“ကျွန်းမှာ နေခဲ့ရတဲ့ ကျနော်တို့ဘဝတွေက ခွေးတွေလောက်တောင် တန်ဖိုးမရှိပါဘူး။ ဒီတသက်တော့ ပြန်မလာရတော့ဘူးလို့ ထင်နေခဲ့တာ” အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဂျီးနားကျွန်းရှိ ထိုင်းငါးဖမ်းစက်လှေများထံသို့ လူကုန်ကူးခံခဲ့ရပြီးနောက် ပြန်လည်ရောက်ရှိလာသူ အသက် ၃၀ အရွယ် ကိုအောင်ကြီးက ပြောပြသည်။
ကိုအောင်ကြီးသည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဇနီးနှင့် သမီးတဦး ရှိသည်။ ရပ်ကွက်အထိ လာရောက်ခေါ်သည့် ပွဲစား ၏ စကားကိုယုံကြည်ပြီး မိသားစုဘဝ ကောင်းစား ရေးအတွက် ထိုင်းနိုင်ငံ၊ မဟာချိုင်မှတဆင့် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဂျီးနားကျွန်းသို့ ၁၅ ရက်ကြာ မြင့် သည့် ရေလမ်းခရီးမှ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုခရီးတွင် ကိုအောင်ကြီးနှင့်အတူ ရပ်ကွက် တွင်းမှ အမျိုးသား ၁၀ ဦးလည်း အတူလိုက်ပါသွား ခဲ့သည်။ ပွဲစားဖြစ်သူက “လခကောင်းကောင်းရမည်၊ နေထိုင်ရေး အဆင်ပြေမည်” ဟု မက်လုံးပေးကာ ခေါ်သွားပြီးနောက် ဘန်ဂျီးနားကျွန်းရှိ ငါးဖမ်းလုပ် ငန်းများ လုပ်ကိုင်နေသည့် ထိုင်းငါးဖမ်းစက်လှေ ပိုင်ရှင်များထံသို့ ရောင်းစားလိုက်ခြင်း ဖြစ်သည်။ ထိုကာလသည် ၂၀၁၂ ခုနှစ်၊ ဇွန်လပိုင်းက ဖြစ် သည်ဟု သိရသည်။
“ကျွန်းကို စပြီးရောက်ကတည်းက ကိုယ့်ကို ရောင်းစားလိုက်မှန်း သိသွားပြီ။ အဲဒီလိုဖြစ်မှန်း သိသိချင်း ကျနော်တို့အဖွဲ့ မြန်မာသံရုံးကို ဆက် သွယ်ဖို့ ကြိုးစားခဲ့တယ်။ သံရုံးက တာဝန်ခံကို အဖွဲ့ လိုက် တရားဝင်လည်း သွားပြီး တွေ့ခဲ့တယ်။ အဲဒီမှာ သံရုံးက ပြောတာက နင်တို့တွေ ရဲအဖမ်းခံလိုက်။ သူတို့မှာ လုပ်ပိုင်ခွင့်တော့ မရှိသေးဘူး။ ဒီအတိုင်း လူစုပြီး အဖမ်းခံလိုက်ရင် မြန်မာပြည်ကို ပြန်ရတာ လွယ်မယ်ဆိုပြီး ပြောတာ။ အဖမ်းခံတော့လည်း ရဲတွေက လှေပိုင်ရှင်ရဲ့ လူယုံတွေ လာပြီးရွေးရင် လှေထဲပြန်ထည့်တာပဲ။ အဖမ်းခံလိုက်တဲ့အချိန်မှာ မြန်မာသံရုံးကို အကြောင်းမကြားလို့လား၊ ဘာလား တော့ မသိဘူး။ ဘယ်သူမှရောက်မလာဘူး” ဟု ကိုအောင်ကြီးက ရှင်းပြသည်။
