ထိုင်း-မြန်မာနယ်စပ် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ကျင်းပမယ့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို သတင်းယူနိုင်ဖို့ ကရင်ပြည်နယ်ထဲကို ဇွန်လ အစော ပိုင်းက ကျနော်တို့ ခရီးစဉ်ကို ရန်ကုန်ကနေ စတင်ခဲ့ကြတယ်။
ဘားအံကို ရောက်တော့ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီကို ဆက်တက်ဖို့ ကျနော်တို့တွေ စလွန်းကားလေးတွေ ငှား ကြရတယ်။ ကားသမားတွေကတော့ ကားခကို ဈေးမဆစ်ကြဖို့နဲ့ မြဝတီကို အမြန်ဆုံးရောက်အောင် “အာရှလမ်းမကြီး” ပေါ်ကနေ မောင်းပေးမယ်လို့ဆိုပါတယ်။
ကားပေါ်ရောက်တော့ ကားဆရာက သူ ဒီလမ်းကြောင်းမှာ ကားမောင်းလာတာ နှစ်ပေါင်း ဆယ်နှင့်ချီ ကြာခဲ့ပြီဖြစ်တဲ့ အကြောင်း မစိုးရိမ်ကြဖို့ စကားအစချီပါတယ်။ သူ့ရဲ့ ဒီကားလေးဟာ သူ့မိသားစုဝမ်းရေးကို ဖြေရှင်းပေးနေတဲ့ အကြောင်း တွေလည်း သူက ပြောပြပါသေးတယ်။
နောက်ပြီး ရန်ကုန်က လာတဲ့ ခရီးသည်တွေဆိုတော့ ရန်ကုန်နဲ့ ဘားအံမြို့ ကွာခြားပုံတွေကို သူက ယှဉ်ပြီးပြောပြတယ်။ ဘားအံ မြို့ဟာ ရန်ကုန်မြို့လို ကားတွေပိတ်ဆို့နေပြီး မွန်းကျပ်နေတာမျိုးမဟုတ်ကြောင်းနဲ့ ကရင်ပြည်နယ်ရဲ့ သာယာတဲ့ အလှတရားတွေ အကြောင်း သူက ပြောပြတယ်။
ဒီလိုနဲ့ စကားတွေပြောလာရင်း ကော့ကရိတ်မြို့နားရောက်တော့ ကားစီယာတိုင်ဘေးက ကြွပ်ကြွပ်အိတ်နဲ့ထုပ်ထားတဲ့ ပိုက်ဆံထုပ်ကို ဆွဲထုတ်ရင်း “အာရှလမ်းမကြီးရောက်တော့မယ်။ စေတနာမပါတဲ့ အလှူအတန်းက စရတော့မယ်” ဆိုပြီး တထောင်တန် တချို့ကို ထုတ်လိုက်ပါတယ်။
ကော့ကရိတ်မြို့အဝင် ဆိုင်းဘုတ်အကျော် သိပ်မကြာခင်မှာဘဲ အာရှလမ်းမကြီးအစကို တွေ့လိုက်ရတယ်။ မည်းနက် မှောင်နေပြီး လှပတဲ့ ကတ္တရာလမ်းမကြီးပေါ်ကို ဘီး စတင်ထိလိုက်ချိန်မှာပဲ တလမ်းလုံးချိုင့်ခွက်တွေကို ဖြတ်သန်းရင်း ကြားလာရတဲ့ ဂျိမ်းဂျိမ်း၊ ဂျောင်းဂျောင်း မြည်လာတဲ့ ကားသံဟာ တိတ်သွားပါတော့တယ်။
လယ်ကွင်းတွေ၊ တောင်ကြောတွေကို ဖြတ်ဖောက်ထားတဲ့ အာရှလမ်းမကြီးရဲ့ အလှကို ကြည့်ရင်း အတူပါလာတဲ့ မိတ်ဆွေ တွေကလည်း “ကောင်းလိုက်တဲ့လမ်း” ဆိုပြီး ပြောသူကပြော၊ ရန်ကုန်အပါအဝင် ပြည်တွင်းက အဝေးပြေး လမ်းမကြီး တွေကို အစိုးရ က ဒီလိုလမ်းမကြီးမျိုး ဖောက်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ ဆိုပြီး အာရှလမ်းမကြီးကို တယောက်တမျိုး ချီမွမ်းခန်း ဖွင့်ကြတယ်။
ကားဆရာကတော့ “ခင်ဗျားတို့ အခွန်ကောက်တဲ့ ဂိတ်တွေကို ဓာတ်ပုံမရိုက်နဲ့နော်။ သူတို့က ဓာတ်ပုံရိုက်တာမကြိုက်ဘူး။ ရိုက်တာမိလို့ကတော့ ဖုန်းနဲ့ရိုက်တာ တွေ့ရင် ဖုန်းရိုက်ခွဲ၊ ကင်မရာနဲ့ရိုက်တာတွေ့ရင် ကင်မရာ ရိုက်ခွဲလုပ်တာ။ ဒီကောင် တွေ ဆိုးတယ်” ဆိုပြီး စသတိပေးပါတယ်။
