အသက်တစ်ရာ ရှိပြီဖြစ်တဲ့ ဦးခန်းဟာ ပြည်ထောင်စုနေ့ဖြစ်လာမယ့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သူလုပ်ပေးခဲ့တဲ့ကိစ္စ ယနေ့တိုင် ဂုဏ်ယူနေဆဲပါ။
နှစ်ပေါင်း ၇၀ ကြာခဲ့ပြီဖြစ်ပေမယ့် ဦးခန်းဟာ ၆၄ မိုင်ခန့် ရှည်လျားတဲ့ တောင်တက်တောင်ဆင်း လမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းကို ရှမ်း၊ ကချင်နဲ့ ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လက်မှတ်ရေးထိုးဖို့ တောင်ကြီးမြို့ကနေ ပင်လုံအထိ ကားမောင်းပို့ခဲ့ရတာ အမြဲအမှတ်ရနေပါတယ်။
ဒီပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေကတော့ အခုအချိန်မှာ အကုန် ကွယ်လွန်ကုန်ကြပါပြီ။ ဗိုလ်ချုပ်က အရင်ဆုံး ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ၆ လအလို ၁၉၄၇ ခုနှစ် ဇူလိုင်လမှာ လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်နဲ့ တနှစ်တည်း ၁၉၁၅ ခုနှစ်မှာမွေးတဲ့ ဦးခန်းဟာ ကျန်းမာရေး ကောင်းမွန်ဆဲဖြစ်ပြီး တခါတရံဆို တောင်ကြီးမြို့လမ်းတွေပေါ် ကိုယ်တိုင်ကား မောင်းသွားလာနေတာကို ယနေ့တိုင် မြင်နိုင်ပါတယ်။ သူဟာ တောင်ကြီးဇာတိဖြစ်ပြီး အဖေကတော့ မြန်မာနိုင်ငံမှာ လာရောက်အခြေချတဲ့ မူဆလင်တယောက်ဖြစ်ပြီး အမေကတော့ ရှမ်းလူမျိုး ဖြစ်ပါတယ်။ ဦးခန်းက သူ့ကိုယ်သူ အစ္စလမ်ဘာသာဝင် တယောက်လို့ ခံယူထားပါတယ်။
ဦးခန်းဟာ အတိတ်ဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲဖြစ်ပြီး သူ့ဆီလာလည်တဲ့ ဧည့်သည်တွေကို သူ့အိမ်နံရံမှာ ချိတ်ဆွဲထားတဲ့ သမိုင်းဝင်ဓာတ်ပုံတွေကို ဝမ်းသာအားရနဲ့ လိုက်ပြလေ့ရှိပါတယ်။
ဗိုလ်ချုပ်က တောင်ကြီးမြို့မှာ ဒေသခံအမျိုး သမီးငယ်တဦးဆီက ပန်းစည်းလက်ခံရယူနေတဲ့ ဓါတ်ပုံကို ထိုးပြပြီး သူက “အဲဒီနေ့မှာ ကျနော် သူ့ကို ပင်လုံကို မောင်းပို့ခဲ့တာပေါ့” လို့ပြောပါတယ်။ ပုံထဲက ကားမောင်းသူထိုင်ခုံမှာ ထိုင်နေတဲ့သူက ဦးခန်းပါ။
ပင်လုံမှာ ဗိုလ်ချုပ်က တိုင်းရင်းသားခေါင်း ဆောင်တွေကိုပြောခဲ့တဲ့ စကားတွေကိုလည်း ဦးခန်းက မှတ်မိနေပါတယ်။
“ဒီသဘောတူညီချက်ကို မကျေနပ်ရင် နောက် ၁၀ နှစ်နေရင် ခင်ဗျားတို့ပြည်နယ်တွေ ဗမာပြည်က ခွဲထွက်ရင် ခွဲထွက်နိုင်တယ်လို့ ဗိုလ်ချုပ်ကပြောတာ” ဟု ဦးခန်းက ပြန်ပြောပြပါတယ်။
“အဲဒီတော့ ပထမဆုံး သမ္မတဖြစ်လာတဲ့ ညောင်ရွှေစော်ဘွား အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပြည်ထောင်စုအတွက် လက်မှတ်ထိုးမယ့်အချိန်မှာ ခွဲထွက်ဖို့ကိစ္စမပြောဖို့ ဗိုလ်ချုပ်ကို ပြန်ပြောခဲ့ကြတယ်” လို့ ဦးခန်းက ဆက်ပြောပါတယ်။
ဒါပေမယ့်လည်း ထိုသမိုင်းဝင် ပင်လုံစာချုပ်ထဲမှာပါတဲ့ လူနည်းစု တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကတော့ ဒီနေ့အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း ထိုကိုယ်ပိုင်အုပ်ချုပ်ရေး ရဖို့အတွက် ယနေ့တိုင် ကြိုးစားဆဲဖြစ်ပါတယ်။
