Group Album တွေ အထနှေးသွားတဲ့ အချိန်မှာ ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ “ချယ်ရီနွေဦး” Title နဲ့ Group Album တချပ် ထွက်လာပါတယ်။ ဒီ Album ကို ဟန်ထွန်း ကိုယ်တိုင် Producer လုပ်ထားတာ ဖြစ်တဲ့အပြင် ပရိသတ် အခိုင်အမာ ရှိပြီးသား အဆိုရှင်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
ဒီ Album ကို နားမထောင်ခင် ပထမဆုံး သတိထားမိခဲ့တာက ဒီ Album မှာ ပါဝင်တဲ့ အဆိုရှင်တွေ အားလုံးဟာ တောင်ကြီးသားတွေ ဖြစ်နေတဲ့ အချက်ပါပဲ။ အခုလို တောင်ကြီးသားတွေ ချည်းပဲ စုစည်းဖန်တီးထားတဲ့ Album မို့လို့လည်း အထဲမှာပါတဲ့ သီချင်းတပုဒ်ရဲ့ Title မဟုတ်ဘဲ “ချယ်ရီနွေဦး” ဆိုတဲ့ Title ကို တမင်သီးသန့် ပေးထားတာလို့ ယူဆမိပါ တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Album Title လေးက ဆွဲဆောင်မှုရှိသလို၊ တီးခတ်ပေးထားတဲ့ Rose of Sharon Band ကလည်း Metal Zone Band က Player တွေ ဖြစ်နေတဲ့အပြင် တေးရေးဆရာတွေနဲ့ အဆိုရှင်တွေကလည်း ဒီကနေ့ ဂီတလောကမှာ သူ့အဆင့်နဲ့သူ ရပ်တည်နေကြတဲ့ သူတွေ ဖြစ်တာကြောင့် ဒီ Album ကို နားမထောင်ခင် ကတည်းက Album ကောင်းတချပ် ဖြစ်မယ်လို့ ယုံကြည်မိခဲ့ပါတယ်။
ယုံကြည်မှတ်ထင် ထားတဲ့ အတိုင်းပဲ ဒီ Album ထဲမှာ ပါဝင်တဲ့ သီချင်း ၁၀ ပုဒ်စလုံးက သူ့ Music Style နဲ့ သူ “ချယ်ရီနွေဦး” ရဲ့ အလှကို ပုံဖော်ပေးနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် “ချယ်ရီနွေဦး” ရဲ့ မြင်ကွင်းအလှကို စုတ်ချက် ကောင်းကောင်းနဲ့ အဓိက ပုံဖော်ခြယ်မှုန်းပေးနိုင်ခဲ့တဲ့ သီချင်းတွေကတော့ Group Song တွေဖြစ်တဲ့ “ကမ္ဘာမြေအတွက် သီချင်း” နဲ့ “Our Family” ဆိုတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။
သေချာတာတခုက “ချယ်ရီနွေဦး” Album ထဲမှာ တဦးချင်း သီဆိုထားတဲ့ သီချင်းတွေထက် Group Song သီချင်း ၂ ပုဒ်က ပိုမို အားကောင်းတဲ့ စုတ်ချက်တွေ အဖြစ် ပုံဖော်နိုင်ခဲ့လိုသာ “ချယ်ရီနွေဦး” ရဲ့ အလှကျက်သရေ ပိုပြီး လင်းလက် တောက်ကြွားခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် “ချယ်ရီနွေဦး” ရဲ့ အလှကျက်သရေကို ဝင့်ထည်စေခဲ့တဲ့ Group Song သီချင်း ၂ ပုဒ်ကို ညွှန်းဖွဲ့ပေးလိုပါတယ်။
ပထမဆုံး တေးရေး အောင်ကိုမြင့်ရဲ့ လက်ရာကောင်းလေးတပုဒ်ဖြစ်တဲ့ “ကမ္ဘာမြေအတွက် သီချင်း” အကြောင်း စပြောချင်ပါတယ်။ ဒီသီချင်းဟာ ရိုးရှင်းတဲ့ Key Frame ပေါ်မှာ အခြေတည်ထားတဲ့ Pop သီချင်းလေးတပုဒ် ဖြစ်ပေမယ့် အနုပညာဓာတ်ခံအား ကောင်းတဲ့ အောင်ကိုမြင့်ရဲ့ ပုံဖော်တတ်မှုကြောင့် Group Song အဖြစ် ပုံသွင်းလိုက်တဲ့အခါ သူ့အပိုင်းနဲ့သူ အချိတ်အဆက် မိမိနဲ့ နားဆင်သူရဲ့ ရင်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် ဒီသီချင်း အပေါ် ပိုပြီး ခံစားမှု အားကောင်းစေခဲ့တဲ့ အချက်က စာသားပိုင်းပဲ ဖြစ်ပါတယ်။ “ကမ္ဘာမြေအတွက် သီချင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်အောင် စိတ်ကူးရေးဖွဲ့ထားတဲ့ စကားလုံးတွေက ရိုးရိုးလေးနဲ့ လေးနက်မှု ရှိတာကို တွေ့ရပါတယ်
လူရယ်လို့ ဖြစ်လာရင် ပုံသဏ္ဍာန်ခြင်း၊ ခံယူချက်ခြင်း၊ ရပ်တည်မှုခြင်း၊ ကွဲပြားခြားနားကြ ပေမယ့် အားလုံးက လူတွေပါပဲ။ ဒါကြောင့် လူသားတွေ နေထိုင်တဲ့ ကမ္ဘာမြေ ငြိမ်းချမ်းသာယာဖို့ အတွက် လူသားအားလုံး စည်းစည်းလုံးလုံးနဲ့ ညှိနှိုင်းနေ ထိုင်သွားဖို့ လိုတယ် ဆိုတဲ့အကြောင်း အကျိုးပြုသီချင်းတပုဒ်အဖြစ် ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် “မသိတဲ့ နေ့မှာ တို့လာတယ်၊ မသိတဲ့ နေ့မှာ တို့ပြန်မယ်၊ ဒီကမ္ဘာမြေကြီးထဲ အားလုံးအတူတူပဲ” ဆိုတဲ့ လေးနက်တဲ့ စကားလုံး ထုဆစ်မှုက မွေးဖွားခြင်းနဲ့ သေဆုံးခြင်း ၂ ခုကြားမှာ လူသားအားလုံး အတူတူပဲ ဆိုတာကို အသိတရား ဝင်လာအောင် လှုပ်နိုးနိုင်ခဲ့ပါ တယ်။
Melody ပိုင်းအရ ကြည့်မယ် ဆိုရင်လည်း သီချင်းပုံစံဟာ ရိုးရှင်းတဲ့ Frame ထဲမှာ ရှိနေပေမယ့် Chord Phrasing စီးဆင်းပုံနဲ့ မသိမသာလေး Key Change သွားတဲ့ Flow က ဒီသီချင်းရဲ့ အဓိက အသက်သွေးကြော တခုလို့ ယူဆလို့ ရနိုင်ပါတယ်။ Pop Music ဟန်ကို အခြေတည်ထားတာ ဖြစ်လို့ Melodic ဖြစ်တဲ့ Piano Scale နဲ့ Intro ကို အစပြုထား သလို ကြည်လင်ချိုမြတဲ့ အသံကာလာပိုင်ရှင် ဘိုဖြူရဲ့ Vocal အဆုံးမှာ ကိုအောင်ရဲ့ တည်ငြိမ်လွင်မြတဲ့ အသံကာလာ ကြောင့် Verse အပိုဒ်ဟာ စွဲမက်စရာ ကောင်းခဲ့ပြီး Bridge အပိုဒ်မှာ ချိုရှကြည်လင်တဲ့ ဟန်ထွန်းရဲ့ Vocal Expression က နားဆင်ခံစားသူရဲ့ ရင်ကို ပိုပြီး လှုပ်ခတ်စေခဲ့ပါတယ်။
ဒီသီချင်းကို Group Song ပုံစံ အသက်သွင်းရာမှာ အဆိုရှင်တွေကို သူ့အသံကာလာနဲ့သူ လိုက်ဖက်တဲ့ အပိုဒ်တွေမှာ နေရာချပေးနိုင်တာကလည်း အားသာချက်တခုလို့ ဆိုရမှာပါ။ ဒါပေမယ့် ၃-၄ ယောက်ပဲ ဆိုသင့်တဲ့နေရာမှာ ၈ ယောက် လောက် ဝိုင်းဆို လိုက်တော့ သီချင်းက နည်းနည်း ဟုန် သွားသလို ခံစားမိပါတယ်။ ဘာကြောင့်လဲဆိုရင် ပူစူးနဲ့ အစိုင်းတို့ ရဲ့ အပိုဒ်တွေမှာ သူတို့ရဲ့ အသံကာလာနဲ့ Expression က သီချင်းအပေါ် အားလျော့သွားသလို ခံစားမိတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် Chorus အပိုဒ်မှာတော့ သအိုလို Vocal Power ရှိတဲ့ Expression ကြောင့် အဲ့ဒီအားနည်းမှုကို ဖာထေးနိုင်ခဲ့တာ တွေ့ရပါတယ်။ သီချင်း Ending ပိုင်းမှာ Chorus အပိုဒ်ကို တလှည့်စီ ထပ်ခါထပ်ခါ သီဆိုသွားတဲ့ သအိုနဲ့ ဟန်ထွန်းတို့ရဲ့ အသံကာလာ လိုက်ဖက်ညီမှုကြောင့်လည်း ဒီသီချင်းဟာ စ၊ လယ်၊ ဆုံး သေသပ် ကောင်းမွန်တဲ့ Group song လေးတပုဒ် အဖြစ် “ချယ်ရီနွေဦး” ရဲ့ အလှကျက်သရေကို တိုးစေခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ထပ် “ချယ်ရီနွေဦး” ရဲ့ အလှကျက်သရေကို ပုံဖော်ပေးနိုင်ခဲ့တဲ့ သီချင်းကတော့ Drive Band က Vocalist ဖြစ်လိမ့်မယ် လို့ ထင်ရတဲ့ တေးရေး Fish ရဲ့ “Our Family” ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။ တေးရေးနာမည်ရော သီချင်း ခေါင်းစဉ်ကိုပါ အင်္ဂလိပ်လို ပေးထားပေမယ့် သီချင်းကိုတော့ မြန်မာလိုပဲ သီဆိုထားပါတယ်။ ဒီသီချင်းကို နားထောင်ပြီး တေးရေး Fish ဟာ သီချင်းရေးတဲ့ နေရာမှာ အလားအလာရှိတဲ့ လူတဦးဖြစ်တာကို သတိထားမိခဲ့ပါတယ်။ သီချင်း အကြောင်းအရာကလည်း တွေ့ရခဲတဲ့ အကြောင်းအရာမျိုး ဖြစ်ပါတယ်။
အကြောင်း အမျိုးမျိုးကြောင့် ဝေးကွာနေတဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံတွေ့ကြပြီး ပျော်ရွှင်ကြည်နူးကြတဲ့ အကြောင်းကို ခင်းကျင်း ပြသထားတာက ကြုံတွေ့ရလေ့ရှိတဲ့ မိသားစု ပုံရိပ်ကို မြင်ယောင်လာစေပါတယ်။ Intro ကို Percussion Mood ပုံစံ ဖန်တီးထားပေမယ့် Percussion စစ်စစ် အရသာကို မခံစားရတာက Rose of Sharon Band ရဲ့ Arrange ကြောင့် များလားလို့ သုံးသပ်မိပါတယ်။ ဒီသီချင်းဟာ Pop Music ပုံစံထဲမှာ ရှိနေတယ် လို့ ထင်ရပေမယ့် Pop Soul ဂီတ အငွေ့အသက်တွေ ပါနေတဲ့ One Republic ဟန် လွှမ်းနေတာကို သတိထားမိပါတယ်။
သီချင်း အစမှာ သအိုရဲ့ အမိုက်စား Vocal Color နဲ့ Verse အပိုဒ်ကို စဖွင့်လိုက်တာကြောင့် သီချင်းက ဆွဲဆောင် မှုရှိနေခဲ့ပြီး ဒုတိယ verse အပိုဒ်မှာ ချိုရှတဲ့ ဟန်ထွန်းရဲ့ Vocal Expression ကြောင့် သီချင်းဟာ ပိုပြီး အသက်ဝင်လာခဲ့ ပါတယ်။ သီချင်း body တည်ဆောက်ပုံအရ အရမ်း ရိုးရှင်းလွန်းတဲ့ သီချင်းတပုဒ်လို့ ဆိုနိုင်ပေမယ့် သေသပ်တဲ့ Arrange ကြောင့် ရိုးရိုးလေးနဲ့ ဆန်းနေတဲ့ သီချင်းတပုဒ် ဖြစ်လာခဲ့ပါတယ်။
ဒီသီချင်းမှာတော့ “ကမ္ဘာမြေအတွက်သီချင်း” တုန်းကလို လူစုံတက်စုံ ပါဝင်သီဆိုထားတာ မတွေ့ရပေမယ့် သအို၊ ဟန်ထွန်း နဲ့ လှိုင်ဦးမော်တို့ သုံးယောက်ပဲ အဓိက ဆိုသွားမယ် ဆိုရင် ဒီသီချင်းဟာ နားဆင်ခံစားသူရဲ့ ခံစားမှု အာရုံကို ပိုပြီး ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။
ဒီသီချင်းမှာ အဓိကပြောချင်တဲ့ အကြောင်းအရာက ဘယ်မိသားစုဝင်တိုင်း မဆို သူတို့ မိသားစုထဲ တဦးဦးနဲ့ တနေ့နေ့ တချိန်ချိန်မှာ ခဏတာပဲ ဖြစ်ဖြစ်၊ နှစ်ရှည်လများပဲ ဖြစ်ဖြစ် ခွဲခွာဖူးကြမှာပါ။ အဲဒီလို အကြောင်းကြောင်း ကြောင့် ခွဲခွာနေကြရတဲ့ ကိုယ့်မိသားစုထဲက လူတယောက် ကိုယ့်မိသားစုရှိရာ ဆီကို ပြန်ရောက်လာတဲ့အခါ ဝမ်းသာပျော်ရွှင် ကြည်နူးကြရတဲ့ ခံစားမှုမျိုးကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။
တေးရေးဆရာ Fish အဓိက ပြောချင်တဲ့ အချက်က ရပ်ဝေးမှာ မိသားစုအတွက် အလုပ်သွားလုပ်နေတဲ့ လူတယောက်ရဲ့ ခံစားမှုမျိုးကို ရေးဖွဲ့ထားဟန် တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အကြောင်းခြင်းရာနဲ့သူ ဒီသီချင်းနဲ့ ထပ်တူကျတဲ့ မိသားစုဝင် တိုင်း ဒီသီချင်းအပေါ် နှစ်သက်ခံစားနိုင်ကြမှာ မလွဲပါဘူး။ တနည်းအားဖြင့် အဝေးတနေရာမှာ မိသားစု အတွက် ရုန်းကန်ရှင်သန် နေကြရရှာတဲ့ လူငယ်တွေကို ခွန်အားဖြစ်စေတဲ့ သီချင်းတပုဒ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။
ဒီသီချင်းက Melody အရ ရိုးရှင်းပေမယ့် သီချင်း အကြောင်းအရာနဲ့ ဖမ်းစားနိုင်တဲ့အပြင် သမ္ဘာရှိတဲ့ အဆိုရှင်တွေရဲ့ ဆိုဟန်နဲ့ အတွေ့အကြုံ ရင့်ကျက်ပြီးသား ဇော်လတ်ရဲ့ Solo Guitar Riff တွေကြောင့် ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ သီချင်းကောင်းလေး တပုဒ်အဖြစ် “ချယ်ရီနွေဦး” အလှကျက်သရေကို ထပ်ဆင့် တိုးစေခဲ့ပါတယ်။
အနှစ်ချုပ် ပြောရရင် ဒီ Album ထဲမှာ ပါဝင်တဲ့ သီချင်းအများစုဟာ ကိုယ်သန်ရာသန်ရာ ဂီတပုံစံတွေ ဖန်တီးခဲ့ကြတာ ဖြစ်လို့ နားစွဲနေကျ သီချင်းပုံစံမျိုးတွေ အဖြစ် တွေ့ရပြီး အားရစရာကောင်းတဲ့ Group Album တချပ်တော့ ဖြစ်မလာခဲ့ပါ ဘူး။ ဒါပေမယ့် ဘိုဖြူဆိုထားတဲ့ “နှင်ဆီ—ဝေး” သီချင်းလေးကတော့ အယ်လ်ဖြူရဲ့ လက်ရာမွန် သီချင်းတပုဒ်ဖြစ်လို့ အယ်လ်ဖြူကို နှမြောတသစိတ်နဲ့ အလွမ်းပြေ နားဆင်ခွင့်ရခဲ့တာက ဒီ Album ရဲ့ တန်ဖိုးလို့ ဆိုရမှာပါ။ ဒါ့အပြင် နာမည် ရှိပြီးသား အမျိုးသား အဆိုရှင်တွေချည်း သီးသန့် စုစည်းထားတဲ့ Album တချပ် ဖြစ်တာမို့ သူတို့ အမာခံ ပရိသတ်တွေရဲ့ စိတ်အာဟာရကို အတိုင်းအတာ တခုထိ ကျေနပ်မှု ရစေနိုင်ပါလိမ့်မယ်။ ။