တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ် နယ်စပ်အနီးမှ တောင်ပေါ်ရွာလေးများ ဝန်းရံထားသည့် နမ့်ခမ်းမြို့သို့ အပြန်လမ်းက ယခင် ကာလများကထက်စာလျှင် ပိုမိုအေးချမ်းနေသည်။ ဤလမ်းသည် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်မတော် တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့် နေရာလည်း ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် စစ်ဆေးရေး စခန်းများ မရှိ တော့ဘဲ ၆ နာရီကြာ ခရီးသွားရသည့် လားရှိုးမြို့သို့ လှပသည့်တောင်တန်းများနှင့် စားကျက်မြေများကြားမှ ဖြတ်သန်း၍ အဆီးအတားမရှိ သွားလာ နိုင်သည်။
လားရှိုးမြို့နှင့် တရုတ်နယ်စပ်မှ မူဆယ်မြို့တို့ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမှ ဆက်ထွက်လာပြီး တနာရီလောက် သွားမိလျှင် ကျယ်ပြန့်သော ဘိန်းခင်းများထဲတွင် ဖြတ်သန်းရတော့မည် ဖြစ်သည်။ ဧက ၂၀ဝဝဝ ခန့်ရှိသည့် အဆိုပါ ဘိန်းခင်းများ ရှိနေသည့် ဒေသကို ပန်းဆေးပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထား သည်။ ရန်ပုံငွေရရှိရေးအတွက် တောင်သူများထံမှ အခွန်ကောက်ယူနေသည့် ပြည်သူ့စစ် အဖွဲ့ကို ရှမ်းပြည်နယ် လွှတ်တော်မှ နမ့်ခမ်းမြို့နယ် ကိုယ်စားလှယ်နှင့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင် တဦးဖြစ်သူ ဦးကျော်မြင့်က ဦးဆောင်သည်ဟု ဒေသခံများက ပြောကြသည်။
သျှမ်းသံတော်ဆင့် သတင်းဌာနက ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစောင်၌ တခြားသော လွှတ်တော် ကိုယ်စားလှယ် ၆ ဦးနှင့် အတူ ဦးကျော်မြင့်သည် အနီးပတ်ဝန်းကျင်ရှိ မြို့ များတွင် တရားဝင် စီးပွားရေးလုပ်ငန်း အမြောက် အမြားကို နောက်ခံပြု၍ ဒေသတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုကို ဦးဆောင် နေသူ တဦးအဖြစ် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်၏ အင်ပါယာသည် နယ်စပ်မြို့ များဖြစ်သည့် မူဆယ်၊ နမ့်ခမ်းနှင့် ဒေသတွင်း အချက်အချာ နေရာတခုဖြစ်သည့် တောင်ဘက်မှ ကွတ်ခိုင်မြို့အထိ ကျယ်ဝန်းသည်ဟု မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုပ်ရှားနေသူ ပလောင် တိုင်းရင်းသား တဦးက ပြောသည်။
