မန္တလေးမြို့ဗြဟ္မစိုရ်ဆရာတော် ဦးတိက္ခ က နယ်စပ်တောင်တန်းဒေသတွေမှာ နေထိုင်ကြတဲ့ တောင်ပေါ် တိုင်းရင်းသားတွေအတွက် စောင်အလှူစီမံကိန်းကို ယခုနှစ်မှာ စတင်လိုက်ပါတယ်။ ဝေးလံသီခေါင်လှတဲ့ တောင်စဉ် တောင်တန်းတွေမှာ နေထိုင်ကြသူတွေအတွက် ရာသီဥတုက ဆိုးရွားလှတယ်။တနှစ်ပတ်လုံး ဆီးနှင်းနဲ့ မိုးဒဏ် လေဒဏ် ခံကြရပြီး ဆိုးရွားတဲ့ ရာသီဥတုကို ရင်ဆိုင်နေကြရတယ်။
ဆောင်းတွင်းကာလတွေမှာ အအေးလွန်ကဲပြီး ရေခဲမှတ်အထိရောက်တဲ့နှစ်တွေရှိတယ်။ အအေးဒဏ်ကြောင့် တောင်တန်းဒေသခံတွေ အသက်အန္တရာယ်နဲ့ ကျန်းမာရေးပါ ဆိုးရွားမှုတွေ ကြုံလာရတယ်။ ညဘက်အချိန်တွေမှာ မိသားစုလိုက် မီးဖိုဘေးမှာ စောင်မပါဘဲ ဝိုင်းဖွဲ့အိပ်စက်ကြရတာကို ဆရာတော် ဦးတိက္ခကိုယ်တိုင် တွေ့လာခဲ့ရပြီး စောင်အလှူတော်စီမံကိန်း စတင်ဖို့ဖြစ်လာရတာပါ။
ယခုနှစ်မှာ အိမ်ထောင်စု တစု စောင်တထည်နှုန်းနဲ့ စောင် အရေအတွက် ၂၀၀၀၀ တိတိ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ စောင်အလှူစီမံကိန်းက ၅နှစ်စီမံကိန်းဖြစ်ပြီး စောင်တွေကို စတင်လှူဒါန်း နေပါပြီ။
စောင်တထည်အတွက် အလှူငွေ ကျပ်၂၀၀၀နှုန်းနဲ့ ထည့်ဝင်လှူဒါန်းနိုင်ပြီး နယ်ဝေးက အလှူရှင်တွေလည်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ရုံးအဖွဲ့တာဝန်ခံ ဒေါ်ခင်မြဝင်းက ပြောပါတယ်။ “ကျမတို့ဆီကို စောင်ဖိုးလာလှူရင် အလှူရှင်ကို စောင်အမှတ်စဉ်နံပါတ်နဲ့ အလှူခံဖြတ်ပိုင်း ပေးလိုက်ပါတယ်။ အလှူရှင်ဆီကို ကိုယ်လှူလိုက်တဲ့စောင် ဘယ်ဒေသ ရောက်တယ်ဆိုတာ အကြောင်းကြားပေးပါတယ်” လို့ သူက ဆက်ပြောပါတယ်။
တောင်ပေါ်ဒေသက တိုင်းရင်းသားတွေကို လှူဒါန်းရာမှာ လူမျိုးမရွေး၊ဘာသာမရွေး လှူဒါန်းတာဖြစ်ပါတယ်။ မတ်လ ၇ရက်နေ့ က လဟယ်မြို့နယ်အတွက် စောင် ၅၈ထည်နဲ့ မတ်လ၁၀ရက်နေ့က ပလက်ဝမြို့နယ်အတွက် စောင် ၂၅ထည် လှူဒါန်းနိုင်ခဲ့ပါတယ်။ ကွတ်ခိုင်မြို့နဲ့ မြေပုံမြို့တွေမှာလည်း စောင်တွေလှူခဲ့သလို ရေနံချောင်းဒေသက မီးဘေးသင့်သူတွေ အတွက်လည်း စောင်အလှူတော်အဖွဲ့က လှူဒါန်းခဲ့ကြပါသေးတယ်။
စောင်တွေလှူဒါန်းရာမှာ အချို့ဒေသတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းကြပြီး အချို့ဒေသတွေမှာတော့ နယ်ခံ ဆရာတော်တွေထံ ကားဂိတ်က တဆင့် ပေးပို့ လှူဒါန်းတာတွေလည်း ရှိပါတယ်။
