မှောင်မိုက်နေသည့် ကပ္ပလီပင်လယ်ပြင်ထဲတွင် ရုတ်ထရက် ထွန်းလင်းလာသည့် မီးရောင်နှင့်အတူ အဖြူရောင် သင်္ဘောများကို မြင်လိုက်သည်နှင့် ရေလုပ်သား ကိုဖြိုး ဇော်ဝင်းတို့ လူတသိုက် ခေါင်းနားပန်း ကြီးသွားသည်။ ဤအဖြူရောင် သင်္ဘောများက သူတို့ဘဝကို ကံဆိုးမိုးမှောင်ကျစေမည့် နတ်ဆိုးတွေဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်ထားသည်။
ချက်ချင်းပင် သူတို့မော်တော်ကို စက်ကုန်ဖွင့်၍ လာရာလမ်းကို ပြန်လှည့်ပြီး လွတ်လိုလွတ်ငြား မောင်းပြေးကြသည်။ ကြောက်ကြောက်နှင့် မောင်း ပြေးသည့် သူတို့မော်တော်အနီးသို့ မိနစ်ပိုင်းအတွင်း မှာပင် အိန္ဒိယအလံ လွှင့်ထူးထားသည့် ယင်းအဖြူ ရောင် စစ်သင်္ဘောများ ရောက်ရှိလာခဲ့ ပြီးနောက် အိန္ဒိယရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှု ဖြင့် ကိုဖြိုးဇော်ဝင်းတို့ လူတသိုက်ကို ဖမ်းဆီးလိုက် သည်။
“သူတို့က ဝေါခနဲမီးတွေဖွင့်လိုက်တာနဲ့ကျနော် တို့လည်း ချက်ချင်း မောင်းပြေးတာပဲ။ ဒါပေမယ့် စစ်သင်္ဘောတွေဆိုတော့ ပြေးလို့မလွတ်ဘူး။ ခဏ လေးနဲ့ ကျနော်တို့ကို ဖမ်းမိသွားတယ်။ အဲဒီမှာ ကံဆိုးသွားတာပေါ့” ဟု ငပုတောမြို့နယ်မှ ရေလုပ်သား ကိုဖြိုးဝင်းဇော်က ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း အိန္ဒိယရေတပ်၏ ဖမ်းဆီးခံခဲ့ရပုံကို ပြန်ပြောပြသည်။
ကိုဖြိုးဝင်းဇော်ကဲ့သို့ပင် ကပ္ပလီပင်လယ်ပြင်၌ ငါး၊ ပုစွန်နှင့် ပင်လယ်မျှော့ ရှာဖွေကြသည့် မြန်မာ ရေလုပ်သားများကို ရေပိုင်နက်ကျူးကျော်မှု၊ ငါးခိုးဖမ်း မှုများဖြင့် အိန္ဒိယ ရေတပ်စစ်သင်္ဘောများက ၂၀၁၀ ခုနှစ်မှ စတင်၍ ဆက်တိုက်ဖမ်းဆီးခဲ့ပြီး အိန္ဒိယ အစိုးရက ထောင်ဒဏ်များ ချမှတ်အပြစ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာရေလုပ်သားများကို အိန္ဒိယအစိုးရက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၉ နှစ် အထိ ချမှတ်အပြစ်ပေးခဲ့ပြီး မြန်မာအကျဉ်းသားများကို အက်ဒမန်နှင့် နီကိုဘာကျွန်း ပို့ဘလဲယား မြို့ရှိ အကျဉ်းထောင်တွင် အကျဉ်းချထားခဲ့သည်။
ပို့ဘလဲယားထောင်မှ ပြန်လည်လွတ်မြောက် လာသူ ရေလုပ်သားများ အဆိုအရ ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မြန်မာ ငါးဖမ်းစက်လှေ အစီး ရေ ၁၀ဝ ကျော် ဖမ်းဆီးခံခဲ့ရပြီး ရေလုပ်သား ၁၀ဝ၀ ခန့် ထောင်ဒဏ်များ ချမှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
