ရန်ကုန်မြို့တွင် မွေးပြီး ရန်ကုန်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ တဦးအနေဖြင့် မြို့တော်ဟောင်း၏ အပြောင်း အလဲ အမြောက်အမြားကို ဦးမော်လင်း မြင်တွေ့ခဲ့ဖူးပါသည်။ ရန်ကုန်မြို့လယ်၏ အချက်အချာ ဖြစ်သော ဆူးလေဘုရားကို လှမ်း မြင်နေရသည့် တိုက်ခန်းတွင် သူ ကြီးပြင်းခဲ့သည်။ လမ်းတဖက်ရှိ မဟာဗန္ဓုလ ပန်းခြံ အတွင်းတွင် သူငယ်ငယ်က ဘောလုံး ကစားဖူးသည်။
သူနှင့် သူ့သူငယ်ချင်းများ ရန်ကုန် အနောက်ပိုင်းရှိ တရုတ်တန်းသို့ ဆူးလေမှ လမ်းလျှောက်သွားပြီး ခေါက်ဆွဲ စားကြသည်။ လက်ဖက်ရည် သောက်ဖို့ အတွက် ရန်ကုန်အရှေ့ပိုင်းသို့ ကျယ်ပြန့်သော ပလက်ဖောင်းများ ပေါ်ကနေ အေးအေးလူလူ လျှောက်သွားကြသည်။ ဒါတွေက သူ၏ လူငယ်ဘဝမှာ အမှတ်တရဖြစ်စရာ အကောင်းဆုံး အတွေ့အကြုံ တွေထဲက တချို့ဖြစ်သည်။
သို့သော်လည်း အသက် ၅၆ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ရန်ကုန်အခြေစိုက် ဗိသုကာ ပညာရှင် တယောက် ဖြစ်သော ဦးမော်လင်း အတွက် အဆိုပါ နေ့ရက်များသည် ယခုအချိန်တွင် အလှမ်းဝေးခဲ့ပြီ ဖြစ်သည်။ စည်းကမ်း ဥပဒေပိုင်းတွင် အားနည်းချက်များ ရှိနေသည့် မြို့ပြ အကောင်ထည်ဖော် ဆောင်ရွက်မှုများက သူမွေးဖွားခဲ့ရာ ရန်ကုန်မြို့ကို ခြိမ်းခြောက်နေသည်ဟု ဦးမော်လင်းက ပြောသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ဖြစ်သည်။
“အဲဒီလို ငယ်ငယ်က လမ်းလျှောက်ခဲ့တာမျိုး လျှောက်နိုင်ဖို့ အခုအချိန်မှာ စိတ်ကူးကြည့်လို့တောင် မရတော့ဘူး။ မြို့က အများကြီး ပြောင်းလဲ သွားပြီ။ ဒီနေ့ ရန်ကုန်က မွန်းကျပ်နေတယ်” ဟု သူက ဆိုသည်။
မြို့ထဲ၌ ရှိသည့် သူ့ရုံးခန်း အပြင်ဘက်တွင် ရန်ကုန်၏ တချိန်ကထင်ရှားခဲ့သော ပလက်ဖောင်း ကျယ်များသည် အခုအချိန်တွင် လမ်းတွေ ပိတ်ဆို့အောင် အရေအတွက် များလာနေသည့် ကားများ အတွက် လမ်းပေးဖို့ ၃ ပုံ ၂ ပုံလောက် ကျဉ်းမြောင်း သွားခဲ့ရပြီ ဖြစ်သည်။ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ခရီးစဉ်အချိန် ကြာမြင့် လာသည့် အတွက် ယာဉ်မောင်းများဘက်က ဝေဖန်စောဒက တက်မှုများလည်း သိသိသာသာ များပြားလာသည်။
တချိန်က ပြည်သူ့ အခမ်းအနားများနှင့် ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သည့် ကျယ်ပြန့်သော အများပြည်သူနှင့် ဆိုင်သည့် နေရာများမှာလည်း ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး ဆိုသော ခေါင်းစဉ်အောက်တွင် ပျောက်ကွယ်နေပြီ ဖြစ်သည်။
ရန်ကုန်၏ တချို့မြို့နယ်များတွင် လူဦးရေ သိပ်သည်းမှုက ၁ ဟက်တာ (၂ ဒသမ ၅ ဧကခန့်) တွင် လူ ၁၀ဝ၀ ကျော် ဖြစ်နေသည်။ အဆိုပါနှုန်းထားသည် ကမ္ဘာပေါ်တွင် လူနေ အထူထပ်ဆုံးမြို့များတွင် တခု အပါအဝင်ဖြစ် သော ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒက္ကာမြို့၏ လူဦးရေသိပ်သည်းမှု နှုန်းထက် ၂ ဆနီးပါး ပိုများနေသည်။ ဒက္ကာမြို့တွင် လူဦးရေ သိပ်သည်းမှုက ၁ ဟက်တာတွင် ပျမ်းမျှ လူ ၅၅၅ ယောက်ဖြစ်သည်။
“တကယ်လို့ ဒီလိုပြဿနာတွေကို အခု မကိုင်တွယ်ဘူး ဆိုရင် ဖြေရှင်းဖို့ အလွန်ခက်ခဲ လာလိမ့်မယ်” ဟု ဦးမော်လင်းက ဆိုသည်။
စိုးရိမ်စရာများ
ဇန်နဝါရီလ အတွင်းက ရန်ကုန်မြို့တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ကြီး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို တုံ့ပြန်သည့် အနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် မြို့ပြ အမွေအနှစ်တို့၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် နိုင်ငံတကာ ဖိုရမ်တခု ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဖိုရမ်တွင် မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးသည် အစိုးရ၏ မူဝါဒ တရပ်အနေနှင့် ယခု အချိန်အထိ မရှိသေးကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြသည်။ သက်ဆိုင်ရာ အစိုးရဌာနများကြား ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း ဘေးကင်းလုံခြုံမှုမှသည် ဇုန်ခွဲခြား သတ်မှတ်ရေး၊ မြေအသုံးချမှု၊ မြို့ပြပုံစံ ဒီဇိုင်းနှင့် မြို့ပြတိုးတက်မှုဆိုင်ရာ အစီအစဉ် ဆောင်ရွက်မှုများ အထိ လမ်းညွှန်ကြပ်မတ် မှု မရှိခြင်းတို့နှင့် ပတ်သက်သည့် အကြောင်းအရာများ ဖိုရမ်တွင် ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဖိုရမ်တွင် ဆွေးနွေးထောက်ပြမှု များသည် ဦးမော်လင်း အပါအဝင် မြို့ပြ ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့တခုမှ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာ တစောင်တွင် တောင်းဆို ထားသည့် အချက်များနှင့် တူညီမှု ရှိပါသည်။ အိတ်ဖွင့်ပေးစာတွင် နည်းလမ်း မကျသည့် မြို့ပြ စီမံကိန်းများကို ထိန်းချုပ်ရေးနှင့် မြို့ပြစီမံကိန်းများကို စနစ်တကျ ထိန်းကျောင်းမှု ကင်းမဲ့နေခြင်းကို အလျင်အမြန် အရေးယူ ဆောင်ရွက်ရန် ၎င်းတို့က မေတ္တာ ရပ်ခံခဲ့သည်။
ထိန်းကျောင်းမှုများ အင်အား ကောင်းစေရန် ကျွမ်းကျင်သူများက ဆောက်လုပ်ရေး လုပ်ငန်းခွင် ဘေးကင်းလုံခြုံ မှုနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ အတွက် မြေအသုံးချမှု၊ အဆောက်အဦ အမြင့်များနှင့် ပတ်သက်၍ သင့်လျော်သော ကန့်သတ်မှုများ ချမှတ်ရန် မြန်မာနိုင်ငံ အဆောက်အဦဆိုင်ရာ ကိုဓဥပဒေ (Myanmar National Building Code) ပြဋ္ဌာန်းခြင်းနှင့် ဇုန် သတ်မှတ်သည့် အစီအစဉ် (Zoning Plan) များ ပြုလုပ်ရန် သမ္မတကို တိုက်တွန်းခဲ့ သည်။ မြန်မာနိုင်ငံ အဆောက်အဦဆိုင်ရာ ကိုဓဥပဒေနှင့် ဇုန်သတ်မှတ်သည့် အစီအစဉ် နှစ်ခုစလုံးသည် မူကြမ်း အဆင့်တွင်သာ ရှိနေသေးသည်မှာ ၁ နှစ် ကျော်ခဲ့ပြီ ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အကြံပေးပုဂ္ဂိုလ် တဦးဖြစ်သော ဒေါက်တာ ကျော်လတ်က ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသည် အဆောက်အဦ သိပ်သည်းမှုကို ထိန်းချုပ်ရေး အတွက် အလွန် အရေးကြီးသည် ဟု ပြောသည်။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု ကိုလည်း သူက တောင်းဆိုခဲ့သည်။
“မြို့တော်စည်ပင်နဲ့ အလုပ်လုပ်နေတယ် ဆိုပေမယ့် ကျနော်ပေးတဲ့ အကြံဉာဏ်တွေကို သူတို့ သဘော မကျရင် ပယ်ချနိုင်တယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က မြို့တော်စည်ပင်ရဲ့ အထက်မှာ ရှိတယ်။ သူက အားလုံးကို ဆုံးဖြတ်တယ်။ အခုအချိန်အထိ နယ်မြေသတ်မှတ်ရေး အစီအစဉ်ကို ရန်ကုန်တိုင်း အစိုးရက အသိအမှတ် မပြုသေးဘူး” ဟု ဒေါက်တာ ကျော်လတ်က ပြောသည်။
မြို့ပြစီမံကိန်း ဥပဒေများ မပြဋ္ဌာန်းနိုင်သေးခြင်း ကြောင့် မြို့တော်၏ အမွေအနှစ်များကို ကာကွယ်ရန် အားထုတ်မှုများကို ထိခိုက်နစ်နာစေပြီး အဆောက်အဦ ဆောက်လုပ်မှုများကို ထိန်းချုပ် ရာတွင်လည်း မသေချာ မရေရာမှုများ ဖြစ်စေခဲ့သည်။
အထင်ရှားဆုံး ဥပမာတခုမှာ ရွှေတိဂုံစေတီတော်အနီးမှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည့် ဖွံ့ဖြိုးရေး စီမံကိန်း ဖြစ်သည်။ ရွှေတိဂုံဘုရား၏ ပတ်လည် ၁ မိုင် အတွင်း အဆောက်အဦ များသည် အမြင့် ၆၂ ပေထက် မကျော်စေရန် ကန့် သတ်ထားမှုများ ရှိသော်လည်း ထိုကန့်သတ်အမြင့် ထက်ပိုသည့် အဆောက်အဦများ ပါဝင်သော အဆိုပါ စီမံကိန်း အဆိုပြုလွှာကို အစိုးရက ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။
“ရန်ကုန်မြို့ရဲ့ အမွေအနှစ်တွေကို ကာကွယ် ထိန်းသိမ်းတဲ့ နေရာမှာ ရွှေတိဂုံစေတီနဲ့ စေတီတော် မြင်ကွင်းကို ကာကွယ်တာထက် ပိုပြီးတော့ အရေးကြီးတာ ရှိမယ်လို့ ကျနော် မထင်ပါဘူး” ဟု Yangon Heritage Trust (YHT) ကို တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။ Yangon Heritage Trust သည် ရန်ကုန်မြို့ ၏ ဗိသုကာ အမွေအနှစ်များ ကာကွယ်ရေးနှင့် အမွေအနှစ် ကာကွယ်ထိန်းသိမ်းသည့် မူဝါဒများ ပေါ်ပေါက် လာရေး ဆောင်ရွက်နေသည့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းတခု ဖြစ်သည်။
“ဒီနေရာဟာ မကြာမီမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာတခု ဖြစ်လာတော့မှာ သံသယရှိစရာ မလိုပါဘူး။ ရွှေတိဂုံ စေတီတော် တဝိုက်ကို မှန်ကန်တဲ့ ဖွံ့ဖြိုးရေးတွေ လုပ်ပေးခြင်း အားဖြင့် အနာဂတ်မှာ နိုင်ငံခြား ဧည့်သည်တွေ ဆီက ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရရှိအောင် အထောက်အကူ ပေးပါလိမ့်မယ်။ မလုပ်သင့်တာတွေ လုပ်မိမယ် ဆိုရင်တော့ အဲဒီအခွင့်အရေးတွေ အကုန်ဆုံးရှုံး သွားပါလိမ့်မယ်” ဟု သူက ပြောသည်။
ချက်ချင်းလက်ငင်း လုပ်ဆောင်ဖို့ လိုပြီ
၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Yangon Heritage Trust သည် ရန်ကုန်မြို့လယ်ရှိ ၁၉၆၀ မတိုင်မီက အဆောက်အဦများကို ဖြိုဖျက်ခြင်း မပြုရန် တောင်းဆိုလှုပ်ရှားနေပြီး တခြားသော မသင့်လျော်သည့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ရပ်တန့် ပေးရေး လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် အစိုးရက တောင်းဆိုသည့် အတွက် မြို့တော်၏ အမွေအနှစ်များကို ကာကွယ်ရာတွင် အထောက်အကူဖြစ်စေမည့် မြို့ပြ ထိန်းသိမ်း ကာကွယ်ရေး ဥပဒေကြမ်းတခုကို YHT က ရေးဆွဲပေးခဲ့သည်။
ယခု ၂ နှစ်ကြာခဲ့သည့်တိုင် ဥပဒေက မူကြမ်း အဆင့်မှာသာ ရှိနေသေးသည်။ သို့သော် ယခုအချိန်တွင် အစိုးရက အကြောင်းအရာ တခုချင်းအလိုက် ဆုံးဖြတ်မှုများ ပြုလုပ်နေသည်ဟု ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။
“ရှင်းလင်းသေချာတဲ့ ဥပဒေမူဘောင်တွေက ဘာတွေ ခွင့်ပြုထားတယ်၊ ဘယ်လို လုပ်ငန်းစဉ်တွေ အတိုင်း လိုက်နာ ဆောင်ရွက်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေတဲ့ အတွက် အဲဒီလို ဥပဒေမျိုး ရှိရင် စီးပွားရေး အတွက်ရော ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်ပါ အကောင်းဆုံးဖြစ်မယ် လို့ ကျနော် ယုံကြည်ပါတယ်” ဟု သူက ဆိုသည်။
မြို့တော်စည်ပင်မှ မြို့ပြစီမံကိန်းဌာန ဌာနမှူး ဦးတိုးအောင်က ဥပဒေကြမ်း အကောင်အထည် ဖော်ရာတွင် အချိန်ယူ ရသည်ဟု ပြောဆိုခဲ့သည်။ သက်ဆိုင်သော အဖွဲ့အစည်း အသီးသီးမှ ကွဲပြားခြားနားသည့် အမြင် သဘောထားများ ရယူရန် လိုအပ်သည့်အတွက် ဇုန်သတ်မှတ်ခြင်း ဥပဒေအတည်ပြု ပြဋ္ဌာန်းရန် နှောင့်နှေးခဲ့ရသည် ဟု သူက ပြောသည်။
“ဥပဒေတခုဟာ တည်ဆဲ ဥပဒေမူဘောင်တွေနဲ့ လျော်ညီရပါမယ်။ ပိုမိုအားကောင်း လာအောင် ပြုလုပ်ဖို့ အတွက် ထောင့်တိုင်းကနေပြီး ပြန်လည် သုံးသပ်ရပါမယ်။ တကယ်လို့ တဖက်သတ် ဖြစ်နေမယ် ဆိုရင် အဆင် မပြေပါဘူး” ဟု ဦးတိုးအောင်က ဆိုသည်။
မြို့ပြ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် အမွေအနှစ်များ ကာကွယ်ရေး အပြင် ရန်ကုန်မြို့ရှိ ဟောင်းနွမ်းအိုမင်း နေသည့် အခြေခံ အဆောက်အဦများကို ပြင်ဆင် ထိန်းသိမ်းရေးကလည်း အရေးတကြီး လိုအပ်နေသည်။
“အားလုံးက ပြန်လည် ပြင်ဆင်မွမ်းမံဖို့ လိုအပ်နေပါတယ်။ ရေပေးဝေမှု စနစ်၊ လမ်းကွန်ရက် အစရှိသဖြင့် ပါ။ ရေပိုက်တွေက ပျက်စီးယိုယွင်းနေတယ်။ ရေပိုက်တွေ အားလုံးကို လဲပစ်ရမယ်” ဟု ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း (Great Yangon Strategic Urban Development Plan) မှ အကြံပေးတဦး ဖြစ်သော ဆူဇူကီးမာဆာဟီကို (Suzuki Masahiko) က ပြောသည်။ အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့ကို ၂၀၄၀ ခုနှစ်တွင် ပိုမိုနေပျော်သည့် မြို့တမြို့ ဖြစ်လာစေရန် လိုအပ်သည့် အခြေခံ အဆောက်အဦနှင့် ဆိုင်သော မဟာစီမံကိန်းတခု ဖြစ်သည်။
ယနေ့ အချိန်အထိ ၂၀၁၃ ခုနှစ်တွင် JICA က တင်ပြခဲ့သော ကျယ်ပြန့်သည့် အစီအစဉ်ကို မြန်မာအစိုးရ၏ အကောင်အထည် ဖော်မှုက ၁၀ ရာခိုင်နှုန်း ပင်မရှိဟု ဆူဇူကီးမာဆာဟီကိုက ပြောသည်။ အဆိုပါ အစီအစဉ်က ရေပေးဝေမှု စနစ်တခု၊ ယာဉ်ကြော အချက်ပြမှု စနစ်အတွက် စမ်းသပ်စီမံကိန်းများနှင့် Bus Rapid Transit (BRT) စနစ် တခုကဲ့သို့သော စတင် လုပ်ဆောင်သင့်သည့် အချက်များကို အကြံပြုခဲ့သည်။
သို့ရာတွင် အစိုးရ၏ ရေတိုအကျိုး ရလဒ် အပေါ်၌သာ အာရုံစိုက် လုပ်ဆောင်နေသည့် အချက်က စိုးရိမ်စရာ တခု ဖြစ်နေပြန်သည်။
“သူတို့က BRT ပုံစံ အသေးစိတ် တင်ဖို့ ပြောပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းကို ၁ နှစ်အတွင်း စလုပ်ခိုင်း တယ်။ ဘဏ္ဍာရေး၊ ဒီဇိုင်းပုံစံနဲ့ ဆောက်လုပ်ရေး ကိစ္စတွေပါ ထည့်စဉ်းစားရင် အဲဒါက ကျနော်တို့ အတွက် လုံးဝကို မဖြစ်နိုင်ဘူး” ဟု ဆူဇူကီးမာဆာဟီကိုက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယာဉ်ကြောပိတ်ဆို့မှု ကဲ့သို့သော ပြဿနာများကို လမ်းပေါ်တွင် ကွန်ကရစ်တုံးများ ချထားပြီး ခရီးသည်တင် ကားများနှင့် ကိုယ်ပိုင်ယာဉ်များကို သီးခြား သွားလာစေခြင်း ကဲ့သို့သော ဆေးမြီးတိုများဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိပါ။
“ဒီနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ပြုလုပ်မှာ ဖြစ်တဲ့အတွက် ဗဟိုနဲ့ ပြည်နယ်တိုင်း အစိုးရတွေက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို တုံ့ပြန်ဆောင် ရွက်ပေးနိုင်ဖို့ အလျင်စလို ဖြစ်နေကြတယ်” ဟု ဆူဇူကီးမာဆာဟီကိုက အစိုးရ အနေနှင့် အလောသုံးဆယ် ဖြစ်နေရသည့်နှင့် ပတ်သက်ပြီး သူ့အမြင်ကို ပြောသည်။
ရန်ကုန်မြို့ အတွက် စိန်ခေါ်မှုတွေက အလွန်များပါသည်။ လုပ်ကိုင်ရမည့် အလုပ်များက လွယ်ကူမည်ဟု မည်သူမျှ မယူဆပါ။ ထို့အတူ အလျင်စလို အကောင်အထည် ဖော်သင့်သည် ဟုလည်း ယုံကြည်သူ ရှိမည် မဟုတ်ပါ။ သို့သော်လည်း အလျင်အမြန် လုပ်ဆောင်ရမည့် ကိစ္စတချို့ ရှိနေကြောင်း ကတော့ ထင်ရှားပါသည်။ ဇုန်ခွဲခြား သတ်မှတ်ရေး ဥပဒေ ပြဋ္ဌာန်းပေးရန် နှောင့်နှေးနေခြင်းက မြို့တော်၏ အဖိုးမဖြတ်နိုင်သော အမွေအနှစ်များကို အမှန်တကယ် ဆုံးရှုံးပျက်စီး သွားစေလိမ့်မည်။
အာရှမှ ကြီးကျယ်သော သမိုင်းကြောင်းရှိသည့် မြို့များထဲတွင် တခုအပါအဝင်ဖြစ်သော ရန်ကုန်မြို့တွင် မြို့ခံများ၊ ဧည့်သည်များနှင့် စီးပွားရေး လုပ်ငန်းများအတွက် အနာဂတ်တွင် ကြီးမားသော အလားအလာကောင်း များ ရှိနေပါသည်။ ရန်ကုန် အနေဖြင့် ထို အခွင့်အလမ်းများ ဆုံးရှုံးသွားနိုင်သလို တခြားနိုင်ငံများမှ အသက်ရှု ကြပ်စရာ မြို့တော်များ ကဲ့သို့လည်း ဖြစ်လာနိုင်ပါသည်။ မည်သို့ဖြစ်လာလေမည်နည်း။
(၂၀၁၅ ခုနှစ် မတ်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာ၏ “Saving Yangon: Heritage on the Line” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြခြင်း ဖြစ်ပါသည်။)