သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတွင် အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းမှုနှင့် ပတ်သက်၍ ကျောင်းသားဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး အစိုးရကလည်း ယခင် စစ်အစိုးရလမ်းစဉ်အတိုင်း အင်အားသုံး၍ ဖြိုခွင်းတုံ့ပြန်ခဲ့သည်။ အာဏာပိုင်များ၏ အခကြေးငွေဖြင့် ငှားရမ်းထားသည့် ရာဇဝတ်သားများက ရန်ကုန်တွင် ကျောင်းသား များနှင့် ဆန္ဒပြသူများကို ရိုက်နှက်ပြီး အတင်းဆွဲခေါ် ဖမ်းဆီးခဲ့ကြသည်။
မတ်လအတွင်း အစိုးရ၏ လက်ပံတန်း ဆန္ဒပြ ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် အတွက် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများ၏ ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း အဆိုပါဖြိုခွဲမှုနှင့်ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုမှာ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုရုံမျှ သာဖြစ်ပြီး ဒီမိုကရေစီ၏ ပုံရိပ်ဖြစ်သည့် ဒေါ် အောင်ဆန်းစုကြည်ကလည်း ဆန္ဒပြကျောင်းသား လူငယ်များအတွက် အနည်းငယ်သာ ပြောဆိုခဲ့သည့် အပြင် စာနာထောက်ထားမှု အနည်းငယ်သာ ပြသ ခဲ့သည့်အတွက် အံ့အားသင့်သူ များစွာရှိခဲ့သည်။
လက်ရှိပညာရေး ပြုပြင်ပြောင်းလဲရေး လှုပ်ရှား မှု၏ ထိပ်တန်းခေါင်းဆောင်တယောက် ဖြစ်သော ဒေါက်တာသိန်းလွင်သည်လည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်အဖြစ်မှ ဖယ်ရှားခြင်းခံခဲ့ရသည်။
ကျောင်းသားများက တောင်းဆိုနေသော ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ပညာရေးကိစ္စများတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိရေးအပေါ် စာနာမှုရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျောင်းသားများကို အလေးအနက်ထားပြီး သူတို့၏နစ်နာမှုများ၊ မကျေနပ်ချက်များကို လိမ္မာပါးနပ်စွာဖြင့် နားထောင်ပေးရမည် ဖြစ်ပါသည်။ မြန်မာ့သမိုင်းနှင့် အကျွမ်းတဝင်ရှိသူ မည်သူမဆို ကျောင်းသားများ ဦးဆောင်သည့် လှုပ်ရှားမှုဆိုသည်မှာ အင်အားပြင်းထန်သော အခြေအနေနှင့် နိုင်ငံရေး အပြောင်းအလဲတို့၏ ရှေ့ပြေး နိမိတ်ဖြစ်ကြောင်း သိထားကြသောကြောင့် ဖြစ်ပါသည်။
စာပေတတ်မြောက်မှုနှင့် ပညာတတ်ဘဝကို တန်ဖိုးထားတတ်သည့် အစဉ်အလာရှိသော နိုင်ငံ တခုတွင် မျှော်လင့်ရမည့် အကြောင်းတခုလည်း ဖြစ်သည်။
ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှု
၁၉၂၀ ခုနှစ်တွင် အုပ်စိုးသူ ဗြိတိသျှတို့က ပြဋ္ဌာန်းချင်သော တက္ကသိုလ်ဥပဒေသည် မျှတခြင်း မရှိဟုယူဆသည့်အတွက် ရန်ကုန်မြို့မှ ကျောင်းသား များက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ သူတို့၏ လှုပ်ရှား မှုအတွက် ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သလို မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအတွက် တွန်းအား သစ်တခုလည်း ဖြစ်ခဲ့သည်။ ကောလိပ်ကျောင်းသား များ သပိတ်မှောက်ခဲ့သည့်နေ့ကို မြန်မာနိုင်ငံ၏ အမျိုးသားနေ့အဖြစ် ယခုတိုင် သတ်မှတ်ထားကြဆဲ ဖြစ်သည်။
