ပြိုင်ဘက်ရဲ့ နောက်ပြန်ကန်ချက်ကြောင့် အရုပ်ကြိုးပြတ် လဲကျသွားတယ်။ ရန်ကုန် မျှော်စင်ကျွန်းအတွင်းက ရိုးရာလက်ဝှေ့ ပရိ သတ် တွေရဲ့ ဆူညံစွာ အော်ဟစ်အားပေးသံတွေလည်း ရုတ်ချည်းဆိုသလို အနည်းငယ်ငြိမ်သက်သွားခဲ့တယ်။
တတိယအချီ ၁၀ စက္ကန့်လောက်မှာ အမေရိကန် လက်ဝှေ့သမား ဆိုင်းရပ်စ် ရဲ့ ရုတ်တရက် နောက်ပြန်ကန်ချက်က ထွန်းထွန်းမင်း လည်ပင်းကိုထိပြီး အရုပ်ကြိုးပြတ် လဲကျသွားတာ ဖြစ်ပါတယ်။
ဆိုင်းရပ်စ် ရဲ့ အားပါတဲ့ နောက်ပြန်ကန်ချက် လည်ပင်းကိုထိပြီး သတိပြန်မလည်တော့လို့ စင်ပေါ်မှာ ခေတ္တ ဆေးကုသမှုခံယူပြီး နောက် သူအရှုံးပေးခဲ့ရတယ်။ ချက်ကောင်းထိမှန်သွားတဲ့အတွက် သူ့ကိုစင်အောက် ကူညီတွဲလျှောက်ပေးနေသူတွေကိုတောင် ဘယ်သူဘယ်ဝါမှန်း မသိအောင် သူမျောနေခဲ့ရတယ်။
“ဒီကောင်က ကျနော့်အောက်ပိုင်းကိုပဲ ကန်တယ်။ လူကမခံနိုင်တော့ နောက်တခေါက် ခါးအောက်ပိုင်းထိမှာ ကြောက်လို့ရှောင် လိုက်တာ အပေါ်ကိုထိသွားတယ်”လို့ ထွန်းထွန်းမင်းက အသံဝဲဝဲနဲ့ ပြောပြပါတယ်။
လက်ဝှေ့ သက်တမ်းတလျှောက် အနိုင်နဲ့ သရေရလဒ်တွေသာ ပိုင်ဆိုင်ထားပြီး ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ ထွန်းထွန်းမင်းအတွက် အရှုံးဆိုတဲ့ ခါးသီးလှတဲ့ အတွေ့အကြုံသစ်ကို ပထမဆုံးအကြိမ် နဖူးတွေ့ ဒူးတွေ့ မြည်းစမ်းခဲ့ရတာလည်း ဖြစ်ပါတယ်။
“မှတ်မှတ်ရရ ပြီးခဲ့တဲ့ ၃ နှစ်လောက်က အင်တာဗျူးတခုမှာ၊ စင်ပေါ်မှာ မေ့သွား၊ မျောသွား၊ ကျိုးသွားမှပဲ အဲဒီပုံနဲ့ ငါရှုံးချင်တယ်။ နည်းနည်းလေးနာပြီးတော့ စင်ပေါ်က ဆင်းသွားရမှာကို ရှက်တယ်လို့ ပြောခဲ့တာ”လို့ သူက ပြန်ပြောပြပါသေးတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၉ ရက်က မြန်မာပြည် လက်ဝှေ့ချန်ပီယံ စောငမန်းကို အလဲထိုးအနိုင်ယူပြီး ချန်ပီယံသစ်ဖြစ်လာတဲ့ ထွန်းထွန်းမင်းဟာ စောငမန်းနဲ့ ပြိုင်ပွဲအပြီး ရက်ပေါင်း ၇၇ ရက်အကြာ မွေထိုင်း လက်ဝှေ့သမား ဆိုင်းရပ်စ်ကို အလဲထိုးနဲ့ အရေးနိမ့်ခဲ့ရ တာ ဖြစ်ပါတယ်။
ဆိုင်းရပ်စ်က သူ့ထက်အရပ်ပိုမြင့်ပြီး ဝိတ်တန်းလည်း ပိုများလို့ ယှဉ်ပြိုင် ထိုးသတ်ရာမှာ အခက်အခဲတချို့ရှိခဲ့ကြောင်း၊ အလစ် အငိုက်မိပြီး လက်ဝှေ့လောကအခေါ် မတော်ကျည်ထိသွားတဲ့အတွက် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သူက ပွင့်ပွင့်လင်းလင်း ပြော ပါတယ်။
“ချန်ပီယံဖြစ်ပြီးမှ အလဲထိုးခံရတော့ ကိုယ့်စိတ်ထဲလည်း မကောင်းဘူးပေါ့။ ကိုယ်ဖြစ်သွားတော့ ကျန်တဲ့သူလည်း ဒီကောင့်ကိုပြန်ထိုးဖို့က အကောင်တွေ ကွာကြတာကို။ အဓိကက ဒီကောင့်ကို ငါပြန်ထိုးမယ်လို့ စိတ်ဓာတ်ပြန်မွေးထားတော့ ကိုယ့်စိတ်မှာပါ ပိုခံစားရတယ်”လို့လည်း သူက ဆိုတယ်။
