အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ကျောင်းသားတွေ သပိတ်မှောက် တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေအားလုံးကို အစိုးရက လိုက်လျောတယ်လို့ ပြောဆိုထုတ်ပြန်ပြီး နိုင်ငံတဝန်း သပိတ်မှောက်မှုကို ချက်ချင်းရပ်တန့်ဖို့ အစိုးရက ဖိအားပေးတောင်းဆိုနေတဲ့အပြင် သပိတ်မှောက်မှု တွေ မရပ်တန့်ရင် ဥပဒေကြောင်းအရ အရေးယူတားဆီးမှုတွေလုပ်မယ်လို့ ထုတ်ပြန်ပြောဆိုလာတာမို့ ချီတက်ဆန္ဒပြ နေတဲ့ သပိတ်မှောက် ကျောင်းသားတွေ အရေးယူဖြိုခွင်းခံရမယ့် အခြေအနေတွေ ပေါ်ပေါက်နေပါတယ်။
အစိုးရက ကျောင်းသားတွေ တောင်းဆိုတာတွေ အားလုံးကို လိုက်လျောပြီးဖြစ်လို့ အမျိုးသားပညာ ရေးဥပဒေ ပြင်ဆင်ရေး လွှတ်တော်မှာသာ တာဝန် ရှိတယ်လို့ ပြောဆိုတဲ့အပြင် နေ့စဉ်ရက်ဆက်ဆိုသလို ကျောင်းသားသပိတ်ကို တန်ပြန်တဲ့ ဆန့်ကျင်လှုပ်ရှား မှု သတင်းတွေကို အစိုးရ သတင်းစာမျက်နှာတွေ မျက်နှာပြည့်ထည့်သွင်းဖော်ပြလာပါတယ်။ ကျောင်း သားသပိတ်စစ်ကြောင်းတွေ ရန်ကုန်မြို့ကို ဝင်မယ် ဆိုရင် ဥပဒေအတိုင်း အရေးယူမယ်လို့ ထုတ်ပြန် ချက်တွေ ထုတ်ပြန်တာတွေအပြင် အမျိုးမျိုးသော ဖိအားပေးမှုတွေ လုပ်ဆောင်လာတာကြောင့် သပိတ်မှောက် ကျောင်းသားတွေ ဘယ်လိုဆက်ဖြစ် မလဲဆိုတာကို ပြည်သူတွေရဲ့ စိတ်ဝင်စားမှုအရှိန် ပိုမိုမြင့်မားလာနေပါတယ်။
အစိုးရရဲ့တားမြစ်မှုကို မလိုက်နာဘဲ ကျောင်း သားသပိတ်စစ်ကြောင်းတွေ ရန်ကုန်ဝင်ခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တဲ့အပြင် ၄ ပွင့်ဆိုင် သဘောတူညီချက်တွေ ချက်ချင်း ပျက်ပြယ် သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပ ပြုလုပ်တဲ့ ၄ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ သတိပေးပါတယ်။
ကျောင်းသားသပိတ်စစ်ကြောင်းတွေ ရန်ကုန်ထဲ ဝင်တာနဲ့ အစိုးရထုတ်ပြန် ပြောဆိုသလိုမျိုး တရား ဥပဒေစိုးမိုးရေး ပျက်ပြားနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်မလာနိုင်သလို နိုင်ငံရေးရည်ရွယ်ချက်ပါတဲ့ ဆူပူ လှုပ်ရှားမှုတွေလည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိ ဘူးလို့ ကျောင်းသားတွေကသုံးသပ်ပါတယ်။ အစိုးရ အနေနဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ကိစ္စမှာ လွှတ်တော်ကိုသာ လွှဲချနေတဲ့ အခြေအနေ တွေကလည်း သံသယဖြစ်စရာ ကောင်းတယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။
မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ ဆရာများ သမဂ္ဂကိုယ်စားလှယ် ဒေါက်တာ အာကာမိုးသူက အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် ကျောင်းသူ ကျောင်းသားတွေရဲ့ မခံချင်စိတ်ကို ပိုမိုတွန်းအားပေး နေသလို ဖြစ်နေတဲ့အပြင် ၄ ပွင့်ဆိုင်ဆွေးနွေးရေးမှာ ပါနေတဲ့ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ် နိုင်စွမ်းကိုလည်း ထိခိုက်စေတယ်လို့ ဝေဖန်ပြောဆိုပါ တယ်။
သပိတ်စစ်ကြောင်းတွေကို ကိုယ်စားပြုပြီး တက်လာတဲ့ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲမှာ ပူးပေါင်းအဖြေရှာ၊ လက်ဆွဲနှုတ်ဆက် နေပေမယ့် တဖက်မှာလည်း ကျောင်းသားတွေကို ဖိအားပေးနေတဲ့ အခြေအနေတွေကြောင့် ၄ ပွင့် ဆိုင်တွေ့ဆုံရေးမှာ ရရှိလာတဲ့ သဘောတူညီချက်တွေ အပေါ် သပိတ်စစ်ကြောင်းဦးဆောင်နေတဲ့ ကျောင်း သားတွေက ယုံကြည်ဖို့ခက်ခဲနေတယ်လို့လည်း သူက ဆိုပါတယ်။
“ကိုယ်စားပြု ချီတက်လာတဲ့ ကျောင်းသား ကိုယ်စားလှယ်တွေမှာ နောက်ကျောက ဓားနဲ့ထိုးနေ သလိုခံစားကြရတယ်။ သူတို့ကို သပိတ်စစ်ကြောင်းက ကျောင်းသားတွေက မင်းတို့နဲ့သာ လက်ဆွဲနှုတ်ဆက် နေတာ၊ ငါတို့ကိုတော့ ပုံစံအမျိုးမျိုး ဖိအားပေးနေတာ က သဘောတူညီပါတယ်ဆိုတာကို ဘယ်လိုယုံကြရ မလဲဆိုတဲ့ မေးခွန်းတွေကို ကျောင်းသားကိုယ်စား လှယ်တွေမှာ ကြုံတွေ့နေကြရတယ်။ အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို စေတနာ အမှန်နဲ့ လိုက်လျောပေးတယ်ဆိုရင် ဒီလိုကြေညာ ချက်တွေအပေါ်မှာ ပြန်သုံးသပ်ဖို့လိုတယ်” လို့ ဒေါက်တာ အာကာမိုးသူက ပြောဆိုပါတယ်။
အစိုးရ သတင်းမီဒီယာတွေ အနေနဲ့လည်း ကျောင်းသားသပိတ်သတင်းတွေကို ဖော်ပြတဲ့နေရာ မှာ ဘက်လိုက်ဖော်ပြမှုတွေ ပြုလုပ်တဲ့အပြင် မမျှတတဲ့ သတင်းဖော်ပြမှုတွေ ဆက်တိုက်လုပ်နေတာမို့ ကျောင်းသားတွေအနေနဲ့ အစိုးရအပေါ်မှာ ပိုမို အယုံအကြည်ကင်းမဲ့စေပြီး သပိတ်လှန်ဖို့ တွန့်ဆုတ် နေတယ်လို့လည်း ကျောင်းသားတွေက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် အစိုးရသတင်း စာတွေမှာ သပိတ်မှောက် ကျောင်းသူတဦးဖြစ်တဲ့ ၁၀ တန်းကျောင်းသူ မချောစုစံ စာမေးပွဲဖြေဖို့ အိမ် ပြန်တဲ့သတင်းကို သပိတ်မှောက်ကျောင်းသားတွေက မချောစုစံကို သွေးဆောင်ဖြားယောင်း ခေါ်ဆောင် ထားလို့ မိဘတွေက ပြန်လာခေါ်တဲ့ပုံစံမျိုး သတင်း ဖော်ပြခဲ့တဲ့အပြင် ဖေဖော်ဝါရီ ၁၅ ရက်နေ့ ရန်ကုန် မြို့မှာ ကျောင်းသားသပိတ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲနဲ့ ထောက်ခံတဲ့ ဆန္ဒပြပွဲ ၂ ခုစလုံး တပြိုင်နက်တည်း ဖြစ်ပွားခဲ့ပေမယ့် အစိုးရသတင်းစာတွေက ကျောင်း သားသပိတ်အပေါ် ဆန့်ကျင်တဲ့ တန်ပြန်ဆန္ဒပြပွဲကို သာ သတင်းဖော်ပြခဲ့ပြီး ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကိုတော့ ဖော်ပြခြင်းမရှိခဲ့ ပါဘူး။ ဒီလိုဘက်လိုက်မှုတွေကြောင့်လည်း ကျောင်း သားတွေရဲ့ မယုံကြည်မှုတွေ ပိုပြီး ဖြစ်ထွန်းနေတယ် လို့ သပိတ်မှောက်ကျောင်းသားတွေက ဆိုပါတယ်။
