Human Rights

ကမ္ဘာကျော် ဓာတ်ပုံထဲက ကျောင်းသား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မတ်လ ၁၀ ရက်နေ့ ကမ္ဘာ့သတင်းမီဒီယာများအားလုံးတွင် မြန်မာနိုင်ငံမှ ကျောင်းသားသပိတ်ကို အစိုးရက အကြမ်းဖက် နှိမ်နင်း မှုကို ထင်ဟတ်စေသော Reuters သတင်းဌာနက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံပေါ်ထွက်ခဲ့သည်။ ပူခြစ် တောက် နေသော နေရောင်အောက်တွင် ရော်ဘာ နံပါတ်တုတ်၊ ဒိုင်းများကိုင်ဆောင်ထားသော လုံထိန်းရဲ ၁၀ ဦးထက် မနည်း က အံကြိတ်ထားသော ဒေါသမျက်နှာများဖြင့် ဖုန် အလိမ်းလိမ်းဖြင့် အသက်လုပြေးနေသော ကျောင်းသားငယ် တဦး ကို မညှာ မတာ ရိုက်နှက်နေကြသည့် အဆိုပါဓာတ်ပုံ သည် အစိုးရ၏ ရက်စက်မှုနှင့် အာဏာရှင်ပေါ်လွင်စေခဲ့သည်။

ရိုက်နှက်မှုကြားတွင် အသက်လုပြေးရင်း အဖမ်းဆီးခံခဲ့ရသော အဆိုပါကျောင်းသားလေးသည် သာယာဝတီထောင်တွင် ထိန်းသိမ်းခံခဲ့ရပြီး ဒုက္ခမျိုးစုံခံစားခဲ့ရသည်။ ဖမ်းဆီးခံရမှု ၂ လ ကျော်ကြာမြင့်လာချိန် မေလ ၁၂ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်း ထားရသော အဆိုပါကျောင်းသားလေးသည် အသက်မပြည့်သေးသော ၁၀ တန်းကျောင်းသားဖြစ်နေ၍ တရားရုံး က အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ထိုကျောင်းသား၏ အမည်မှာ မောင်အောင်မင်းခိုင်ဖြစ်ပြီး အသက် ၁၆ နှစ် ခန့်သာ ရှိသေးသည်။

သူပြန်လည်လွတ်မြောက်လာချိန်တွင် မိဘများက ပျော်ရွှင်နေကြသော်လည်း မောင်အောင်မင်းခိုင်က မပျော်နိုင် ဖြစ်နေ သည်။ ထောင်ထဲတွင် အာမခံမရဘဲ ဆက်လက် တရားရင်ဆိုင်နေရသည့် သူ့အပေါင်းအသင်းမိတ်ဆွေများအတွက် သူ စိတ်ပူနေသည်။ သူကိုယ်တိုင်က ဆက်လက် တရားရင်ဆိုင်ရမည်ဖြစ်သော်လည်း အာမခံ ရသည့်အတွက် အေးဆေးစွာ နေထိုင်ရင်းဖြင့် အမှုရင်ဆိုင်သည့်အတွက် ထောင်ထဲတွင် နေရင်း အမှုရင်ဆိုင်ရသည်ထက် ပို၍ စိတ်သက်တောင့် သက် သာ ရှိသည်ဟု ဆိုနိုင်သည်။

ဖမ်းဆီးထိန်းသိမ်းရာမှ ပြန်လည်လွတ်မြောက်လာပြီးဖြစ်သော်လည်း မတ်လ ၁၀ ရက်နေ့ သူကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုး များက သူမှတ်မိနေဆဲ၊ ပြန်လည်မြင်ယောင်နေဆဲဖြစ်သည်။

“ခဲတွေစပစ်တဲ့အချိန်မှာ ကျနော်နဲ့ ဦးပဉ္ဇင်းတပါးက ကားတစီးပေါ်မှာရောက်နေတယ်။ အဲဒီမှာ ရဲတွေတွေ့တော့ ကားပေါ် ကနေ ကျနော့်ကို ကန်ချတယ်။ အတူရှိနေတဲ့ဦးပဉ္ဇင်းကိုလည်း ဆွဲချပြီး ရိုက်တယ်။ ကျနော့်ကိုလည်း ကားအောက် ရောက်တာနဲ့ တပြိုင်နက် နံပါတ်တုတ်တွေနဲ့ဝိုင်းရိုက်တယ်။ နောက်ကနေ တွန်းလိုက်၊ ရိုက်လိုက်နဲ့လုပ်ပြီး ခေါင်းနဲ့ လက်တွေကို အဓိကထားပြီး ရိုက်တယ်လို့ ကျနော်ထင်တယ်။ အဲဒီအချိန်မှာ ရဲတယောက်က ပုဆိုးကို ဆွဲချွတ်တယ်။ ကျနော် ပြန်ဆွဲတာမမီတော့ဘူး။ တပြိုင်နက်တည်း ကျနော့်ခေါင်းကို ရိုက်နေတယ်ဆိုတော့ စိတ်ထဲမှာ ပုဆိုးကို ကောက်ဝတ်ရမလား။ ခေါင်းကိုကာကွယ်ရမလား ဒွိဟဖြစ်တယ်။ ကျနော် ခေါင်းကို ကာကွယ်လိုက်တယ်။ အဲဒီအတိုင်း ဆက်ပြေးတယ်” ဟု မောင်အောင်မင်းခိုင်က မတ်လ ၁၀ ရက်နေ့ အတွေ့အကြုံကို ပြန်ရှင်းပြပါတယ်။

