မကြာသေးခင်က ပင်လုံကျောက်တိုင်ဆီကို ကျနော် ပထမဆုံးအကြိမ် ဂါရဝပြု ခရီးထွက်ခဲ့ပါတယ်။ အားလုံး သိကြတဲ့ အတိုင်းပဲ ပင်လုံကျောက်တိုင် ဆိုတာကတော့ ၁၉၄၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်အချို့ သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ အထိမ်းအမှတ် အဖြစ် တည်ဆောက်ထားခဲ့တဲ့ ကျောက်တိုင်ပဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ကနေ ပင်လုံ ကျောက်တိုင်ရှိရာ ပင်လုံမြို့ကို သွားနေရင်းနဲ့ ဒီကျောက်တိုင်ကို မြင်တွေ့ရတော့မယ် ဆိုတဲ့အသိနဲ့ ကျနော် စိတ်လှုပ်ရှားနေခဲ့ပါတယ်။
ကလေးဘဝ ကတည်းကစလို့ ဒီနေ့ မြန်မာနိုင်ငံရဲ့ သမိုင်းမှတ်တိုင် တခု အဖြစ် ပင်လုံစာချုပ်ရဲ့ အရေးပါပုံ အကြောင်း ကို ကျနော်တို့ သင်ကြားခြင်း ခံခဲ့ရဖူးပါတယ်။ ကျနော့်လိုပဲ အခြားသော မြန်မာပြည်သူတွေ ဟာလည်း ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ဖြစ်တဲ့၊ ဖော်ဆောင်နေခဲ့တာ ကြာပြီ ဖြစ်ပေမယ့် အခုအချိန်ထိ အကောင်အထည် မဖော် နိုင်သေးတဲ့ “ပြည်ထောင်စု စိတ်ဓာတ်” ကို ဖော်ညွှန်းတဲ့ ရုပ်ဝတ္ထုအဖြစ်နဲ့ ပင်လုံ ကျောက်တိုင်ကို သွားရောက် လည်ပတ်ချင်ကြ လိမ့်မယ် လို့ ကျနော် ယုံကြည်ပါတယ်။
ကျနော့် အနေနဲ့ကတော့ တောင်ကြီးကနေ ၃ နာရီကြာ ကားနဲ့သွားရတဲ့ ဒီခရီးဟာ သွားရကျိုးနပ် လိမ့်မယ်လို့ ယုံကြည်ခဲ့မိ တာပါ။ ကျောက်တိုင်ရဲ့ အနုသုခုမ လက်ရာကိုသာမက လူများစု ဗမာတယောက် ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ လူနည်းစု တိုင်းရင်းသား ခေါင်းဆောင်တွေ အကြား ပင်လုံစာချုပ်ကို အတူတကွ လက်မှတ်ရေးထိုး စေခဲ့တဲ့ ချစ်ကြည် ရင်းနှီးမှုကိုပါ ပိုပြီးနက်နက်ရှိုင်းရှိုင်း ခံစားနိုင်တော့မယ် လို့ စိတ်ကူးယဉ်နေခဲ့မိ ပါတယ်။
ဒါပေမယ့် ကျနော်ရဲ့တွက်ကိန်း လုံးလုံး မှားသွားပါတယ်။ ပင်လုံကျောက်တိုင်ဆီကို ရောက်တဲ့ အခိုက်မှာ ကျနော် တော်တော်လေး စိတ်ပျက်သွားပါတယ်။
ပင်လုံကျောက်တိုင်က အရွယ်အစားသေးငယ်ပြီး ရိုးရိုးရှင်းရှင်းပဲ ဖြစ်နေတဲ့ အတွက်ကြောင့်မို့ ကျနော် စိတ်ပျက်သွားတာတော့ မဟုတ်ပါဘူး။ ဒီသမိုင်းဝင် ကျောက်တိုင် ရှေ့တည့်တည့်မှာ တည်ဆောက်ထားတဲ့ စေတီတဆူကြောင့် နည်းနည်း စိတ်မသက်သာ ဖြစ်သွားရတာပါ။
မရေတွက်နိုင်တဲ့ စေတီ၊ ဘုရားပုထိုးတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရှိတဲ့အတွက် ကြောင့် “ရွှေနိုင်ငံ” လို့ နိုင်ငံတကာက တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ နိုင်ငံမှာ မွေးဖွားလာသူ တယောက်အနေနဲ့ ကျနော့်ဘဝမှာ စေတီတဆူကို တွေ့ရလို့ စိတ်ပျက်သွားတာ၊ အံ့ဩသွားတာ မရှိခဲ့ဖူးပါဘူး။