အာရှလမ်းမကြီးပေါ်မှာ ပထမဆုံး တွေ့ရတဲ့ ဂိတ်က အစိုးရ တပ်မတော်ဂိတ်ပါ။ ဂိတ်နားရောက်တော့ ကားကို အရှိန် လျှော့ ပြီး ရပ်လိုက်ပါတယ်။ စောစောက လိပ်ထားတဲ့ ပိုက်ဆံ တထောင်တန်ကို ဘေးမှာ လာရပ်တဲ့ စစ်သားတယောက်ကို ပြုံးပြပြီး ပေးလိုက်တယ်။ ပြီးမှ ကားကို ဆက်ပြီး မောင်းထွက်လာခဲ့ပါတယ်။
ကော့ကရိတ်မြို့နဲ့ မြဝတီမြို့ အကြား အာရှလမ်းမသစ်ကြီးပေါ်မှာ လက်နက်ကိုင်ဂိတ် စုစုပေါင်း ၈ ဂိတ် ရှိပြီး အဝင်နဲ့ အထွက်ဂိတ်တွေဟာ တပ်မတော်ဂိတ်တွေဖြစ်ပြီး အတွင်းထဲက ဂိတ်တွေကတော့ KNU၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင် နယ်ခြားစောင့်တပ် (BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဂိတ်တွေဖြစ်တဲ့ အကြောင်း ကားဆရာက ရှင်းပြပါတယ်။
ဂိတ်တဂိတ်ကို အနည်းဆုံး ကျပ် ၂၀၀၀ အခွန်ဆောင်ရပါတယ်။ ဒါဟာ မျက်မှန်းတမ်းမိနေတဲ့ ကားသမားတွေပဲ ပေးရတာ ဖြစ်ပြီး မျက်နှာစိမ်းကားသမားတွေဆိုရင် တချို့ဂိတ်တွေက ကျပ် ၅၀၀၀၀ လောက်ထိ တောင်းတယ်လို့ဆိုပါတယ်။ ဂိတ် တွေ အားလုံးက လက်နက်တွေကိုင်ထားတဲ့ အဖွဲ့တွေဖြစ်ပြီး နီးနီးကပ်ကပ်ရှိနေကြတဲ့ အတွက် တဖွဲ့နဲ့ တဖွဲ့ ပြဿနာတွေ ဖြစ်မှာလည်း စိုးရိမ်တယ်လို့ဆိုပါတယ်။
“မတတ်သာလို့သာ ဒီလမ်းက ဖြတ်သွားနေရတာ။ ကားသမားတိုင်း စိတ်ပျက်တာပေါ့ဗျာ။ သူတို့ကို လုပ်ကျွေးနေသလို ပဲလေ။ ကျနော်တို့ကလည်း သူတို့တောင်းတဲ့ အခွန်ခကို ခရီးသည်အပေါ်မှာပဲ ပြန်တင်ပြီးတောင်းရတာဆိုတော့ နောက်ဆုံး တော့ ဒီအခွန်ခကို ခရီးသည်ကပဲ ပေးရတာဖြစ်သွားတာပေါ့” လို့ ကားဆရာက ဆိုပါတယ်။
အာရှလမ်းမကြီးဟာ အာရှတွင်း နိုင်ငံအချို့နဲ့ ကုန်သွယ်ကူးသန်းနိုင်ရေးအတွက် အဓိကထားပြီး ဖောက်ထားတဲ့ အဆင့်မြင့် လမ်းမကြီးဖြစ်ပါတယ်။ ဒီလမ်းမကြီးဟာ အိန္ဒိယနဲ့ ထိုင်းတို့ကတော့ မြန်မာနိုင်ငံနဲ့ အနီးဆုံး ဆက်သွယ်မှုရှိမှာဖြစ်ပြီး ဒီလမ်း ကြောင်းကပဲ အာဆီယံနိုင်ငံတချို့နဲ့ ချိတ်ဆက်ပြီး ကုန်သွယ်ကြမယ့်လမ်းဖြစ်ပါတယ်။
ဒီလမ်းကို ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ အာရှ ဖွံ့ဖြိုးရေးဘဏ် အကူအညီနဲ့ ထိုင်းအင်ဂျင်နီယာတွေက ဦးစီးပြီး စနစ်တကျ ဖောက်လုပ်ထားတာလို့ သိရပါတယ်။
မြဝတီ-ကော့ကရိတ်လမ်းကြောင်းဟာ ထိုင်း-မြန်မာနှစ်နိုင်ငံရဲ့ အဓိက သွင်းကုန်၊ ထုတ်ကုန် ကုန်သွယ်ရေးလမ်းတခု ဖြစ် ပြီး အာရှလမ်းမကြီး ဖောက်လိုက်တဲ့အတွက် ဒီနှစ်မြို့အကြား ၄၅ မိနစ်နဲ့ ခရီးရောက်မှာဖြစ်ပါတယ်။ အရင်က လမ်းဟောင်း အတိုင်း သွားမယ်ဆိုရင် အနည်းဆုံး အချိန် ၂ နာရီခွဲကြာမြင့်ပါတယ်။