ဦးကျော်မြင့်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် ဒေသများဖြစ်သော နမ့်ခမ်းမြို့ ပတ်ဝန်းကျင် တောင်များ ပေါ်မှ ကျေးရွာ ၂၄ ရွာသို့ ဧရာဝတီ သတင်းဌာနက မော်တော်ဆိုင်ကယ်များဖြင့် သွားရောက် လေ့လာခဲ့ရာတွင် ထိုဒေသရှိ အိမ်တိုင်းနီးပါးသည် တအိမ်လျှင် ဘိန်းခင်း ၂ ဧကမှ ၅ ဧကအထိ စိုက်ပျိုးကြသည်ကို တွေ့ရှိရ သည်။ တောင်သူများက မိမိတို့ဘိန်းခင်းများကို ပြိုင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန် ပန်းဆေး ပြည်သူ့ စစ်အဖွဲ့က လက်နက်များ ထုတ်ပေးထားသည်။
ပန်းဆေးပြည်သူ့စစ်အဖွဲ့က ၎င်းတို့ထိန်းချုပ် ထားရာ ဒေသအတွင်းမှ ကျေးရွာများရှိ ပြည်သူများ ထံမှ တအိမ် ထောင်လျှင် ငွေကျပ် ၃ သိန်း အခွန်ကောက်ခံပြီး ဘိန်းစိုက်ပျိုးခွင့်ပြုသည်ဟု နမ့်ခမ်းမှ မူးယစ်ဆေးဝါး ဆန့်ကျင် ရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သော မိုင်အိုက်နိုင်က ပြောသည်။ သူ၏ပြောဆိုမှုက တအာင်း ကျောင်းသား လူငယ်အဖွဲ့မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစောင်တွင် ပါဝင်သည့် ပန်းဆေးပြည်သူ့စစ်အဖွဲ့က တောင်သူ များထံမှ ဘိန်းရောင်းချရသော ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းကို အခွန်ကောက်ခံသည်ဆိုသည့် အချက်နှင့်လည်း ကိုက်ညီနေသည်။
“သူတို့က သူတို့မြေမှာ နေတဲ့သူတိုင်းဆီက အခွန် ၃ သိန်း ကောက်တယ်။ ဘယ်သူက ဘိန်း စိုက်သလဲ၊ မစိုက်ဘူးလဲ ဆိုတာကို ဂရုမစိုက်ဘူး” ဟု မိုင်းအိုက်နိုင်က ပြောသည်။
မန်အောင်ရွာရှိ ဘုန်းတော်ကြီးကျောင်း အနီးတွင် စခန်းချထားသည့် မြန်မာတပ်မတော် တပ်ဖွဲ့ များအနေဖြင့် ပန်းဆေးပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားသော နယ်မြေတွင် နေထိုင်သည့် လယ်သမားများ စိုက်ပျိုးထားသည့် ဘိန်းခင်းများကို မြင်တွေ့ နိုင်သည်။ နယ်မြေခံ တပ်နယ်မှ ဗိုလ်မှူးချုပ် သက်ထွန်းဦးက သူ၏ တပ်ဖွဲ့များသည် ဘိန်းခင်းများကို ဖျက်ဆီးပြီး စိုက်ပျိုးသူများကို အရေးယူ အပြစ်ပေး မည်ဟု ဒေသခံများကို ပြောကြားခဲ့ သော်လည်း ပန်းဆေးပြည်သူ့စစ် ထိန်းချုပ်ထားသည့် ဧရိယာ အပြင်ဘက်ရှိ တောင်သူများ စိုက်ပျိုးထားသော ဘိန်းခင်းများကိုသာ ဖျက်ဆီးခဲ့သည်ဟု ဒေသတွင်း မူးယစ်ဆေး ဆန့်ကျင်ရေး လှုပ်ရှားသူများက ပြောကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရာနှင့်ချီသော ပလောင်တိုင်းရင်းသားများ နမ့်ခမ်းမြို့တွင် ချီတက်ခဲ့ကြပြီး မူးယစ်ဆေး ကုန်သွယ်မှုကို အရေးယူ ဆောင်ရွက်ပေးရန် အစိုးရကို တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုများ နောက်ပိုင်းတွင် ဘိန်းခင်းများကို ဖျက်ဆီးရန် အစိုးရက တပ်ရင်း တရင်းကို တာဝန် ပေးအပ်ခဲ့သည်။ သို့သော်လည်း ပလောင် တိုင်းရင်း သားများ စိုက်ပျိုးထားသည့် ဘိန်းခင်းများကိုသာ ဖျက်စီးခဲ့ပြီးပန်းဆေးတို့၏ စိုက်ခင်းများက ဒီအတိုင်း ကျန်နေခဲ့သည်ဟု ဒေသခံများက ဆိုသည်။
“ဒီဧရိယာမှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိနေတဲ့ အကြောင်း သက်ဆိုင်ရာကို ဘုန်းကြီးတို့ သတင်းပို့ခဲ့ ပါတယ်။ ဒါပေမယ့် ဒီဧရိယာက ကန့်သတ်ထားတဲ့ နေရာလို့ သူတို့က ပြောတယ်။ ဘုန်းကြီးတို့က သူတို့ကို မေးစရာ ရှိတယ်။ ကန့်သတ်ထားတဲ့ နေရာဆိုတာ ဘာကိုပြောတာလဲ။ တခါတလေကျရင် မြန်မာနိုင်ငံ မှာ တနိုင်ငံထဲမှာ မူဝါဒ ၂ မျိုး ဖြစ်နေတယ်လို့ ခံစားရတယ်။ ပလောင်တွေ စိုက်တဲ့ဘိန်းကိုတော့ ဘာကြောင့် ဖျက်ဆီးနိုင်တာလဲ။ ပြည်သူ့စစ်အဖွဲ့ နယ်မြေထဲက ဘိန်းခင်းတွေကိုတော့ ဘာဖြစ်လို့ မလုပ်နိုင်တာလဲ” ဟု နမ့်ခမ်းမြို့နယ် ဖဒဲန် ကျေးရွာ က မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆောင်ရွက်နေသည့် အရှင် ဓမ္မလင်္ကာရက မိန့်ကြားသည်။
နမ့်ခမ်းမြို့နယ်မှ ပလောင် အသိုင်းအဝိုင်းကြား တွင် မူးယစ်ဆေးသုံးစွဲမှု ပျံ့နှံ့လာခြင်းကို တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့်နှစ်က ဆန္ဒပြပွဲများ အတွင်းတွင် မိုင်အိုက်နိုင်က မန်အောင် မူးယစ်ဆေး ဆန့်ကျင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယခု အခါတွင် အဖွဲ့ဝင် ၁၈၀ ဦး ရှိနေပြီဖြစ်သော ၎င်းတို့အဖွဲ့က အိမ်တွင်းဖြစ် လောက်လေးခွများကို လက်နက်အဖြစ် အသုံးပြု၍ ဒေသအတွင်းမှ မူးယစ်ဆေးဝါး သုံးစွဲသူ များ၊ ရောင်းချသူများကို တားဆီး၊ ဖမ်းဆီးရေး ပြုလုပ်သော လှုပ်ရှားမှုတခုကိုဆောင်ရွက်ပြီးဘိန်းဖြူ နှင့် မက်သဖက် တမင်းသုံးစွဲမှုများကို ဖြိုခွင်းခဲ့သည်။ လက်နက်အင်အား နည်းပါးခြင်းကို ကာမိနိုင်ရန်နှင့် ပစ်မှတ်က ပြန်လည် တိုက်ခိုက်မှုများကြောင့် ထိခိုက် နစ်နာမှုကို လျှော့ချနိုင်ရန် သူတို့အဖွဲ့ကလူအင်အားကို အမြောက်အမြား အသုံးပြုမည်ဟုဆိုသည်။ တခါတရံ လူတယောက်တည်းကို ဖမ်းဆီးနိုင်ရန်အတွက် လူအင်အား ၁၀ဝ ခန့် စုစည်းဆောင်ရွက်သည်ဟု သိရသည်။