တူညီတဲ့ ရပ်တည်မှု
နိုင်ငံရေးနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုအပေါ် နှစ်ယောက်စလုံးက ရပ်တည်မှုတူတဲ့အတွက် ယခင် ကတည်းက ဦးခန်းနဲ့ ဗိုလ်ချုပ်ဟာ အသိအကျွမ်းတွေ ဖြစ်ကြပါတယ်။
“ဗိုလ်ချုပ်က နိုင်ငံတဝန်း လွတ်လပ်ရေး ကြိုးပမ်းမှုတွေ လုပ်နေချိန်မှာ ကျနော်က ရှမ်းပြည်နယ်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ လုပ်နေခဲ့တာ”လို့ ဦးခန်းက ပြောပါတယ်။ “ရှမ်းပြည်နယ် လွတ်လပ်ရေး အဖွဲ့ချုပ်မှာ ဦးတင်ဧနဲ့အတူ ကျနော်အလုပ် လုပ်ခဲ့ပါတယ်”။
ဦးခန်းထက် တနှစ်ငယ်ပြီး အခုကွယ်လွန်သွားပြီဖြစ်တဲ့ ဦးတင်ဧဟာ ဗိုလ်ချုပ်ရဲ့ ပင်လုံအစီအစဉ်ကို ရှမ်းလူမျိုးအများအပြားက ယုံကြည်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ရှမ်းခေါင်းဆောင် အနည်းငယ်ထဲက တယောက် ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး လေးနှစ်အကြာ ၁၉၅၂ ခုနှစ်မှာ ဦးခန်းဟာ ရှမ်းပြည်နယ်မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့ရဲ့ ပထမဆုံးမြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ နောက် လေးနှစ်အကြာမှာလည်း မြို့တော်ဝန် ဒုတိယသက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး တောင်ကြီးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ခန့်အပ်ခြင်းခံရပါတယ်။
အဲဒီကာလတွေမှာ မြို့တော်ဝန်တစ်ယောက် အနေနဲ့ ဦးခန်းဟာ ပြည်တွင်း ပြည်ပ နိုင်ငံ့ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ သူ့အိမ်နံရံပေါ်က ဓာတ်ပုံတွေမှာတော့ သူနဲ့ မြန်မာပြည်ရဲ့ ဒုတိယမြောက် သမ္မတကြီး ဦးဘဦး၊ နောက်ပြီး သူနဲ့ တရုတ်သမ္မတ လျိူရှောက်ချီတို့ရဲ့ ဓာတ်ပုံတွေကို တွေ့ရပြီး သူတို့တွေ တောင်ကြီးကို လာရောက် လည်ပတ်စဉ်မှာ ရိုက်ထားတဲ့ပုံတွေ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဝန်ကြီးချုပ် ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့နဲ့လည်း သူက သိကျွမ်းပါတယ်။ မြို့တော်ဝန်အဖြစ် ဆောင်ရွက်နေတဲ့ တချိန်တည်းမှာပဲ ဦးခန်းဟာ အောင်မြင်တဲ့ စီးပွားရေးသမားလည်း ဖြစ်ခဲ့ပါတယ်။ တောင်ကြီးနဲ့ တခြား ရှမ်းပြည်တောင် ပိုင်းမြို့တွေမှာ ရုပ်ရှင်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူ့အတွက် ကံဆိုးမိုးမှောင်ကျတဲ့နေ့ ရောက်လာခဲ့ပါတယ်။ အဲဒီနေ့ကတော့ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းလိုက်ချိန်မှာတော့ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ဖြစ်ပါတယ်။ တကယ်တော့ အဲဒီသောကြာနေ့ဟာ ဦးခန်းအတွက်သာမက တနိုင်ငံလုံးအတွက်လည်း ကံဆိုးမိုးမှောင်ကျတဲ့နေ့ ဖြစ်ပါတယ်။
မတ်လ ၁ ရက်နေ့ ညသန်းခေါင်ကျော်ကတည်းက ဗိုလ်ချုပ်နေဝင်းရဲ့ တပ်တွေဟာ အစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့အိမ်ကို စဝိုင်းပါတယ်။ တိုင်းရင်းသားခေါင်းဆောင် အများစုကတော့ ရန်ကုန်နဲ့ ရှမ်းပြည်နယ် တနံတလျားမှာရှိနေတဲ့ စော်ဘွားတွေဖြစ်ပါတယ်။ (ကရင်လူမျိုး) သမ္မတကြီး မန်းဝင်းမောင်နဲ့ ဝန်ကြီးချုပ် ဦးနု အပါအဝင် အစိုးရအဖွဲ့တခုလုံးကို ဖမ်းဆီးခဲ့ပါတယ်။ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမတ်တွေဖြစ်တဲ့ ရှမ်းစော်ဘွား ၂၅ ယောက်လုံး နီးပါးနဲ့ ပြည်သူ့လွှတ်တော်အမတ် ၂၅ ယောက်အပြင် နိုင်ငံရေး သမားတွေလည်း အဖမ်းခံခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့ပြီး အဲဒီအချိန်က လူမျိုးစုလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ဟာလည်း ရန်ကုန်က သူ့နေအိမ်မှာ အဖမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးနေစဉ်အတွင်း သူ့ရဲ့ ၁၇ နှစ်အရွယ် သားတယောက် အသတ်ခံခဲ့ရပါတယ်။ ဦးနေဝင်းရဲ့ အာဏာသိမ်း အစိုးရကတော့ စပ်ရွှေသိုက်ရဲ့ အိမ်တော်စောင့်တွေနဲ့ စစ်သားတွေ အပြန်အလှန် ပစ်ခတ်ကြရာက သူရဲ့သား သေဆုံးသွားတာလို့ ဆိုပါတယ်။ ဒီသေဆုံးမှုတခုကလွဲရင် သွေးမြေမကျတဲ့ အာဏာသိမ်းမှုလို့ ပြောကြပါတယ်။
ဦးနေဝင်းရဲ့ အာဏာသိမ်းမှုဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပင်လုံမှာ တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဗမာအများစု ကြီးစိုးထားတဲ့ စစ်အစိုးရဟာ နိုင်ငံရဲ့ လူများစုနဲ့ လူနည်းစု တိုင်းရင်းသား အများအပြားကြား အယုံအကြည် ကင်းမဲ့မှုကို နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒါဟာ အဲဒီအချိန်မှာ ဆယ်စုနှစ် ၂ ခု မြောက်ကို ဝင်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပြီးဆုံးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တခု ဖြစ်ခဲ့တယ်ဆိုတာကတော့ သံသယဖြစ်ဖွယ် မရှိပါဘူး။
“ခဏလောက်လိုက်ခဲ့ပါ”
အဖမ်းခံရတဲ့အထဲမှာ ဦးခန်းလည်း အပါအဝင်ပါ။
“ကျနော့်ကို အင်းစိန်တိုးချဲ့ အကျဉ်းထောင်ကို ပို့လိုက်ကြပါတယ်”လို့ ဦးခန်းက ပြောပါတယ်။ သူပြောတဲ့ တိုးချဲ့ အကျဉ်းထောင်ဆိုတာ စပ်ရွှေသိုက်နဲ့ အခြား နိုင်ငံရေးအကျဉ်းသားတွေကို ထားခဲ့တဲ့ အင်းစိန် အကျဉ်းထောင်ဝင်းထဲက ထောင်တခုပါ။
ဦးခန်းက ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ နံနက်ခင်းတခုကို သူမမေ့နိုင်သေးဘူးလို့ ပြောပါတယ်။
“နံနက် ၇ နာရီလောက်မှာ စပ်ရွှေသိုက်က ဝင်းထဲမှာ လမ်းလျှောက်နေရင်း ကျနော်တို့ကို “နေကောင်းလား” လို့ လှမ်းအော်သွားပါတယ်။ မနက် ၁၁ နာရီလောက်မှာတော့ သူသေသွားပါရော။ ဘာကြောင့်မှန်း ကျနော်တို့ မသိဘူး”လို့ ဦးခန်းက ပြောပါတယ်။