သူဟာ ပြိုင်ဖက်ကို လွယ်လင့်တကူအရှုံးပေးရမှာကို အလွန်စိုးရိမ်တတ်ပြီး ဘက်တူရင် လူမရွေးဘူး ဆိုတဲ့စကားလို ဘက်မျှတဲ့ ဘယ်လို လက်ဝှေ့သမားနဲ့ မဆို အနည်းဆုံး သရေထိုးသတ်နိုင်ရမယ်လို့ အခိုင်အမာ သံန္နိဌာန် ချထားသူဖြစ်ပါတယ်။
ထွန်းထွန်းမင်းကို ရိုးရာလက်ဝှေ့သမား ဦးထွန်းဇော်နဲ့ တောင်သူ ဒေါ်အေးဝင်းတို့က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါကျေးရွာအုပ်စု ဖနုံကျေးရွာမှာ ၁၉၉၂ ခုနှစ်က မွေးဖွားခဲ့တာပါ။ မွေးချင်း ၆ ဦးအနက် ဒုတိယမြောက်သားဖြစ်ပြီး ပထမတန်း အထိပဲ ပညာ သင်ကြားခဲ့ရပါတယ်။
သူဟာ ကလေးဘဝ ကတည်းက နေအိမ်ခြံဝင်းအတွင်း ဖခင်ရဲ့ လေ့ကျင့်မှုတွေကို လေ့လာရင်း ရိုးရာလက်ဝှေ့နဲ့ အကျွမ်းတဝင် ရှိခဲ့တာပါ။ ရိုးရာလက်ဝှေ့ကို အရူးအမူးစိတ်ဝင်စားပြီး ဝါသနာကြီးလွန်းတဲ့ သူ့ကို လက်ဝှေ့သမားတဦးဖြစ်လာဖို့ မြေတောင်မြှောက် ပေး ခဲ့သူကလည်း သူ့ရဲ့လက်ဦးဆရာလည်းဖြစ် ဖခင်လည်းဖြစ်တဲ့ ဦးထွန်းဇော်ပါပဲ။ သူ့အသက် ၇ နှစ်အရွယ်မှာ ဖခင်က သဲအိတ် တလုံးဝယ်ပေးပြီး လက်ဝှေ့ပညာ စတင်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
တောက်မယ့် မီးခဲ တရဲရဲဆိုတဲ့ စကားအတိုင်း မူလတန်း ကျောင်းသားဘဝမှာပင် ရွာမှာကျင်းပတဲ့ မြေဝိုင်းပွဲတပွဲမှာ ဖခင်ရဲ့ ခွင့်ပြုချ က် နဲ့ စပြီး ဝင်ရောက် ထိုးသတ်ခဲ့ဖူးပါတယ်။
“ကျောင်းမှာရန်ဖြစ်ဖူးတဲ့ အတန်းထဲကကောင်နဲ့ လက်ဝှေ့ပွဲမှာ ဝင်ထိုးကြတာ။ အဲဒီပွဲမှာ ပထမအချီမှာပဲ သူနှာခေါင်းသွေးထွက်သွားလို့ ကျနော့်ကို အနိုင်ပေးလိုက်တယ်။ အဲဒီတုန်းက ကျနော်က ၃ တန်း။ အသက် ၉ နှစ်ပဲရှိသေးတယ်”လို့ ထွန်းထွန်းမင်းက ပြန်ပြော ပြပါတယ်။
ဆုကြေးငွေ ကျပ် ၂၀၀ သာရရှိခဲ့တဲ့ အဲဒီမြေဝိုင်းပွဲလေးဟာ သူ့ရဲ့ ပထမဦးဆုံး ရိုးရာလက်ဝှေ့ပွဲ အတွေ့အကြုံ ဖြစ်ပါတယ်။ ရွာမှာအရွယ်တူ ကလေးတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်ရင်း အောင်ပွဲအလီလီ ရရှိခဲ့တဲ့ ထွန်းထွန်းမင်းကို နောင်မှာ အရွယ်တူချင်း ထိုးသတ် မယ့်သူ မရှိတော့ပါဘူး။
“ရွယ်တူတွေဘက်မရှိတော့ အကောင်ကြီးတဲ့သူတွေနဲ့ ထိုးရတယ်။ ကျနော် ၁၄ နှစ်သားအရွယ်ကတောင် အသက် ၂၅ နှစ်လူနဲ့ ထိုး ဖူးတယ်။ ၃ ချီမှာ သူအနားတောင်းရတယ်။ သရေပွဲဖြစ်သွားပေမယ့် အဲဒီကနေ ကျနော်နာမည်စရတာ”လို့လည်း သူက ပြောပြပါသေးတယ်။
သူ ပဉ္စမတန်း အရောက်မှာပဲ စီးပွားရေးအခက်အခဲကြောင့် ကျောင်းကထွက်ပြီး မိဘတွေနဲ့အတူ လယ်ယာလုပ်ငန်းမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ရပါတယ်။ ကောက်စိုက်ရင်း နွားကျောင်းရင်းနဲ့ သူ့ရဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်။