“အစပိုင်းမှာတော့ ကျနော်တို့က လက်နက်မပါ ဘဲနဲ့ မူးယစ်ဆေး ရောင်းချတဲ့သူတွေ၊ သုံးစွဲသူတွေကို ဖမ်းဆီး နိုင်မှာလားလို့ လူတွေက မေးခွန်းထုတ်ခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့က လူတွေကို ဖမ်းနိုင်တယ်၊ ကျနော်တို့ အသိုင်းအဝိုင်းမှာ ရှိနေတဲ့ မူးယစ်ဆေး သုံးစွဲမှုကို ရပ်တန့်နိုင်တယ်ဆိုတာကို သူတို့သိလာတဲ့ အခါမှာတော့ ပြည်သူတွေဆီက အကူအညီအထောက်အပံ့တွေ အများကြီးရပါတယ်” ဟု မိုင်အိုက်နိုင်က ပြောသည်။
ဘိန်းဖြူများကို ကျပ်ငွေ ၁၀ဝ၀ ခန့်ဖြင့်ရောင်းချနိုင်သည့် နေရာတွင် မန်အောင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့၏ မူးယစ်ဆေး သုံးစွဲမှု တိုက်ဖျက်ရေးလုပ်ငန်းသည် အခက်အခဲများ နှင့် ရင်ဆိုင်ရသည်။ သူတို့အဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားသူများကို ကုသပေးရန် ပြန်လည် ထူထောင်ရေး စခန်း ၃ ခု ဖွင့်လှစ်ထားပြီး စခန်းတခု စီတွင် လူ ၃၀ နေနိုင်အောင် စီစဉ်ထားသည်။ သူတို့ အဖွဲ့ဝင်များထံမှ ကောက်ခံ ထားသည့် ရန်ပုံငွေဖြင့် ယမန် နှစ်က တည်ထောင်ထားခြင်း ဖြစ်သည်။
“ကျနော်တို့မှာ ပိုက်ဆံ လုံလုံလောက်လောက် မရှိတဲ့အတွက် ဖမ်းဆီးထားတဲ့သူတွေကို စောင့်ရှောက်ဖို့ အခက် အခဲ ရှိပါတယ်။ တချို့ မိသားစုတွေက အစားအသောက် ယူလာပေးပေမယ့် မိသားစုတွေက အစားအသောက် မပေးနိုင်တဲ့ သူတွေကို ကျနော်တို့ က ချက်ကျွေးရပါတယ်။ ကျနော်တို့ တတ်နိုင်တဲ့ ဆေးဝါးကုသမှုလည်း လုပ်ပေးရပါတယ်။ သူတို့ မူးယစ်ဆေး သုံးစွဲမှုကို ရပ်တန့်နိုင်ပြီလို့ ကျနော်တို့က ယုံကြည်တဲ့အချိန်မှာ သူတို့ကို အိမ်ပြန်ခွင့်ပေးပါ တယ်” ဟု မိုင်းအိုက်နိုင်က ပြောပြသည်။
နမ့်ခမ်းမြို့နယ်တဝိုက်ရှိ ကျေးရွာများတွင် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချမှု တိုက်ဖျက်ရေးနှင့် ဆေးစွဲရန် အလားအလာရှိသည့် သုံးစွဲသူများကို တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်များစွာ အောင်မြင်မှု ရရှိခဲ့သည်ဟု သိရသည်။
“ဒီက လူတော်တော်များများက ဆိုင်ကယ် မစီးတတ်ကြဘူး။ အခုလို ဆေးရောင်းတဲ့သူတွေက လာမရောင်းရဲ တော့တဲ့ အချိန်မှာ ရွာထဲကနေ လမ်းလျှောက် ထွက်ပြီး ဆေးဝယ်ဖို့ကိုလည်း သူတို့ က အရမ်းရှက်ကြတယ်။ ဒါကြောင့် သူတို့ ဆေးဖြတ် ဖို့ ဖြစ်လာတယ်” ဟု မိုင်းအိုက်နိုင်က ပြောသည်။