သူတို့လူစု တဖွဲ့လုံး မြန်မာသံရုံး၏ အကြံပေး ချက်အရ အင်ဒိုနီးရှားရဲတပ်ဖွဲ့ထံတွင် တရားမဝင် ခိုးဝင်လာသူများအဖြစ် အဖမ်းခံလိုက်ကြသည်။ သို့သော် မြန်မာနိုင်ငံသို့ ပြန်ခွင့်မရကြဘဲ ထိုင်း ငါးဖမ်းစက်လှေ သူဌေးများ၏ လူယုံများက အချုပ် တွင် လာရောက်ထုတ်ယူ၍ ငါးဖမ်းစက်လှေများတွင် လုပ်ရန် ပြန်ခေါ်သွားသည်။ “အဖမ်းသာ ခံလိုက်ရတယ်။ မြန်မာသံရုံးက ဘယ်သူမှ ရောက်မလာဘူး။ ဒုံရင်းက ဒုံရင်းပဲ” ဟု ကိုအောင်ကြီးနှင့် တဖွဲ့တည်း လိုက်ပါသွားပြီး လူကုန်ကူးခံရသူ ကိုနန်းလူက ပြော ပြသည်။
“အချုပ်စောင့်က ကျနော့်ကို လက်သီးနဲ့ နှစ်ခါ ထိုးတယ်။ ရိုက်တယ်။ သေမတတ် ခံစားခဲ့ရတယ်။ အဲဒီက ဘဝကဆိုးတယ်ဗျ။ ကျွန်းပေါ်မှာ နေမ ကောင်းဖြစ်လို့ ကျွန်းဆေးခန်းမှာ ဆေးသွားမတောင်း ရဲဘူး။ မြန်မာဆိုရင် သေတာပဲ အေးတယ်လို့ သူတို့ ယူဆတယ်။ ဆေးမပေးဘူး။ လှေပေါ်မှာတုန်းက လည်း နေမကောင်းလို့ နားမိတာကို ထိုင်းလူမျိုး ပိုက်ဆရာက ရေနံဆီနဲ့ လောင်းချတယ်။ ထိုင်းတွေ က သိပ်ရက်စက်တယ်” ဟု သူက ဘန်ဂျီးနားကျွန်း ပေါ်က အခြေအနေတချို့ကို ရှင်းပြသည်။
အသက် ၂၂ နှစ်အရွယ်ရှိ ကိုနန်းလူသည် ၂၀၁၂ ခုနှစ်က စတင်ကာ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဂျီးနားကျွန်းပေါ်တွင် လူကုန်ကူးခံလိုက်ရခြင်း ဖြစ်သည်။ ကျွန်းတွင် နေခဲ့ရစဉ် ကာလအတွင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ ဖမ်းဆီးမှု ၂ ကြိမ် ခံခဲ့ရ ကြောင်း၊ အလုပ်လုပ်သည့် လှေပိုင်ရှင်၊ ပိုက်ဆရာ၊ လှေသူကြီးတို့၏ လုပ်အားခခေါင်းပုံဖြတ်မှု၊ ညှဉ်း ပန်း နှိပ်စက်မှုများ ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
၂၀၁၅ ခုနှစ် မတ်လတွင် ကျွန်းပေါ်သို့ နိုင်ငံ ခြားသတင်းဌာနမှ သတင်းထောက်တဦး ရောက်ရှိ လာပြီး ရေလုပ်သားများ၏ အခြေအနေကို တွေ့ သွားခဲ့ကြောင်း၊ ၆ လခန့် စောင့်ဆိုင်းပေးဖို့ပြောဆိုကာ မြန်မာပြည်ပြန်နိုင်ရေး အကူအညီပေးမည်ဟု ဆို ကြောင်း၊ မြန်မာပြည် ပြန်ရောက်ပါက ဖမ်းဆီးမခံရ အောင်လည်း ဆောင်ရွက်ပေးမည်ဟု ပြောသွား ကြောင်း ကိုနန်းလူနှင့် ကိုအောင်ကြီးတို့၏ ပြောပြ ချက်အရ သိရသည်။
ကိုအောင်ကြီးက “ပြန်ရဖို့အတွက်တော့ စိတ်ထဲ မရှိတော့ပါဘူး။ သူ ရောက်လာတော့ မြန်မာပြည် ပြန်ချင်လားမေးတယ်။ ကျနော်တို့က ပြန်ရောက်ရင် မြန်မာပြည်က ရဲဖမ်းမှာလားလို့ မေးလိုက်သေးတယ်။ နောက်တော့ ကျွန်းပေါ်ကို မြန်မာရဲမှူးကြီးပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာတယ်။ ကျနော်တို့ နေရပ်လိပ်စာတွေဘာတွေ မေးတယ်။ အခုတော့ အိမ်ပြန်ရောက်လာပြီ။ မိသားစုနဲ့ မဝေးတော့ဘူး” ဟု ဆိုသည်။
