ဒေးဗစ်ကိုမြင်တော့ ကလေးတွေက နှာခေါင်းကြီး (Big Nose ) လာပြီ လို့ လက်ဟန်နဲ့ အချင်းချင်း သင်္ကေတ ပြုပြီး ပြောကြတယ်။ သူတို့အနီးကို ဒေးဗစ်ရောက်လာတော့ ကလေးတွေက ခင်မင်နှစ်လိုစွာပြုံးလိုက်ကြပြီး လက်အုပ်ချီကာ နှုတ်ဆက်ကြပါတယ်။ ကလေးတွေက နားမကြားတဲ့ ကလေး တွေမို့ လက်ဟန်သင်္ကေတ နဲ့ အချင်းချင်း ဆက်သွယ်ပြောဆိုတာပါ။ နားမကြားတဲ့ကလေးဟာ အသံဆိုတာကို သဲသဲကွဲကွဲ မကြားဖူးဘူးတော့ စကားလည်းပြန် မပြောတတ်ဘူး။ ဒေးဗစ် ကတော့ နားမကြားတဲ့ကလေးတွေ အချင်းချင်းဆက်သွယ်ပြောဆိုတဲ့ လက်ဟန်သင်္ကေတကို နားလည်တော့ သူ့ကို နှာခေါင်းကြီး လို့ နာမည်ပေးထားတာကို သိတယ်။
“တိုက်ဆိုင်လိုက်တာ။ ဟိုအရင်ကလည်း စန္ဒရာရဲ့ တပည့်လေးတွေက ကျနော့်ကို နှာခေါင်းကြီးလို့ ခေါ်ကြတာပဲ” လို့ ဒေးဗစ်က ပြန်ပြောပြတယ်။ သူ့ဇနီး စန္ဒရာက နားမကြားတဲ့ ကလေးတွေကို သင်ပြပေးသူပါ။ ဒေးဗစ်နဲ့ ကျနော် မန္တလေးမြို့က နားမကြားတဲ့ ကလေးများကျောင်းမှာ ဆုံတွေ့ကြတယ်။ နားမကြားတဲ့ ကလေးတွေရဲ့ အကြားအာရုံကို ဗြိတိန်က ကျွမ်းကျင်သူ ပညာရှင်နှစ်ယောက်နဲ့ စမ်းသပ်ပြီး နားကြားကိရိယာတွေ တပ်ဆင်ပေးဖို့ ဒေးဗစ် မန္တလေးကို ရောက်နေတာပါ။
အခုတော့ ဒေးဗစ် အသက်က ၈၀ ရှိပြီ။ ဗြိတိန် နိုင်ငံမှာ နေထိုင်တဲ့ ဒေးဗစ် ဟာ သူ့ဇနီး စန္ဒရာ တချိန်က စတင်ခဲ့တဲ့ ဇာတ်လမ်းတပုဒ်ကို ဆက်လက် ကပြဖို့ မိုင် ထောင်ပေါင်းများစွာ ဝေးကွာတဲ့ မန ္တလေးမြို့ကို မမောမပန်း လာခဲ့တာပါ။ သူ့အသက် အရွယ် လူကြီး တစ်ယောက်အတွက် ဒီခရီးက ပင်ပန်းပါတယ်။ ဒါပေမယ့် ဒေးဗစ်က ပင်ပန်းတယ်လို့ ထင်ပုံမရဘဲ သူ့မျက်နှာပေါ်မှာ နှစ်သက်ကျေနပ်မှုတွေနဲ့သာ ပြည့်နေပါတယ်။ စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့ သူ့အကြောင်းတွေကို ကျနော် အေးအေးဆေးဆေး မေးကြည့်တယ် ကျနော်တို့နှစ်ယောက် နားမကြားသော ကလေးများကျောင်း ပင်မဆောင်အ ပေါ်ထပ်က အစည်းအဝေးခန်းမမှာ ထိုင်ကြတယ်။ အခန်းကျယ်ကြီးထဲမှာ နှစ်ယောက်တည်း။
“မယုံကြည်နိုင်စရာကောင်းလှတဲ့ အဖြစ်အပျက်က ရာစုနှစ်ဝက်လောက် ကြာခဲ့ပြီဖြစ်တဲ့ ၁၉၆၁ ခုနှစ် ကျနော်နဲ့ စန္ဒရာတို့ လက်ထပ်ရာက စတင်ပါတယ်။” ဒေးဗစ်ရဲ့ မျက်နှာမှာ ညှိုးရိပ်သန်းနေတယ်။ သူ့ချစ်ဇနီးချော စန္ဒရာ ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကပဲ ကင်ဆာရောဂါနဲ့ ဗြိတိန် နိုင်ငံမှာ ကွယ်လွန်ရှာခဲ့ပြီ။ “အဲဒီတုန်းက သူက ၂၄ နှစ် ကျနော်က ၂၆ နှစ်။ ကျနော်က မန ္တလေးက ကောလိပ်ကျောင်းမှာ ဆရာအလုပ်ကို လုပ်ရမှာမို့ လက်ထပ်ပြီး ချက်ချင်းလိုလိုပဲ ကျနော်တို့ မြန်မာနိုင်ငံကို ထွက်လာခဲ့တယ်။”
ဒေးဗစ်က သူတို့ဇာတ်ကြောင်းကို မဆက်သေးဘဲ သူ့ဇနီး စန္ဒရာရဲ့ အကြောင်း ဖြတ်ပြောတယ်။ “စန္ဒရာ က နားမကြားတဲ့ကလေးတွေ သင်ပြနည်းကို မန်ချက်စတာ တက္ကသိုလ် မှာ ဆရာဖြစ် သင်ယူလာတာ။ ပြီးတော့ လန်ဒန်က နာမည်ကြီးတဲ့ Old Kent Road School for Deaf မှာ သင်ပြပေးတဲ့ အတွေ့အကြုံလည်း ရှိတယ်”။ အတိတ်ကရွှေရောင်ရက်တွေဆီ ပြန်ရောက်နေတဲ့ပုံ ဒေးဗစ်ရဲ့မျက်နှာမှာ ထင်ဟပ်နေတယ်။ “ အဲဒီတုန်းက မန ္တလေးမှာ နားမကြားတဲ့ ကလေးများအတွက် ကျောင်းမရှိသေးဘူး။ စန္ဒရာက လက်ကမ်းစာရွက်လေး ၃၀၀ ကို ပုံနှိပ်လိုက်တယ်။”
ဒေးဗစ်က စန္ဒရာရဲ့ လက်ကမ်းစာရွက်လေးတရွက် နမူနာကို ကျနော့်ပြပါတယ်။ စာရွက်လေးရဲ့သက်တမ်းကနှစ်ပေါင်း ၅၀ ကျော်ပြီမို့ ဝါကျင့်နေပြီ။ မန္တလေး စစ်ကိုင်းတန်းက ဂျော့ပုံနှိပ်တိုက်မှာ ရိုက်နှိပ်ထားတာ။ ကျနော်က စာရွက်လေးကို ရွရွကိုင်ပြီး ဖတ်ကြည့်လိုက်မိတယ်။
“နားပင်းသောကလေး
သို့မဟုတ်
ဆွံ့အသောကလေး
တယောက်ကို
သင်သိပါသလား
နားမကြားဘဲ စကားမပြောနိုင်သောကလေးများကို
သင်တွေ့ပါလျှင်
၂၈-လမ်း၊ စီပီလိုင်း ဝယ်စလီကျောင်းအနီး
တွင်နေထိုင်သော မစ္စစ် စမစ်သ် နှင့်ဆက်သွယ်ပါ။
ထိုကဲ့သို့သော ကလေးများအား
စကားပြောနိုင်ရန်
စာရေးနိုင်ရန်
စာဘတ်နိုင်ရန်
