အရပ်သား အစိုးရတက်လာပြီးနောက်ပိုင်း မြန်မာပြည်ရဲ့ ပဋိပက္ခဖြစ်စဉ်တွေထဲက အကြီးကျယ်ဆုံးတခုဖြစ်တဲ့ လက်ပံတောင်း ကြေးနီ စီမံကိန်း ပဋိပက္ခနဲ့တပါတည်း တွဲမြင်မိကြတဲ့ သူကတော့ ကိုဟန်ဝင်းအောင် ပါပဲ။
သူဟာ သာမန်အချိန်မှာ တယောက်တည်း တိတ်တိတ် ဆိတ်ဆိတ်နေတတ်ပေမယ့် နိုင်ငံရေး၊ လူ့အခွင့်အရေး ဆိုင်ရာတွေကို ပြော ရ၊ ဆိုရ တော့မယ်၊ ဆွေးနွေးရမယ်၊ ဟောပြောစည်းရုံးရမယ် ဆိုရင်တော့ သူ့အသံက တဖြည်းဖြည်း ကျယ်လာခဲ့တဲ့အပြင် ဟန်ပန် အားဖြင့် ဆိုရင်လည်း အားနဲ့မာန်နဲ့ ဖြစ်လာတတ်လေ့ ရှိပါတယ်။
သူ့ကို လက်ရှိ အစိုးရက ဖမ်းဝရမ်း အကြိမ်ကြိမ်ထုတ်ထားတဲ့အပြင် အစိုးရရဲ့အလိုချင်ဆုံးသောတရားခံပြေးတဦးအဖြစ် သတ်မှတ်ထားပါတယ်။ ဒီကြားထဲကပဲ သူ့အသံက တိတ်မသွားသေးတဲ့အပြင် သူ့ရဲ့လှုံ့ဆော်မှုတွေ၊ သူ့ရဲ့အတွေးအကြံတွေဟာ အခုအချိန် ထိ လက်ပံတောင်းက အမာခံပြည်သူတွေကြားမှာ ထိရောက်နေဆဲဖြစ်ပါတယ်။
သူဟာ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးဒေသဖြစ်တဲ့ တောင်ဥက္ကလာပမြို့မှာ ၁၉၇၇ ခုနှစ် သြဂုတ်လ ၂၆ရက်နေ့က မွေးဖွားခဲ့ပါတယ်။ အဖေ ဖြစ်သူက နန္ဒဝန်ဈေးထဲမှာ ရွှေပန်းထိမ်ဖိုနဲ့ ရွှေဆိုင်ကိုတွဲဖွင့်ခဲ့ပြီး အမေက အထည်ဆိုင်ဖွင့်နိုင်ခဲ့တဲ့ အတွက် ငယ်ငယ်က ဆင်း ဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နေခဲ့ရတဲ့သူတဦး မဟုတ်ပေမယ့် အဲဒီဒေသပတ်ဝန်းကျင်က ဆင်းရဲသားတွေရဲ့ဘဝကို နိစ္စဒူ၀ တွေ့မြင် ခံစားရင်း ကြီးပြင်းလာခဲ့ရသူပါ။
၈ တန်း ကျောင်းသား ဘဝကတည်းက ကျောင်းသား မြေအောက်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီးတော့ ကျောင်းမှာစာကပ်တာ၊ မျက်နှာ မှာ ပဝါစည်းပြီး ဆန္ဒပြတာလုပ်နေရင်း ၁၀ တန်းကျောင်းသားဘဝမှာတော့ သူ့ရဲ့ဘဝအချိုးအကွေ့ စတင်ခဲ့ပါတယ်။
“ကျနော် ၁၀ တန်းစတက်ပြီး တလကျော်လေးမှာပဲ အဖမ်းခံရတာ။ ဆဲဗင်း ဂျူလိုင် နှစ်ပတ်လည်မှာ အမျိုးသားညီလာခံ ဆန့်ကျင် ရေး အတွက် ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ကျနော့်ကို ဖမ်းသွားတော့တယ်။ အဲဒီအချိန်က ကျနော်က တောင်ဥက္ကလာပ မြို့နယ်၊ အခြေခံ ကျောင်းသားများ သမဂ္ဂရဲ့ တာဝန်ခံတဦး”ပါလို့ ကိုဟန်ဝင်းအောင်က ပြန်လည် ပြောပြပါတယ်။
အဲဒီလိုနဲ့ အင်းစိန် အထူးတရားရုံးက ပုဒ်မ ၅(ည) နဲ့ ထောင် ၇ နှစ်အပြစ်ပေးလိုက်ပြီး အင်းစိန်၊ တွဲဖက်အကျဉ်းထောင်မှာ နေခဲ့ရပြီး တော့ ၁၉၉၇ ခုနှစ်မှာ သာယာဝတီထောင်ကို အပြောင်းခံခဲ့ရပြန်တယ်။ အဲဒီနောက် ပုံမှန်အကျဉ်းသားလွတ်ရက်နဲ့ ၂၀၀၀ ပြည့်နှစ်မှာ ထောင်က ပြန်လွတ်လာခဲ့ပါတယ်။
ထောင်ကလွတ်လာပြီးတော့ ကျောင်းပြန်တက်ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ ထောင်ကထွက်ပြီး ၄ လလောက်ပဲ ငြိမ်နေခဲ့ပြီး တော့ နောက်ပိုင်းမှာ မြေအောက်အဖွဲ့တွေနဲ့ချိတ်ဆက်၊ မြေအောက်လှုပ်ရှားမှုတွေ ဆက်လုပ်နေရင်း ဖမ်းဝရမ်း ထုတ်ခံလိုက်ရ တော့ အိမ်ကနေ ရှောင်ပုန်းခဲ့ရတယ်။ ၂၀၀၃ ခုနှစ် သင်္ကြန်အချိန် အိမ်ကိုတိတ်တဆိတ် ပြန်လာတဲ့အခိုက် အဖမ်းခံလိုက်ရပြန်ပါတယ်။
ဒီတကြိမ်အဖမ်းခံလိုက်ရပေမယ့် စစ်ကြောရေးမှာ ၂၁ ရက်တိတိ နေခဲ့ရသည့်တိုင် တိကျတဲ့အချက်တွေမရှိလို့ အိမ်ပြန်ခွင့်ရခဲ့တယ်။ အဲဒီရက်ပိုင်းတွေ အတွင်းမှာပဲ မြန်မာ့နိုင်ငံရေးအခြေအနေတွေကလည်း တခုပြီးတခု ထူးထူးခြားခြား ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။ ဒီပဲယင်း အရေးအခင်းဖြစ်လာခဲ့တယ်။ စစ်အစိုးရက လမ်းပြမြေပုံ ၇ ချက်ဆိုပြီး တိုင်းပြည်ကို ချပြလာခဲ့ပါတယ်။
ကံမကောင်း အကြောင်းမလှချင်တော့ ပြည်ပနဲ့ချိတ်ဆက်တဲ့သတင်းက ပေါက်ကြားခဲ့ပြီး သူဟာ ၂၀၀၃ ခုနှစ်မှာ ဒုတိယအကြိမ် ထောင် ဒဏ် ၇ နှစ် အပြစ်ပေး ခံလိုက်ရပြန်ပါတယ်။
ဒုတိယအကြိမ် ထောင်ကျတော့ တခြားအကျဉ်းသားတွေလို လျှော့ရက်တို့၊ လွတ်ငြိမ်းချမ်းသာခွင့်တို့ကို ခံစားခွင့်မရဘဲ ၇ နှစ်တိတိ
ထောင်ထဲမှာနေခဲ့ရပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာတော့ အင်းစိန်ထောင်က ပြန်လွတ်ခဲ့ပါတယ်။
သူဟာ ဒုတိယအကြိမ် ထောင်ထဲမှာနေရင်း တီဘီရောဂါကို ၂ ကြိမ်တိတိ ခံစားခဲ့ရပြီး ဒုတိယအကြိမ် ဖြစ်တဲ့အခါ ဒုတိယ အဆင့် ဆေးယဉ်ပါးတဲ့ တီဘီအဆင့်ဖြစ်တာကြောင့် ပါးစပ်က သွေးအံတဲ့အပြင် နှာခေါင်းထဲက သွေးခဲကို ဆွဲထုတ်လို့ရ တဲ့အထိ ပြင်းထန်စွာခံစားခဲ့ရလို့ ဒီတုန်းက သူ့ကိုယ်သူ သေလူအဖြစ်သဘောထားမိတဲ့အထိ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒုတိယအကြိမ် တီဘီရောဂါကို ကုသပြီး ၄ လလောက်အကြာမှာ ထောင်ထဲက ပြန်လွတ်လာခဲ့ပေမယ့် ကျောဘက်က အောင့်တဲ့ ဝေဒနာကိုခံစာ နေရတုန်းဖြစ်ပြီး နာရေးကူညီမှုဆေးခန်းရဲ့ သုခဆေးခန်းမှာ သွားစစ်တော့ အဆုတ်မှာ အပေါက်တွေရှိနေတုန်းပဲ ဆိုတာ သိခဲ့ရတယ် လို့ သူက ဆက်ပြောပါတယ်။
သူထောင်က ဒုတိယအကြိမ် ပြန်ထွက်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်နေခဲ့ပြီ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်၊ တိုင်ပင်ခွင့်ရခဲ့ပြီးတော့ ဒုတိယပင်လုံ လုပ်ကြဖို့ နိုင်ငံရေးလှုပ်ရှားမှု ကွန်ရက် တွေလုပ်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဧပြီလထဲမှာ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်ကို စတင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပြီး လက်မှတ် ထိုး လှုပ်ရှားမှုတွေ၊ အဲဒီနှစ် အာဇာနည်နေ့မှာ လမ်းပေါ်လူထုလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေခဲ့ပါတယ်။ ဒီအချိန်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့တွေ့ဆုံပွဲ၊၊ NLD က မှတ်ပုံတင်ပြန်တင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေလည်း ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
သူဟာ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ အလုပ်သမားကိစ္စတွေ တခုပြီးတခုလုပ်ကိုင်နေခဲ့ပြီး အဲဒီနှစ်မှာပဲ ရန်ကုန်ပြည်သူ့အကျိုး
ဆောင် ကွန်ရက်ကိုဖွဲ့ကာ နေရာအနှံ့ဖြစ်နေတဲ့ မြေယာကိစ္စကို စတင်ကိုင်တွယ်ပြီး ထွန်တုံးတိုက်ပွဲဆိုတာကို ဖော်ဆောင်ခဲ့ပါတယ်။
“ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်၊ မိတ္ထီလာပြည်သူ့အကျိုးဆောင် ကွန်ရက်၊ မြန်မာနိုင်ငံ ဝိဇ္ဇာ၊ သိပ္ပံကျောင်းသား များကွန် ရက်ရယ် ပေါင်းပြီး ဝမ်းတွင်း၊ မိတ္ထီလာ၊ သာစည်၊ မလှိုင်ခရိုင်က ဒေသခံလယ်သမားတွေဟာ တပြိုင်နက်တည်း ထွန်တုံးတိုက်ပွဲဆိုတဲ့နာမည်ကိုသုံးပြီး လှုပ်ရှားလိုက်တယ်”လို့ ကိုဟန်ဝင်းအောင်က ဆိုပါတယ်။