ဘန်ဂျီးနားကျွန်းတွင် ရောင်းစားခံရပြီး ၇ နှစ် ကျော် နေထိုင်ခဲ့ရသူ တနင်္သာရီ တိုင်းဒေသကြီးမှ ကိုနိုင်ထွန်းကလည်း “ကိုယ့်ကိုယ်ကိုယ် ရောင်းစားခံ ရမှန်း ၂၀၁၂ ခုနှစ်လောက်မှာ စသိခဲ့တယ်။ ထိုင်း နယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူကနေတဆင့် အင်ဒိုနီး ရှား ရောက်သွားတာ။ ကျနော်တို့တွေက ပင်လယ် ပြင်ထဲကို ငါးဖမ်းထွက်ရတယ်။ ၄ လ၊ ၅ လလောက် နေမှကမ်းကို ပြန်လာတော့ အလုပ်ရှင်ကလုပ်အားခ ခေါင်းပုံဖြတ်တယ်။ ရိုက်နှက်နှိပ်စက်မှုတွေ၊ ထိုး ကြိတ်တာလည်း လုပ်တယ်။ ဆဲဆိုတယ်။ ပါးရိုက်နား ရိုက်လုပ်တယ်။ ၅ လလောက် ပင်လယ်ထဲထွက်ပြီး ပြန်လာရင် ထိုင်းဘတ်ငွေ ၉၀ဝ၀ (မြန်မာငွေ ၂ သိန်းကျော်) ရတယ်။ အခုတော့ အစိုးရက ပြန်ခေါ်လို့ ဒီပြန်ရောက်လာပြီ” ဟု ဧရာဝတီ သို့ ပြောသည်။
ရေလုပ်သားအများစု၏ ပြောဆိုချက်အရ အဆိုပါကျွန်းများပေါ်တွင် အစိုးရက စာရင်းမကောက် နိုင်သေးသည့် မြန်မာလုပ်သား အများအပြား ကျန်ရှိ နေသေးကြောင်း သိရသည်။ ငါးဖမ်းစက်လှေများတွင် အလုပ်လုပ်စဉ် ကာလအတွင်း ၄ လ၊ ၅ လ ခန့် တကြိမ် လုပ်အားခအားဖြင့် မြန်မာငွေ ၂ သိန်းခန့် ရရှိကြောင်း၊ အပိုစရိတ်မပေးဘဲ အစားအသောက် လည်း ဆင်းရဲကြောင်း၊ ထိုင်းလူမျိုးများ၏ ခွဲခြား ဆက်ဆံမှု၊ လုပ်အားခ ခေါင်းပုံဖြတ်မှု၊ အလုပ် မတန်တဆခိုင်းစေမှုနှင့် ရိုက်နှက်နှိပ်စက်မှုများ ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်း AP သတင်းဌာနက အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဂျီးနားကျွန်းပေါ်သို့ သွားရောက်ကာ ထိုင်းငါးဖမ်း စက်လှေများတွင် ရောင်းစားခံထားရသည့် မြန်မာရေလုပ်သားများအကြောင်း စုံစမ်းပြီး ရေးသားဖော်ပြခဲ့သည်။ အဆိုပါ သတင်းတွင် ရောင်းစားခံထားရသည့် မြန်မာ ရေလုပ်သားများနှင့် မေးမြန်းချက်များ၊ ဓာတ်ပုံများပါဝင်သည်။ ထို့အပြင် ဗီဒီယိုတွင်လည်း လှောင်အိမ်အတွင်း ဖမ်းဆီးခံ ထားရသည့်လူ ၈ ဦး အနက် အလုပ်သမားအများစု သည် မြန်မာရေလုပ်သားများ ဖြစ်နေကြောင်း၊ ရိုက်နှက်ခံရခြင်း၊ လုပ်အားခံ ခေါင်းပုံဖြတ်ခြင်းနှင့် အလုပ်ရှင်က လုံးဝအနားမပေးဘဲ အလုပ်ခိုင်းခြင်း များအကြောင်း ပြောဆိုသည်ဟု ဖော်ပြပါရှိသည်။