သင်ကြားပေးပါမည်။
မစ္စစ် စမစ်သ် သည်နားပင်းသောကလေးများကို ပညာသင်ကြား
ပေးနိုင်သော အရည်အချင်းရှိပါသည်။
ထိုကလေးမျိုး တွေ့လျှင်တွေ့ချင်း မစ္စစ် စမစ်သ်
အားအကြောင်းကြားပါ။
သင့်မိတ်ဆွေများကိုလဲ ပြောပြပါ။”
ကျနော် ဖတ်ရှုပြီးချိန်မှာ ဒေးဗစ်က စကားကိုဆက်တယ်။ “ လက်ကမ်းစာရွက်လေးတွေ ပုံနှိပ်ပြီးတော့ စန္ဒရာက စက်ဘီးတစင်းစီးပြီး မန ္တလေးမြို့ကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် အနှံ့ဖြန့်ဝေတော့တာပေါ့။” ဒေးဗစ်က သူ့ချစ်ဇနီး စန္ဒရာ စက်ဘီးစီးနေတဲ့ ဓာတ်ပုံကို ပြတယ်။ မိုးရွာပြီးစ နဲ့ တူပါရဲ့ လမ်းပေါ်မှာ ရေတွေဖွေးနေတယ်။ စက်ဘီးစီးနေတဲ့ စန္ဒရာရဲ့အရိပ်က လမ်းပေါ် ရေပြင်မှာ ထင်ဟပ်နေတယ်။ ကလေးအမေတယောက်က လမ်းမပေါ်မှာ ကလေးနဲ့ ထိုင်နေတယ်။ ကလေးကို လမ်းပေါ်တင်တဲ့ မိုးရေနဲ့ ရေချိုးနေပုံရပါရဲ့။ ကလေးက ကိုယ် လုံးတီး။ ကလေးအမေက ထဘီရင်လျားနဲ့။
“ရက်သတ္တ နှစ်ပတ်လောက်အတွင်းမှာပဲ အသက် ၆ နှစ်၊ ၇ နှစ်အရွယ် နားမကြားတဲ့ ကလေးငယ်နှစ်ယောက်ကို လက်ဆွဲပြီး ဗမာအမျိုးသမီးတယောက် ကျနော်တို့ အိမ်ကို ပေါက်ချလာတယ်။ စန္ဒရာကလည်း သူရဲ့ ဦးဦးဖျားဖျား တပည့် ၂ ယောက်ကို အိမ်ဝရံတာမှာ စ သင်ပြပေးတယ်။ အချိန်တိုတိုလေးအတွင်းမှာပဲ နားမကြားတဲ့ ကလေးတွေ တယောက်ပြီး တယောက် ကျနော်တို့အိမ်ကို ရောက်လာတာ အများကြီးပါပဲ” လို့ ဒေးဗစ်က မျက်နှာပေါ်မှာ အပြုံးကို ဆင်ပြီး ပြောပြတယ်။ “ကျနော်တို့အိမ်မှာပဲ ဖွင့်ထားတဲ့ စန္ဒရာ ရဲ့ကျောင်းကလေးက ကျောင်းသား အမြောက်အမြားအတွက် ကျဉ်းနေပြီ။ ပြီးတော့ မန္တလေးမြို့လယ်နဲ့လည်း နည်းနည်းလှမ်းတယ်။ အသွားအလာ မခက်တဲ့ မြို့လယ်ကို ရွှေ့ကိုရွှေ့ရမယ်။ ဒိုင်အိုစီဇင် ကျောင်းအနီးက ဝါးကပ်မိုး အဖီလေးတခုကို အသုံးချခွင့် သူရတယ်။ သုံးဘက်ပွင့် အဆောက်အဦလေးပေါ့။ စားပွဲတလုံး၊ စာသင်ခုံလေးတွေ၊ ကျောက်သင်ပုန်းတခုနဲ့ သူ့စာသင်ခန်းကို စန္ဒရာက အဲဒီမှာ ဖွင့်လိုက်ပါတယ်။ ဒါကို ကျနော်က မစ္စစ် စမစ်သ် ရဲ့ တင်းကုတ် လို့ ခေါ်တယ်။”