အသက်၇၅နှစ်အရွယ် ဦးချစ်ဆွေက ဆောက်လုပ်ရေးဝန်ထမ်းအငြိမ်းစားတယောက်ဖြစ်ပြီး ဗြဟ္မစိုရ်ဆရာတော် ဦးတိက္ခရဲ့စောင်အလှူတော်မှာ ကုသိုလ်ဖြစ် ပါဝင် လုပ်အားပေးနေသူ ဖြစ်ပါတယ်။ ဦးချစ်ဆွေက သူကိုယ်တိုင် လှူခဲ့တဲ့ စောင်အလှူကို ယခုလိုပြောပြပါတယ်။
“ကျနော်တို့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ချင်းပြည်နယ်ဘက်ကို စောင်သွားလှူကြတယ်။ တိုင်းရင်းသား မိသားစုတွေဆီ စောင်တွေ လိုက်ဝေကြတယ်။ စောင်တွေလှူရင်း ဝမ်းသာလိုက်တာ။ သူတို့တွေမှာ ခြုံစရာ စောင်မရှိကြဘူး။ မီးလှုံ နေ ကြတာ”
မကြာမီမှာလည်း ချင်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ စောင်တွေ သွားရောက်လှူဒါန်းကြဦးမှာဖြစ်ပြီး ဦးချစ်ဆွေကိုယ်တိုင်လည်း လိုက်ဖို့ ပြင်ဆင်ထားပါတယ်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေအတွက်လှူတဲ့ စောင်တွေက ချင်းတွင်းဒေသထွက် မုံရွာစောင်တွေ ဖြစ်တယ်။ ဈေးကွက်မှာ တရုတ်စောင် ၊ယိုးဒယားစောင်၊ အိန္ဒိယစောင်တွေ အရောင် အသွေးစုံစုံ ဈေးနှုန်းချိုချိုနဲ့ အလွယ်တကူဝယ်လို့ရနေတယ်။ ငွေကြေးတတ်နိုင်လို့ ဆန္ဒရှိရင် တန်ဖိုးကြီးစောင်တွေကိုလည်း အချိန်မဆိုင်း ဝယ်လို့ရနေတယ်။
ဒီလိုအချိန်မှာ နိုင်ငံသားပိုင် စောင်စက်ရုံတွေကထုတ်တဲ့ မုံရွာစောင်ကို ဝယ်ယူအားပေးတဲ့ ဆရာတော်ရဲ့ အမြော်အမြင် ကြီးမှု က သာဓုခေါ်စရာ ဖြစ်ပါတယ်။ ပြည်တွင်းက အသေးစား အလတ်စား(SMEs)တွေ နည်းပညာနဲ့ဈေးကွက်ကြောင့် အသက်ဆက်ဖို့ ရုန်းကန်နေရချိန်မှာ ဆရာတော်ရဲ့စောင်အလှူ စီမံကိန်းက စောင်စက်ရုံလုပ်ငန်းအတွက် အထောက်အပံ့ ဖြစ်စေခဲ့တယ်။
မုံရွာစောင်တွေက အလျား၆ပေ အနံ၄ပေ ရှိပါတယ်။ စောင်တွေက ဝါဂွမ်းတွေနဲ့ပြုလုပ်ထားပြီး အချမ်းဒဏ်ကို အတိုင်းအတာတခုထိ ကာကွယ်နိုင်တယ်။ တောင်ပေါ်ဒေသက တိုင်းရင်းသားတွေက အဲဒီစောင်တွေကို ညပိုင်းခြုံ အိပ်ရုံမက နေ့လယ် နေ့ခင်းတွေမှာ အနွေးဓာတ်ရအောင် ပတ်ထားကြရတယ်။
စောင်အလှူတော်စီမံကိန်းအတွက် ငွေကြေးမလှူဒါန်းဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် စောင်တွေ လာလှူရင်လည်း လက်ခံပါတယ်လို့ ရုံးအဖွဲ့တာဝန်ခံ ဒေါ်ခင်မြဝင်းကဆိုပါတယ်။ စောင်အလှူစီမံကိန်းအတွက် မန္တလေးမြို့လူထုအပြင် အနယ်နယ်အရပ်ရပ်က လာရောက်လှူဒါန်းတာတွေလည်း ရှိနေပါပြီ။
နယ်ဝေးကအလှူရှင်တွေ လှူဒါန်းလိုပါက စာတိုက် မန်နီအော်ဒါနဲ့ဖြစ်စေ၊မန္တလေးမြို့ကမ္ဘောဇ ဘဏ်ခွဲ(၉)က တဆင့်ဖြစ်စေ ငွေလွှဲလှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။ စောင်အလှူတော်စီမံကိန်း ရုံးခန်းအပေါက်ဝမှာ တိုင်းရင်းသားတွေ မီးလှုံနေကြတဲ့ပုံ ကို ဗီနိုင်းနဲ့ ချိတ်ဆွဲပြသထားတယ်။ ကဗျာဆရာမောင်မြင့်အောင်ရဲ့ “စောင်ခြုံထွေးလို့ နွေးပါစေ” ဆိုတဲ့ ကဗျာကိုလည်း ဗီနိုင်းနဲ့ချိတ်ဆွဲထားပါတယ်။
“စောင်ခြုံထွေးလို့ နွေးပါစေ”
ဝေးလံလို့သီခေါင်
တောင်တွေကမြင့်မား
ရေခဲသည့် အေးရာသီမှာ
ကွေးရှာသည် ဗလာကျင်း
အဝတ်မဲ့ စောင် မပါနဲ့
တောင်ပေါ်သားညီနောင်တို့
ချမ်းရှာကြပေ။
ကြွပါလေ တောင်စလင်း
နယ်စပ်နဲ့တောင်တန်းတွေမှာ
သွေးချင်းတွေ စောင်ခြုံနွေးရအောင်
စောင်တထည် နှစ်ထောင်ကျပ်နဲ့
အနွေးဓာတ်ပေးလှူကြမယ်
ဖေးကူကြတသင်း။
ဖော်ပြထားတဲ့ ကဗျာမှာ ကဗျာဆရာရဲ့အလင်းဓာတ် အသွင်သဏ္ဍန်ကို အတိုင်းသားမြင်နေရတယ်။(ကဗျာထဲမှာပါတဲ့ တောင်စလင်းဆိုတာ ဗြဟ္မစိုရ် ဆရာတော်ဦးတိက္ခ သီတင်းသုံးတဲ့ မန္တလေးမြို့က ဘုန်းကြီးကျောင်းတိုက်ရဲ့အမည် ဖြစ်ပါတယ်။)
လူတိုင်းရဲ့ဘဝမှာ အမှတ်တရနေ့လေးတွေ ကိုယ်စီ ရှိတတ်ကြပါတယ်။ ကိုယ်မွေးနေ့ဖြစ်နိုင်သလို ချစ်သူခင်သူတွေ ရဲ့မွေးနေ့တွေလည်း ပါဝင်တာပေါ့။ အိမ်ထောင်သည်တွေအတွက်ဆိုရင် လက်ထပ်မင်္ဂလာကျင်းပတဲ့နေ့တွေလည်း အမှတ်တရနေ့တွေပါပဲ။ ငယ်ရွယ်သူတွေအတွက်တော့ ချစ်သူရည်းစားဆီက အဖြေရတဲ့နေ့ဟာလည်း မမေ့ကောင်းတဲ့ အမှတ်တရနေ့ဖြစ်နိုင်တယ်။ ကိုယ်လေးစားတန်ဖိုးထားသူတွေ ကွယ်လွန်သွားတဲ့နေ့တွေလည်း အမှတ်တရနေ့လို့ ထည့်သွင်းနိုင်ပါတယ်။
အဲဒီလို အမှတ်တရနေ့တွေရောက်လို့ အဓိပ္ပာယ်ရှိတဲ့ အလှူတခု လုပ်တော့မယ်ဆိုရင် (စောင်ဘယ်နှထည်စာ လှူလှူ) စောင်အလှူစီမံကိန်းကိုသတိရလိုက်ပါ။ မိတ်ဆွေတို့ရဲ့ အမှတ်တရနေ့ဟာ ပိုပြီးအဓိပ္ပာယ် ရှိသွားပါလိမ့်မယ်။
စောင်အလှူစီမံကိန်းအတွက် ဆက်သွယ်လှုဒါန်းလိုပါက ဒေါ်ခင်မြဝင်း (စောင်အလှူတော် စီမံကိန်း ရုံးအဖွဲ့ တာဝန်ခံ) ၉/စကတ(နိုင်) ၀၁၄၁၄၂ ရုံးဖုန်း ၀၂-၆၈၃၀၅။ လက်ကိုင်ဖုန်း ၀၉-၄၂၀၁၉၅၀၁၀ တို့ကို ဘဏ်ကတဆင့် ငွေလွှဲပြီး လှူဒါန်းနိုင်ကြပါတယ်။