ယမန်နှစ် ဒီဇင်ဘာလအတွင်းက နံနက်ခင်းတခုတွင် လက်ပံတောင်းတောင် အနီးရှိ သူ၏ ဘိုးဘွားပိုင်လယ်မြေဆီသို့ မောင်းနှင်လာ သော ဘူဒိုဇာတစီးကို တားဆီးရန်ကြိုးစားခဲ့သည့် ဒါဇင်နှင့်ချီသော လယ်သမားများထဲတွင် မဝင်းမာလည်း တယောက်အပါအဝင် ဖြစ်သည်။
သို့သော်လည်း အဆိုပါ အဝါရောင် စက်ယန္တရား ကြီး၏နောက်တွင် ရပ်နေသည့် ရဲတပ်ဖွဲ့ထံမှ ပစ် လွှတ်လိုက်သည့် ရော်ဘာကျည်ဆန်များက သူတို့ နားရွက်များဘေးမှ တရွှီရွီအသံများပေး၍ ဖြတ်သန်း သွားကြသည့်အချိန်တွင် ရွာသူရွာသားအနေဖြင့် ပြန်ဆုတ်ဖို့သာ တတ်နိုင်တော့သည်။
ဘူဒိုဇာက ၇ ဧက ကျယ်ဝန်းသော သူ၏ လယ် မြေပေါ်ရှိ နှမ်းခင်းများ၊ နေကြာခင်းများနှင့် ပဲခင်း များကို အမြစ်က လန်ထွက်အောင် ဖျက်ဆီးခဲ့သည် ကို ကြည့်ပြီး အသက် ၃၀ အရွယ်ရှိပြီဖြစ်သော မဝင်းမာ မျက်ရည်များနှင့် အရုပ်ကြိုးပြတ် ဖြစ်ခဲ့ရ သည်။
“ဘာကြောင့် သူတို့က ဒီလိုလုပ်ရတာလဲ။ ကျမတို့ မှာ ဒီမြေပဲရှိတာပါ” ဟု မဝင်းမာက မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တခုဖြစ်သည့် လက်ပံတောင်းတောင် ကြေးနီသတ္တု တွင်းကြောင့် သူ့လယ်မြေ ဆုံးရှုံးခဲ့ရသည့်နေ့ကို ပြန် ပြောပြသည်။
အဆိုပါစီမံကိန်းကို တရုတ်နိုင်ငံမှ Norinco လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ၏ လုပ်ငန်းခွဲတခုဖြစ်သော ဝမ်ပေါင် သတ္တုတွင်းကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ဖက်စပ်လုပ်ကိုင်နေခြင်း ဖြစ်ပါသည်။
မဝင်းမာ၏ လယ်မြေဖျက်ဆီးခြင်း မခံရမီ ၁ ရက်အလို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စီမံကိန်း နေရာ၌ ကျေးရွာသူ ကျေးရွာသားများနှင့် လယ်ယာ မြေများကို ဝမ်ပေါင်ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု မတရားအကြောင်းပြချက်ဖြင့် ခြံစည်းရိုး လာရောက် ကာရံသည့် ကုမ္ပဏီဝန်ထမ်းများကြားတွင် ပဋိပက္ခ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နှင့် ပစ်ခတ်ခဲ့သည့် အတွက် အသက် ၅၀ ကျော် အမျိုးသမီး ဒေါ်ခင်ဝင်း ဦးခေါင်းကိုထိမှန်ပြီး သေဆုံးခဲ့ရသည်။
ထိုအဖြစ်အပျက်သည် ဝမ်ပေါင်ကုမ္ပဏီမှ စီမံ ကိန်းတိုးချဲ့ခြင်းအတွက် ပေးသည့်လျော်ကြေးငွေကို လက်ခံရန်ငြင်းဆန်သည့် ဒေသခံ ကျေးလက်ပြည်သူ များနှင့် လုံခြုံရေးတပ်ဖွဲ့များကြားတွင် နောက်ဆုံး ပေါ်ပေါက်ခဲ့သည့် ပြဿနာဖြစ်သည်။ ၂၀၁၅ ခုနှစ် မှစ၍ နှစ်စဉ် ကြေးနီတန်ချိန် ၁ သိန်း ထုတ်ယူနိုင်ရန် ဝမ်ပေါင်ကုမ္ပဏီက စီစဉ်ထားသည်။
ဦးခေါင်းကိုသေနတ်မှန်ပြီး ဒေါ်ခင်ဝင်းသေဆုံး ခဲ့ရခြင်းသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းတွင် လက်ပံတောင်းအရေး ဆန္ဒပြသူများကို အစိုးရက ဖြိုခွင်းခဲ့ပြီးနောက် ၂ နှစ်အကြာတွင် ပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ နံနက် အစောပိုင်းအချိန်တွင် ပြုလုပ်ခဲ့သည့် စီးနင်းဖြိုခွဲမှု တွင်လည်း ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ဖြိုခွဲရန် အဖြူရောင်မီးစုန်းပါသည့် မီးခိုးဗုံးများကို အသုံးပြုခဲ့ သဖြင့် လူ ၁၀ဝ ကျော်ဒဏ်ရာ ရရှိခဲ့ပြီး အများစုမှာ ရဟန်းသံဃာများ ဖြစ်သည်။
မြန်မာနိုင်ငံအထက်ပိုင်း၊ စစ်ကိုင်းတိုင်း မုံရွာ မြို့အနီး ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသော လက်ပံတောင်း သတ္တုတွင်း စီမံကိန်းသည် ၂၀၁၂ ခုနှစ်ကတည်းက ပြည်သူလူထု၏ ဒေါသ အမျက်ဖြစ်စရာ အကြောင်းအရင်း ဖြစ်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် အလယ်ပိုင်းတွင် Myanmar Wanbao Mining Copper Ltd နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်တို့ ဖက်စပ် လုပ်ကိုင်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထဲရေး ဝန်ကြီးဌာနထံမှလည်း ၂၀၁၂ ခုနှစ် ဩဂုတ်လ အတွင်းတွင် စီမံကိန်းအတွက် နှစ် ၆၀ မြေဂရန် ရရှိခဲ့သည်။ ထိုအချိန်မှစ၍ အမေရိကန်ဒေါ်လာ ၉၉၇ သန်းတန် ကြေးနီသတ္တုတွင်း တိုးချဲ့ရေးအတွက် လက်ပံတောင်းဒေသမှ မြေ ၇၈၆၇ ဧကကျော်ကို သိမ်းယူခဲ့သည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ဖြိုခွင်းမှုနောက်ပိုင်း တွင် အစိုးရက စီမံကိန်းကိုဆက်လုပ်ရန်သင့်၊ မသင့် ဆုံးဖြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးစီး သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုကို ဖွဲ့စည်း ခဲ့သည်။
၂၀၁၃ ခုနှစ် မတ်လ၌ ထုတ်ပြန်ခဲ့သော အစီရင် ခံစာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်က စီမံကိန်း ကိုဆက်လုပ်သင့်ကြောင်း အကြံပြုခဲ့သည်။ သို့သော် လည်း တိုင်းပြည်၊ ဒေသခံ ပြည်သူလူထုနှင့် လူငယ် မျိုးဆက်တို့အပေါ်တွင် သက်ရောက်နေသည့် သိသာ မြင်သာသော စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ဖြစ်သည်ဟုဆိုသည်။
ကော်မရှင်က တိုင်းပြည်အတွက် ပိုမိုအကျိုးရှိ စေမည့် စာချုပ်သစ် ပြန်လည်ချုပ်ဆိုရန်၊ ဒေသခံ ပြည်သူများအတွက် မြေယာလျော်ကြေးကို ကာလ ပေါက်ဈေးအတိုင်း ပေးရန်နှင့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးသက်ရောက်မှု အကဲဖြတ်လေ့လာဆန်း စစ်ချက် (ESIA) နှင့် ပိုမိုကိုက်ညီစွာ ဆောင်ရွက်ရန် အပါအဝင် အကြံပြုချက် ၄၂ ချက်ကို ထုတ်ပြန်ခဲ့ သည်။
Myanmar Wanbao Mining Copper Ltd ကလည်း အစီရင်ခံစာ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များ တောင်းဆိုမှုကို အလေးထား နားထောင်ရန်လည်း ကတိပြုခဲ့သည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဝမ်ပေါင်ကုမ္ပဏီ၊ အစိုးရ နှင့် ဦးပိုင်တို့ စာချုပ်အသစ် ပြန်လည်ချုပ်ဆိုခဲ့ပြီး စာချုပ်သစ်အရ အစိုးရက လုပ်ငန်းအမြတ်အစွန်းမှ ၅၁ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည်။
အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး များမကြာမီအချိန်တွင် သမ္မတဦးသိန်းစိန်က ကော်မရှင်၏ စုံစမ်းတွေ့ရှိမှု များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သမ္မတရုံး ဝန်ကြီးတဦးက ဦးဆောင်၍ မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်နှင့် ဝမ်ပေါင်ကုမ္ပဏီမှ ဒါရိုက်တာများအပါအဝင် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ကော်မတီတခုကို ဖွဲ့စည်းခဲ့သည်။
သို့သော်လည်း အဆိုပါကော်မတီသည် လယ်ယာ မြေဆုံးရှုံးခြင်း၊ သင့်တင့်သည့်လျော်ကြေး မရရှိခြင်း၊ စီမံကိန်း၏ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုများ နှင့် အထွတ်အမြတ်ထားသည့် ဘာသာရေးအဆောက် အဦများကို ဖျက်ဆီးခြင်းတို့ကြောင့် ဒေသခံများ၏ ဆန့်ကျင်ကန့်ကွက်မှု တိုးလာသည်ကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပါ။
ပြီးခဲ့သည့် ၂ နှစ်တာ ကာလအတွင်းတွင် ကုမ္ပဏီက စီမံကိန်း၏ လုပ်ငန်းဧရိယာကို တိုးချဲ့ရန် အားထုတ်ခဲ့သည့်အတွက် ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့များကြားတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ် နေခဲ့သည်။ ယခုအချိန်အထိ ကျေးရွာ ၄ ရွာကို အတင်းအကျပ် ဖိအားပေးပြောင်းရွှေ့ခဲ့ပြီး ဖြစ်သလို လူပေါင်း ၂၅၀ဝ၀ ခန့်မှီတင်းနေထိုင်သည့် တောင်သူ လယ်သမားကျေးရွာ ၃၂ ရွာခန့်မှာလည်း လယ်မြေ သိမ်းယူခြင်းခံခဲ့ရသည်။
သို့သော်လည်း လယ်ယာမြေများပေါ်တွင် မျိုးရိုး စဉ်ဆက် ထွန်ယက်စိုက်ပျိုးရင်း ကြီးပြင်းခဲ့ကြသည့် ကျေးလက်နေပြည်သူ အများစုက လျော်ကြေးလက်ခံ ရန် တွန့်ဆုတ်နေကြသည်။ သူတို့အတွက် သူတို့မြေ သည် သူတို့၏ အသက်မွေးမှုဖြစ်ပြီး နောက်မျိုးဆက် သစ်များသို့ လွှဲပြောင်းပေးခဲ့နိုင်သည့် အမွေအနှစ် လည်း ဖြစ်နေသည်။
“ကျမတို့က လယ်သမားတွေပါ” ဟု ယမန်နှစ် က သူပိုင်ဆိုင်သော လယ်မြေ ၁၄ ဧက သိမ်းယူခြင်း ခံခဲ့ရသည့် အသက် ၃၈ နှစ်အရွယ် ဆည်တဲရွာသူ ဒေါ်ရီဝင်းက ပြောသည်။ “ဘယ်လို စိုက်ပျိုးရမယ် ဆိုတာပဲ ကျမတို့သိတယ်။ သူတို့ပေးတဲ့လျော်ကြေးက ကျမတို့ရဲ့ ဘဝရပ်တည်နိုင်ရေးအတွက် အာမခံချက် ပေးနိုင်ဖို့ မသေချာတဲ့အတွက် ကျမမြေကိုပဲပြန်လိုချင် တယ်။ ကျမတို့မြေပေါ်မှာ ကျမတို့ အလုပ်လုပ်နိုင် သရွေ့ ထမင်းမငတ်ဘူးလို့ ခိုင်ခိုင်မာမာ ယုံကြည်ပါ တယ်” ဟု သူကပြောသည်။
ဒီဇင်ဘာလအတွင်းက အသက်သေဆုံးသည် အထိ ပစ်ခတ်နှိမ်နင်းမှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က အစိုးရက ဖွဲ့စည်းပေး သော ကော်မတီသည် သူ၏အစီရင်ခံစာပါ အကြံပြု ချက်များအတိုင်း အကောင်အထည်ဖော် ဆောင် ရွက်ရန် ပျက်ကွက်ခဲ့သည်ဟု ပြောကြားလိုက်သည်။
“ကော်မတီက အကြံပေးချက်တချို့ကို လုပ်ခဲ့ တယ်။ ဒါပေမယ့် အဲဒါတွေကို အပြည့်အဝအကောင် အထည် မဖော်ခဲ့ဘူး။ အစီရင်ခံစာမှာ ပါတဲ့အတိုင်း မဆောင်ရွက်ခဲ့ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများသို့ ဒီဇင်ဘာလအတွင်းတွင် ပြောခဲ့သည်။
အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော် မတီ၏ အတွင်းရေးမှူး ဦးတင်မြင့်က အကြံပြုချက် ၄၂ ခုအနက် ၂၉ ခုကို အကောင်အထည် ဖော်ခဲ့ပြီး ဖြစ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှု အကဲဖြတ်လေ့လာ ဆန်းစစ်ချက် (ESIA) ကို ပြင်ဆင်မှုကိုလည်း လုပ်ဆောင်နေ ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်ကို ဇန်နဝါရီလ ၉ ရက်နေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
၂၀၁၁ ခုနှစ်မှစ၍ စီမံကိန်း ဧရိယာတဝိုက်ရှိ လယ်ယာမြေများကို မြေသိမ်းယူမှု ဥပဒေများနှင့် အညီ သိမ်းယူခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်အတိုင်း ကာလပေါက်ဈေးဖြင့် စုစုပေါင်း ကျပ်ငွေ ၁၁ ဘီလီယံကျော် လျော်ကြေး ပေးခဲ့သည် ဟု ဦးတင်မြင့်က ပြောသည်။
ဒေသခံတချို့က သူတို့၏ လယ်မြေအတွက် လျော်ကြေးရယူရန် ငြင်းဆန်ခဲ့သော်လည်း မြေသိမ်း ဥပဒေ အပိုဒ် ၁၄ အရ မြေကို သိမ်းယူနိုင်ခွင့်ရှိသည်ဟု ဦးတင်မြင့်က ထပ်ပြောသည်။ ဥပဒေအရ ခရိုင်အုပ် ချုပ်ရေးမှူးသည် နိုင်ငံတော် စီမံကိန်းတခုအတွက် အတားအဆီး အနှောင့်အယှက်မရှိ မြေသိမ်းနိုင် သည်ဟု သူကဆိုသည်။
ပြင်ပအဖွဲ့အစည်းများနှင့် ကွန်ရက်များက စီမံ ကိန်းပျက်စီးစေရန် ပူးပေါင်း ကြံစည်နေကြသည်ဟု လည်း ဦးတင်မြင့်က ပြစ်တင် ဝေဖန်လိုက်သည်။ တရုတ်ကုမ္ပဏီကလည်း ဒီဇင်ဘာလ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစောင်တွင် နိုင်ငံရေး အဖွဲ့အစည်းများနှင့် တက်ြွကလှုပ်ရှားသူ များက နိုင်ငံရေး အကျိုးအမြတ် ရရှိရန်အတွက် လုပ်ဆောင်နေကြသည်ဟု ဖော်ပြခဲ့သည်။
ကုမ္ပဏီက စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ခုခံကာကွယ်ခဲ့သည်။ ဒေသခံပြည်သူများ၏ ထောက်ခံမှုလည်း အပြည့် အဝရရှိထားသည်ဟု ဖြေရှင်းခဲ့သည်။ မြေသိမ်းယူ ခြင်းနှင့် ပြန်လည်နေရာချထားရေး ကိစ္စများသည် အစိုးရနှင့် ဦးပိုင်ကုမ္ပဏီတို့၏ တာဝန်ဖြစ်သည်ဟု အခိုင်အမာ ပြောကြားလိုက်သည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက် အများစုကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း မရှိသည့်အတွက် ဒေသခံပြည်သူများက အကောင်အထည်ဖော်ဆောင် ရွက်ရေး ကော်မတီအပေါ် ယုံကြည်မှု ပျောက်ဆုံးနေ ကြသည်ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တဦးဖြစ်သည့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြော သည်။