လက်ပံတောင်း ကြေးနီစီမံကိန်းကြောင့် ဝမ်ပေါင် ကုမ္ပဏီ၊ ဦးပိုင်ကုမ္ပဏီနဲ့ ဒေသခံ လယ်သမားတွေရဲ့ ကြားက အကြိတ်အခဲက ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ရှိနေခဲ့ပေမယ့် လူမသိ၊ သူမသိဖြစ်ရပ်တွေထဲက တခုအဖြစ်ပဲ ရှိနေခဲ့ပါတယ်။ ကိုဟန်ဝင်းအောင် ဟာ လက်ပံတောင်းဒေသကို ထောင်က ဒုတိယအကြိမ် ပြန်လွတ်လာပြီး ၂၀၁၁ ခုနှစ် မတ်လမှာ ပထမဦးဆုံး တခေါက်ရောက်ခဲ့ ဖူးပေမယ့် ပါဝင်ဆောင်ရွက်ခြင်း မရှိခဲ့သေးပါဘူး။
လက်ပံတောင်းအရေးမှာ သူ့အနေနဲ့ ထဲထဲဝင်ဝင် စတင်ပါဝင်လာစေခဲ့တဲ့ လမ်းစက ၂၀၁၂ ခုနှစ် သြဂုတ်လပိုင်းကစခဲ့တယ်လို့ သူ က ပြောပြတယ်။ သူ့ရဲ့ တွဲဖက်တဦးဖြစ်ခဲ့တဲ့ ကိုဝေဠုက လက်ပံတောင်းကနေ ဖုန်းဆက်လှမ်းခေါ်လို့ ပြန်ရောက်ခဲ့ပါတယ်။ ဟို ရောက်လို့ ရွွာသားတွေနဲ့တွေ့တဲ့အခါ ဒေသခံရွာ ၂၆ ရွာနဲ့ မြေဧက ၇၆၀၀ ကျော်ကို ကုမ္ပဏီက မလှိမ့်တပတ်လုပ်ပြီး သီးနှံလျော်ကြေး ကျပ် ၅ သိန်း၊ ၂ သောင်းပဲပေးကာ မြေကိုရာသက်ပန်အပိုင်သိမ်းတာမျိုးတွေကို မကျေနပ်လို့ ဆန္ဒထုတ် ဖော်ဖို့ ၉ ကြိမ်တိတိ စာတင်ခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့တာတွေကို စတင်တွေ့ခဲ့ရတယ်လို့ သူကဆက် ပြောပါတယ်။
ရွာသားတွေက တားဆီးကန့်ကွက်နေတဲ့ကြားက စီမံကိန်းကစတင်လာခဲ့လို့ ပဋိပက္ခတွေ ဖြစ်လာခဲ့ပြီး အာဏာပိုင်တွေ၊ ကုမ္ပဏီ တွေနဲ့ ဆွေးနွေးမှုတချို့မှာလည်း အဆင်မပြေမှုတွေနဲ့ ဒေသခံတွေအပေါ် မတရားလုပ်မှုတွေ ကြုံနေရတော့ ဒီအရေးမှာ ဆက်တိုက် ပါဝင်ခဲ့တော့တယ်လို့ သူက ဆိုပါတယ်။
“ပထမစတုန်းက လယ်သမားတွေ နစ်နာနေတာကို ဝင်ပြောပေးရုံလောက်ပဲလို့ စိတ်ကူးခဲ့တာ။ အဲဒီဆွေးနွေးပွဲမှာ မလှိမ့်တပတ် အ လုပ်ခံလိုက်ရပြီး နောက်မှာ ဆွေးနွေးမယ်ဆို အင်အားရှိမှ ရွာသားတွေကို ခေါင်းခေါက်၊ တံတွေးဆွတ်၊ အနိုင်ကျင့် မလုပ်တော့မှာ၊ ကိုယ့်ဘက်က အားရှိမှ တန်းတူရည်တူ ဆွေးနွေးမှုကိုရပြီး မျှတတဲ့ အဖြေကိုရမှာကို သိလာတယ်။ ကုမ္ပဏီတွေနဲ့ ပြည်သူတွေရဲ့ ပြဿနာတွေမှာ အုပ်ချုပ်ရေးဘက်က ကုမ္ပဏီတွေဘက်ကို ဘက်လိုက်တယ်၊ အားကိုးလို့မရဘူးဆိုတာ သိလိုက်တယ်”လို့ သူက ဆို ပါတယ်။