သူလူပျိုပေါက်အရွယ် ၂၀၀၇ ခုနှစ်မှာတော့ မိသားစု စားဝတ်နေရေး အခက်အခဲကို တဖက်တလမ်းက ကူညီဖြေရှင်းဖို့ မွေးရပ်မြေ ကိုစွန့်ခွာပြီး ထိုင်းနိုင်ငံက အသီးအနှံစည်သွပ်ဘူး စက်ရုံတခုမှာ နေ့စားအလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်ခဲ့ရပါတယ်။
စက်ရုံပိုင်ရှင် ထိုင်းသူဌေးက ဝမ်းကွဲအစ်ကိုကတဆင့် သူ့ကို မွေ့ထိုင်းကလပ်တခုမှာ ဝင်ကစားပေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူကငြင်း ခဲ့တယ်လို့လည်း ပြောပြပါတယ်။
ထိုင်းမှာ အလုပ်လုပ်နေစဉ်ကာလအတွင်း လက်ဝှေ့လောကနဲ့ ကင်းကွာနေခဲ့ပါတယ်။ အဲဒီ စည်သွပ်ဘူးစက်ရုံမှာ ၂ နှစ်ကြာ လုပ် ကိုင်ခဲ့ပြီးနောက် မိသားစုရှိရာ ဖနုံရွာလေးကို သူ ပြန်လာခဲ့ပါတယ်။
သူ့ရွာမှာတော့ ခေတ်မီလေ့ကျင့်ရေး စက်ကိရိယာတွေ မရှိပါဘူး။ ခြံဝင်းထဲမှာရှိတဲ့ သရက်ပင်၊ မန်ကျည်းပင်တွေကို ကားတာယာ ပတ်ပြီး ခြေကန်ချက်တွေ လေ့ကျင့်ခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
“တမံသလင်းဆိုတာ မရှိဘူး။ ကျောက်ခဲကြားမှာ ကစားရတော့ ခြေထောက်တွေ ပဲ့ရွဲ့ကုန်တယ်။ နပန်းလုံးရင် ပြုတ်ကြ ပြန်ပြီ။ ဒူးတွေ ကွဲပြဲပြန်ပြီ။ ဘာစင်မှ မရှိဘူး”လို့လည်း သူက ဆိုပါတယ်။
အဲဒီနောက် လက်ဝှေ့ပညာ ဝမ်းစာဖြည့်တင်းဖို့အတွက် မုဒုံမြို့ရှိ မုဒုံသားလက်ဝှေ့ကလပ်မှာ သွားရောက်လေ့ကျင့်ခဲ့ပါတယ်။ အဲဒီ ကလပ်က နည်းပြဆရာ အောင်သော်တာ၊ ဆရာရဲသွေး နဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ ဖခင်ဦး ထွန်းဇော်တို့ဆီ ကနေ ထိုးလုံးသတ်ကွက်မျိုးစုံကို လေ့လာသင်ယူခဲ့တယ်။
ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကိုလည်း နည်းစနစ်မှန်မှန်နဲ့ ပုံမှန်လေ့ကျင့်ပြီး သက်လုံကောင်းဖို့ အတွက်ကိုတော့ မုဒုံမြို့ကနေ ဖနုံရွာဘက်ကို အသွားအပြန် ၆ မိုင်လောက်ရှိတဲ့ ခရီးအကွာအဝေးကို မနက်တိုင်း အပြေးလေ့ကျင့်တယ်လို့ သူက ပြောပြ တယ်။
“တချို့သူတွေက တုတ်တွေနဲ့ ရိုက်တယ်။ ကျနော့် လက်ဝှေ့သက်တမ်းမှာတော့ အဲဒီလို အမာတွေနဲ့ မကျင့်ခဲ့ဘူး”လို့လည်း သူက ပြောပါတယ်။
အဲဒီ ကလပ်မှာ လေ့ကျင့်နေထိုင်ရင်း လက်ဝှေ့ပြိုင်ပွဲတွေမှာလည်း ဝင်ရောက် ထိုးသတ်ခဲ့ပါတယ်။ အဲဒီတုန်းက ရရှိတဲ့ ထိုးကြေးက နည်းပါးလွန်းပြီး လပေးစားရတဲ့ ထမင်းစရိတ်ဖိုးပင် မတတ်နိုင်တဲ့အဆုံး သူ ရွာကို ပြန်သွားခဲ့ရပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပတဲ့ လက်ဝှေ့ပွဲတခုမှာ အိပ်ရေးပျက်ထားတဲ့ ပြိုင်ဖက်ကို အင်တိုက်အားတိုက် မထိုးသတ်နိုင်ဘဲ သရေကျခဲ့ရတဲ့ အမှတ်တရ အဖြစ်အပျက်ကိုလည်း ထွန်းထွန်းမင်းက ပြန်ပြောပြပါတယ်။