၁၉၃၆ ခုနှစ် အစပိုင်းတွင် ကျောင်းသားများ သပိတ်မှောက်ခဲ့ပြန်သည်။ ယခုတကြိမ်တွင် ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်းခဲ့ပြီး ဖြစ်သည့်အတွက် ပိုမိုစုစည်းမှု ကောင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ကိုအောင် ဆန်းနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာသည့် ကိုနုတို့ ကဲ့သို့သော ကျော်ကြားသည့် ကျောင်းသားခေါင်းဆောင်များကို အာဏာပိုင်များက ကျောင်းထုတ်ပစ်ခဲ့သည့်အတွက် သပိတ်စတင်ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။
ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့် အိုးဝေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “ငရဲခွေးကြီးလွတ်နေသည် (Hell Hound at Large)” အမည်ရှိ ဆောင်းပါးရေး သူကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည့်အတွက် ကိုအောင်ဆန်းကို ကျောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ ဆောင်းပါးသည် ရန်ကုန်တက္ကသိုလ်မှ ဗြိတိသျှအာဏာပိုင်များကို ပြင်းထန်စွာ ဝေဖန်သရော် ထားသည့် ဆောင်းပါးဖြစ်ပြီး ရေးသားသူမှာ ကိုအောင်ဆန်း၏ အရင်းနှီးဆုံး သူငယ်ချင်းတဦး ဖြစ်သော (ဦး)ညိုမြဖြစ်သည်ဟု နောက်နှစ်ပေါင်း များစွာကြာမှ သိရှိခဲ့ရသည်။
ညိုမြသည် အင်္ဂလန်နှင့် အမေရိကန်နိုင်ငံများသို့ သွားရောက်၍ စာနယ်ဇင်းပညာ သင်ယူခဲ့ပြီးနောက် ထင်ရှားသည့် စာရေးဆရာတယောက် ဖြစ်လာခဲ့သလို မုံရွာမဲဆန္ဒနယ်ကို ကိုယ်စားပြုသည့် လွှတ်တော် အမတ်လည်း ဖြစ်လာခဲ့သည်။ ယနေ့ခေတ် မြန်မာ နိုင်ငံတွင် စာနယ်ဇင်းသမားတိုင်း လက်ကိုင်ထားရ မည့် သတ္တိနှင့်ကျင့်ဝတ် နှစ်ခုလုံးကို ကိုအောင်ဆန်းက ထုတ်ပြခဲ့ခြင်းလည်း ဖြစ်ပါသည်။ သင်၏ အရင်း အမြစ်ကို ထုတ်ဖော်မပြောရပါ။ အမည်ကို မဖော် ထုတ်လိုသူရှိလျှင်လည်း ထိန်းသိမ်းကာကွယ်ပေးရ ပါမည်။
၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်က အောင်မြင်ခဲ့ပါသည်။ ကိုအောင်ဆန်းနှင့် ကိုနုလည်း ကျောင်း ပြန်တက်ခွင့်ရခဲ့သည်။ သို့သော်လည်း ကျောင်းသား များက ဆက်လက် ဖိအားပေးခဲ့ပြီး ဗြိတိသျှထံမှ လွတ်လပ်ရေးကို တောင်းဆိုလာခဲ့ကြသည်။
