ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဒေသဖြစ်ပြီး မြန်မာပြည်ရဲ့ စပါးကျီအဖြစ် တင်စားခေါ်ဝေါ်ကြပါတယ်။ အခုလို မိုးရာသီဝင်ရောက်လာတဲ့အခါ ဧရာဝတီတိုင်းက လယ်သမားတွေ စပါးထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင်နေကြပါပြီ။
ဒီလို လယ်ယာစိုက်ပျိုးရေးစတင်ချိန်မှာ လယ်သမားတွေ ပထမဆုံးကြုံတွေ့ရတဲ့ပြဿနာကတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေကိစ္စပါပဲ။ ငွေကြေးအရင်းအနှီးမရှိတဲ့ ဧရာဝတီတိုင်း က လယ်သမားအများစုဟာ စိုက်ဘဏ်လို့ အလွယ်ခေါ်တဲ့ စပါးစိုက်ဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ကို မျှော်ကြပါတယ်။
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ခံ စိုက်ဘဏ်ကလည်း လယ်သမား တွေကို လယ် ၁ ဧက ၁ သိန်းကျပ်ကို အတိုး ၄၂ ပြားနှုန်းနဲ့ ငွေထုတ်ချေးပေးပါတယ်။ ဒါပေမယ့် လယ်သမားတွေအတွက် အခက်အခဲဖြစ်နေတာက ငွေလိုအပ်တဲ့ လယ်ယာလုပ်ငန်းခွင်စတင်ချိန်မှာ စိုက်ဘဏ်က လယ်သမားတွေလက်ထဲကို ချေးငွေ အချိန်မီရောက်အောင် လုပ်ဆောင်မပေးနိုင်ဘူး ဖြစ်နေပါတယ်။
“ချေးငွေကို အချိန်မီမပေးနိုင်ဘူးဆိုတာက အခု ၂၀၁၅ မိုးစပါးအတွက်ချေးဖို့ဆိုရင် ၂၀၁၄ မိုးစပါး ချေးငွေကို ကျမတို့က နိုင်ငံတော်ဗဟိုဘဏ်မှာ ပြန်ဆပ်ပြီးမှ ၂၀၁၅ အတွက် ချေးရတယ်။ လယ်သမားတွေက ၂၀၁၄ မိုးစပါးချေးငွေကို အချိန်မီပြန်မဆပ်ကြတော့ ကျမတို့က ဗဟိုဘဏ်က ချေးငွေရတဲ့အချိန် နောက်ကျတယ်။အဲတော့ လယ်သမားဆီ စောစောမပေးနိုင်ဘူး”လို့ ဧရာဝတီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့အကြီးတန်းအရာရှိတဦးက ဧရာဝတီကို ရှင်းပြပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေ စောစောမရတဲ့အတွက် လယ်သမားတွေဟာ အပြင်ကနေ အတိုးနဲ့ချေးပြီး လယ်စိုက်ထား၊ စိုက်ဘဏ်ကထုတ်ပေးတော့မှ အပြင်ချေးငွေကိုပြန်ဆပ်၊ စပါးပေါ်တော့ အစိုးရချေးငွေ ပြန်ဆပ်၊ နောက်နှစ်စပါးစိုက်ဖို့ အပြင်ကနေ အတိုးနဲ့တခါပြန်ချေး၊ ဒီလိုနဲ့ပဲ အကြွေးသံသရာ လည်နေ တယ်လို့ လယ်သမားတွေက ပြောပြပါတယ်။ ဒါက ချေးငွေနဲ့ ပတ်သက်လို့ လယ်သမားတွေဘက်က ကြုံတွေ့ရတဲ့အခက်အခဲ ဖြစ်ပါတယ်။
တခါ စိုက်ဘဏ်ဘက်မှာကြုံနေရတဲ့အခက်အခဲကတော့ စိုက်ပျိုးစရိတ်ချေးငွေကို လယ်သမားတွေ ဘက်က အချိန်မီ ပြန်မဆပ်တဲ့အပြင် ၂၀၁၂ ခုနှစ်ကစလို့ ဘဏ်ချေးငွေတွေကို လုံးဝပြန်မဆပ်ဘဲ ထားတဲ့ လယ်သမားတွေ တဖြည်းဖြည်းများပြားလာနေတဲ့ပြဿနာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ လပွတ္တာနဲ့ မအူပင်မြို့နယ် ၂ ခု ကစတင်ပြီး ဘဏ်ချေးငွေ ပြန်မ ဆပ်နိုင်ဘဲ ဘဏ်ကြွေးကျန်တာတွေ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဆောင်းစပါးရာသီမှာတော့ ဘဏ် ကြွေးကျန်တဲ့ မြို့နယ် ၄ ခု ဖြစ်လာခဲ့ပါတယ်။
၂၀၁၃ ခုနှစ် မိုးစပါးရာသီမှာ မြို့နယ် ၁၃ ခု၊ ဆောင်းစပါးရာသီမှာ မြို့နယ် ၁၄ ခု၊ ၂၀၁၄ ခုနှစ် မိုးစပါး ရာသီမှာ မြို့နယ် ၂၅ ခု စသဖြင့် ဘဏ်ချေးငွေ အကြွေးကျန်တဲ့မြို့နယ်တွေ တဖြည်းဖြည်းများပြား လာခဲ့ပြီး ဘဏ်ကြွေးမဆပ်သူ လယ်သမားဦးရေ ၁၅၀၀၀ ကျော် ရှိနေတယ်လို့ တိုင်းစိုက်ဘဏ်ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဧရာဝတီတိုင်းမှာ စိုက်ပျိုးစရိတ်ပြန်မဆပ်သူ အများဆုံးမြို့နယ်ကတော့ ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဖြစ်ပြီး လပွတ္တာမြို့နယ်က ဒုတိယအများဆုံးဖြစ်ကာ မော်လမြိုင်ကျွန်းမြို့နယ်က တတိယအများဆုံး ဖြစ်ကြောင်း သိရပါတယ်။
ငွေကြေးပမာဏအားဖြင့် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအထိ လယ်သမားတွေ ပြန်မဆပ်တဲ့ ချေးငွေပမာဏဟာ ငွေကျပ် ၇၈ ဘီလီယံကျော်(ကျပ်သန်းပေါင်း ၇ သောင်း ၈ ထောင် ကျော်) အထိ ရှိနေကြောင်း တိုင်းစိုက်ဘဏ်စာရင်းတွေက ဖော်ပြပါတယ်။
လယ်/ဆည်ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ နိုင်ငံတော် ဗဟိုဘဏ်ဆီကနေ ငွေ ၁၀၀ ကျပ်မှာ အတိုးပြား ၄၀ နှုန်းနဲ့ ချေးယူပြီး လယ်သမားတွေကို အတိုး ၄၂ ပြား နှုန်းနဲ့ တဆင့်ပြန်လည် ချေးပေးနေတာ ဖြစ်ပါတယ်။
“ဒီလိုချေးငွေကြွေးကျန်တွေ တဖြည်းဖြည်းများလာရင် ချေးငွေလမ်းကြောင်း ပိတ်ဆို့သွားပြီး လယ်သမားတွေကို နိုင်ငံတော်ဗဟိုဘဏ်က ငွေထုတ်မချေးနိုင်တော့တဲ့အထိ ဖြစ်သွားနိုင်တယ်̎လို့ တိုင်းစိုက်ဘဏ်မန်နေဂျာ ဦးခင်မောင်လွင်က ဧရာဝတီကို ပြောပါတယ်။
“ချေးငွေ မကျေတာတွေ များသထက် များလာရင် ချေးငွေလမ်းကြောင်း ပိတ်ဆို့ သွားနိုင်ပါတယ်။ ချေးငွေလမ်းပိတ်လို့ ဗဟိုဘဏ်က မချေးတော့ရင် လယ်သမားတွေပဲ နစ်နာကြမှာပါ”လို့ သူက ဆက်ပြောပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သူလယ်သမားထဲမှာ အမျိုးအစား ၃ မျိုး ကွဲပြားနေတယ်လို့ ဧရာဝတီတိုင်းက လယ်သမားတွေက ရှင်းပြပါတယ်။ ပထမအမျိုးအစားကတော့ စိုက်ဘဏ်ဆီက ချေးထားတဲ့ငွေတွေကို သူတို့ရဲ့ မိသားစုအသုံးစရိတ်တွေနဲ့ ယခင်က တင်ရှိနေတဲ့ အကြွေးဟောင်း တွေမှာ အသုံးပြုလိုက်တဲ့လယ်သမားတွေ ဖြစ်ပါတယ်။
“စိုက်ဘဏ်က ငွေထုတ်တဲ့နေ့ဆို ပိုက်ဆံအိမ်ပြန်မပါဘဲ လမ်းကအရက်ဆိုင်တင် ကုန်တဲ့လူလည်း ရှိတယ်။ တချို့ကျတော့လည်း လယ်ထဲမထည့်ဘဲ ဆိုလာပြား ဝယ်တာနဲ့ ဆိုင်ကယ်ဝယ်တာနဲ့ ကလေးကျောင်းစရိတ် သုံးပစ်တာနဲ့ အဲ့လို သုံးလိုက်တာတွေရှိတယ်။ တချို့ကလည်း အရင် ကြွေးဟောင်းတွေ ထိုးဆပ်ပစ်လိုက်တာတွေရှိတယ်။ အချိန်တန်တော့ စိုက်ဘဏ်ဆပ်ဖို့မရှိတော့ ဘူးဖြစ်ကုန်တာပေါ့”လို့ ကန်ကြီးထောင့်မြို့နယ်မှ လယ်သမား ဦးအောင်မြင့်က ပြောပါတယ်။
လူနေမှုစရိတ်နဲ့ ကုန်ဈေးနှုန်းတွေ တနေ့တခြား မြင့်တက်လာတဲ့အခြေအနေမှာ လယ်ကရတဲ့ ဝင်ငွေတခုတည်းကိုပဲ မှီခိုနေရတဲ့လယ်သမားမိသားစုတွေအတွက် ဝင်ငွေထွက်ငွေ မမျှတတဲ့ အနေအထားတွေ ဖြစ်ပေါ်နေပါတယ်။
ဒါ့အပြင် ယခင်စစ်အစိုးရလက်ထက်က လယ်စိုက်ဖို့ထုတ်ပေးတဲ့ စိုက်ပျိုးစရိတ် ချေးငွေပမာဏ နည်းပါးခဲ့ခြင်း၊ စိုက်စရိတ်မလောက်လို့ အတိုးနဲ့ချေးယူကာ စပါးစိုက်ပျိုးခဲ့ရခြင်းနဲ့ စပါးဈေးမ ကောင်းခဲ့ခြင်း အကျိုးဆက်တွေကြောင့် လယ်သမားတွေ အကြွေးနွံနစ် နေရတာဖြစ်တယ်လို့ လယ်သမားအရေးလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။
ဘဏ်ချေးငွေမဆပ်သူ ဒုတိယအမျိုးအစားလယ်သမားကတော့ ငွေရှိပေမယ့် တခြားသူတွေ ဘဏ် ကြွေးမဆပ်လို့ အစိုးရချေးငွေကို ပြန်မဆပ်သေးဘဲ တခြားဘက်မှာ လှည့်သုံးနေသူတွေ ဖြစ်ပါ တယ်။ တတိယအမျိုးအစားကတော့ လယ်ပိုင်မရှိဘဲ၊ အမှန်တကယ်လယ်မစိုက်ဘဲ ကျေးရွာ အုပ်ချုပ် ရေးမှူး တွေ၊ အပိုင် မြေတိုင်းစာရေးတွေနဲ့ ပူးပေါင်းပြီး စိုက်မျိုးစရိတ်ချေးငွေ လိမ်ထုတ်သူတွေ ဖြစ်ပါတယ်။
ဒုတိယနဲ့ တတိယအမျိုးအစားထဲမှာပါဝင်တဲ့ လယ်သမားတွေကို ဥပဒေကြောင်းအရ အရေးယူ သင့် ပေမယ့် အမှန်တကယ်ငွေမရှိလို့ မဆပ်နိုင်သူလယ်သမားတွေကို အစိုးရက သက်ညှာပေး သင့်တယ်လို့ လယ်သမားတွေက ပြောဆိုကြပါတယ်။
စိုက်ဘဏ်အနေနဲ့ကတော့ အစိုးရချေးငွေတွေပြန်ရရေးအတွက် ဧရာဝတီတိုင်းထဲက ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ လပွတ္တာနဲ့ ဖျာပုံခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ၁၆ မြို့နယ်က ဘဏ်ကြွေးမကျေတဲ့ လယ်သမားတွေကို အောက်မြန်မာပြည် မြေနှင့် အခွန်တော်ဥပဒေ ပုဒ်မ ၄၅ အရ တရားရုံးတင်ပြီး တရားစွဲဆိုတာတွေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာမြို့နယ်တရားရုံးတွေက လယ်သမားအရေးဖြစ်နေတဲ့အတွက် မြေနှင့် အခွန် တော်ဥပဒေသုံးဖို့သင့်၊မသင့် အထက်အဆင့်ဆင့်ကိုတင်ပြရာမှာ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သဘောမတူတဲ့အတွက် မြို့နယ်စိုက်ဘဏ်မန်နေဂျာတွေက တရားလို ပြုလုပ်ပြီး လယ်သမားတွေအပေါ်စွဲဆိုထားတဲ့အမှုတွေဟာ တရားရုံးတွေမှာ ရပ်ဆိုင်းနေပါတယ်။
“မြေခွန်တော်ဥပဒေအရတော့ ကြွေးကျန်ကို ကောက်လို့ရတယ်။ လယ်ထွက်ပစ္စည်းတွေကိုသိမ်း၊ အိမ် ကိုဝရမ်းကပ်တာမျိုးတွေ လုပ်လို့ရတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းမှာလုပ်ဖို့ အထက်က ခွင့်မပြုလို့ အမှုတွေက တရားရုံးတွေမှာ ရပ်ကုန်တယ်။ နှစ်ဟောင်းကြွေးကျန်တွေ ပြန်ရဖို့ကတော့ မြေခွန်ဥပဒေနဲ့ လုပ်ရင်လုပ်၊ တည်ဆဲဥပဒေတခုခုနဲ့ လုပ်မှပဲ ပြန်ရနိုင်မယ်လို့ထင်တယ်”လို့ တိုင်းစိုက်ဘဏ်ရဲ့ အကြီးတန်း အရာရှိက ပြောပါတယ်။
လက်ရှိမှာတော့ မြေခွန်ဥပဒေနဲ့ အရေးယူလို့မရတဲ့အတွက် လယ်သမားဆီက ကြွေးကျန် ဘီလီယံ ၇၀ ကျော်ရဖို့ဆိုရင် စိုက်ဘဏ်တွေက ချော့တောင်းတဲ့နည်းလမ်းကလွဲလို့ တခြားနည်းလမ်း အသုံးပြုစရာ မရှိတဲ့အခြေအနေ ဖြစ်နေပါတယ်။
နှစ်ဟောင်းကြွေးကျန်တွေရှိနေပေမယ့် ဘဏ်ကြွေးကျေအောင်ဆပ်ထားတဲ့ လယ်သမားတွေကိုတော့ တိုင်းစိုက်ဘဏ်က ၁ ဧက ၁ သိန်းနှုန်းနဲ့ ဒီနှစ်မိုးစပါးစိုက်ပျိုးဖို့အတွက် ဆက်လက်ထုတ်ချေး သွားမယ် လို့ သိရပါတယ်။
ဒီနှစ်ရဲ့ ထူးခြားချက်အနေနဲ့ကတော့ စိုက်ဘဏ်ငွေချေးရာမှာ ၅ ယောက်တဖွဲ့ (ဝိုင်းလေးချုပ်) အစား
၃ ယောက်တဖွဲ့နှုန်း သတ်မှတ်ပြီး တယောက်မကျေခဲ့ရင် ကျန်လူ ၂ ဦးက စိုက်ပြီးဆပ်ပေးပါ့မယ်ဆိုတဲ့ ကတိကဝတ်နဲ့မှသာ ငွေထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။
“အရင်တုန်းကတော့ ရွာလုံးကျွတ်မှာ ၁ ယောက်မကျေရင် ကျန်လူအားလုံးစိုက်ပေးရတဲ့စနစ် သုံးခဲ့ တယ်။ ဝိုင်းကြီးချုပ်ပေါ့။ နောက်ပိုင်းကျတော့ ၁၀ ဦးတဖွဲ့၊ ၅ ဦးတဖွဲ့ ပြောင်းလဲခဲ့တယ်။ ဒီနှစ်တော့ တနိုင်ငံလုံးအနေအထားနဲ့ ဝိုင်းလေးချုပ် ၃ ဦးတဖွဲ့ သတ်မှတ်ထားတယ်။ တယောက်မကျေရင် ကျန်တဲ့ ၂ ယောက် စိုက်ဆပ်ရမယ်။ ကိုယ့်ရွာထဲကကြိုက်တဲ့လူနဲ့ ဖွဲ့ခွင့်ပေးထားတယ်”လို့ စိုက်ဘဏ်တာဝန်ရှိသူက ပြောပါတယ်။
ဒီနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မိုးစပါးစိုက်ဧက ၃၆ သိန်းကျော်အတွက် ငွေကျပ် ၂၆၄ ဒသမ ၈၉ ဘီလီယံ ထုတ်ချေးဖို့ လျာထားကြောင်း သိရပါတယ်။ တဖက်မှာလည်း ဒီငွေတွေကို လယ်သမားတချို့တွေ ပြန်မဆပ်ခဲ့ရင် ယခင်နှစ်တွေလိုပဲ ကြွေးကျန်စာရင်းတွေ ထပ်တိုး လာမှာကိုလည်း စိုက်ဘဏ်တာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။