“လူငယ်ဆိုတော့ ညဘက် ပွဲသွားကြည့်တာပေါ့။ နောက်နေ့ လက်ဝှေ့ထိုးတော့ ပျော့ဖတ်နေတာပဲလို့ အဖေက နာနာပြောတော့ ကျနော်ငိုတာ မျက်ရည်တွေ ဘာတွေကျတယ်။ အဲဒီကစပြီး ပွဲထိုးရတော့မယ်ဆို ကျနော်အိပ်ရေးပျက်မခံတော့တာ”လို့ ထွန်းထွန်းမင်း က ပြောပြတယ်။
၂၀၁၀ ပြည်နှစ်မှာ မွန်ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပြီးတော့ ရန်ကုန် အောင်ဆန်းကွင်းမှာ ကျင်းပတဲ့ တိုင်းနဲ့ ပြည်နယ် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။
၆၀ ကီလိုတန်းမှာ ပြိုင်ဖက်လက်ဝှေ့သမား ၃ ဦးလုံးကို အနိုင်ရရှိပြီး သူဟာ ပထမဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ရယူနိုင် ခဲ့ပါတယ်။
အဲဒီနောက် မုဒုံမြို့နယ် ကွမ်လာ ရွာမှာကျင်းပတဲ့ ဘုန်းကြီးပျံပွဲမှာ ပွဲကြည့်ပရိသတ်အဖြစ်သွားရောက်ကြည့်ရှုရင်း ကရင်ပြည်နယ်က နာမည်ကြီး လက်ဝှေ့သမား စိုးလင်းဦးနဲ့ မထင်မှတ်ဘဲ ထိုးသတ်ခဲ့ရတာကိုလည်း ထွန်းထွန်းမင်းက ပြောပြပါသေးတယ်။
“စိုးလင်းဦးနဲ့ ဒေါနအောင် အတွဲပျက်လို့ အဲဒီက ဆရာတော်ကြီးက နင်တချက်ပဲထိုးပြီး အိပ်လိုက်လည်း ကျပ် ၆ သိန်းပေးမယ် ဆိုပြီး ပြောတယ်။ ကျနော်က မထိုးဘူးလို့ အတင်းငြင်းတယ်။ တူးတူးနဲ့ထိုးပြီး ပြန်လာတာ ၃ ရက်ပဲရှိသေးတော့ ပြန်မလေ့ကျင့်ရ သေး ဘူး။ တကိုယ်လုံးလည်း နာနေတယ်။ အဖေက ထိုးခိုင်းတာနဲ့ ထိုးလိုက်တယ်”လို့ သူက ပြောပြပါတယ်။
သရေပွဲ ဖြစ်ခဲ့တဲ့ အဲဒီ ၅ ချီပွဲမှာ စိုးလင်းဦးက ထိုးကြေး ကျပ်သိန်း ၃၀ ရရှိပြီးတော့ ထွန်းထွန်းမင်းက ၆ သိန်းပဲ ရရှိခဲ့တယ်။ အဲဒီ အချိန်က ထွန်းထွန်းမင်းက ရွှေတံဆိပ် ရရှိထားပေမယ့်လည်း တတိယတန်းတောင် မတက်ရသေးလို့ ဒုတိယတန်း ရွှေခါးပတ်ရရှိထားသူ စိုးလင်းဦးနဲ့ အတန်းကွာလွန်းနေခဲ့တာပါ။
သူရင်ဆိုင် ထိုးသတ်ခဲ့ရတဲ့ ပြည်တွင်း ပြည်ပက လက်ဝှေ့သမားများစွာထဲမှာ ကရင် လက်ဝှေ့ကျော် စိုးလင်းဦးဟာ သူ့ရဲ့အခက်အခဲ ဆုံးပြိုင်ဖက် တဦးဖြစ်တယ်လို့လည်း ပြောပါတယ်။
“စိုးလင်းဦးနဲ့ထိုးတဲ့ အချိန်တချိန်တုန်းက အခက်အခဲဖြစ်ခဲ့ဖူးတာပေါ့။ သူက စိတ်ဓာတ်ကောင်းတဲ့ အားကစားသမား တယောက်။ ကိုယ်ကန်လိုက် ထိုးလိုက်လုပ်တာ မလှုပ်သွားဘူး။ မညွှတ်သွားဘူး။ Nonstop(မနားတမ်း)ထိုးနိုင်တယ်။ သူလည်း ထိုးလို့မကျ။ ကိုယ်လဲမကျ။ အခက်အခဲဆုံးပြိုင်ဖက်ပဲ”လို့ ထွန်းထွန်းမင်းက ပြောပြပါတယ်။
သူ ရှုံးနိမ့်ခဲ့ရတဲ့ အမေရိကန် မွေထိုင်းကစားသမား ဆိုင်းရပ်စ်ထက်တောင် ပိုမိုခက်ခဲတဲ့ ပြိုင်ဖက် ကစားသမားတဦး ဖြစ်ကြောင်း လည်း ချီးမွမ်း ပြောဆို လိုက်ပါသေးတယ်။