၁၉၃၈ ခုနှစ်တွင် တတိယကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်။ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျောင်းသား လှုပ်ရှားမှုအတွက် ပထမ ဆုံးသော သွေးမြေကျမှု ဖြစ်ပွားခဲ့ရသည်။ ပုလိပ် အဖွဲ့က နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖြိုခွဲခဲ့သည့် အတွက် လူငယ်ကျောင်းသားတဦးဖြစ်သော ကိုအောင် ကျော်၏ ဦးခေါင်းတွင် ဒဏ်ရာရပြီး ထိုဒဏ်ရာ ကြောင့် သေဆုံးခဲ့ရသည်။ သူကွယ်လွန်ခဲ့ပြီးနောက် တွင် သူ့ကို ဗိုလ်အောင်ကျော်ဟု ဂုဏ်ပြုခေါ်ဝေါ်ခဲ့ ကြသလို ရန်ကုန်မြို့တွင်းမှ လမ်းတလမ်းကို သူ့ အမည်ပေးပြီး ဗိုလ်အောင်ကျော်လမ်းဟု သတ်မှတ်ခဲ့ သည်။ ယနေ့ထက်တိုင်ပင် ဒီဇင်ဘာလ ၂၀ ရက် နေ့ကို ဗိုလ်အောင်ကျော်နေ့အဖြစ် အမှတ်တရ ရှိနေကြပါသည်။
ထိုအဖြစ်အပျက်နှင့် ၁၉၃၈ ခုနှစ်အတွင်းမှ အခြားသောအဖြစ်အပျက်များ (၁၃၀ဝ ပြည့် အရေး တော်ပုံ) က နောက်ကြောင်း ပြန်မလှည့်တော့ပါ။ လွတ်လပ်ရေး လှုပ်ရှားမှုများကိုလည်း မည်သည့် အရာကမျှ မတားဆီးနိုင်တော့ပါ။ လွတ်လပ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး အစိုးရနှင့် လွှတ်တော်တွင် ပါဝင်သူ အမျိုးသား၊ အမျိုးသမီး အများအပြားမှာ ၁၉၃၀ နှစ်များအတွင်းက တက်ြွကလှုပ်ရှားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်နေခြင်းကလည်း အံ့ဩစရာမဟုတ်ခဲ့ပါ။
လွတ်လပ်ရေးရပြီးနောက် ကျောင်းသားလှုပ်ရှားမှု
လွတ်လပ်ရေး ရရှိခဲ့ခြင်းကြောင့် ကျောင်းသား လှုပ်ရှားမှုများ ရပ်တန့်သွားပြီဟု ယူဆ၍ မရနိုင်ပါ။ ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်နယ်မြေများအတွင်း တွင် ရှမ်းနှင့် ကချင်ကျောင်းသားများ လျှို့ဝှက်စွာ တွေ့ဆုံတိုင်ပင်မှုများမှနေတဆင့် အဆိုပါ တိုင်းရင်းသား အဖွဲ့အစည်း ၂ ခုအတွင်းတွင် အင်အားကောင်းသော အမျိုးသားရေး လှုပ်ရှားမှုများ ပေါ်ထွက်လာစေခဲ့ သည်။ ကျောင်းသားသမဂ္ဂများကလည်း ပညာရေး စနစ်ပြုပြင်ရန်နှင့် ပြည်တွင်းစစ်ကြောင့် ထိခိုက် နစ်နာနေရသည့် တိုင်းပြည်အတွက် ငြိမ်းချမ်းရေး ရရှိအောင် ဖိအားပေးသည့်အနေဖြင့် ဆန္ဒပြပွဲများ သပိတ်တိုက်ပွဲများကို ဦးဆောင်ပြုလုပ်ခဲ့သည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ အဆုံးသတ်သွားခဲ့ရသည့်အချိန်တွင် ပထမဆုံး ဆန့်ကျင်ဆန္ဒပြခဲ့သူများမှာ ကျောင်းသား များဖြစ်သည်။
ဇူလိုင်လ အစောပိုင်းတွင် ကျောင်းသားများက ဦးဆောင်သည့် ကြီးမားသောဆန္ဒပြပွဲများ ပေါ်ပေါက် ခဲ့ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့တွင် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သည်။ ကျောင်းသား ၁၇ ဦး သေဆုံးခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သော်လည်း လွတ်လပ်သော သတင်းရင်းမြစ်များ၏ အဆိုအရ သေဆုံးသူ ၁၀ဝ ကျော်သည်ဟု သိရသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုလည်း စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးပစ်ခဲ့သည်။ ဗိုလ်အောင်ကျော်ကို ဂုဏ် ပြုစိုက်ထူထားသည့် ကျောက်တိုင်တခုသာ ကျန်ရစ် ခဲ့သည်။