“အထင်ရှားဆုံး ပျက်ကွက်မှုက စီမံကိန်းမှာ အခုအချိန်အထိ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး သက်ရောက်မှု အကဲဖြတ်လေ့လာ ဆန်းစစ်ချက် (ESIA) မရှိသေးတာပဲ။ အဲဒါမရှိဘဲနဲ့ ခုချိန်မှာ ကုမ္ပဏီက ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်မယူဘဲ ခြံစည်းရိုး ခတ်ပြီးတော့ စီမံကိန်းကို တိုးချဲ့ဖို့ ကြိုးစားနေတယ်” ဟု သူကဆိုသည်။
“သမ္မတက တာဝန်ပေးထားတဲ့ ကော်မတီတခု အနေနဲ့ သူတို့က ဘာကြောင့် အကြံပြုချက်တွေ အတိုင်း အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး ရိုးသားရမှာ ဖြစ်သလို တခြား သူတွေကို ဝေဖန်ပြစ်တင်နေမယ့်အစား ဘာတွေ လုပ်ဖို့ ကျန်နေသေးတယ်ဆိုတာကို ဖော်ပြရမှာဖြစ်ပါ တယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။
အကယ်၍ ကော်မတီက အစီရင်ခံစာ၏ အကြံ ပြုချက်များအတိုင်း အကောင်အထည်ဖော်ရန် ပျက် ကွက်မှုရှိခဲ့ပါက အစိုးရက ၎င်းအဖွဲ့ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းသင့်သည်ဟုလည်း သူက ထပ်ပြောသည်။
ကြေးနီသတ္တုတွင်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများက မြန်မာနိုင်ငံအတွက် အလားအလာ ရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အတားအဆီး ဖြစ်လာနိုင်သည့်အတွက် ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင် ခြင်း မရှိလျှင် စီမံကိန်းကို ပိတ်သိမ်းပစ်သင့်သည်ဟု ဒေါ်ခင်စန်းလှိုင်က သတိပေးလိုက်သည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက် များကို ဒေသခံပြည်သူများက လက်ခံသော်လည်း အကောင်အထည်ဖော်ရေး ကော်မတီက ၎င်းတို့ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်ဟု ခံစား ရကြောင်း ဆည်တဲကျေးရွာမှ မသွဲ့သွဲ့ဝင်းက ပြော သည်။
ပြီးခဲ့သည့် ၂ နှစ်တာ ကာလအတွင်း ကြုံတွေ့ခဲ့ ရသည့် ပြဿနာများကြောင့် ဒေသခံပြည်သူ အများစု က စီမံကိန်းကို ယုံကြည်မှု မရှိတော့ကြောင်းလည်း သူကဆိုသည်။
“အစီရင်ခံစာရဲ့ အကြံပြုချက်တွေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ပါမယ်လို့ ကတိပေး တာအပြင် ဒေသခံပြည်သူတွေဘက်က ဒီစီမံကိန်းကို ရှေ့ဆက်ပြီးလုပ်ဖို့ သင့်၊ မသင့် ပြောပိုင်ခွင့် ရှိသင့်ပါ တယ်” ဟု မသွဲ့သွဲ့ဝင်းက ပြောသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော ဒေါ်ခင်ဝင်း၏ သမီးဖြစ်သူ မဝင်းခိုင်အတွက်မူ စီမံကိန်းကို အပြီး အပြတ် ပိတ်သိမ်းလိုက်ဖို့သာ ဆန္ဒရှိသည်။
“ဒီစီမံကိန်း ဆက်ပြီးရှိနေတာနဲ့အမျှ ကျမ အမေ ကြုံခဲ့သလို အဖြစ်မျိုးတွေ ထပ်ပြီးဖြစ်လာလိမ့် ဦးမယ်” ဟု မဝင်းခိုင်က ပြောသည်။
(ဧရာဝတီ သတင်းထောက် ဇာနည်မာန် ပူးပေါင်းရေးသားသည်။)
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာ၏ Fields of Fire ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါသည်။
ဆက်စပ်ဖတ်ရှုရန်
ပြေးရင်း ရှောင်ရင်း လက်ပံတောင်းအရေး ဟန်ဝင်းအောင်ရဲ့ အမြင်