အဲဒီနောက်မှာ နာမည်ကြီး လက်ဝှေ့သမားတွေ ဖြစ်တဲ့ သပြေညို၊ ဝင်းတင်၊ ထွန်းထွန်း၊ စိုးမိုးဟိန်း၊ ဘိလပ်မြေ မောင်မောင်၊ ရန်ကြီး အောင် တို့နဲ့ ထိုးသတ်ခွင့်ရလာပြီး ပြိုင်ဖက်အားလုံးကို ရှုံးပွဲမရှိဘဲ အနိုင်နဲ့ သရေရလဒ်တွေ ရရှိအောင် သူစွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရန်ကုန်ပရိသတ်မရှိသေးတဲ့ သူ့ကို ပွဲစီစဉ်သူတွေက ရန်ကုန်မှာကျင်းပတဲ့ လက်ဝှေ့ပွဲတွေမှာ ထည့်သွင်းပေးမှု မရှိသလောက် နည်းပါးခဲ့တယ်လို့လည်း ပြောပြပါတယ်။
“ရေး၊ လမိုင်းပွဲမှာ သပြေညိုနဲ့ ထိုးပြီးတဲ့အထိ ကျနော့်ကို လူမသိသေးဘူး။ သရေကျတော့ လူတွေကြိုက်ပြီး ရန်ကုန်မှာ ပွဲပြန်တည် တယ်။ ရန်ကုန်မှာလည်း သရေပဲ။ ဒါပေမယ့် ကျနော်အပေါ်စီးကရတယ်။ ပရိသတ်သိပြီး လက်ခံသွားတဲ့ပွဲက သပြေညိုနဲ့ ရန်ကုန်ပွဲ” လို့ သူက ရှင်းပြတယ်။
ရေးမြို့နယ် ပငကျေးရွာမှာ ကျင်းပခဲ့တဲ့ ကျိုက်ကော့ထော် ဘုရားပွဲမှာတော့ မြန်မာ့ လက်ဝှေ့သမား ပဲပြားမောင်မောင်ကို အသေ ထိုး သတ်ခဲ့တဲ့ ထိုင်း လက်ဝှေ့သမား စန်ခွန်း ကို ထွန်းထွန်းမင်းက အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် ဂျာမနီနိုင်ငံ က မက်သရူး ၊ ထိုင်းနိုင်ငံက ဝီဒါပို တို့နဲ့ ထိုးရာမှာလည်း အနိုင်ရခဲ့တယ်။
၂၀၁၃ ခုနှစ်မှာ အဲဒီအချိန်က မြန်မာပြည် လက်ဝှေ့ချန်ပီယံ စောငမန်းကို သရေ ၂ ကြိမ်ထိုးသတ်ခဲ့တဲ့ ထိုင်းလက် ဝှေ့ကျော် ရော့ခွန် ကိုင်း၊ ပါဝိ တို့အပါအဝင် ထိုင်းလက်ဝှေ့သမား ၅ ဦးနဲ့ ယှဉ်ပြိုင်ထိုးသတ်ပြီး အားလုံးကို အနိုင်ရရှိ ခဲ့ပါတယ်။ ဂျပန် လက်ဝှေ့သမား ဆာမူကာဝါ နဲ့ ၅ ချီပွဲ ထိုးသတ်ရာမှာတော့ သရေကျခဲ့တယ်။။
ထွန်းထွန်းမင်း ဟာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲ ၇၁ ကီလိုတန်း မွေထိုင်းပြိုင်ပွဲမှာ အင်ဒိုနီးရှား ကစားသမားကို အလဲ ထိုး၊ ဗီယက်နမ် ကစားသမားကို အမှတ်နဲ့ အနိုင်ရရှိပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရန်ကုန်မှာ ကျင်းပတဲ့ ၅ ချီစိန်ခေါ်ပွဲမှာ မြန်မာပြည် လက်ဝှေ့ချန်ပီယံ ဘွဲ့ကို ၅ နှစ်ကျော်ကြာ ထိန်းသိမ်း ထားတဲ့ စောငမန်းကို ၄ ချီမြောက်မှာ အလဲထိုးပြီး သူအနှစ်နှစ် အလလ အိမ်မက်မက်ခဲ့ရတဲ့ မြန်မာပြည် လက်ဝှေ့ချန်ပီယံသစ် ဖြစ် လာခဲ့ပါတော့တယ်။
အဲဒီပွဲမှာ သူရရှိခဲ့တဲ့ ထိုးကြေး သိန်း ၅၀ က ရိုးရာ လက်ဝှေ့လောကမှာ အမြင့်ဆုံး စံချိန်တင်ထိုးကြေးလည်း ဖြစ်ပါတယ်။
“ကိုစောငမန်းဆိုလည်း အစ်ကိုလိုပဲ။ နေပြည်တော်မှာ တနှစ်လုံး အတူတူ အခန်းတခန်းတည်းမှာ နေခဲ့ကြတာ။ သူနဲ့ ကျနော်က တအား ခင်တော့ စိတ်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ဒီနေရာမှာ တယောက်နဲ့တယောက် တနေ့နေ့ တချိန်ချိန်မှာတော့ ဖယ်ပေး ရမှာပဲ”လို့ ထွန်းထွန်းမင်း က ပြောပါတယ်။
မြန်မာပြည် အလွတ်တန်း ချန်ပီယံ၊ ဒဂုံရွှေအောင်လံ အထူးဆုရှင်၊ မွန်ပြည်နယ် ရွှေတံဆိပ်၊ ဆီးဂိမ်း ရွှေတံဆိပ်၊ ဗီယက်နမ် ငွေတံဆိပ်၊ ပြည်ထောင်စုဖလား ရွှေတံဆိပ် ဆုတို့က သူ့ရဲ့မဆုတ်မနစ် ကြိုးစားခဲ့မှုတွေရဲ့ ပြယုဂ်တွေပါပဲ။
ရိုးရာလက်ဝှေ့ပွဲ တပွဲပဲ ရှုံးထားတဲ့ မှတ်တမ်းကလည်း ထွန်းထွန်းမင်းကို ရိုးရာလက်ဝှေ့လောကမှာ ကြိုးဝိုင်းဘုရင် တဦးအဖြစ် ပရိသတ် အသိအမှတ်ပြုမှုကို ရခဲ့ပါတယ်။
သူဟာ အောင်မြင်မှုတွေနဲ့အတူ ထွန်းထွန်းမင်းဆိုတဲ့ ကျေးလက်ဒေသက မထင်မရှား လက်ဝှေ့သမားလေးဘဝကနေ နိုင်ငံကျော်လက်ဝှေ့သမား အဖြစ် ထွန်းတောက် လာခဲ့ပါတယ်။
ရန်ကုန်ရှိ လက်ဝှေ့ ကလပ်အသင်းတွေမှာ လာကစားဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မိခင်ရဲ့ စိုးရိမ်မှုကြောင့် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ရ တယ်လို့လည်း မြန်မာပြည် လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းက ပြောပါတယ်။
တချိန်က ရိုးရာလက်ဝှေ့လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ လက်ဝှေ့ကျော် ရွှေဝါထွန်းနဲ့ နာမည်ကြီး လက်ဝှေ့ သမား တွေ့မရှောင်တို့မှာ သူလေးစားအားကျခဲ့ရတဲ့ စံပြပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့လည်း ပြောပြပါတယ်။
“ကျနော် ငယ်ငယ်လေးကတည်းက ကိုတွေ့မရှောင်တို့ ဦးရွှေဝါထွန်းတို့ကို အားကျတယ်။ ဦးရွှေဝါထွန်းဆို အသက်ကြီးလည်း သူ့အသက်အရွယ်နဲ့ လူငယ်တွေကို ပြန်ကစားလို့ နိုင်တယ်။ ကိုတွေ့မရှောင်ကြတော့ ခံပြီးတော့ပြန်ထိုးတာ။ ပြီးတော့ စိတ်ဓာတ် ကောင်း တာပေါ့။ သူများအပေါ်မှာလည်း မညစ်ပတ်ဘူး။ အဲဒါကို ကြိုက်တာ”လို့ သူက ရှင်းပြပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ သူငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရတဲ့ လက်ဝှေ့အကျော်အမော် တွေ့မရှောင်နဲ့ ထိုးသတ်ဖို့ စာချုပ်ချုပ်ဆိုထားပြီးမှ တွေ့မရှောင်က လက်ဝှေ့လောကမှ အနားယူသွားလို့ မထိုးသတ်ဖြစ်တော့ပါဘူး။
လက်ရှိ ပြည်ပ လက်ဝှေ့သမားတွေထဲမှာတော့ ထွန်းထွန်းမင်း အကြိုက်ဆုံးကစားသမားက ထိုင်းက နာမည်ကြီး မွေထိုင်း လက်ဝှေ့သမား ဘူခေါင်ဖြစ်တယ်လို့ ပြောပါတယ်။
“သူက ကန်အားတွေ တအားကောင်းတယ်။ သူ့ကို သိတာမကြာသေးပေမယ့် သူ ကစားတဲ့ပွဲတွေ အမြဲကြည့်ဖြစ်တယ်။ ကိုယ့်အတွက်လည်း ပညာရတာပေါ့”လို့ သူက ဆိုပါတယ်။
ရုပ်ရှင် ဇာတ်ကားတွေထဲမှာလည်း မြန်မာ ပရိသတ်တွေ အသည်းစွဲ အတိုက်အခိုက်အသားပေး ထိုင်းဇာတ်ကား အုန်းဘက်(Ong-Bak)ဟာ သူအကြိုက်ဆုံး ဇာတ်ကား ဖြစ်တယ်လို့ ပြောပြပါသေးတယ်။
“အဲဒီကားကို ဟိုး ငယ်ငယ်ကလေးတည်းက ကြည့်တယ်။ သူ့(ထိုင်းမင်းသား)ကို အားကျတယ်။ တကယ်ကို အနစ်နာ ခံပြီးရိုက် တယ်။ တကယ်လည်း လက်ဝှေ့သမားပဲ။ ထိုင်းမှာ လက်ဝှေ့သမား မင်းသားတွေ အများကြီးပဲ”လို့လည်း သူက ပြောပါတယ်။