ဒါပေမယ့် ဒီပင်လုံကျောက်တိုင်ရဲ့ မြင်ကွင်းကို ဖုံးကွယ်နေတဲ့ စေတီကတော့ ကွဲပြားပါတယ်။ လမ်းပေါ်ကနေကြည့်ရင် ဒီ ၃၁ ပေ ရှည်လျားတဲ့ ကျောက် တိုင်ဟာ စေတီနောက်မှာ လုံးလုံးကွယ်နေပါတယ်။
ကျနော်တို့ စီးနင်းလာတဲ့ ကားက ကျောက်တိုင် ရှိရာ စေတီပရဝုဏ်ထဲကို ဝင်လာတဲ့အချိန်မှာ ကျနော် နဲ့ အတူတူပါလာတဲ့ ပင်လုံမြို့ခံ ရှမ်းတိုင်းရင်းသား မိတ်ဆွေကို “ ဒီစေတီကို ဘယ်သူတည်ခဲ့တာလဲ” လို့ မေးလိုက်မိပါတယ်။
“ခင်ညွန့် တည်ခဲ့တာ” လို့ သူက ပြန်ပြောပါတယ်။ သူကတော့ အားလုံးသိတဲ့ အတိုင်း ၁၉၈၈ စစ်တပ် အာဏာသိမ်းမှုမှာ ဦးစီးဦးဆောင် ပါဝင်ခဲ့သူ တယောက်၊ စစ်ထောက်လှမ်းရေး အရာရှိချုပ်ဟောင်းနဲ့ အရင် စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ပဲ ဖြစ်ပါတယ်။
ဦးခင်ညွန့်ဟာ ၂၀ဝ၄ ခုနှစ်မှာ ရာထူးက အဖြုတ်ချခံခဲ့ရပါတယ်။ ဒီမိုကရေစီ တောင်းဆိုရေး လှုပ်ရှားမှုတွေကို အကြမ်းဖက် နှိမ်နင်းရာမှာ ဦးစီးဦးဆောင် အခန်းက ပါဝင်ခဲ့ပြီး များသောအားဖြင့် အစိုးရအပေါ် ဆန့်ကျင်တဲ့ ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ ကျောင်းသားတွေကို နှစ်ရှည်ထောင်သွင်း အကျဉ်းချတဲ့ နည်းလမ်းနဲ့ ကိုင်တွယ် ဖြေရှင်းခဲ့တဲ့ အတွက် သူ့ကို မြန်မာပြည်ရဲ့ Prince of evil လို့ နိုင်ငံတကာ မီဒီယာတွေက ကင်ပွန်းတပ်ခံရသူပါ။
ပင်လုံကျောက်တိုင် အနားမှာ ရှိတဲ့စေတီ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ် အမြတ်ထားရာ ဖြစ်တဲ့ ရွှေတိဂုံစေတီရဲ့ ပုံစံတူ ဖြစ်တယ် လို့ မိတ်ဆွေက ပြောပါတယ်။
သူ “ရွှေတိဂုံ” လို့ ရေရွတ်လိုက်တဲ့ လေသံအရ ဒီစေတီကို တကယ့် ရွှေတိဂုံစေတီလိုမျိုး မသတ်မှတ်တဲ့ အကြောင်းကို ခံစားမိ ပါတယ်။ ဒါဟာ စေတီ ဆိုတာထက် စစ်အစိုးရက ရန်ကုန်ကနေ တင်ပို့လိုက်တဲ့ အရာတခုလို့ သူက ခံစားနေရ ပုံပါပဲ။
ချက်ချင်း ဆိုသလိုပဲ ကျနော့် ခေါင်းထဲကို မေးခွန်းတွေ စုပြုံဝင်လာပါတယ်။ အရင်အစိုးရက ဘာလို့ ဒီ အရေးပါတဲ့ အထိမ်းအမှတ် ကျောက်တိုင်ရဲ့ ရှေ့တည့်တည့်မှာမှ ဒီစေတီကို တည်ဆောက်ခဲ့ရတာလဲ။ ဒီမြို့မှာ ဒီစေတီကို တည်ဆောက်ဖို့ ဒီတနေရာပဲ ရှိသလား။ ဒါပေမယ့် ဒီနေ့ အထိတောင်မှ ဒီလိုစေတီတွေ တည်ဖို့ မြို့မှာ နေရာလွတ်တွေ တွေ့နေရသေး တာပဲ။
ကျနော်ရဲ့ မသိစိတ်ထဲမှာ ဒီအထိမ်းအမှတ် ကျောက်တိုင်တဝိုက်မှာ ရှိသင့်တဲ့ ရှုခင်းအနေအထားကို ပြန်ပြီး ပုံဖော်နေမိ ပါတယ်။ ကျနော် ကိုယ်တိုင် အတွက်ရော၊ ပင်လုံမြို့သားတွေ အတွက်ရော၊ ဒီ နေရာကို လာခဲ့ဖူးသူတွေ အတွက်ရော၊ နောက်လာမယ့် လူတွေ အတွက်ရော ပေါ့။