“ရေထဲမှာ ဖမ်းမိတာထက် ကုန်းပေါ်မှာမိတာက ပြစ်ဒဏ်ပိုကြီးတယ်။ ရေလုပ်သားတွေဆိုရင် ပြစ် ဒဏ်က ၄ နှစ်၊ အဖွဲ့ခေါင်းဆောင် ဆိုရင် ၆ နှစ် ထောင်ချတယ်။ ရေပိုင်နက် ကျူးကျော်မှု၊ ငါးခိုး ဖမ်းမှုတွေပေါ့။ ကုန်းပေါ်မှာ၊ ကျွန်းပေါ်တွေမှာ ဖမ်း မိရင် သစ်ခုတ်တယ်၊ ဝါးခုတ်တယ်၊ သားကောင် ဖမ်းတယ်ဆိုရင် ပြစ်ဒဏ်ပိုကြီးတယ်။ ထောင် ၉ နှစ် လောက်ချတယ်” ဟု အိန္ဒိယနိုင်ငံ ပို့ဘလဲယား အကျဉ်းထောင်၌ ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရသည့် ရေလုပ်သား ကိုနိုင်ဦးက ဧရာဝတီကို ပြောသည်။
အိန္ဒိယရေတပ်၏ ဖမ်ဆီးခြင်းခံရပြီး ထောင် ဒဏ် ချမှတ်ခြင်းခံရသူ ရေလုပ်သားများထဲတွင် ဧရာဝတီ တိုင်းဒေသကြီးမှ အများဆုံးပါဝင်ပြီး ရခိုင် ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ ရေလုပ်သားများ လည်း ပါဝင်ကြောင်း သိရသည်။
မြန်မာ ရေလုပ်သားများမှာ ထောင်သာကျသွား သည်၊ သူတို့၏ ငါးဖမ်းမော်တော်က အိန္ဒိယ ရေပိုင် နက်ထဲသို့ ကျူးကျော် မောင်းမိသလား၊ မြန်မာ ရေပိုင်နက်ထဲမှာပင် အိန္ဒိယရေတပ်က ဖမ်းဆီးခဲ့ သလားဆိုတာ အများစုက သေချာစွာမသိကြပေ။ ပင်လယ်ပြင်ထဲ၌ ငါး၊ ပုစွန်နှင့် ပင်လယ်မျှော့များ ရှာဖွေရင်း အိန္ဒိယရေတပ် သင်္ဘောများနှင့် ရင်ဆိုင် တိုးကာ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
“ကျနော်တို့ကတော့ ကိုကိုးကျွန်းကို မြင်နေ ရတဲ့ နေရာမှာ အလုပ်လုပ်တယ်။ မမြင်ရတဲ့နေရာမှာ မလုပ်ပါဘူး။ ရေပိုင်နက်မှာ သူ့ပိုင်နက်၊ ကိုယ့်ပိုင် နက်တွေ၊ ဥပဒေတွေတော့ မသိဘူးဗျ” ဟု ထောင် ဒဏ် ၄ နှစ်ကျခံခဲ့ရသူ ရေလုပ်သား ကိုဖြိုးဇော်ဝင်းက ပြောသည်။
အိန္ဒိယရေတပ်က မြန်မာ ငါးဖမ်းစက်လှေများ ကို ဖမ်းဆီးပြီးနောက် စက်လှေနှင့်လှေပေါ်ရှိ ပစ္စည်း များအားလုံး သိမ်းဆည်းလေ့ရှိပြီး ရေလုပ်သားများ ကိုလည်း ပို့ဘလဲယားမြို့တရားရုံးသို့ တရားစွဲဆို တင်ပို့လေ့ရှိသည်။
သို့သော် တရားခွင်၌ အမှုစစ်ဆေး ကြားနာချိန် များအတွင်း မြန်မာရေလုပ်သားများအတွက် ဟိန္ဒီ နှင့် မြန်မာစကား ဘာသာပြန်ပေးမည့် စကားပြန် ထားမပေးသည့်အတွက် အခက်အခဲများစွာ ကြုံခဲ့ရ ကြောင်း ပြန်လည်လွတ်မြောက်လာသည့် မြန်မာ ရေလုပ်သားများက ပြောပြကြသည်။
“အမှုစစ်ချိန်မှာ စကားပြန် လုံးဝ ထားမပေးခဲ့ ဘူး။ တရားခွင်မှာ အမှုစစ်တော့ တရားသူကြီးက ဟိန္ဒီလိုတွေ မေးတယ်။ ကိုယ်တွေကလည်း နားမှ မလည်တာ။ ဘာမှ ပြန်မပြောတတ်ဘူးလေ။ အတော်ကို အခက်အခဲဖြစ်တယ်” ဟု ငပုတော မြို့ နယ်မှ ရေလုပ်သား ကိုနိုင်ဦးက ပြောသည်။
မြန်မာရေလုပ်သားများ မျှော်လင့်နေသည့် စကားပြန်ကို အိန္ဒိယအစိုးရ တာဝန်ရှိသူများက ပြစ်ဒဏ် စီရင်ချက် အမိန့်ချသည့်နေ့ တရက်တည်း သာ ကိုညိုအေး အမည်ရှိ မြန်မာစကားပြန်ကို စီစဉ် ပေးခဲ့ကြောင်း သိရသည်။
“စကားပြန်ကို အမိန့်ချတဲ့နေ့ကျမှ ထားပေး တယ်။ သူဘာသာပြန်ပေးတာက ခင်ဗျားတို့ကို ထောင် ဘယ်နှနှစ် ချလိုက်တယ်၊ ဒဏ်ငွေလည်းချ တယ်။ ဒဏ်ငွေဆောင်နိုင်လား။ ငွေမဆောင်ရင် နောက်ထပ် ထောင် ၆ လ ထပ်ချမယ်၊ ဒါပဲပြော တယ်။ ကိုယ်တွေမှာလည်း ငွေမှမရှိတာ ဒဏ်ငွေ မဆောင်နိုင်ဘူးပေါ့။ အဲဒီတော့ ရေလုပ်သားတိုင်း ထောင် ၆ လစီ ထပ်ချခံရတယ်” ဟု ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရသည့် ရေလုပ်သား စောဒိုဆေးက ပြောသည်။
ဘာသာစကား နားမလည်မှုကြောင့် မြန်မာ ရေလုပ်သားတို့၏ တရားဥပဒေအရ ခုခံချေပခွင့်များ ဆုံးရှုံးခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း၊ တရားခွင်တွင် စကားပြန် စီစဉ်ပေးရန် အိန္ဒိယအစိုးရနှင့် အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့တွင် တာဝန်ရှိကြောင်း ရန်ကုန်မြို့မှ ရှေ့နေ ဦးအေးသိန်းက ဝေဖန်ပြောဆို သည်။
ပို့ဘလဲယား အကျဉ်းထောင်ထဲတွင် ကောင်း မွန်စွာ ကျွေးမွေးခြင်း၊ ကိုယ်လက်လှုပ်ရှား အား ကစားနည်းများ ပြုလုပ်စေခြင်း၊ စာဖတ်ခြင်းနှင့် တီဗီပြသခြင်းများ ပြုလုပ်ပေးသဖြင့် ရပ်ဝေးမြေခြားမှ မြန်မာ ရေလုပ်သားများအတွက် ထောင်ကျနေ့ရက် များက သက်သောင့်သက်သာ ရှိခဲ့သည်။
ပြစ်ဒဏ်စေ့၍ ထောင်ကလွတ်သည့်နေ့၌ မြန်မာရေလုပ်သားတို့ ပျော်ရွှင်ရမည် ဖြစ်သော်လည်း မပျော်နိုင်ကြပါ။ အကြောင်းရင်းကမူ အိန္ဒိယအစိုးရက ပို့ဘလဲယား အကျဉ်းထောင်မှ လွတ်မြောက်လာသည့် မြန်မာရေလုပ်သားများကို ပို့ဘလဲယားမြို့ရှိ Open Distress Camp အမည်ရှိ ဒုက္ခသည်စခန်း အတွင်းသို့ ပို့ဆောင် ထိန်းသိမ်းထားခဲ့၍ ဖြစ်သည်။
၂၀၁၄ ခုနှစ်အတွင်း ပို့ဘလဲယားထောင်မှ ပြစ် ဒဏ် စေ့၍ လွတ်မြောက်လာသူ မြန်မာရေလုပ်သား ၄၀ဝ ခန့်မှာ အဆိုပါ ဒုက္ခသည်စခန်းအတွင်း၌ အကျယ်ချုပ်သဖွယ် လပေါင်းများစွာ နေထိုင်ခဲ့ရ ကြောင်း ရေလုပ်သားများက ပြောပြသည်။