သူမကြာခဏ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရတဲ့ မွေထိုင်း လက်ဝှေ့သမားတွေရဲ့ အားသာချက်မှာ ခြေကန်ချက်နဲ့ တံတောင်တို့ ဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေရဲ့ အားသာချက်မှာ ခံနိုင်ရည်ကောင်းခြင်းဖြစ်တယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။
ထွန်းထွန်းမင်းဟာ ငယ်ရွယ်ဖျတ်လတ်ပြီး ပြိုင်ဖက်ကို အတင်းဝင် အတင်းထွက် ထိုးလုံးသတ်ကွက် တွေနဲ့ ရင်ဆိုင်ထိုးသတ်လေ့ရှိတဲ့ လက်ဝှေ့သမား တဦးပါ။
ခေါင်းနဲ့ ဒူးတိုက်ချက်တွေ၊ အောက်ခြေရိုက်ချက်၊ အမြင့်ခြေကန်ချက်တွေနဲ့ ပြိုင်ဖက် လက်ဝှေ့သမားကို ဖြိုလှဲတတ်သူလည်း ဖြစ်ပါတယ်။
ဦးခေါင်းကို ခြေကန်ချက်ပြင်းပြင်းနဲ့ ကန်တဲ့တိုက်ကွက်ဟာ သူ့ စိတ်ကြိုက်သတ်ကွက်ဖြစ်ပြီး အဲဒီ တိုက်ကွက်နဲ့ ပြိုင်ဖက်ကို အလဲထိုး ပွဲသိမ်းချင်ကြောင်း သူကပြောပါတယ်။
ပါဝါအားပြင်းတဲ့ ခြေကန်ချက်၊ ခြေခတ်ချက်နဲ့ ခေါင်းတိုက်ချက်တွေက သူ့ အားသာချက်တွေ ဖြစ်ပြီး လက်သီး သုံးရာမှာတော့ အားမရဘူးလို့ ထွန်းထွန်းမင်းက ပြောပြပါတယ်။
“ကိုယ့်လက်သီးက အားနည်းချက်ရှိတာပေါ့။ ကျနော့်လက်တွေက ပျော့ပျော့လေး။ ပါဝါအားနည်းပြီး အရိုးတွေက နုတော့ ထိုးရင် ခဏခဏကျိုးတယ်”လို့လည်း လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းက ပြောပြပါသေးတယ်။
လက်ဝှေ့ပွဲတပွဲ အနိုင်ရရှိရေးအတွက် အရေးကြီးဆုံးမှာ စိတ်ဓာတ်ဖြစ်ပြီး ပရိသတ်အားပေးမှုကလည်း အောင်ပွဲရရှိဖို့ အထောက် အကူပြုတယ်လို့ သူက ဆိုပါတယ်။
“ပရိသတ်တွေက တယောက်ကိုအားပေးနေရင် ကျန်တဲ့လက်ဝှေ့သမားက စိတ်အားငယ်သွားတတ်တယ်။ အဲဒီအခါ ငါလည်း သူ့လို နာမည်ရရင် တနေ့ဒီလိုပဲ ပရိသတ်တွေရလာမှာဆိုပြီး ကိုယ့်စိတ်ဓာတ်ကို ကိုယ်မွေးရတာပေါ့။ ပွဲတပွဲမှာ ပရိသတ်အားပေးမှုက အနိုင် ရဖို့ ၃၀ ရာခိုင်နှုန်းလောက်ရှိတယ်”လို့ သူက ရှင်းပြပါတယ်။
ရန်ကုန်မှာ သပြေညို နဲ့ ထိုးတဲ့ပွဲမှာ ပရိသတ်က ပြိုင်ဖက်ကစားသမားကိုသာ အော်ဟစ်အားပေးနေကြလို့ စိတ်အားငယ်ခဲ့ရတယ်လို့ လည်း ထွန်းထွန်းမင်းက တမှတ်တရ ပြောပါတယ်။
သူဟာ ရိုးရာလက်ဝှေ့အပြင် ဘောလုံး၊ ပိုက်ကျော်ခြင်းနဲ့ ဘော်လီဘော ကစားတာတွေကိုလည်း နှစ်သက်သူဖြစ်ပြီး ကျိုက်မရောမြို့နယ် ဘောလုံးလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အားလပ်ချိန်တွေမှာတော့ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင် ကြည့်ရှုခြင်းတို့နဲ့ အပန်းဖြေလေ့ရှိသူလည်း ဖြစ်ပါတယ်။