အဆိုပါသတင်း ဖော်ပြပါရှိခဲ့ပြီးနောက် ဧပြီ ၁၂ ရက်တွင် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က အင်ဒိုနီးရှားနိုင်ငံ အစိုးရနှင့် ပူးပေါင်း၍ အင်ဒိုနီးရှား နိုင်ငံ၊ ဘန်ဂျီးနားကျွန်း၊ အင်ဘုံကျွန်းနှင့် တူရယ် ကျွန်း ၃ ကျွန်းများရှိ ထိုင်းငါးဖမ်း စက်လှေများထံတွင် လူကုန်ကူးခံထားရသည့် မြန်မာရေလုပ်သားများ အရေအတွက်ကို စာရင်းပြုစုခဲ့ရာ ၅၃၅ ဦး စာရင်း ကောက်ယူနိုင်ခဲ့ကြောင်း၊ ထို့နောက် ပြန်လည် ခေါ်ယူရန် ဆောင်ရွက်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အဆိုအရ သိရ သည်။
“ထိုင်းငါးဖမ်း စက်လှေတွေ အင်ဒိုအပိုင် ကျွန်း တွေမှာ ငါးသွားဖမ်းတယ်။ အဲဒီမှာ မြန်မာလုပ်သား တွေ ရောင်းစားခံထား ရတယ်ဆိုတာ ၂၀၁၄ ခုနှစ် လောက်ကတည်းက သတင်းရတယ်။ ကျနော်တို့ ကျွန်း ၃ကျွန်းမှာ ကောက်လို့ရတဲ့ စာရင်းအရ ၅၃၅ ဦးပေါ့။ ကောက်လို့မရတဲ့ စာရင်းလည်း ရှိကောင်း ရှိမှာပါ။ သွားလို့မရတဲ့ ကျွန်းတွေ ရှိသေးတယ်။ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ ကြောင့် ကျန်တဲ့ကျွန်းတွေကို မသွားနိုင်သေးဘူး။ အဲဒီမှာလည်း မြန်မာရေလုပ်သားတွေ ရှိနိုင်တယ်လို့ ယူဆတယ်။ အင်ဒိုနီးရှားမှာရှိတဲ့ မြန်မာနိုင်ငံသံရုံး ကလည်း ကျန်တဲ့ကျွန်းတွေက လူစာရင်းပြုစုနေ တယ်” ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ ရဲမှူး ရဲဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
အဆိုပါကျွန်းများတွင် မြန်မာရေလုပ်သား အများအပြား လူကုန်ကူးခံထားသည့် သတင်းကို အတည်ပြုနေဆဲ ကာလအတွင်း International Organization of Migration (IOM) နှင့် AP သတင်းဌာနမှတဆင့် တပ်ဖွဲ့မှူးဆီ ဆက်သွယ်ခဲ့ သည်ဟု သိရသည်။
“အဲဒီမှာ အလုပ်အကိုင်ကောင်းတယ်။ ဘာမှ မပူပင်ရဘူးလို့ပြောပြီး ပွဲစားက ခေါ်တာ။ သားလေး သွားပြီး ၃ လလောက်ကြာတော့ အမေ၊ သားတော့ ရောင်းစားခံလိုက်ရပြီဆိုပြီး ဖုန်းဆက်တယ်။ တနေ့မှ ထမင်းတဆုပ်ပဲ စားရတယ်ဆိုတော့ အန်တီတို့ စိတ်မကောင်းဘူး။ သူက နောက်ထပ် လူတွေလာခေါ်ရင် မထည့်ပါနဲ့။ ဘယ်သူမှ မလာပါစေနဲ့ဆိုပြီး သူက စိုးရိမ်တကြီးပြောတယ်။ ဒီမှာက အလုပ်အကိုင် မကောင်းတော့ တလ ၂ သိန်းလောက် အိမ်ပြန်ပို့ နိုင်မယ်ဆိုတော့ သွားခိုင်းလိုက်တာ” ဟု ဧရာဝတီ တိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကွမ်းချောင်း ကျေးရွာနေ ဒေါ်ခင်သန်းက ပြောပြသည်။
ဒေါ်ခင်သန်း၏ သားဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိ ကိုမြတ်သူဝင်းသည်လည်း အင်ဒိုနီးရှား နိုင်ငံ၊ ကျွန်းများရှိ ငါးဖမ်းစက်လှေများ ထံတွင်ပင် ရောင်းစားခံလိုက်ရခြင်း ဖြစ်သည်။ ကျောင်းပညာ ရေး ၇ တန်းအောင်ထားပြီး ရွာတွင် အလုပ်အကိုင် ရှားပါးသဖြင့် သူ၏သားဖြစ်သူ အပါအဝင် ဒေသခံ အများစုက တနယ်တကျေးသို့ သွားရောက် အလုပ် လုပ်ကိုင်လိုကြသည်ဟု သိရသည်။
မေလ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံရှိ ဘန်ဂျီးနားကျွန်းပေါ်တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာရေလုပ်သား ၁၂၅ ဦး ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှတဆင့် ပြန်လည်ရောက်ရှိလာ သည်။ အဆိုပါ ရေလုပ်သားများ၏ မိသားစုဝင်အချို့ လေဆိပ်တွင် လာရောက်ကြိုဆိုကြသည်။ တချို့ မိသားစုဝင်များကလည်း သတင်းရသည့်အတွက် သူတို့သား၊ သူတို့၏ လင်ယောက်ျားများ ပါလာနိုင် သည်ဟု ယူဆကာ လာရောက် စောင့်ဆိုင်းကြသည်ကို တွေ့ခဲ့ရသည်။
လတ်တလောတွင် ပြန်လည် ရောက်ရှိလာသည့် ရေလုပ်သားများကို အစိုးရက တဦးလျှင် ထောက်ပံ့ ငွေ ၁ သိန်း၊ ကမ္ဘောဇဘဏ်က ထောက်ပံ့ကြေး ၅၀ဝဝဝ ကျပ်နှင့် လမ်းစရိတ် ၁ သောင်းကျပ် ထောက်ပံ့ကြောင်းနှင့် သင့်တင့်သည့် အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးမည်ဟု လူမှုဝန်ထမ်းဦးစီး ဌာနက ပြောဆိုထားကြောင်း သိရသည်။
“ရေလုပ်သားတွေ အားလုံး ပြန်ရောက်လာတဲ့ အခါမှာတော့ လူကုန်ကူးသူတွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို အသေးစိတ် စုံစမ်းမယ်။ အခုတော့ ပြန်လည် ခေါ်ယူဖို့အတွက် အဆင့် ၁ အနေ နဲ့ လုပ်တယ်။ ပို့တဲ့ပွဲစားတွေကို မြန်မာပြည်တွင်းမှာ ရှိနေရင် ဥပဒေအရ အရေးယူဖို့ စီစဉ်ထားတယ်။ လောလောဆယ် အမှုဖွင့်ထားတာ မရှိသေးပေမယ့် စစ်ဆေးတဲ့အချိန်မှာ ဖော်ထုတ်လို့ ရတာတွေကို တမှုချင်းစီ အမှုဖွင့်ပြီး စိစစ်သွားမှာပါ” ဟု လူကုန် ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူး ရဲဝင်း အောင်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးခံရမှု အများဆုံး ဖြစ်ပွားသည့် နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ ဖြစ်ကြောင်း၊ လူကုန်ကူးမှု ဖြစ်ပွားခြင်းကို တားဆီးကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ရပ်ရွာအခြေပြု စောင့်ကြည့်ရေး အဖွဲ့များကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ စတင်ဖွဲ့စည်းကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ လူကုန် ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။