ကျနော်တို့ဘေးမှာ ထိုင်နေတဲ့မိတ်ဆွေ တယောက်က “အဆိပ်ခတ်ခံခဲ့ရတာ”လို့ ဝင်ပြောပါတယ်။ ဦးခန်းက “သိတာပေါ့ အဲဒါ ပြောလို့မကောင်းဘူး” လို့ ပြန်ပြောပါတယ်။
စပ်ရွှေသိုက်ဟာ အချုပ်ခံနေရစဉ်အတွင်း အသတ်ခံရတယ်လို့ အများစု ယုံကြည်ကြပါတယ်။
ဦးခန်းဟာ တရားစွဲဆိုခြင်းမခံရဘဲ ထောင်ထဲမှာ ၆ နှစ်ကြာ နေခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အမှန်တကယ် လုံးဝ လွတ်လပ်သွားတာတော့ မဟုတ်ပါဘူး။
သူ့လှုပ်ရှားမှုတွေကို ပိုပြီး စောင့်ကြည့်နိုင်ဖို့အတွက် အာဏာပိုင်တွေက သူ့ကို တောင်ကြီး ပြန်ခွင့်မပေးဘဲ ရန်ကုန်မှာပဲနေဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီ “မြို့အကျယ်ချုပ်”မှာ သူ ၄ နှစ် ကျခံခဲ့ရပါတယ်။
“သူတို့ (အာဏာပိုင်) က သူတို့နဲ့ ခဏလောက်လိုက်ခဲ့ဖို့ ပြောတယ်။ အဲဒီခဏလေးက အချုပ်ခံလိုက်ရတာ ၁၀ နှစ်ကြာသွားတယ်” လို့ ဦးခန်းက ပြောပါတယ်။
ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံတဝန်း စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းရာမှာ ဦးခန်းရဲ့ ရုပ်ရှင်ရုံ ၂ ရုံ အပါအဝင် စီးပွားရေးလုပ်ငန်းအချို့လည်း ပြည်သူပိုင် အသိမ်းခံလိုက်ရပါတယ်။
“အဲဒီ ရုပ်ရှင်ရုံနေရာ တနေရာမှာ အခု အင်းဝဘဏ် ဖွင့်ထားတယ်လေ” လို့ သူကပြောပါတယ်။ အင်းဝဘဏ်ဆိုတာ စစ်တပ်ကပိုင်တဲ့ စီးပွားရေးအုပ်စုဖြစ်တဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက တည်ထောင်ထားတဲ့ဘဏ်ပါ။ ဦးခန်းအတွက်တော့ လူအဖမ်းခံ၊ ပစ္စည်းအသိမ်းခံရလို့ ၂ ခါနာဖြစ်ရုံတင်မက မြင်တိုင်းနာကျင်နေရတဲ့ အဖြစ်ပါ။
သူဆုံးရှုံးခဲ့ရတဲ့ လုပ်ငန်းတွေအတွက် ဘာလျော်ကြေးမျိုးကိုမှ ဦးခန်းမရခဲ့ပါဘူး။ သူထောင်က လွတ်ပြီးနောက် တောင်ကြီးမှာ ဆောက်လုပ်ရေး လုပ်ငန်းကို ပြန်လုပ်ခဲ့ပါတယ်။
“ငါ နိုင်ငံရေးနဲ့ ကင်းကင်းပဲ နေတော့တယ်”လို့ သူက ပြောပါတယ်။
အာဏာရှင်စနစ်ကြောင့် ဒဏ်ရာတွေရခဲ့တဲ့ ဦးခန်းဟာ အာဏာရှင် ဦးနေဝင်းနဲ့ သူ့နေရာကို ဆက်ခံခဲ့တဲ့ သူတွေရဲ့ လောင်းရိပ်အောက်မှာ မိနေဆဲဖြစ်ပါတယ်။
“ငါ ဒီလောက်အများကြီး မပြောသင့်ဘူး” လို့ ကျနော်တို့ စကားပြောတာ ပြီးလုပြီးခင်မှာ သူက ပြောပါတယ်။ “အများကြီးပြောရင် ထောင်ထဲပြန် အခေါ်ခံနေရဦးမယ်” တဲ့။
အခု အစိုးရ အဲဒီလောက်တောင် ဆိုးမယ်လို့ ထင်လားလို့ မေးတဲ့အခါမှာတော့ သူက ချက်ချင်း ပြန်ပြောပါတယ်။ “အစိုးရ ဆိုးတယ်လို့ ငါမပြောပါဘူး။ အစိုးရက ကောင်းပါတယ်”။
“အစိုးရမကောင်းကြောင်း ဘာမှမရေးနဲ့နော်။ အစိုးရမကောင်းကြောင်း ငါမပြောဘူး။ အစိုးရက တကယ် ကောင်းတယ်” လို့ သူကဆက်ပြောပါတယ်။
“အားလုံးကောင်းပါတယ်။ ကောင်းတယ်။ အစိုးရကို ဆန့်ကျင်တာ ဘာမှမရေးနဲ့။ အားလုံး ကောင်းတယ်လို့ပြော။ အခုအစိုးရလည်း အရမ်းကောင်းတယ်”။