အစပိုင်းတွင် နမ့်ခမ်းမှ အစိုးရ အာဏာပိုင်များ က မန်အောင်အဖွဲ့၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ကြပြီး ၎င်းတို့အဖွဲ့နှင့် ရှမ်းပြည်နယ် မြောက် ပိုင်း ပလောင်ဒေသမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် (TNLA) ကြားမှ ဆက်သွယ်မှုကို သံသယဝင်ခဲ့ကြသည်။ ဒေသခံ အသိုင်းအဝိုင်း အတွက် အကျိုးအမြတ် ရရှိကြောင်း ထင်ထင်ရှားရှား ဖြစ်လာသည့် အချိန်ရောက်မှ ဒေသအာဏာပိုင်များ က မန်အောင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့ကို လက်ရှောင် သွားကြသည်ဟု အရှင်ဓမ္မလင်္ကာရက မိန့်သည်။
ဖဒဲန်ကျေးရွာမှ အရှင်ဓမ္မလင်္ကာရ တည်ထောင် ထားသည့် လင်္ကာရ ဒုစရိုက်တိုက်ဖျက်ရေး လူငယ်များအဖွဲ့မှ အဖွဲ့ဝင်များသည် မန်အောင် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် သည်ဟု ဆရာတော်က မိန့်ကြားသည်။ ဆရာတော် တည်ထောင်ထားသည့် ဒုစရိုက် တိုက်ဖျက်ရေးအဖွဲ့ က ကျင့်သုံးနေသော လုပ်ထုံး လုပ်နည်း ၂ ခုရှိသည် ဟု သိရသည်။ တခုမှာ မူးယစ်ဆေးရောင်းဝယ်သူ များနှင့် သုံးစွဲသူများကို ခေတ္တ ဖမ်းဆီး ထိန်းသိမ်း ခြင်းနှင့် သတိပေးခြင်းဖြစ်ပြီး နောက်တနည်းမှာ ဒုတိယ အကြိမ်မြောက် ထပ်မံဖမ်းမိပါက နမ့်ခမ်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လက်သို့ ပို့ပေးခြင်း ဖြစ်သည်ဟု အရှင် ဓမ္မလင်္ကာရက ရှင်းပြသည်။
ဒေသတွင်းမှ မူးယစ်ဆေး တိုက်ဖျက်ရေး လှုပ်ရှားသူများက ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တပ်ရင်းမှူး တဦးကို နှင်ထုတ်နိုင်ခဲ့သည်ဟု သိရ သည်။
“ဘုန်းကြီးတို့အဖွဲ့က ဘိန်းဝယ်ချင်တဲ့ လူငယ် တယောက်ကို ဖမ်းမိခဲ့တယ်။တပ်ရင်းမှူးက ဝယ်ခိုင်းတာပါလို့ ကောင်လေးက ဘုန်းကြီးတို့ကို ပြောတယ်။ ဘုန်းကြီးတို့က ပြည်သူလူထုသိအောင် တပ်ရင်းမှူးကို ရှင်းပြစေချင်တယ်။ ဒါပေမယ့် ဘယ်သူ ဘိန်းရောင်းတယ်ဆိုတာကို ဖော်ထုတ်ချင်လို့ပါလို့ သူက ရှင်းပြဖို့ ကြိုးစားတယ်။ လူအများအပြားက သူ့ကို စိတ်ဆိုးနေတဲ့အတွက် ဘုန်းကြီးတို့ ရွာသားတွေက တပ်ရင်းမှူးကို ရွာကနေ ထွက်သွားရမယ်လို့ ပြောခဲ့တယ်” ဟု အရှင် ဓမ္မလင်္ကာရက ဆိုသည်။
အကယ်၍သာ အစိုးရ အာဏာပိုင်များက ပန်းဆေးပြည်သူ့စစ်အဖွဲ့ကို ဘိန်းစိုက်ပျိုးခြင်း ရပ်တန့်ရန် အမိန့်ပေးလိုက်ပါက နမ့်ခမ်းတွင် မူးယစ်ဆေးဝါး သုံးစွဲမှုကို ဖယ်ရှားနိုင်လိမ့်မည်ဟု လည်း ဆရာတော်က မိန့်ကြားသည်။
“တကယ်လို့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရရှိအောင်လုပ်နိုင်ခဲ့ပြီ ဆိုရင်တောင်မှ မူးယစ်ဆေး ပြဿနာ ရှိနေတဲ့အတွက် ငြိမ်းချမ်းမှာ မဟုတ်ဘူးလို့ ဘုန်းကြီးတို့မကြာခဏ ပြောဖြစ်တယ်” ဟု အရှင်ဓမ္မလင်္ကာရက မိန့်သည်။
နမ့်ခမ်းမြို့၏ အနောက်တောင်ဘက် မန်တုံ မြို့နယ်တွင် TNLA ၏ စစ်ဆင်ရေးများ အဓိက ဆောင်ရွက်နေ သည့် နေရာဖြစ်ပြီး မကြာသေးမီက တအာင်းအမျိုးသား တော်လှန်ရေးနေ့ ကျင်းပခဲ့သည့် နေရာဖြစ်သော မာဝန်းကျေးရွာ တည်ရှိသည်။ TNLA က ဝင်ရောက် တားဆီးပေးမှုများ မရှိမီ အချိန်က အဆိုပါဒေသတွင် မူးယစ်ဆေး ပြဿနာ အလွန်ပျံ့နှံနေသည့်အတွက် ကျေးရွာများရှိ ပြည်သူများသည် ၎င်းတို့၏ အဝတ်အစား များ၊ ပိုင်ဆိုင်သည့် ပစ္စည်းများကို နေအိမ်အပြင်ဘက်တွင် မထားရဲကြောင်း၊ ဆေးစွဲနေသူများက ခိုးယူသွား မည်ကို စိုးရိမ်နေခဲ့ရကြောင်း မာဝန်းရွာသား တဦးဖြစ်သည့် မိုင်အိုက်ပစ်က ဧရာဝတီသို့ ပြောသည်။
“ဒီက ရွာသားအများစုက လယ်သမားတွေနဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။ သူတို့က တရုတ် လူမျိုးတွေပိုင်တဲ့ ဘိန်းခင်းတွေမှာ အလုပ်လုပ်ကြ တယ်။ နောက်ဆုံးတော့ သူတို့ဆေးစွဲသူတွေ ဖြစ် လာကြတယ်။ ကျနော်တို့ မြေပေါ်မှာ ဘိန်းခင်းတွေ ရှိတဲ့အတွက် ကျနော်တို့ ပြည်သူတွေ ချမ်းသာမလာပါဘူး။ ကျနော်တို့ ပြည်သူတွေ ပိုပြီးဆင်းရဲလာကြ တယ်။ တရုတ်တွေပဲ ချမ်းသာသွားတာ” ဟု သူက ဆိုသည်။
TNLA က မူးယစ်ဆေး နှိမ်နှင်းရေးအတွက် စစ်ဆင်ရေးများ ပြုလုပ်သည့်အခါ တပ်သား ၅၀ဝ ကျော်ခန့် အသုံးပြု လေ့ရှိသည်ဟု သိရသည်။
“ဒီလိုလုပ်ဖို့က တခါတလေမှာ ကျနော်တို့အတွက် အခက်အခဲရှိတယ်။ ပြည်သူစစ်တွေက တခါတလေကျရင် သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေ နားကို ကျနော်တို့ မရောက်ခင် အစိုးရတပ်တွေကို သတင်းပေးတယ်။ ဒါကြောင့် အစိုးရတပ်ကလည်း လာစောင့်နေတဲ့အခါကျတော့ ကျနော်တို့က အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းထားတဲ့ အဖွဲ့နဲ့ တိုက်ခိုက်ဖို့ ဖြစ်လာရတယ်” ဟု TNLA ခေါင်းဆောင် တဦးဖြစ်သည့် မိုင်ပိန်းစိန်က ပြောသည်။
TNLA ၏ အထွေထွေ အတွင်းရေးမှူး ဒု ဗိုလ်မှူးကြီး တာဘုန်းကျော်က ၂၀ဝ၉ ခုနှစ်တွင် ပလောင်အမျိုးသမီး အစည်းအရုံးက ထုတ်ပြန်ခဲ့ သည့် အစီရင်ခံစာကို ကိုးကား၍ ပလောင်ပြည်သူတို့ ၏ ဘဝကို ဘိန်းက ဖျက်ဆီးခဲ့ သည်ဟု ပြောသည်။ ပလောင်ဒေသတွင် အသက် ၁၅ နှစ်အထက် ယောက်ျားများ၏ ၈၅ ရာခိုင်နှုန်းသည် ဘိန်းစွဲနေကြ သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ကျနော်တို့ ပြည်သူတွေရဲ့ ဆင်းရဲမှုကို ရှင်းပြ ပါရစေ။ တချို့ အိမ်တွေမှာ တခါတလေကျရင် စားစရာအတွက် ထမင်းချက်ဖို့ ဆန်ပဲရှိတယ်။ ဘိန်းစွဲနေတဲ့ ယောက်ျားတွေက အဲဒီဆန်ရဲ့ တဝက်ကိုယူပြီး ဘိန်းနဲ့လဲပြီး ရှူပစ်လိုက်တယ်။ ဒါက ကျနော်တို့ရဲ့ မိသားစုတချို့ ကြုံတွေ့နေရတဲ့ အခြေ အပေါ့” ဟု သူကပြောသည်။
TNLA တွင် တိုက်ခိုက်ရေးအတွက် တပ်သား ၄၀ဝ၀ ရှိရာတွင် ၎င်းတို့ထဲမှ ၅၀ဝ ခန့်မှာ မူးယစ်ဆေး သုံးစွဲဖူး သော သူများဖြစ်သည်။ အဆိုပါ လူ ၅၀ဝ အတွင်းမှ ၃၀ဝ ခန့်သည် ဆေးစွဲမှုမှ ပြန်လည် ရုန်းထွက်နိုင်ခဲ့ကြပြီး ၂၀ဝ ခန့်ကို ဆက်လက်၍ ဆေးဝါးကုသပေးနေရသည်ဟု TNLA က ပြော သည်။ TNLA က မူးယစ်ဆေးကို ပတ်ဝန်းကျင် ဒေသများမှ ဖယ်ရှားနိုင်ရန် ကြိုးစားနေပြီး ပလောင် ပြည်သူတို့၏ ဘဝကို ကာကွယ်ပေးနိုင်ရန် အတွက် ပန်းဆေးပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားသည့် ဘိန်းခင်းများကို ဆက်လက်သိမ်းပိုက် ဖျက်ဆီးသွား မည်ဟုလည်း ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။
TNLA အဖွဲ့၏ ဆုံးဖြတ်ချက်က မိုင်အိုက်နိုင်၏ ဆုံးဖြတ်ချက်နှင့်လည်း ကိုက်ညီပါသည်။ ဒေသတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု၏ နောက်ကွယ်တွင် ရှိနေကြသူများ၏ ခြိမ်းခြောက်မှုကို အလျှော့ပေးရန် ငြင်းဆန်ခဲ့ပြီး ဖြစ်သည်ဟု သူကပြောသည်။
“မနှစ်က ဆန္ဒပြမှုကို ဦးဆောင်မယ်လို့ ကျနော် မပြောခင် ကျနော်က မိုက်မဲတဲ့ သူတယောက်ဖြစ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးရောင်းတဲ့ သူ တချို့က ကျနော့်ကို သတ်ဖို့ ကြိုးစားလိမ့်မယ်လို့ သူတို့က ကျနော့်ကို ပြောခဲ့တယ်။ ကျနော့်ပြည်သူ တွေအတွက် ကျနော့်ဘဝကို ပေးမယ်လို့ သူတို့ကို ကျနော်ပြောပြခဲ့ တယ်။ ကျနော် သေမှာ မကြောက်ဘူး” ဟု မိုင်အိုက်နိုင်က ဆိုသည်။