ရိုက်နှက်ဖမ်းဆီးခံရပြီးနောက် သာယာဝတီအကျဉ်းထောင်ရောက်သည့်အချိန်တွင် မောင်အောင်မင်းခိုင်နှင့်အတူ ကျောင်းသားများကို ဆေးစစ်၊ ဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ပေးပြီး မောင်အောင်မင်းခိုင်အတွက် ဆေးစစ်ချက် အဖြေက “အားလုံးကောင်းပါသည်” ဆိုသော အဖြေဖြစ်သည်။

“ကျနော်တို့ဆေးမှတ်တမ်းတော့ပြန်ကြည့်လို့မရဘူး။ ခေါင်း မျက်လုံး နဲ့ လက်က ဓာတ်မှန်ရိုက်တော့ အခြေ အနေ ကောင်းတယ် ပြောတယ်။ ဒါပေမယ့် အခုဆိုရင် အထိုင်အထလုပ်ရင် မူးတယ် ရာသီဥတူ ပူရင်အေးရင်လည်း မူးတယ်ဗျ” ဟု မောင်အောင်မင်းခိုင်က ပြောသည်။

ကျောင်းသားသပိတ်တွင် တက်ကြွစွာ ပါဝင်ခဲ့သော မောင်အောင်မင်းခိုင်သည် ရွှေဘိုမြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းမှ ၁၀ တန်းကျောင်းသားတဦးဖြစ်ပြီး မိဘမျိုးရိုးမှာလည်း နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်သူများ မဟုတ်ပေ။ သူ၏ မိဘများသည် ကုန်သည်များဖြစ်ကြပြီး သူသည် တဦးတည်းသောသား ဖြစ်သည်။

မောင်အောင်မင်းခိုင်သည် ရွှေဘိုမြို့၊ အခြေခံကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ တာဝန်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များသမဂ္ဂ အဖွဲ့ဝင် အဖြစ် တာဝန်ယူထားသူဖြစ်ပြီး  အမျိုးသားပညာရေးဥပဒေကြမ်းတွင် ရေးဆွဲထားသည့် အချက် အလက်များကို ဖတ်ရှုပြီးနောက် ပြင်ဆင်သင့်သည်ဟု ယူဆ၍ မန္တလေးမှာ ရန်ကုန်အထိ လမ်းလျှောက်ချီတက် ဆန္ဒ ပြသည့် ဒီမိုကရေစီသပိတ်စစ်ကြောင်းတွင် ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။

“ဒီလိုလှုပ်ရှားမှုတွေလုပ်တော့ ကျောင်းက ဆရာမတွေက ခြိမ်းခြောက်တယ်ဗျ။ နိုင်ငံရေးလုပ်ရင် ကျောင်းထုတ်မယ်။ ဖမ်းဆီး ထောင်ချမယ်ပေါ့ဗျာ။ ကျနော်တို့ကျောင်းမှာကို ဒီပညာရေးဥပဒေလှုပ်ရှားမှုအပေါ် စိတ်ဝင်စားတဲ့ကျောင်းသားက ၃၀ နဲ့ ၄၀ ကြားရှိတယ်။ တချို့ က ထဲထဲဝင်ဝင်မပါနိုင်တာပဲရှိတာ။ ကျနော်တို့က အခြေခံကျောင်းပညာရေးနဲ့ဆိုင်တဲ့ သမဂ္ဂတွေလွတ်လပ်စွာဖွဲ့စည်းခွင့်၊ ပညာရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းထိတိုးမြှင့်ဖို့ တွေက လိုအပ်တယ်လို့ ယူဆလို့ လုပ်တာ”ဟု သူက ပြောသည်။

အသားရောင် ညိုညို၊ အေးဆေးတည်ငြိမ်သော မျက်နှာပေးနှင့် အေးချမ်းသည့်ပုံစံမျိုး တွေ့ရသော်လည်း သူ ပြောဆိုသော စကားလုံးတိုင်းတွင် နိုင်ငံရေးစိတ်ဓာတ်ပြင်းထန်မှုများ ပါဝင်နေသည်။လက်ရှိအစိုးရကို မယုံဘူး ဟု ယုံကြည်ချက် အပြည့်နှင့် ပြောဆိုနေသော သူက ထောင်ထဲတွင် ရှိနေသည့် ကျောင်းသားများ လွတ်မြောက်ရေး ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

“အစိုးရ ကို ကျနော် လုံးဝမယုံကြည်ဘူး သူတို့ က ပြည်သူကို မကြည့်ဘူး။ သူတို့ကြည့်နေတာ ခရိုနီတွေနဲ့ အရင်းရှင် လူတန်းစားတွေပဲဖြစ်တယ်။ အခြေခံလယ်သမားတွေလယ်လုပ်စရာမရှိအောင်သိမ်းခံနေရတယ်။ ကျောင်းသား တွေ ထောင်ထဲထည့်တယ် ။ အဲလိုအစိုးရ က မရိုက်တာဆိုလို့ ခရိုနီအရင်းရှင်တွေပဲရှိနေတော့ လုံးဝ အယုံ အကြည် ကိုမရှိဘူး။ အစကတည်းက မယုံကြည်ခဲ့တာ”ဟု မောင်အောင်မင်းခိုင် က ဆိုသည်။

လက်ရှိတွင် ကလေးသူငယ်အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် အသက် ၁၆ နှစ်အရွယ် မောင်အောင်မင်းခိုင်သည် အမျိုးသား ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး သပိတ်မှောက်မှုကြောင့် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက်ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅ (ခ) များဖြင့် တရားစွဲမှုများကို ဆက်လက်ရင်ဆိုင်သွားရဦးမည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading