ရွက်မှုကို ဖော်ပြရန် လိုအပ်နေသလို မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သော လုပ်ဆောင်မှုများမှတဆင့် အထောက်အကူပေးရန် လိုအပ်ပါသည်။
စီးပွားရေး အကျိုးအမြတ်အတွက် တရားမဝင် ကုန်သွယ်မှုကို ခွင့်ပြုပေးခြင်းအားဖြင့် ပဋိပက္ခများကို မီးထိုးပေးသလို ဖြစ်စေနိုင်သည့်နည်းတူ မြန်မာအစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများကြားမှ အက်ကြောင်းများကိုလည်း ပိုမို နက်ရှိုင်းသွားစေနိုင်ပါသည်။
အိမ်နီးချင်းဒေသခံ အသိုင်းအဝိုင်းတို့၏ အနာဂတ်များ ဖျက်ဆီးခံနေရသည်ကို စောင့်ကြည့်နေခြင်းက မိတ်ဆွေကောင်း မပီသသလို ရိုးသားမှုလည်း မရှိပါ။ မြန်မာနိုင်ငံအတွက်လည်း အကျိုးကျေးဇူး မရှိပါ။ တရုတ်-မြန်မာ ဆက်ဆံရေးက အလွန်ကောင်းမွန်သည့် အနေအထားတွင် ရှိနေပါသည်ဟု ပြောနေရုံ သက်သက်မျှနှင့်လည်း အလုပ်မဖြစ်ပါ။ တရုတ်နိုင်ငံက အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်နေသည်မှာ အပြစ်ရှိသူများကို အပြစ်ပေးအရေးယူ၍ အပြစ်မဲ့သူများကို ကာကွယ်ပေးရန်သာ ဖြစ်ပါသည်။
(ယွန်ဆန်သည် ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့တခုဖြစ်သည့် Henry L.Stimson Center ၏ အရှေ့အာရှအစီအစဉ်မှ သုတေသီဖြစ်သည်)