ကိုဟန်ဝင်းအောင်ဟာ လက်ပံတောင်းမှာပဲ စတည်းချပြီးတော့ ဆက်တိုက် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ကိုဝေဠုအဖမ်းခံရတာ၊ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာတာ၊ ဝက်မှေးရွာက မသွဲ့သွဲ့ဝင်း၊ မအေးနက်၊ မဖြူဖြူဝင်းတို့ အဖမ်းခံရတာ၊ ကိုဟန်ဝင်းအောင် ကိုယ်တိုင်လည်း မုံရွာ၊ လက်ပံတောင်း တခွင်မှာ ဖမ်းဝရမ်း အထုတ်ခံရလို့ ရွာထဲက ရွာအပြင်ထွက် မရတာတွေ ဆက်တိုက်ဖြစ်ပျက် ခဲ့ပါတယ်။
အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးဖို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေ ညှိနှိုင်းသဘောတူခဲ့ပြီး ပြန်လွှတ် ပေးလိုက်ပေမယ့် သူ့ကို ဆည်တည်းရွာကနေ ရန်ကုန်ပြန်ဖို့၊ မပြန်ရင် ဒီရွာကို ၄၈ နာရီအတွင်း စစ်တပ်လွှတ်မယ်လို့ ဆွေးနွေးပွဲက ပြန်လာကြသူတွေရဲ့ ပြောဆိုချက်တွေကြောင့် သူဟာ လက်ပံတောင်း ဒေသကနေ ရန်ကုန်ကို ပြန်ဆုတ်ခဲ့ရတယ်။
“ကျနော်တို့လိုချင်တာက တော်လှန်ရေး၊ နိုင်ငံရေးရဲ့ အခြေခံအကျဆုံးက ကျောမွဲလူတန်းစား၊ သူတို့သာ အဆုံးအဖြတ် အပေးနိုင် ဆုံးသူတွေ။ သူတို့အခန်းကဏ္ဍမပါဘဲ ဖြစ်တဲ့ဖြစ်ပွားမှုတွေဟာ အနှစ်သာရကင်းမဲ့တဲ့ အပေါ်ယံတွေပဲလို့ လက်ခံထားတယ်။ အဲဒီ အတွက် လက်ပံတောင်းမှာ ပြည်သူ့ညီလာခံဖြစ်အောင် ၂၀၁၂ ခုနှစ် အောက်တိုဘာမှာ ကျနော်စီစဉ်လုပ်ခဲ့တယ်”လို့ ကိုဟန်ဝင်း အောင် က ပြန်ပြောပြတယ်။
လက်ပံတောင်းကနေ သူပြန်ခွာခဲ့ရပေမယ့် ရန်ကုန်မှာလည်း လက်ပံတောင်းအရေးနဲ့ ဆန္ဒပြပွဲတွေလုပ်ခဲ့တာကြောင့် သူဟာရန်ကုန် မှာလည်း ဖမ်းဝရမ်းအထုတ်ခံလိုက်ရပြီး ဝရမ်းပြေးတဦး ပြန်ဖြစ်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ပြည်သူ့ညီလာခံလုပ်ပြီး နောက်ပိုင်းမှာ လက်ပံတောင်း အရေးဟာ လယ်ယာမြေအသိမ်းခံရတာတင်မကဘဲ ၂ နိုင်ငံ စာချုပ်စာတမ်းကိစ္စတွေ၊ ပွင့်လင်းမြင်သာမှု မရှိတာ တွေ၊ စီမံကိန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေပါ သိလာပြီး အမြင်ကျယ်ခဲ့ရတယ်လို့ သူကဆက်ပြောပြ တယ်။
“စဝင်လုပ်တုန်းက လယ်သမားတွေ မြေသိမ်းခံရတာကို ထိုက်တန်တာရရင်ပြီးပြီ။ ညီလာခံပြီးတော့မှ သိလိုက်တာက သီလဝါမြေ သိမ်းမှုတွေက မြေသိမ်း၊ တိုက်ဆောက် ဒီလောက်ပဲ။ ဟိုမှာက တောင်ကိုပါဖြိုမှာ။ တောင် ၃၃ လုံးစလုံးကိုဖြိုမှာ”လို့ သူက ဆိုပါတယ်။
သူဟာ လက်ပံတောင်းကိုလည်း သွားလို့မရ၊ ရန်ကုန်မှာလည်း ဖမ်းဝရမ်းကြောင့် ရှောင်နေရချိန်မှာ လက်ပံတောင်းမှာ သပိတ်စခန်း ကို ရဲတပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွဲ၊ သပိတ်စခန်းမီးလောင်၊ သံဃာတော်တွေ မီးလောင်ဒဏ်ရာရနဲ့ လက်ပံတောင်း အရေးဟာ နိုင်ငံတကာအထိ ပျံ့နှံ့ခဲ့ပါတယ်။ နောက်တော့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ ခန့် စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး လက်ပံတောင်း စီမံကိန်းတခုလုံးကို စုံစမ်းစစ်ဆေးခဲ့တယ်။
အဲဒီအချိန်မှာ သူဟာ လက်ပံတောင်းဒေသကို တိတ်တဆိတ်ပြန်ဝင်ပြီးတော့ အစီရင်ခံစာ မထွက်ခင်ကတည်းက သပိတ်စခန်းပြန်ဖွင့်တဲ့ ဒေသခံတွေကို ဦးဆောင်လှုံ့ဆော်သူတဦးအဖြစ် ဆက်လုပ်နေခဲ့ပါတယ်။ အစီရင်ခံစာ ထွက်လာပြီးတဲ့အချိန် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် လက်ပံတောင်းဒေသကိုသွားတဲ့အခါမှာ လက်ပံတောင်း အမာခံရွားသားတွေနဲ့ ပဋိပက္ခ ဖြစ်ကြပါသေးတယ်။
အစီရင်ခံစာ ထွက်လာတဲ့အခါ မီးလောင်ဗုံးလို့ ဒေသခံတွေယုံကြည်နေတာကို မီးခိုးဗုံးလို့ ထုတ်ပြန်တာ၊ ဒေသခံရွာတွေကို ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန်တာ၊ စီမံကိန်းကို ဆက်လုပ်ဖို့ ပြောဆိုတာတွေကြောင့် ဒေသခံလူထုကြားမှာ မကျေနပ်မှုတွေကိန်း
အောင်း နေခဲ့ပြီး မတ်လ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်က တုံရွာကိုလာချိန်မှာ တုံရွာထဲက အထက်တန်းကျောင်းမှာ
ဒေါ်အောင်ဆန်းစုကြည်လာရင် ဟောပြောဖို့ ကြိုတင်စီစဉ်ထားတဲ့ အထိတောင်မရောက်တော့ဘဲ ရွာထိပ်က သပိတ်စခန်းမှာတင် ဒေသခံပြည်သူတွေနဲ့ ပဋိပက္ခဖြစ်ပါတော့တယ်။
“အဲဒီဖြစ်စဉ်တလျှောက်လုံးမှာ ကျနော်က အခင်းဖြစ်တဲ့နေရာတွေမှာ ရှိမနေခဲ့ဘူး။ ရွာသားတွေက သူ့မြေကို သူပြန်လိုချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံစာအတိုင်းပြောတယ်။ ဒေါ်စုပြန်သွားပြီးတော့ ကျနော်လည်း လက်ပံတောင်းမှာ ၄ ကြိမ်မြောက် ထပ်တရားစွဲခံရတယ်”လို့ ကိုဟန်ဝင်းအောင်က ပြန်ရှင်းပြတယ်။