ဦးခန်းက ဒီလိုပြောတဲ့နောက်မှာတော့ သူ့သားက “သူ မပြောရဲတော့ဘူး” လို့ ဝင်ပြောပါတယ်။
ဦးခန်းရဲ့သားက အဲဒီလိုဖြစ်သွားရတဲ့ အကြောင်းရင်းတခုကို ရှင်းပြပါတယ်။ ဦးခန်းက နိုင်ငံရေးနဲ့ လုံးဝ ကင်းရှင်းအောင် နေခဲ့ပေမယ့်လို့ ၁၉၈၈ ခုနှစ်နိုင်ငံတဝန်း ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုအုံကြွမှု ဖြစ်ပွားစဉ်မှာ ရက်အတန်ကြာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဖမ်းခံခဲ့ရတာ နှစ်ပေါင်း ၅၀ ကျော်ကြာပြီ ဖြစ်တဲ့ အခုအချိန်မှာတော့ အသက် ၁၀ဝ ရှိပြီတဲ့ ဦးခန်းဟာ အကြောက်တရားတွေနဲ့ ရှင်သန်နေရဆဲလို့ ကျနော် ခံစားမိပါတယ်။
ဦးခန်းအနေနဲ့ နိုင်ငံရေးမှာ မပတ်သက်ချင်တော့ပေမယ့် နိုင်ငံရေးမှာ စိတ်ဝင်စားမှုကတော့ လျော့မသွားခဲ့ပါဘူး။ ဒီလိုပဲ အတိုက်အခံနဲ့ နိုင်ငံရေးအရ နှီးနွှယ်မှုကို ဖော်ထုတ်ပြသဖို့ကိုလည်း သူအနေနဲ့ ဝန်မလေးခဲ့ပါဘူး။
သူ့ဧည့်ခန်းထဲက မီးလင်းဖိုမှာတင်ထားတဲ့ ဓာတ်ပုံတပုံမှာတော့ ဦးခန်းနဲ့ NLD ကို ဖွဲ့စည်း တည်ထောင်သူတွေထဲက တယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးကို တွေ့ရပါတယ်။
“သူ (ဦးတင်ဦး) က လွန်ခဲ့တဲ့ လအနည်းငယ်က ငါ့အိမ်ကိုလာလည်တယ်။ ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်)က အရမ်းကောင်းပြီး တော်တယ်။ ငါက နိုင်ငံရေးသမားတော့ မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးတော့ စိတ်ဝင်စားတယ်” လို့ ဦးခန်းက ပြောပါတယ်။ “မြန်မာနိုင်ငံကို ကောင်းစေချင်တယ်။ တိုးတက်စေချင်တယ်”။
အတိတ်မှာ ဘာဖြစ်ခဲ့ဖြစ်ခဲ့ အခုလို ကြီးရင့်တဲ့ အသက်အရွယ်မှာတော့ ဘဝက အေးချမ်းပြီး ပျော်ပျော်ရွင်ရွင် ရှိပုံရပါတယ်။ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို ဆက်လက်မခန့်ခွဲတော့ပေမယ့် ဦးခန်းဟာ နေ့တိုင်းနီးပါး နံနက်ပိုင်း ဝတ်ပြုဆုတောင်းပြီး နောက်မှာ မိတ်ဆွေတွေနဲ့ ဟိုအကြောင်းဒီအကြောင်း ထွေရာလေးပါးပြောဖို့ ရုံးကိုသွားနေဆဲပါ။
“တခါတလေတော့ ငါ ကားမောင်းသေးတယ်။ ဒါပေမယ့် ယာဉ်မောင်းလိုင်စင်တော့ မရှိဘူး”လို့ ဦးခန်းက ပြောပါတယ်။ လိုင်စင်ဌာနက သူ့ကို ကားမောင်းဖို့အတွက် အသက်ကြီးလွန်းနေပြီလို့ ယူဆတဲ့နောက်မှာ လိုင်စင်ထုတ်မပေးတော့ဘူးလို့ သူ့သားက ပြောပါတယ်။
“ဒါပေမယ့် ကျနော်မောင်းရင် သူက စိတ်မရှည်ဘူးဗျ” လို့ သူ့သားက ရယ်ရင်းပြောပါတယ်။ အဲဒါကို ကြားရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဒီလို ကားမြန်မြန်မောင်းတတ်တဲ့ ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်နဲ့ အတူတူ ခက်ခဲကြမ်းတမ်းတဲ့လမ်းကို ဘယ်လိုများ အတူသွားခဲ့သလဲ ဆိုတာ ကျနော် စဉ်းစားတွေးနေမိပါတော့တယ်။