ဒီနေရာမှာ လမ်းမကနေ အထိမ်းအမှတ်ကျောက်တိုင် အထိ အေးအေးလူလူ လမ်းလျှောက်နိုင်မယ့် လျှောက်လမ်း၊ စင်္ကြံ ဒါမှ မဟုတ် သေသေချာချာ လှလှပပ ပြင်ဆင်ထားတဲ့ ပန်းခြံတခု ရှိသင့်ပါတယ်။ အနောက်ဘက်မှာ ရှမ်း ပြည်နယ်ရဲ့ ရင်သပ်ရှုမောဖွယ် တောင်တန်းတွေ နောက်ခံအဖြစ် ရှိနေတာမို့ ဒီ သေးငယ်ပေမယ့် နိုင်ငံရေးအရ ရော၊ သမိုင်းအရ ရော၊ ယဉ်ကျေးမှုအရရော ထူးခြားလေးနက်မှုတွေ ရှိနေတဲ့ အထိမ်းအမှတ် ကျောက်တိုင်ကို ဗဟိုပြုလို့ ဒီနေရာကို သာယာ ကြည်နူးဖွယ် နေရာတခုအဖြစ်၊ ဥပမာ – ပြည်သူ့ ပန်းခြံလိုမျိုး အဖြစ် တည်ဆောက်ဖို့ကတော့ မခက်ခဲ လောက်ခဲ့ဘူး လို့ ထင်ပါတယ်။
ကျနော့်ရဲ့ စိတ်ကူးကို ရှမ်းမိတ်ဆွေကို ပြောပြတဲ့အခါ အနုပညာရှင် တယောက်ဖြစ်ပြီး ကျန်တဲ့ ရှမ်းလူမျိုးတွေ အများစုလိုပဲ ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်တဲ့သူက ပင်လုံမြို့ခံအချို့က ဒီဘုရားကို ပျောက်ကွယ်သွား စေချင်တာလို့ ပြောပါတယ်။
ဒီကိစ္စရဲ့ အခြေခံ အကြောင်းတရား ကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ ခုနှစ်မှာ စတင်ကျင့်သုံးတဲ့ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟောင်းဖြစ်တဲ့ အာဏာရှင်စနစ် ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ဆယ်စုနှစ် တော်တော်ကြာ အုပ်ချုပ်သူ စစ်အာဏာရှင်တွေဟာ ကိစ္စအားလုံးကို ထိန်းချုပ်ထားခဲ့ပါတယ်။ သူတို့ ဝင် မစွက်ဖက်၊ အမိန့်မပေးတဲ့ ကိစ္စဆိုလို့ မရှိသလောက် ပါပဲ။ ပြည်သူတွေရဲ့ ဆန္ဒကတော့ အများဆုံးဖြစ်နိုင်လှ ဒုတိယ ဦးစားပေးပေါ့။
စေတီနဲ့ ပတ်သက်လို့ နောက်ရှာဖွေ ကြည့်လိုက်တော့ ရှမ်းအမျိုးသမီး လှုပ်ရှားမှုကွန်ရက် (Shan Women’s Action Network) ရဲ့ ၂၀ဝ၉ ခုနှစ်က အစီရင်ခံစာ တခုထဲမှာ ဖော်ပြထားပါတယ်။ မြန်မာလိုတော့ ကြီးမြတ်သော နိုင်ငံတော် စည်းလုံးညီညွတ်မှု လို့ အဓိပ္ပာယ်ရတာပါ။
ဒီ ရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီး လှုပ်ရှားမှုကွန်ရက်ရဲ့ “ရှမ်းပြည်နယ်၏ ဖုံးကွယ်ခြင်းခံထားရသော အစိတ်အပိုင်းများ” လို့ အမည် ရတဲ့ အစီရင်ခံစာထဲမှာ စေတီက “ (ပင်လုံစာချုပ်) ကို လက်မှတ်ရေး ထိုးတဲ့ နေရာကို အထိမ်းအမှတ် အဖြစ်ထားရှိတဲ့ အထိမ်းအမှတ်ကျောက်တိုင်ရှေ့ တည့်တည့်မှာ တည်ဆောက်ထားပြီး (ကျောက်တိုင် ကို) မြင်ကွင်းကနေ ကွယ်နေပါတယ်” လို့ ရေးသားထားပါတယ်။
ဒီ အစီရင်ခံစာထဲမှာ စေတီက “၁၃၅ ပေမြင့်ပြီး နေပြည်တော် အစိုးရရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ၂၀ဝ၂ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၂၀ဝ၆ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်” လို့ ဖော်ပြထား ပါတယ်။
ရှမ်းအမျိုးသမီး လှုပ်ရှားမှု ကွန်ရက်က စစ်အစိုးရဟာ “ နိုင်ငံရဲ့ တိုင်းရင်းသားယဉ်ကျေးမှု၊ ဘာသာနဲ့ သမိုင်းကို ဖျောက်ဖျက်ပစ်ဖို့” ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ထပ်ပြီး ရှမ်းပြည်နယ် တခုတည်းမှာတင် စစ်အစိုးရက ရွှေတိဂုံစေတီ ပုံစံတူ စေတီအဆူ ၂၀ တည်ထားခဲ့တယ် လို့လည်း ပြောပါတယ်။
တကယ်တမ်းမှာတော့ အခြားသော တိုင်းရင်း သားတွေလိုပဲ ရှမ်းတိုင်းရင်းသားတွေ ကလည်း တိုင်းရင်းသား နယ်မြေတွေမှာ အရင်အစိုးရက ရည်ရွယ် ချက်ရှိရှိနဲ့ စာနာမှု ကင်းမဲ့စွာ ဆောင်ရွက်ခဲ့တဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ ကျူးကျော်မှုတွေကို ဒေါသ ထွက်စရာ အကြောင်းတွေ အများကြီး ရှိနေပါတယ်။
အရင် အစိုးရအာဏာသိမ်းပြီးလို့ ၃ နှစ်အကြာ ၁၉၉၁ ခုနှစ်မှာ စစ်အစိုးရဟာ သမိုင်းဝင် လှပတဲ့ ကျိုင်းတုံဟော် (Kengtung Palace) ကို ဖြိုဖျက်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ နောက် သုံးနှစ်ကြာပြီးတဲ့ နောက် အဲဒီနေရာက ဒေသခံ သံဃာတွေနဲ့ ပြည်သူတွေ ကန့်ကွက်နေတဲ့ ကြားထဲက ခေတ်ပေါ် ဟိုတယ် တခုကို တည်ဆောက်ခဲ့ပါတယ်။ နန်းတော်ရဲ့ မူလ အမည်ကိုလည်း ကျိုင်းတုံဟိုတယ် အဖြစ် အမည်ပြောင်းခဲ့ပါတယ်။
၂၀ဝ၂ ခုနှစ်၊ ဒီဇင်ဘာလ မှာတော့ ပင်လုံမှာ စစ်အစိုးရခေါင်းဆောင်တွေက စေတီပန္နက်တင်ပွဲကို စည်စည်ကားကား ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ကြီးကြပ်စေခဲ့ ပါတယ်။ ဒီအခမ်းအနားကိုတော့ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့လည်း တက်ရောက်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးခင်ညွန့်က အဲဒီနေ့မှာ စေတီကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တာဝန်ပေးအပ်မှု အရ ပြည်ထောင်စု စိတ်ဓာတ်ကို ခိုင်မာစေဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ပင်လုံအထိမ်းအမှတ် ကျောက်တိုင်ကို တည်ဆောက်ဖို့ အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖဆပလ) ကိုယ်စား ငွေကျပ်တထောင် (အဲဒီအချိန်က အတော်တန်ဖိုး ရှိတဲ့ပမာဏ) လှူဒါန်းခဲ့ပါတယ်။ ဒီစေတီနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဘယ်လိုတွေးမလဲ ဆိုတာ ကျနော်တို့ ဘယ်လိုမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းတခု ဒါမှမဟုတ် ယဉ်ကျေးမှုတခုကို ဖိနှိပ်ချုပ်ချယ်ဖို့ အတွက် ဘာသာရေး ခံစားချက် ဒါမှမဟုတ် ဘာသာရေး အဆောက်အအုံတွေကို အသုံးချတာကိုတော့ ဗိုလ်ချုပ်က ခွင့်လွှတ်မှာ မဟုတ်ပါဘူးလို့ ယူဆ နိုင်ပါတယ်။
ရွှေတိဂုံရဲ့ ပုံစံတူစေတီဟာ ပင်လုံအထိမ်းအမှတ် ကျောက်တိုင်ရဲ့ မြင်ကွင်းကို ကွယ်ရုံသာမက ပါဘူး။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူရဲ့တနိုင်ငံတည်းနေ တိုင်းရင်းသားလူနည်းစု ခေါင်းဆောင်တွေ အကြား တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထိပါးမှုတခုလည်း ဖြစ်ပါတယ်။ ။