သူဟာ ငယ်စဉ်ကတည်းက ကစားခုန်စားလည်း စိတ်မဝင်စား၊ သူများကလေးတွေလို စွန်လွှတ်၊ ဂျင်ပေါက်၊ ဂေါ်လီရိုက်တာတွေ တခုမှ မလုပ်တတ်ခဲ့သလို လူအများကြားမှာ ကြာကြာနေလေ့မရှိတဲ့သူဟာ အခုလို အစိုးရရဲ့ အဖမ်းချင်ဆုံး တက်ကြွလှုပ်ရှားသူ တဦး ဖြစ်လာခဲ့တဲ့ဘဝကိုတော့ ကျေနပ်မိတယ်လို့ သူက ဆိုပါတယ်။
မိမိရဲ့ ကိုယ်ပိုင် သဘောသဘာဝအရ တစ်ဦးတည်း အေးဆေးစွာ နေတတ်ခဲ့သူဖြစ်သော်လည်း အသက် ၁၇ နှစ်ကျော်ကတည်း က လူငယ်သဘာ၀ ပျော်ရွှင်ရမယ့် အချိန်မရှိခဲ့ပါဘူး။ ထောင်ချခံရပြီးနောက်ပိုင်း လူတွေကိုတရားဟော၊ လှုံ့ဆော်၊ ရှေ့ဆုံးကနေ လုံ ထိန်း တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ အသားကျလာပြီးဖြစ်လို့ အခုအချိန်မှာတော့ ဒီလိုဆောင်ရွက်မှုတွေကို မစွန့်လွှတ်နိုင်၊ နောက် မဆုတ်နိုင်တော့ဘူးလို့ သူက ဆက်ပြောတယ်။
“ကျနော်က တီဘီကို ဆေးယဉ်ပါးတဲ့ ဒုတိယအဆင့်ထိဖြစ်ခဲ့လို့ တချို့က သေတော့မယ့်လူတယောက်မို့ မိုက်ရူးရဲဆန် ဆန်၊ စွတ် တိုးနေတဲ့လူတယောက်တဲ့။ သူတို့ပြောတာအားလုံးမမှန်ပါဘူး။ မှန်တာက ကျနော်ဟာ သိပ်အကြာကြီး အသက်ရှည်မယ့် လူ တယောက်လို့ မယုံကြည်ဘူး။ အခုလည်း ကျနော့်နှလုံးခုန်နှုန်းက သာမန်ထက်မြန်နေပြီ။ အဆုတ်ကလည်း အောင့်နေတယ်။ မမှန် တာက ကျနော်ဟာ မိုက်ရူးရဲနေတာမဟုတ်ဘူး။ အသက်သိပ်မရှည်ဘူးလို့ ယုံတဲ့အတွက် တခြားဟာတွေကို အာရုံ မဖြန့်တော့ဘဲ လုပ်စရာရှိတာကို တနေရာတည်းမှာ အာရုံစိုက်ပြီး လုပ်ခဲ့တာ”လို့လည်း သူက ဆိုပါတယ်။
အခုဆိုရင် လက်ပံတောင်းအရေးမှာ လူမသိ၊ သူမသိ ဂုတ်သွေးအစုပ်ခံနေရတဲ့ကိစ္စကို ကမ္ဘာသိအောင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို သူခိုးဈေးသာသာနဲ့ လုပ်မရဘူးဆိုတဲ့အချက်ကို မညှာမတာ စီးပွားရေး ရင်းနှီးမြှုပ်နှံချင်သူတွေ တွန့်ဆုတ်သွားစေနိုင်ခဲ့တာကြောင့် လက်ပံတောင်းအရေးဟာ ရာခိုင်နှုန်းပြည့်လို့မဆိုပေမယ့် ကိုယ်လုပ်လိုက်လို့ အကျိုးသက်ရောက်မှု အပေါ်ကြည့် မယ် ဆိုရင် ဒေသခံတွေနဲ့ မိမိတို့ မရှုံးဘူးလို့ ကိုဟန်ဝင်းအောင်က ပြောပြတယ်။
ဒီနေ့အချိန်အထိ လက်ပံတောင်းစီမံကိန်းနဲ့ ဒေသခံတွေရဲ့ ပဋိပက္ခက ပြေငြိမ်းမှုမရှိသေးသလို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ ဒေသခံ တွေနေတဲ့ ရွာထဲအထိခြံစည်းရိုးတွေ ဝင်ခတ်တာကြောင့် ပဋိပက္ခ ထပ်မံဖြစ်ခဲ့ရပြီး မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်း သေနတ် ထိမှန် သေဆုံးခဲ့ပါတယ်။
ဒေါ်ခင်ဝင်းသေဆုံးပြီး အစိုးရပိုင်းက အမှုဖွင့်ခွင့် ပေးခဲ့ပေမယ့်လည်း ဒီနေ့အထိ ဘယ်သူ့လက်ချက်လဲဆိုတာ လက်သည်မပေါ်သေး ပါဘူး။ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ခဲ့ပေမယ့် လူတယောက်သေဆုံးခဲ့တဲ့အထိ ဖြစ်ရပ်အပေါ်မှာ ဒေသခံလူထုရဲ့ စိတ်ကျေနပ်လောက်တဲ့အထိ အရေးယူ၊ အပြစ်ပေးမှုတွေ မရှိသေးပါဘူး။
လက်ပံတောင်းအရေးကို အမှန်တကယ် ပြေလည်စေချင်တယ်ဆိုရင် လက်ပံတောင်း အစီရင်ခံစာပါ အချက်များအတိုင်း အစိုးရနဲ့ ကုမ္ပဏီတွေဘက်က တာဝန်ခံ တို့က တာဝန်ယူဖြေရှင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ကိုဟန်ဝင်းအောင်က သုံးသပ်ပါတယ်။
အစီရင်ခံစာမှာ မြေအစားထိုးပေးမယ်ဆိုပေမယ့် အကောင်အထည်မဖော်သေးသလို ပျက်ကွက်မှုတွေကိုလည်း ပျက်ကွက်ကြောင်း အစိုးရနဲ့ အစီရင်ခံစာပြုစုသူတွေဘက်က ထောက်ပြဖို့ မတွေ့ရသေးတာကြောင့် ဒေသခံလူထုဘက်က အမှားတွေမရှိသေးဘူး၊ ပျက်ကွက်သူတွေရဲ့ အမှားတွေကြောင့်သာ အခုထိ မငြိမ်းသေးတဲ့မီးဖြစ်နေသေးတာလို့လည်း သူက ဆက်ပြောတယ်။
“အားလုံးရဲ့ ထွက်ပေါက်က တခုတည်း ရှိတယ်။ လူသားတယောက်ချင်းစီရဲ့ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်လေးစားရင် ကိုယ် ပြော ခဲ့တဲ့ စကား၊ ကိုယ့်အလုပ်တိုင်းကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်။ ကျနော်စိန်ခေါ်တယ်။ အစီရင်ခံစာကအချက်တွေကို အတိအကျလိုက်နာပါမယ်ဆိုရင်၊ စောင့်ကြည့်လုပ်ပေးပါ့မယ်ဆိုရင် ကျနော်နောက်တနေ့ သွားအဖမ်းခံမယ်။ ဆန္ဒပြပွဲတွေ တခုမှမရှိစေရဘူး။ ကျနော်က ကြောက်တဲ့သူကို မကြောက်အောင်၊ မတော်လှန်ရဲတဲ့ သူကို တော်လှန် ရဲအောင် သွေးထိုးလှုံ့ဆော်နေတဲ့သူ။ ကျနော် တာဝန် ယူရဲတယ်”လို့ ကိုဟန်ဝင်းအောင်က ပြောဆိုလိုက်ပါတယ်။ ။