ဒေါနတောင်တန်းကြီးပေါ်က မြဝတီ-ကော့ကရိတ် လမ်းဟောင်းကိုလည်း ကျနော် အရင်က အကြိမ်ကြိမ်သွားခဲ့ဖူးပါတယ်။ မတ်စောက်တဲ့ တောင်ကမ်းပါးယံဘေး ကပ်ဖောက်ထားတဲ့ လမ်းဟာ ကျဉ်းမြောင်းတဲ့အတွက် အဆင်းတရက်၊ အတက်တ ရက် အလှည့်ကျ ခွဲခြားသတ်မှတ်ပေးထားရပါတယ်။
မိုးရာသီဆိုရင် လမ်းတွေပြိုကျပျက်ဆီးတာတွေဖြစ်တဲ့အတွက် ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေ တောင်ပေါ် မှာ တသီတတန်းကြီး နာရီများစွာပိတ်ဆို့နေတာလည်း ကြုံဖူးသလို ချောက်ထဲကို ပြုတ်ကျပြီး ခရီးသည်တွေ မကြာခဏ ဆိုသလို သေဆုံးတဲ့ သတင်းတွေလည်း ကြားသိရပါတယ်။
လမ်းဟောင်းက အကွေ့အပတ်များစွာနဲ့ ဒေါနတောင်ပေါ်ကို ကျော်ဖြတ်နေရပေမယ့် အာရှလမ်းမကြီး ကတော့ မြင့်မား မတ်စောက်တဲ့ တောင်တန်းကြီးပေါ် တက်ရခြင်းမရှိပါဘူး။ အကွေ့အကောက်တွေလည်း နည်းတဲ့အတွက် ခရီးသည်တွေ အတွက်လည်း အန္တရာယ်ဖြစ်မှာ စိုးရိမ်မှု နည်းစေသလို စိတ်သက်သာမှုလည်းရစေပါတယ်။
အခွန်မဆောင်နိုင်တဲ့ ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်ကား အများစုကတော့ ချိုင့်ခွက်တွေများတဲ့ လမ်းဟောင်း ကြီး အတိုင်းပဲ ဆက်လက်သွားလာနေကြတုန်းပါပဲ။
မြဝတီကနေ ကော့ကရိတ်ကိုပြန်တော့လည်း အာရှလမ်းမကြီးပေါ်ကပဲ ပြန်ဖြစ်ခဲ့ပါတယ်။ ဒီတခါ ကားဆရာကတော့ ဂိတ်တွေနဲ့ ရင်းနှီးမှုမရှိသူဖြစ်တော့ အခွန်ဂိတ်တွေကို ရှောင်ဖို့ အာဏာပိုင်တွေနဲ့ ရင်းနှီးတဲ့ ဂိတ်ကြေးဆောင်မယ့် ပွဲစား တဦးကို ငှားရမ်းခဲ့ရ ပါတယ်။
အဲဒီပွဲစားကို ဂိတ်ကြေးတွေရှင်းဖို့ ကျပ် ၂၃၀၀၀ ပေးရပါတယ်။ ပွဲစားက ဆိုင်ကယ်နဲ့ ကားရှေ့ကသွားပြီး ဂိတ်တွေ တဂိတ် ချင်းစီ ရှင်းသွားပါတယ်။ ဒါတောင် ပွဲစားနဲ့ ကားဆရာ လမ်းမှာ အဆက်အသွယ်ပြတ်တောက်သွားလို့ တပ်မတော် နဲ့ BGF ပူးပေါင်းဂိတ် နားမှာ ရှေ့ဆက်သွားခွင့်မရဘဲ ကားကို လမ်းဘေးမှာ ထိုးရပ်ထားခဲ့ရပါသေးတယ်။
ကားဆရာက “ပွဲစားနဲ့ရှင်းရင် နှစ်သောင်းကျော်လောက်ပဲကျတယ်ဗျ။ ကျနော်တို့ကိုယ်တိုင် ရှင်းရင် တချို့ဂိတ်တွေက ငါးထောင်၊ တသောင်း တောင်းရင်တောင်းတာ။ မပေးလို့ ဆက်မသွားနဲ့ဆိုရင်လည်း ကျနော်တို့က ဘာမှ မတတ်နိုင် ဘူးလေ”လို့ သူက မချိတင်ကဲ ပြောပါတယ်။
ညီညာဖြောင့်ဖြူးတဲ့ အာရှလမ်းမကြီးကြောင့် ကော့ကရိတ်နဲ့ မြဝတီအကြား အချိန် ၄၅ မိနစ်နဲ့ ရောက်ပြီး ကားရော လူရော သက်သာရာရတဲ့ အတွက် စိတ်ချမ်းသာပေမယ့် မိနစ်ပိုင်းအတွင်း ဂိတ်တွေကို အလီလီအခါခါ အခွန်ပေးနေရတာ ကိုတော့ ကားသမားတွေက စိတ်ပျက် ညည်းညူနေကြတာအမှန်ပါ။