“အစိုးရပြောသလို ကျနော်တို့က ဆူပူမှုတွေ လည်း လုပ်နေတာမဟုတ်ဘူး။ အကြမ်းဖက်မှုတွေ လည်း လုပ်နေတာမဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချီတက်လမ်းလျှောက်နေတာ။ ကျနော်တို့ကို ဘယ်သူ ကမှလာပြီး တာဝန်ယူပေးစရာမလိုပါဘူး။ ကျနော် တို့ကို ပြည်သူတွေ ဘယ်လောက်ထောက်ခံခဲ့သလဲ ဆိုတာ လမ်းတလျှောက်လုံး သက်သေပြပြီးသားပါ။ အစိုးရက အထွေထွေသပိတ် ဖြစ်မလားလို့၊ မမှန် သတင်းတွေ လွှင့်ပြီးတော့ စာမေးပွဲနီးချိန်မှာ မိဘ ပြည်သူတွေ စိုးရိမ်အောင်လုပ်နေလို့ ပြည်သူတွေမှာ ဒီလိုစိုးရိမ်မှုတချို့ ဖြစ်လာတာ။ ကျနော်တို့ကို ဖြိုခွင်း ချင်လို့များ မမှန်သတင်းတွေ လွှင့်နေတာလားမသိ ဘူး” လို့ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီမှ ကိုမင်းသွေးသစ်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းကတော့ အစိုးရအနေနဲ့ ကျောင်းသားသပိတ်တွေကို ဖိအားပေးကြေညာချက် တွေ ထုတ်နေတာထက်စာရင် ညင်သာတဲ့နည်းလမ်း တွေအသုံးပြုပြီး ကျောင်းသားသပိတ် ငြိမ်းချမ်းစွာ ပြီးဆုံးရေး လုပ်ဆောင်သင့်တယ်လို့ အကြံပြုပါတယ်။လက်ရှိ ကျောင်းသားတွေ သပိတ်မှောက်နေတာက လည်း အကြမ်းဖက်မှုတွေ တစုံတရာ မဖြစ်ခဲ့သလို ရန်ကုန်မြို့တွင်းမှာလည်း ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲပေါင်း များစွာ အောင်အောင်မြင်မြင်နဲ့ပြီးဆုံးခဲ့တဲ့ သာဓက တွေလည်း များစွာရှိတာကြောင့် ကျောင်းသားသပိတ် အပေါ်မှာ မလိုလားအပ်ဘဲ စိုးရိမ်ပူပန်မှုတွေ မဖြစ် သင့်ဘူးလို့ သူကဆက်ပြောတယ်။
]]အစိုးရကိုယ်တိုင်က သူ့ကိုဖိအားပေးရင် မကြိုက်သလို ကျောင်းသားတွေမှာလည်း ဖိအားပေး တာကိုမကြိုက်ကြတတ်ပါဘူး။ ကျမတို့ကဘာ့ကြောင့် အစိုးရကိုပဲလုပ်ပါလို့ တောင်းဆိုနေရလဲဆိုရင် သူက အုပ်ချုပ်သူမို့လို့။ အုပ်ချုပ်သူအနေနဲ့ အလျော့ ပေးသင့်တာ။ အစိုးရအနေနဲ့ တိုင်းပြည်အပေါ်မှာ အမှန်တကယ် ချစ်မြတ်နိုးရေး မှန်တယ်ဆိုရင် သူ့ရဲ့ မာနနဲ့ အကျင့်ဟောင်းတွေကို စွန့်သင့်ပါပြီ}} လို့ ဒေါက်တာ ဒေါ်ညိုညိုသင်းက ဆက်လက်ပြောဆိုပါ တယ်။