ဒေးဗစ်က ပြုံးရယ်လိုက်တယ်။ စန္ဒရာကို မစ္စက် စမစ်သ်လို့ သူက ခေါ်လို့ ဒေးဗစ်ရဲ့ နာမည်ကို ကျနော့်မှတ်စုစာအုပ်မှာ ရေးချပြဖို့ မေတ္တာရပ်ခံလိုက်တယ်။ ( သူပြော တဲ့ အသံထွက်ကို ရမ်းသမ်းမှန်းပြီး ကျနော်ရေးရင် လွဲမှာ စိုးလို့ပါ။) သူက David Blakeway Smith လို့ ရေးပေးတယ်။ “၁၉၆၄ ခုနှစ်ရောက်တော့ ကျောင်းကလေးက ကြီးလာလိုက်တာ၊ စာသင်ခန်း တခုတည်းမှာတွင် နားမကြားတဲ့ ကျောင်းသားကျောင်းသူ ၂၇ ယောက် ရှိလာတယ်။ အသက်အရွယ်စုံပါပဲ။ ၂ နှစ်ကနေ ၁၈ နှစ်အထိ။ သူက မြန်မာလက်ထောက်ဆရာ ၃ ယောက်ကိုလည်း လေ့ကျင့်သင်ပြပေးတယ်။ တယောက်နဲ့ တယောက် ကွဲပြားခြားနားတဲ့ ကလေးတဦးချင်းစီအတွက် လိုအပ်တဲ့ ကရိယာတန်ဆာပလာတွေကို စီစဉ် ပြင်ဆင်ကြတယ်။အဲဒီအချိန်က စန္ဒရာရဲ့ဘဝက တကယ့်ကို အဓိပ္ပါယ်ပြည့်ဝတယ်။ အချိန် မိနစ်တိုင်းကို သူကျေနပ်ပျော်ရွှင်ခဲ့တယ်။”
ဝမ်းမြောက်ပျော်ရွှင်စရာ အခြေအနေကို ပြောပြနေရင်း ဒေးဗစ် ရဲ့မျက်နှာမှာ ညှိုးရိပ်သန်းလာတယ်။ “အဲဒီအချိန်မှာပဲ မုန်တိုင်းကျတော့တာပဲ။ ပဉ္စလက်ဆန်ဆန် တိုးတက် အောင်မြင်လာတဲ့ စန္ဒရာရဲ့ ကျောင်းကလေး သက်တမ်း နှစ်နှစ်ခွဲ ရှိတဲ့အချိန်မှာ…။” ဒေးဗစ် က ဆက်မပြောသေးဘဲ ခဏရပ်ပြီး အားယူတယ်။ ပြီးမှ ဆက်ပြောတယ်။ “ မြန်မာနိုင်ငံကို အာဏာသိမ်းလိုက်တဲ့ စစ်အစိုးရက နိုင်ငံခြားသားတွေကို နှင်ထုတ်တော့တာပဲ။ အဲဒီအချိန်မှာ နားမကြားတဲ့ ကလေးတွေရဲ့ ကျောင်းကလေးအတွက် ငွေကြေးလေး အနည်းအကျဉ်းလည်း ကျနော်တို့ အလှူခံလို့ ရနေပြီ။ မြန်မာ ဘဏ္ဍာထိန်း ဂေါပကအဖွဲ့လည်း ဖွဲ့စည်းပြီးပြီ။ မြန်မာကျောင်းအုပ်ဆရာလည်း ခန့်ထားပြီးပြီ။”
ဒေးဗစ်က ပြောလက်စ ခဏရပ်တယ်။ ကျနော်လည်း သူ့မျက်နှာကိုကြည့်ရမှာ အားနာတာနဲ့ သူ့နောက်မှာရှိတဲ့ ခန်းစီးစတွေကိုငေးကြည့်နေလိုက်တယ်။ ပိတောက်ခြောက်ရောင် ခန်းဆီးစတွေက နည်းနည်းတော့ ဟောင်းနေပြီ။ “ကြေကွဲဝမ်းနည်းဖွယ်ရာ ၁၉၆၄ ခု အောက်တိုဘာလရဲ့ ရက်တရက်မှာ ကျနော်တို့ မန္တလေးက ထွက်ခွာခဲ့ကြတယ်။ ကျောင်းကလေးကတော့ ဆက်လက်တည်ရှိနေကောင်းရဲ့လို့ မျှော်လင့်ပေမယ့် ကျောင်းကလေးရဲ့ အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြနေတာတော့ အမှန်ပါပဲ။”
အင်္ဂလန် ကိုပြန်ရောက်တော့ ပြန်ပြီး မစုံစမ်းဘူးလား လို့ ကျနော်က မေးတော့ ဒေးဗစ်က “ကျနော်တို့ အင်္ဂလန်ကို ပြန်ရောက်တော့ မြန်မာနိုင်ငံမှာ ကျန်ရစ်တဲ့ မိတ်ဆွေ တွေဆီကို စာမရေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ထောက်လှမ်းရေးက စာတွေကို အရင်ဖောက်ဖတ်တယ်။ အနောက်နိုင်ငံက လူတွေနဲ့ အဆက်အသွယ်ရှိတဲ့သူတွေကို အဖမ်းအဆီးတွေရှိတာလည်း ကြားသိနေရတယ်။ ဒါကြောင့် စန္ဒရာ စခဲ့တဲ့ နားမကြားတဲ့ ကလေးများရဲ့ကျောင်းကလေး ဘယ်သောင်ဘယ်ကမ်းဆိုက်နေပါလိမ့်ဆိုတာ ကျနော်တို့ မသိနိုင်ဘူး။ တခါတလေတော့ တွေးကြည့်မိသား” တဲ့။
သူတို့ ဘယ်လောက် ဝမ်းနည်းကြေကွဲမယ်ဆိုတာကို ကျနော် စဉ်းစား ခံစား ကြည့်နိုင်ပါတယ်။ “ နှစ်ပေါင်း ၅၀ ၊ နှစ် ၅၀ ကြာ အတိအကျပါပဲ။ ၂၀၁၃ ခု မေလ ၇ ရက်နေ့မှာ စန္ဒရာဟာ ကင်ဆာရောဂါနဲ့ ကြေကွဲဖွယ်ရာ ကွယ်လွန်ရှာတယ်။ သူ ကွယ်လွန်လို့ နှစ်ရက် အကြာ မေလ ၉ ရက်နေ့မှာပေါ့။ အံ့သြစရာ ကြုံတွေ့ရတယ်။ ကျနော်တို့ရဲ့ သားသမက်က သူ့ကွန်ပျူတာ ဂူဂယ်လ်မှာ ‘မန္တလေးက နားမကြားတဲ့ ကလေးများကျောင်း’ လို့ ရိုက်လိုက်တယ်။ တကယ့်ကို မယုံနိုင်စရာ၊ ဝဘ်ဆိုက်အဖွင့်စာမျက်နှာမှာ နှစ်ထပ် ကျောင်းဆောင်ကြီးရဲ့ပုံ နဲ့ ပျော်ရွှင်နေတဲ့ ကလေးငါးယောက်ရဲ့ပုံ ပေါ်လာတယ်။”
ဒေးဗစ်က School for Deaf, Mandalay လို့ အပြာရောင်နောက်ခံပေါ်မှာ နှစ်ထပ်ကျောင်းဆောင်ကြီးပုံပါတဲ့ ဝဘ်ဆိုက်ကို ဒေါင်းလုဒ်ဆွဲပြီး ရိုက်နှိပ်ထားတဲ့ စာ တရွက်ကို ပြတယ်။ ကျနော် ဖတ်ကြည့်တယ်။ ဒီကျောင်းကို မစ္စတာ စမစ်သ် နဲ့ ဆရာ ဦးသိန်းနိုင်တို့ က စ ဖွင့်ခဲ့တယ်တဲ့။
“ခင်ဗျား စဉ်းစားကြည့်စမ်းပါ။ ဒီသတင်းကို စန္ဒရာ ကွယ်လွန်ပြီးခါမှ စိတ်ထိခိုက်စရာ ပေါ်ထွက်လာတယ်။ သူ ဒါကို မသိရဘဲ ကွယ်လွန်သွားတာ ဘယ်လောက် ကြေကွဲစရာ ကောင်းလိုက်ပါသလဲ။ www.deafschoolmdy.com ဝဘ်ဆိုက်မှာ အသေးစိတ် ဖော်ပြထားတာက အဲဒီကျောင်းမှာ နားမကြားတဲ့ ကလေးပေါင်း ၂၀၀ လောက် ပညာသင် ယူနေကြသတဲ့။ ကြည့်စမ်းပါဦး၊ ကျနော့်ဇနီး စတင်ခဲ့တဲ့ အလုပ်ကလေးက ယခုဆိုရင် ကလေးငယ် ၂၀၀ လောက်အတွက် အကျိုးကျေးဇူးရှိနေပြီ” လို့ ဒေးဗစ်က စိတ်လှုပ်ရှားစွာ ပြောတယ်။ သူ သိရင် ဝမ်းသာမှာပါပဲ လို့ ကျနော်ကပြောတော့ သူ အဲဒီလိုပဲ မျှော်လင့်တယ် ဆိုတာကို ဒေးဗစ်က နှစ်ခါထပ်ပြီးပြောတယ်။
ဒေးဗစ်က ဆက်ပြီး “ကျနော်မြန်မာပြည်ကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သွားလေသူကို အမှတ်ရ ဂုဏ်ပြုဖို့၊ သူ့စွမ်းဆောင်ချက်ကို အသိအမှတ်ပြုဖို့၊ ဝဘ်ဆိုက်ထဲက ကျောင်း ရဲ့သမိုင်းရေကြာင်း ဖော်ပြရာမှာ စတင်တည်ထောင်သူ အမည်ကို မစ္စတာ စမစ်သ်လို့ ဆိုတာကို အမှန်ဖြစ်တဲ့ မစ္စစ် စမစ်သ် လို့ မှတ်တမ်းကို ပြန်တည့်ပေးဖို့ ၂၀၁၃ ခု ဒီဇင်ဘာလ ၉ ရက်နေ့မှာ မြန်မာပြည်ကို ကျနော်လာခဲ့တယ်။”
“ဘန်ကောက်က ထွက်ခွာလာတဲ့ လေယာဉ်က တဖြည်းဖြည်း နိမ့်ဆင်းနေ ပြီး ခမ်းနားလှတဲ့ မြစ်မင်းဧရာဝတီက မြင်ကွင်းထဲမှာ ပေါ်လာတယ်။ အာရှရဲ့ မဟာမြစ်မင်းတွေထဲက မြစ်တစ်စင်း။ မိုင် ၄၀၀ လောက်ရှည်လျားပြီး ပင်လယ်ထဲ စီးဝင်သွားတဲ့မြစ်။ မြစ်မင်း ဧရာဝတီဟာ ဘယ်လောက်ကျယ်ပါလိမ့် ကျနော် မမှတ်မိတော့ဘူး။ မန ္တလေးမြို့ရဲ့ဘေးကနေ အနားသတ်ကာ ဝေ့ဝိုက်စီးဆင်းသွားတဲ့ မြစ်” လို့ ဒေးဗစ်က မြစ်မင်း ဧရာဝတီ ကို စာဖွဲ့နေတာ ကြားရတော့ နိုင်ငံခြားသား ဖြစ်သူကတောင် ဒါလောက်လေးစား တန်ဖိုးထားရတဲ့ ဧရာဝတီကို မြန်မာနိုင်ငံသားတွေ တန်ဖိုးမထားမိတာ ရှက်စရာ၊ တရုတ်ကို ရောင်းစားဖို့ ကြံစည်တာ မိုက်လုံးကြီး လိုက်တာလို့ ကျနော့်အတွေးက ချော်ထွက်သွားသေးတယ်။
“မန္တလေး လေဆိပ်ထဲကို ခြေချမိတော့ ကျနော် သိပ်ကို စိတ်တွေ လှုပ်ရှားနေမိတယ်။” ဒေးဗစ်တို့ မန္တလေးမှာ နေထိုင်စဉ်က ချမ်းမြသာစည်လေဆိပ်က မြို့ဆင်ခြေဖုံးမှာ ရှိတယ်။ မြို့လယ်နဲ့ အလှမ်းမဝေးဘူး။ ယခု တံတားဦး လေဆိပ်က မိုင် ၃၀ လောက်ဝေးတယ်။ ခြောက်သယောင်းတဲ့ ကွင်းလယ်ခေါင်မှာ။ လေဆိပ်ချင်း မတူတော့ဘူးလို့ ကျနော်ကပြောတော့ ဒေးဗစ်က “ဒီမြေ ဒီလေက မကွာခြားပါဘူး” လို့ ပြန်ဖြေတယ်။
သူ့ဇနီး စန္ဒရာ ကွယ်လွန်ပြီး ၂ ရက်အကြာမှာ စန္ဒရာ စတင်တည်ထောင်ခဲ့တဲ့ နားမကြားတဲ့ ကလေးများရဲ့ကျောင်းအကြောင်းကို အင်တာနက်မှာ တွေ့ရပြီး မိုင်ထောင်ပေါင်းများစွာ ဝေးကွာလှတဲ့ မန ္တလေးမြေကို နှစ်ပေါင်း ၅၀ ကြာမှ နောက်တခေါက်ထပ်လာရတာ ကျနော်တို့ ရိုးရာ ယုံကြည်မှုအရဆို ကွယ်လွန်သူ ဇနီးက အိပ်မက်ပေးတာမျိုး တနည်းနည်းနဲ့ ညွှန်ပြပေးတာမျိုး အယူအဆရှိတယ်လို့ ဒေးဗစ်ကိုပြောတော့ သူတို့မှာလည်း အဲဒါမျိုး အယုံအကြည် ရှိတယ်လို့ သူကပြန်ပြောတယ်။
“ကျနော်တို့ရဲ့ ယဉ်ကျေးမှု၊ ခရစ်ယာန် အယူအဆမှာလည်း ဘုရားသခင်က မြန်မာနိုင်ငံကို သွားရောက်ဖို့ စေလွှတ်တာလို့ ယုံကြည်တယ်။ စန္ဒရာ ကွယ်လွန်ပြီး ၂ ရက်နေမှ ဒီသတင်းကို တွေ့ရတာ သိပ်ကို ဝမ်းနည်းကြေကွဲရတယ်။ ဒါပေမယ့် သူ စတင်ခဲ့တဲ့ ကျောင်းက ယခု အများကြီး အကျိုးပြုနေပြီ။ ဒါက သတင်းကောင်းပါ” လို့သူက မချိတင်ကဲ ပုံနဲ့ ရယ်မောပစ်လိုက်တယ်။
ရှေ့တပတ်မှာ နားမကြားတဲ့ ကလေးတွေရဲ့ကျောင်းကို ဒေးဗစ်ရောက်တော့ ကလေးတွေ ခမျာ နားကြားကရိယာ မတတ်နိုင်တာတွေ့ရလို့ စိတ်မကောင်းဖြစ်ရပြီး အင်္ဂလန် ပြန်ကာ အကြားအာရုံ ကျွမ်းကျင်ပညာရှင်တွေကိုခေါ်၊ တန်ဖိုးကြီးတဲ့ နားကြားကရိယာ အစုံ ၂၀၀ ယူဆောင်ပြီး နောက်တခေါက် လာရောက်တဲ့အကြောင်းကို ဆက်လက် တင်ပြပါဦးမယ်။
(ကျော်ရင်မြင့်သည် မန္တလေးအခြေစိုက် စာရေးဆရာ သတင်းစာဆရာ တဦးဖြစ်သည်။)