အာဏာသိမ်းယူရခြင်းသည် ပြည်ထောင်စု မပြိုကွဲစေရန် ကာကွယ်လိုက်ခြင်း ဖြစ်သည်ဟု စစ်တပ်ကအကြောင်းပြခဲ့သော်လည်း လက်တွေ့တွင် ပြည်တွင်းစစ်ကို ပိုမိုဆိုးရွားသွားစေခဲ့သည်။ လူနည်းစု တိုင်းရင်းသားအမျိုးမျိုးမှ ကျောင်းသားများသည် လည်း ゞင်းတို့နှင့်သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးသို့ ဝင်ရောက်သွားခဲ့ကြသည်။
သူတို့ထဲတွင် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ ဖြစ်သော ရှမ်းစော်ဘွား စဝ်ရွှေသိုက်၏ သားဖြစ်သူ စဝ်ဟန်ယောင်ဝေလည်း အပါအဝင် ဖြစ်သည်။ ကျောင်းသား အမြောက်အမြားလည်း တောခိုခဲ့ကြပြီး ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်ဖွဲ့များဆီသို့ ရောက်ရှိသွားကြသည်။
၁၉၇၀ နှစ်များအတွင်းတွင်လည်း ကျောင်းသား အရေးအခင်းများ ထပ်မံဖြစ်ပွားခဲ့သည်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်သေဆုံး၍ သူ၏ရုပ်အလောင်းကို မြန်မာနိုင်ငံ တွင် မြှုပ်နှံရန် ပြန်လည် ယူဆောင်လာသည့်အခါ ကျောင်းသားများက ဦးသန့်အလောင်းကို ရယူ၍ ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ ခဲ့ကြသည်။ ထိုတကြိမ်တွင်လည်း ကျောင်းသားများ အသက်ဆုံးရှုံးခဲ့ကြရပြန်ပြီး အသက်မသေသူများမှာ လည်း တောတွင်းသို့ ထွက်ပြေးကြရပြန်သည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု ဦးဆောင်သည့် ကွန်မြူနစ် မဟုတ်သည့် လက်နက်ကိုင် တပ်ဖွဲ့များသို့ သူတို့ ဝင်ရောက်ခဲ့ကြသည်။
၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင်ကျရောက် သည့် မြန်မာနိုင်ငံ အမျိုးသားရေး လှုပ်ရှားမှု၏ ဖခင်အဖြစ် သဘောထားကြသော သခင်ကိုယ်တော် မှိုင်း၏ အသက် ၁၀ဝ ပြည့် မွေးနေ့တွင်လည်း ကျောင်းသားဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး အမြောက်အမြား ဖမ်းဆီးခံခဲ့ရပြန်သည်။
သို့သော်လည်း ၁၉၈၈ ခုနှစ် ဩဂုတ်လမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ၏ အဓိက မြို့ကြီး အားလုံးတွင် ပေါ်ပေါက်ခဲ့သော ကျောင်းသား များက ဦးဆောင်၍ ဒီမိုကရေစီကို တောင်းဆိုသည့် ကြီးမားသော ဆန္ဒပြပွဲများကတော့ ၁၉၇၀ နှစ်များ အတွင်းမှ ကျောင်းသားလှုပ်ရှားမှုများနှင့် ကွဲပြားခဲ့ပါ သည်။
၈ လေးလုံး ကျောင်းသားအရေးတော်ပုံ
ယနေ့ခေတ်တွင် ၈၈ အရေးအခင်းတွင် ဦးဆောင်ခဲ့ကြသော ကျောင်းသားများကို “၈၈ မျိုးဆက်” ဟု သိကြသည်။ သူတို့မှာ တိုင်းပြည်မှ လူသိများသော နိုင်ငံရေးတက်ြွကလှုပ်ရှားသူများထဲတွင် အပါအဝင်ဖြစ်သည်။ သူတို့အများစုမှာ အကျဉ်းထောင် ထဲတွင် နှစ်ရှည်လများ နေခဲ့ကြရသည်။ အချို့မှာ သီးသန့်တိုက်ပိတ်ထားခြင်း ခံခဲ့ရသည်။ သို့သော် လည်း ထိုသို့ပြုလုပ်ခံခဲ့ရခြင်းကြောင့် ပိုမိုလူသိများပြီး လူတွေက ပို၍လေးစားခဲ့ကြသည်။ “ငါ၏ ဦးခေါင်း သည် သွေးသံတို့ဖြင့် ရဲရဲနီ၏၊ သို့သော် ညွှတ်ကား မညွှတ်” ဆိုသည်မှာ အကျပ်အတည်းကာလများ အတွင်းတွင် သူတို့၏ ဆောင်ပုဒ်ဖြစ်ခဲ့သည်။
၁၉၉၀ နှစ်များနှင့် ၂၀ဝ၀ အစောပိုင်းနှစ်များ တွင် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲငယ် များ ရှိခဲ့သည်။ ၂၀ဝ၇ ခုနှစ် ဩဂုတ်လမှ အောက်တို ဘာလအတွင်းတွင် ကျောင်းသားများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးက ဒီမိုကရေစီအတွက် လူစုလူဝေးဖြင့် ဆန္ဒပြတောင်းဆိုခြင်းကို ပြန်လည်ရောက်ရှိစေခဲ့ သည်။
ထိုသို့သော နောက်ခံအခြေအနေများ ရှိနေ သည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ် သက်၍ ကျောင်းသားလူငယ် ဆန္ဒပြသူ အများ အပြားက စိတ်မသက်မသာ ခံစားနေကြသည်မှာ အနည်းငယ် အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။ ၁၉၈၈ ခုနှစ်က နိုင်ငံရေးနှင့် လူမှုရေးပြောင်းလဲရေး လှုပ် ရှားမှု၏ အဓိကခေါင်းဆောင်အဖြစ် သူပေါ်ထွက် လာခဲ့သည်။
မြန်မာ့အရေး ကျွမ်းကျင်သူများဖြစ်သော Josef Silverstein နှင့် Julian Wohl တို့က တိုင်းပြည်၏ ကျောင်းသားလှုပ်ရှားမှုများကို လေ့လာပြီး ၁၉၆၄ ခုနှစ်က ရေးသားခဲ့သည်ကို အမှတ်ရဖွယ်ရာ ဖြစ် သည်။
“တက္ကသိုလ်က ကျောင်းသားတွေဟာ လှုံ့ဆော် ပေးလို့ ရနေတုန်းပဲ။ ကျောင်းသားပြဿနာတွေကို တုံ့ပြန်ရင်းနဲ့ စစ်သွေးကြွတွေ ဖြစ်လာနိုင်တုန်းပဲ။ သူတို့ရဲ့အရေးကိစ္စတွေ အောင်မြင်ဖို့အတွက် လိုအပ်တယ်လို့ ကျောင်းသားတွေက ယုံကြည်ခဲ့ရင် တိုင်းပြည်ရဲ့ နိုင်ငံရေးထဲကို အပြည့်အဝ ပါဝင်ပတ်သက်လာနိုင်တယ်။ တကယ်လို့ ခေါင်းဆောင်တွေက အခွင့်ထူးခံပြီး တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ကိုလိုနီစနစ်ဟောင်းကို ပြန်အသက်သွင်းနေတယ်လို့ ကျောင်းသားတွေက မြင်လာရင် ကျောင်းသားတွေသည် ကိုအောင်ဆန်း၊ ကိုနုနဲ့ တခြားသူတွေရဲ့ တော်လှန်တတ်တဲ့ ကျောင်းသား အစဉ်အလာကို အမွေဆက်ခံသူတွေလို့ မြင်လာပါလိမ့်မယ်။ စစ်မှန်တဲ့ အကျိုးဆက်တွေ ရှိလာမယ့် တက်ကြွတဲ့ နိုင်ငံရေးကဏ္ဍမှာ ပါဝင်ရမယ်လို့လဲ ယူဆကြပါလိမ့်မယ်” ဟု သူတို့က ရေးသားခဲ့သည်။
Josef Silverstein နှင့် Julian Wohl တို့ ရေးသားခဲ့သည့် လွန်ခဲ့သည့် နှစ် ၅၀ ကျော်မှစ၍ အပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့ပါသည်။ ကျနော်တို့ တွေ့မြင်ခဲ့ပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံမှ ကျောင်းသားများသည် သမိုင်း၏ မှန်သောဘက်တွင်သာ ရှိနေခဲ့ကြပါသည်။
(၂၀၁၅ ခုနှစ် ဧပြီလထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော Bertil Lintner ၏ “History Lessons” ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)