“ကျနော်တို့မှာ ထောင်ကလွတ်ပေမယ့် အဲဒီ ဒုက္ခသည်စခန်းထဲမှာ အကျယ်ချုပ်ပုံစံမျိုးနဲ့ ဆက်နေ ရတယ်။ ဘယ်မှလည်း မသွားရဘူး။ အပြင်ထွက်ရင် ထောင်ဒဏ် ၁၅ နှစ်လို့ပြောတယ်။ အဲဒီတော့ ကျနော်တို့မှာ ဘယ်မှမထွက်ရဲဘူး” ဟု ထောင်က လွတ်ပြီးနောက် ဒုက္ခသည် စခန်းအတွင်း ၇ လခန့် နေထိုင်ခဲ့ရသည့် ရေလုပ်သား စောဒိုဆေးက ပြော သည်။
အိန္ဒိယအစိုးရအနေဖြင့် ပြစ်ဒဏ်စေ့၍ ထောင် က လွတ်လာသည့် မြန်မာ ရေလုပ်သားများကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ချိတ်ဆက်၍ မြန်မာပြည် ပြန်ပို့ရန် စီစဉ်ပေးရမည် ဖြစ်သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း မရှိဘဲ ၎င်းတို့အား ရေမျော ဒုက္ခသည်များသဖွယ် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ် ကြောင်း မြန်မာရေလုပ်သားများက ပြောဆိုကြသည်။
မြန်မာပြည်ပြန်ဖို့ လမ်းစပျောက်နေသည့် အခြေအနေတွင် မြန်မာရေလုပ်သားတို့ စွန့်စားခန်း ဖွင့်ကြလေသည်။ ပထမဦးစွာ ဖုန်းတလုံး ဝယ်ယူ နိုင်ရန် သစ်သားပန်းပု ထုတတ်သူများက ပန်းပုရုပ် လေးများထု၍ ဒုက္ခသည်စခန်း အနီးတဝိုက်မှ အိန္ဒိယနိုင်ငံသားများအား ရောင်းချရာ ငွေကြေး အတန်ငယ် ရရှိလာခဲ့သည်။ ယင်းငွေဖြင့် မိုဘိုင်းဖုန်း တလုံးနှင့် ဆင်းမ်ကဒ်တခု ဝယ်ယူပြီးနောက် ၎င်းတို့ မှတ်မိသည့် မြန်မာပြည်မှ ဖုန်းနံပါတ်များကို ဆက် သွယ်၍ အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံး ဖုန်းနံပါတ် ရရှိ အောင် ကြိုးစားခဲ့ကြသည်။
“မြန်မာပြည်ကို ဖုန်းဆက်ပြီးတော့ အိန္ဒိယမှာ ရှိတဲ့ မြန်မာသံရုံး ဖုန်းနံပါတ်ကို ရအောင်စုံစမ်းကြ တယ်။ ဖုန်းနံပါတ်ရတော့ မြန်မာသံရုံးကို ဆက်လိုက် တော့ ရေလုပ်သားတွေနဲ့ ပတ်သက်တဲ့ အချက် အလက်တွေ ဘာတခုမှ မြန်မာသံရုံးဆီကို ရောက် မလာခဲ့ဘူးလို့ ပြောတယ်” ဟု ရေလုပ်သား ကိုနိုင်ဦး က ပြောသည်။
မြန်မာသံရုံး တာဝန်ရှိသူတို့နှင့် ဆက်သွယ် ပြောဆိုပြီးနောက် ဒုက္ခသည်စခန်းတွင်းရှိ မြန်မာ ရေလုပ်သားများမှာ ၎င်းတို့၏ ကိုယ်ရေး အချက် အလက်များကို မြန်မာသံရုံးထံသို့ အမြန်ဆုံးပေးပို့ရန် စခန်းတာဝန်ရှိသူများထံ တောင်းဆိုခဲ့ကြသည်။
မြန်မာရေလုပ်သားတို့၏ တောင်းဆိုချက် အတိုင်း လုပ်ဆောင်ပေးပါမည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောဆိုသော်လည်း ကြန့်ကြာ နေသည့်အတွက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ဒုတိယ ပတ်အတွင်း၌ မြန်မာရေလုပ်သားများ အစာငတ်ခံ ဆန္ဒပြ၍ တိုက်ပွဲဝင်ကြတော့သည်။
“ကျနော်တို့ လိုလားချက်တွေ လုပ်မပေးလို့ အစာငတ်ခံပြီး ဆန္ဒပြကြတယ်။ တဆောင်လုံးက မြန်မာတွေ တနေကုန် တယောက်မှ ထမင်းမစားဘူး။ သူတို့က မနက်စာ၊ ညစာ ၂ နပ်ကျွေးတယ်။ ၂ နပ်လုံး မစားကြဘူး။ အဲဒါနဲ့ သူတို့ဆီက CID အရာရှိတွေ ရောက်လာပြီး ထမင်းတော့စားပါ။ မင်းတို့ ဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးပါ့မယ်ဆိုပြီး ဖြစ်သွား တယ်” ဟု အစာငတ်ခံ တိုက်ပွဲဝင်ခဲ့သူ ကိုနိုင်ဦးက ပြောသည်။
အစာငတ်ခံ ဆန္ဒပြတိုက်ပွဲ ဝင်ပြီးနောက် မြန်မာရေလုပ်သားများနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်း တွေ့ဆုံခွင့်ရရှိခဲ့ပြီး နယူးဒေလီရှိ မြန်မာ သံရုံးက ရေလုပ်သားများ မြန်မာပြည်ပြန်ရန် စီစဉ် ဆောင်ရွက်ပေးခဲ့သည်။
ပို့ဘလဲယားမြို့ရှိ Open Distress Camp ဒုက္ခသည် စခန်းအတွင်းမှ မြန်မာရေလုပ်သား ၃၉၄ ဦးမှာ အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့၏ အကူ အညီများဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
ဧရာဝတီတိုင်းမှ ရေလုပ်သားများ နေရပ်ပြန် နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရက လိုအပ်သည်များ ကူညီပေးခဲ့ပြီး နောက်နောင် မြန်မာရေလုပ်သားများ ဖမ်းဆီးခံရမှု ကင်းဝေးစေရန် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ ပင်လယ်ပြင် ဥပဒေများ ပညာပေးသွားမည်ဟု တိုင်းအစိုးရ တာဝန်ရှိသူများက ပြောသည်။
သေကံမရောက်၊ အသက်မပျောက်ဘဲ နေရပ် ပြန်ရောက်လာသည့် မြန်မာရေလုပ်သားတို့အတွက် ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်များက မြန်မာပြည်မှ စောင့်ကြိုနေခဲ့သည်။
“ပင်လယ်ထဲ မျှော့ငုပ်သွားပြီး လူလည်းပြန် မလာ၊ သတင်းလည်းမကြားရတော့ အိမ်မှာကျန်ခဲ့တဲ့ ဇနီးမယားက ငါ့ယောက်ျားတော့ ပင်လယ်ထဲမှာ ဆုံးသွားပြီ ထင်ကြတာပေါ့။ အဲဒီတော့ နောက်ထပ် အိမ်ရာထူထောင်ကြတာတွေ များတယ်။ ပြန်ရောက် လာသူ ၁၀ဝ မှာ ၅၀ လောက်က အိမ်ထောင်တွေ ပျက်သွားကြပြီ” ဟု ဟိုင်းကြီးကျွန်းမြို့မှ ရေလုပ်သား ကိုဇော်ဦးက ပြောသည်။
ပို့ဘလဲယားအကျဉ်းထောင်အတွင်းမှ ခါးသီး နေ့ရက်များကို ဖြတ်ကျော်ခဲ့ကြသည့် မြန်မာ ရေ လုပ်သားတို့မှာ နေရပ်ပြန်လည် ရောက်ရှိပြီးနောက် တွင်လည်း မိသားစုဘဝကင်းမဲ့သည့် အထီးကျန် ခါးသီးနေ့ရက်များကို ဆက်လက် ဖြတ်ကျော်နေရဆဲ ဖြစ်သည်။