အစိုးရအနေနဲ့ ကျောင်းသား သပိတ်တွေ ရပ်တန့်သွားစေရေး အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်ကို အမြန် ဆုံးတင်သွင်း အတည်ပြုသင့်ကြောင်း၊ ကျောင်းသား သပိတ် ရပ်တန့်သွားရေးက အုပ်ချုပ်သူအစိုးရ တခု တည်းမှာတင် တာဝန်မဟုတ်ဘဲ လွှတ်တော်မှာလည်း တာဝန်များစွာရှိကြောင်း၊ လွှတ်တော်မှာ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ရလဒ်တခုခု ထွက်ပေါ် လာရင် ကျောင်းသားသပိတ်တွေ အလို အလျောက် ရပ်တန့်သွားမယ်လို့ ဒေါက်တာ ညိုညိုသင်းကရှင်းပြ ပါတယ်။
၄ ပွင့်ဆိုင် ဆွေးနွေးရေးမှာ ပါဝင်ခဲ့တဲ့ လွှတ် တော်ကိုယ်စားလှယ်တွေကတော့ ပြင်ဆင်ရေးဥပဒေ မူကြမ်းကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ကြိုး စားနေကြောင်း၊ လွှတ်တော်တွင်လည်း ကျောင်းသား တွေ တောင်းဆိုချက်ရဲ့ အနှစ်သာရတွေကို အမြန် ဆုံးအတည်ပြု ပြဋ္ဌာန်းဖို့ရှိကြောင်း ပြောဆိုပါတယ်။ ကျောင်းသားသပိတ် စစ်ကြောင်းတွေအနေနဲ့ ရန်ကုန်မြို့ကို ဝင်ရောက်ရေး ၊ မဝင်ရေးက သက်ဆိုင် ရာ ကျောင်းသားသပိတ်စစ်ကြောင်းတွေရဲ့ သဘော ထားပေါ်မှာ မူတည်နေပြီး တချို့ သပိတ်စစ်ကြောင်း တွေလည်း မကြာခင် ခေတ္တရပ်နားကြမှာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တချို့က ပြောဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ဧရာဝတီ၊ ထားဝယ်၊ မော်လမြိုင်၊ မြေလတ်ဒေသနဲ့ ပဲခူး ကျောင်း သားသပိတ်စစ်ကြောင်းတွေ ခေတ္တရပ်နားထားပြီလို့ ကြေညာလိုက်ပေမယ့် မန္တလေးကနေ ရန်ကုန်ကို ချီတက်လာတဲ့ ပင်မသပိတ် စစ်ကြောင်းကတော့ မရပ်မနား ဆက်လက်ချီတက်နေဆဲ ဖြစ်ပါတယ်။
အစိုးရက ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း နယ်စပ်မှာ လုံထိန်းရဲတွေ၊ အတားဆီးသံဆူးကြိုး ဘယ်ရီရာတွေ ချထားပြီး ပင်မကျောင်းသားသပိတ် စစ်ကြောင်းတွေ ရန်ကုန်မြို့ထဲကို ဝင်လာတဲ့အခါ သေချာပေါက်ဖြိုခွင်း တားဆီးအရေးယူမယ့် အရိပ်အယောင်တွေ တွေ့နေ ရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်တွင်းနိုင်ငံ ရေး လှုပ်ရှားသူတွေက အစိုးရနဲ့ လွှတ်တော်အနေနဲ့ အမျိုးသားပညာရေး ဥပဒေကို ကျောင်းသားတွေ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ တိုင်းပြည်နဲ့ပညာရေး မြင့်မားရေး ဦးတည်လို့ ချက်ချင်းပြင်ဆင်မှုတွေ လုပ် မယ်ဆိုရင် ကျောင်းသားသပိတ်တွေ အေးချမ်းစွာ လုံးဝ ပြီးဆုံးသွားမှာဖြစ်ပေမယ့် မရိုးသားမှုတွေနဲ့ ဟန်ပြပြင်ဆင်မယ်ဆိုရင်တော့ တကျော့ပြန်ကျောင်း သားသပိတ်တွေ ထပ်မံပေါ်ပေါက်လာမှာ အသေ အချာဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။