လက်ရှိအသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မြန်မာ့ လက်ဝှေ့ချန်ပီယံဟာ အသက် ၂၇ နှစ်အရွယ်မှာ လက်ဝှေ့လောက ကနေ အနားယူဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
“ဒီအလုပ်က အကြာကြီးလုပ်နိုင်တာ မဟုတ်ဘူးလေ။ ကိုယ်နာမည်ရတဲ့အချိန်မှာပဲ ပိုက်ဆံက ရှာလို့ရတယ်။ လက်ဝှေ့ကနားရင် မိဘ အမွေအနှစ်ဖြစ်တဲ့ တောင်သူလည်း လုပ်မယ်။ စီးပွားရေးလည်း လုပ်မယ်။ ထိုးလို့ရတဲ့ ပိုက်ဆံနဲ့ ခြံဝယ်ပြီး ကြက်မွေးထား တယ်”လို့ သူကပြောပြပါတယ်။
ထွန်းထွန်းမင်းဟာ ဆိုင်းရပ်စ်ကို ရှုံးနိမ့်ခဲ့တဲ့ လက်ဝှေ့ပွဲမတိုင်ခင် ကတည်းက ပြည်ပမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်ခံပညာပြိုင်ပွဲ ၃ ပွဲမှာ အမှတ်နဲ့ ရှုံးခဲ့ဖူးတယ်လို့ သိရတယ်။
၂၀၁၂ ခုနှစ်က ဗီယက်နမ်မှာ ကျင်းပတဲ့ အာရှချန်ပီယံရှစ် မွေထိုင်းပြိုင်ပွဲမှာ တရုတ်လက်ဝှေ့သမားကို အနိုင်ရရှိပြီး ထိုင်း လက်ဝှေ့သမားကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့လို့ ငွေတံဆိပ်ရရှိခဲ့ပါတယ်။
ထိုင်းမှာ ကျင်းပတဲ့ ၂၀၁၃ အာရှ ချန်ပီယံရှစ် မွေထိုင်းပြိုင်ပွဲမှာ ဆီနီဂေါနဲ့ ဆွစ်ဇာလန် လက်ဝှေ့သမားတို့ကို အနိုင်ရရှိခဲ့ပေမယ့် လည်း ဆီမီးဖိုင်နယ်မှာ ဘယ်လ်ဂျီယံ လက်ဝှေ့သမားကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီပွဲစဉ်မှာ သူ့ရဲ့ ထိုးချက်ကြောင့် ဦးခေါင်း ၆ ချက် ချုပ်ရခဲ့ရတဲ့ ဘယ်လ်ဂျီယံ နိုင်ငံသားကို ထိုင်းဒိုင် ၅ ဦးစလုံးက အနိုင်ပေးခဲ့ တယ် လို့လည်း ထွန်းထွန်းမင်းက ပြောပြတယ်။
သူ့ကို အနိုင်ယူခဲ့တဲ့ အမေရိကန် လက်ဝှေ့သမား ဆိုင်းရပ်စ်နဲ့ မကျေပွဲကိုတော့ ဧပြီ ၁၁ ရက်မှာ ပြန်လည် ထိုးသတ်တော့မှာ ဖြစ်ပါတယ်။
အဲဒီ မကျေပွဲမတိုင်ခင် ၄ လအတွင်း ပြည်ပ မွေထိုင်း လက်ဝှေ့သမားတွေနဲ့ ၄ ပွဲထိုးသတ်ခဲ့ရာမှာ ၃ ပွဲနိုင်၊ တပွဲ သရေ ရလဒ်ရရှိထားပါတယ်။
“ဆိုင်းရပ်စ်နဲ့ မကျေပွဲအတွက် ထူးထူးခြားခြား ပြင်ဆင်သွားမယ်။ အချိန်အများကြီးယူပြီး လေ့ကျင့်မယ်။ သူထိုးတာကို ကိုယ်ကခံနိုင်အောင် ပြင်ဆင်ရမှာပေါ့။ ပုံမှန်လေ့ကျင့်မှုတွေအပြင် ပါးစပ်ကို ဂျောကိုက်တာ(မေးရိုး လေ့ကျင့်ခန်း)တို့ ပြေးတဲ့စပိ(မြန်နှုန်း) ကန်တဲ့ စပိတွေလည်း ကျင့်ရမယ်”လို့လည်း သူက ပြောဆိုထားပါတယ်။
လာမယ့် ဧပြီလ ၁၁ ရက်မှာ ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ အမေရိကန် မွေထိုင်းလက် ဝှေ့ကျော် ဆိုင်းရပ်စ်နဲ့ ထိုးသတ် မယ့် မကျေပွဲကို ပရိသတ်တွေက စိတ်ဝင်တစား စောင့်မျှော်နေကြပါတယ်။
လက်ရှိ မြန်မာပြည် လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း အနေနဲ့ ရှုံးကြွေး ဆပ်နိုင် မဆပ်နိုင်ကိုတော့ ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ။