ကျယ်ဝန်းသည့် အခန်းတခုအတွင်းရှိ စားပွဲဝိုင်းကြီးတွင် ထိုင်ကာ အမျိုးသားများစွာနှင့်အတူ ရင်ဘောင်တန်း ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အမျိုးသမီးတဦး ရှိနေသည်။
လက်နက်ကိုင် အမျိုးသမီး တဦးဖြစ်ခဲ့သည့် အတွက် သူ၏ခန္ဓာကိုယ် ကြံ့ခိုင်ရေးက ပြောစရာမရှိ၊ အသက် ၅၅ နှစ် အရွယ်နှင့် မလိုက်ဖက်လောက်အောင် တက်ကြွနေသည်ကလည်း သူ့ကို စိတ်ဝင်စားစဖွယ် ဖြစ်သည်။
သူသည် လွန်ခဲ့သည့် ၂၄ နှစ်တာကာလအတွင်း ဒီမိုကရေစီ ရရှိရေးအတွက် မြန်မာစစ်အစိုးရကို တော်လှန်ခဲ့ကာ၊ ရခိုင်နယ်စပ် ဘင်္ဂလားဒေ့ရှ်ဒေသကို တောခိုခဲ့သည့် အမျိုးသမီးတဦး ဖြစ်သည်။
ထိုအမျိုးသမီးသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ အကြား ငြိမ်းချမ်းရေး ဖော်ဆောင်သည့် ဆွေးနွေးပွဲတွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ကိုယ်စားပြု အနေဖြင့် ပါဝင်နေသည့် ရခိုင်တိုင်းရင်းသူ ဒေါ်စောမြရာဇာလင်း ဖြစ်ပါသည်။
သူက နိုင်ငံရေး နယ်ပယ်ထဲ မရောက်ခင် ၁၉၈၃ ခုနှစ်မှ စတင်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရသေ့တောင်တွင် ကျောင်းဆရာမ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သေးသည်။ သူ့ဘဝ အလှည့်အပြောင်းက ၁၉၈၈ ပြည်လုံးကျွတ် ဒီမိုကရေစီ တော်လှန်ရေးကြီးတွင် စတင်ခဲ့သည်။
“၁၉၈၈ ဒီမိုကရေစီ အရေးအခင်း ဖြစ်လာတဲ့ အချိန်မှာ ကျမက စစ်တွေက လူတွေကို စုဝေးပြီးတော့ စစ်တွေ ဝင်္ကပါ ကွင်းမှာ ပထမဆုံး ဒီမိုကရေစီ တရားဟောခဲ့တယ်။ တရားဟောပြီး ကျမကို လူသိများ လာခဲ့တယ်” ဟု သူက ပြန်ပြောင်း ပြောပြသည်။
အရေးအခင်းအပြီး နောက်ပိုင်းတွင်တော့ ထိုစဉ်က စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ကြသည့် ရခိုင် တိုင်းရင်းသား များနှင့် ဒေါ်စောမြရာဇာလင်း တယောက် သွားရောက် ပူးပေါင်းလိုက်တော့သည်။
“ငါ့ကို ချစ်တဲ့ ငါနဲ့ထပ်တူထပ်မျှ ရခိုင်တော်လှန်ရေး သမားတွေရှိတဲ့ နေရာမှာပဲ ငါ သွားပြီး အလုပ်လုပ်မယ် ဆိုပြီး သွားလိုက်တာ” ဟု ဒေါ်စောမြရာဇာလင်းက တောစတင်ခိုဖြစ်ခဲ့ပုံကို ပြောသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် နယ်စပ်ဒေသကို ရောက်ရှိပြီး သူသည် ရခိုင်တိုင်းရင်းသား တော်လှန်ရေးသမားများဖြင့် ဖွဲ့စည်းထားသော National United Front of Arakan သို့ ရောက်ရှိခဲ့သည်။ ထိုအဖွဲ့အစည်းတွင် သူက တော်လှန်ရေး၊ စစ်ရေး တာဝန်များကို စတင် ထမ်းဆောင်ခဲ့သည်။ တော်လှန်ရေး နယ်ပယ်တွင် စားနပ်ရိက္ခာ၊ လက်နက် စသည့် အခက်အခဲ များစွာ ကြုံရပြီးနောက် ထိုအဖွဲ့ ယိုယွင်းသွားခဲ့သည်။ သူကတော့ မိမိ အဖွဲ့အစည်း ပြန်လည် ရပ်တည်နိုင်ရေး အတွက် ထိုင်းနိုင်ငံ ဘက်သို့ ထွက်ခွာကာ လက်နက်များ ရရှိရန် ကြိုးပမ်းခဲ့သည်။
စစ်ရေး နယ်ပယ်တွင် အမျိုးသမီး တဦးအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း စိတ်ဓာတ်ကို တင်းထား ခဲ့သည်။ စရိုက် မတူသူ အမျိုးသားများနှင့် ရင်ဘောင်တန်းကာ လှုပ်ရှားခဲ့ရသည့် သူအဖြစ်က သိပ်မလွယ်ကူလှ။ တယောက်တည်း နေရသည့် အချိန်တွင် သူ့အတွက် အဓိက အခက်အခဲမှာ ကျန်းမာရေး မကောင်းသည့်အချိန် ဖြစ်သည်ဟု ဆိုသည်။
“ကျန်းမာရေး တော်တော်မကောင်းတဲ့ အချိန်မှာ ကိုယ့်ကိုပြုစုဖို့ အမျိုးသမီးတွေလည်း မရှိဘူး။ ငှက်ဖျားကလည်း မိတယ်။ အဲဒီအထဲမှာ သွေးပြည်တည် အနာကြီးတွေ ကလည်း ပေါက်တယ်။ ပြီးတော့ အမျိုးသမီးက အမျိုးသားလို အဝတ် ၂ စုံနဲ့လည်း မလောက်ဘူး။ အမျိုးသမီးတွေ အဝတ်အစား အပိုလိုတယ်။ တယောက်တည်း အိပ်ရတဲ့ကာလ မလွယ်ဘူး” ဟု သူ ဖြတ်သန်းခဲ့ရသည့် တောခိုသည့် အကြောင်းကို ပြန်ပြောင်း ပြောပြသည်။
ဒေါ်စောမြရာဇာလင်းသည် အမျိုးသား လက်နက်ကိုင် များနှင့်သာ အတူတူ ရင်ဘောင်တန်း လုပ်ကိုင်လာခဲ့ပြီး ၂ နှစ်ကျော် ကာလ ဖြတ်သန်းပြီးမှသာ အမျိုးသမီးများကို စတင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
တောခိုနေစဉ် ရိက္ခာပြတ်လပ်မှုကို အကြီးအကျယ်ကြုံတွေ့ခဲ့ရပြီး ရိက္ခာရှာရန်အတွက် သူသည် ၁၈ နာရီ လမ်းလျှောက် ခဲ့ရသည်၊ တောထဲတွင် တောင်ယာခုတ်ပြီးလည်း အသက်မွေးခဲ့ရသည်။
“ကျမ အိပ်မက်တောင် ပြန်မမက်ရဲဘူး။ အရမ်း ကြမ်းတမ်းခဲ့တယ်။ အဲဒီအချိန်တုန်းက ကျမ မိဘ ၂ ပါး ရခိုင်ပြည်မှာ ကျန်ခဲ့တယ်။ မိဘ ၂ ပါး ကိုလည်း ကျမ ဖုန်းလည်း ဆက်သွယ်လို့ မရတော့ဘူး။ တော်လှန်ရေးမှာ ဖုန်းလည်းမရှိ၊ စားစရာလည်း မရှိတော့ ကိုယ့်စိတ်ကိုယ် ထိန်းရတာပေါ့” ဟု သူက ပြောသည်။
တောခိုနေစဉ် သူ၏ လက်ထဲတွင် ငွေ ကျပ် ၁၀၊ ၂၀ ခန့်သာရှိပြီး မြို့ပေါ်ရောက်သည့်အခါကျမှ ရင်းနှီးရာ ရခိုင် တိုင်းရင်းသား အချင်းချင်းထံမှ ပိုက်ဆံ တောင်းသုံးရခြင်းများ ရှိသကဲ့သို့ ထမီများကိုလည်း သူများထံမှ တောင်းခံကာ ဝတ်ခဲ့ရသည်ဟု ဆိုသည်။
၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံ စတင်ပြုပြင်ပြောင်းလဲသည့် နောက်ပိုင်း သမ္မတ ဦးသိန်းစိန် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာခဲ့သည်။
၂၀၁၂ ခုနှစ်တွင် မြန်မာအစိုးရက ရခိုင်ပြည်လွတ်မြောက်ရေး ပါတီကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် သူ ပြည်ဝင်ခွင့် ရခဲ့သည်။
၂၀၁၃ ခုနှစ် လိုင်ဇာ အစည်းအဝေး အပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ပေါ်ပေါက်လာခဲ့ရာ NCCT တွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ တာဝန်ပေးချင်း ခံရသည့် ပုဂ္ဂိုလ်တယောက် အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တဦးတည်းသော အမျိုးသမီး အဖြစ် ပါဝင်လာခဲ့ကြောင်း သူက ပြောပြသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ များများစားစား ပါလာဖို့လိုပါတယ်။ ကျမတို့ အမျိုးသမီးတွေ ပါလာဖို့ တောင်းဆို နေတဲ့နေရာမှာ တောင်းဆိုနေတာနဲ့ မပြီးဘူး။ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ပါလာဖို့ တောင်းဆိုကြတယ်၊ ဒါပေမယ့် လက်တွေ့မှာ ဘာမှ ဖြစ်မလာသေးဘူး” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
အမျိုးသမီးများ၏ သဘောသဘာဝ အရ သား၊ သမီးတာဝန်၊ အိမ်ထောင်၏ဝန်၊ နိုင်ငံရေးဝန် ဆိုသည့် ဝန်သုံးမျိုးကို တခါတည်း ထမ်းရသည့် အတွက် အမျိုးသမီးများသည် ရာထူးကြီးသည့် နေရာ၊ ထိပ်တန်းနေရာသို့ ရောက်ရန် သိပ် မလွယ်ကူကြောင်း၊ အမျိုးသားများသည် အိမ်ထောင် တာဝန်ရှိသည်ဟု ဆိုသော်လည်း အမျိုးသမီးများကဲ့သို့ အိမ်ထောင်၏ အသေးစိတ် တာဝန်များကို ယူရသူများ မဟုတ်ကြောင်း သူက ဆက်ပြောသည်။
“တိုက်ပွဲတွေ ဖြစ်ရင် အမျိုးသမီးတွေက မျက်မြင်ထင်ရှား ခံနေရတယ်။ တိုက်ပွဲ တခုဖြစ်ပြီဆိုရင် အမျိုးသားတွေက သေနတ်ကိုဆွဲ၊ ရှေ့တန်းနယ်မြေတွေကို သွားကြတာ ရှိသလို၊ တိုက်ပွဲပြင်းထန်ရင် နေရာတွေပြောင်းရ တာတွေ လုပ်ရတဲ့ အခါ အမျိုးသမီးတွေက ချက်ပြုတ်စရာ မရှိတာတွေ ကြုံရတယ်။ ဒုက္ခသည်တွေ အမျိုးသမီးတွေက ပိုခံရတယ်။ အမျိုးသမီး အများစုက တိုက်ပွဲတွေ ရပ်ချင်တယ်” ဟု သူက ပြောသည်။
သူ့အနေဖြင့် လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းများကို အောင်မြင် ပြီးမြောက် စေချင်ကြောင်း၊ ငြိမ်းချမ်းရေးုဖြစ်စဉ် အတွက် လုပ်ဆောင်နေသည်မှာ တနှစ်ကျော် အချိန်ကြာမြင့်လာပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက ၁၉၉၀ ပြည့်နှစ် ကာလ ကတည်းက တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သူကဆိုသည်။
“အစိုးရ ဖွဲ့လိုက်ရင်လည်း အမျိုးသမီးတွေက အနည်းစုပဲ ရှိနေတယ်။ ပါတီ အဖွဲ့အစည်းတွေ ကြည့်လိုက်ရင်လည်း အမျိုးသမီးတွေက ခေါင်းဆောင်နေရာမှာ မရှိသလောက် နည်းနေတယ်။ ခေါင်းဆောင်နေရာ မရောက်တဲ့လူတွေက လွှတ်တော် ရောက်ဖို့ ဆိုတာ မလွယ်ဘူး။ အများကြီး ကြိုးစားဖို့လိုသေးတယ်” ဟု သူက ပြောသည်။
အမျိုးသမီးများသည် နေ့တဓူဝ အိမ်အလုပ်များနှင့် အချိန်ကုန်နေကြရ သော်လည်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ ရှေ့တန်း ရောက်လာဖို့ နည်းလမ်းများ ရှာကာ ကြိုးစားရမည် ဖြစ်ကြောင်း၊ အိမ်ထောင် တာဝန်ဆိုသည်မှာ အမျိုးသားများ၏ တာဝန်လည်း ရှိသကဲ့သို့ အမျိုးသမီးများ၏ တာဝန်များလည်း ရှိကြောင်း ဒေါ်စောမြရာဇာလင်းက ဆက်ပြောသည်။
“အမျိုးသမီးတွေကို ကျမ အမြဲတမ်းပြောပါတယ်။ နိုင်ငံရေးဖြစ်စေ၊ တော်လှန်ရေးဖြစ်စေ ဒီလိုနေရာတွေကို အလုပ်လုပ် မယ်ဆိုရင် အရမ်းခက်ခဲတယ် ကြမ်းတယ်။ တော်လှန်ရေးဆို ပိုကြမ်းတာပေါ့။ ကျမတို့က မဝ ရေစာ စားသောက်ပြီး ဖြတ်သန်း ခဲ့တဲ့ ကာလတွေလည်း အများကြီးရှိတယ်။ နိုင်ငံရေး နယ်ပယ်မှာရောက်လာ ရတော့လည်း ထောင်နှုတ်ခမ်းမှာ လျှောက်ရတဲ့ ကာလတွေ ရှိတယ်” ဟု သူ့ အတွေ့အကြုံကို ပြောပြသည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲတွင် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များ ကိုယ်စားပြု၍ ဆွေးနွေးသည့် အထဲ အမျိုးသမီး ဟူ၍ သူတဦးတည်းသာ ရှိခဲ့သည်။ အမျိုးသမီး တဦး အနေဖြင့် အမျိုးသားများနှင့် ရင်ဘောင်တန်းကာ ပါဝင်ဆွေးနွေးရာတွင် အခက်အခဲ များစွာလည်း ကြုံတွေ့ခဲ့ရသည်။ ကံအားလျော်စွာ ယခုနောက်ပိုင်းတွင် သူကဲ့သို့ အမျိုးသမီး တဦး ထပ်မံပါဝင်လာသည်။ ကရင်အမျိုးသား အစည်းအရုံး၏ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဖြစ်သည်။
“စကားပြောဆိုတဲ့ နေရာမှာလည်း ယောက်ျားတွေ ပြောပြီးမှ ပြောရတာတွေ၊ အဲဒါကို ကျမအနေနဲ့ ထိုးဖောက် ရတယ်။ အဲဒီကဏ္ဍကို ကျမဝင် ဆွေးနွေးမယ်၊ ကျမ ပါးစပ်ပိတ်နေလို့မရဘူး ဆိုတာမျိုးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ရအောင် ကြိုးစားရတဲ့ အပိုင်းတွေ ရှိတယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံရှိ နယ်ပယ် အသီးသီးတွင် အလုပ်လုပ်နေသည့် အမျိုးသမီးများ ထိပ်တန်းတွင် နေရာ ရောက်ရှိသူ နည်းပါးနေသေးကြောင်း၊ ထိပ်တန်းနေရာ ရောက်လာအောင် အဘက်ဘက်မှ ကြိုးစားဖို့လိုကြောင်း၊ အမျိုးသမီးများ အနေဖြင့် နိုင်ငံရေးနှင့် ဆိုင်သည့် ဗဟုသုတများ တက်ကျွမ်းမှု၊ နည်းပညာပိုင်းဆိုင်ရာ နားလည်မှုများစွာ လိုအပ် နေသေးကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီး ခေါင်းဆောင်များ မရှိသလောက် နည်းပါးနေကြောင်း သူက ဆက်ပြောသည်။
ကြမ်းတမ်းသည့် ခရီးလမ်းများထဲတွင် သူကဲ့သို့သော အမျိုးသမီးများ စွန့်စွန့်စားစား ပါဝင်ခဲ့ကြသော်လည်း ထို အမျိုးသမီး များမှာ မိသားစုအရေးဖြင့် နောက်ဆံတင်း ကြရမြဲဖြစ်သည်။
နောက်ဆံတင်းမှုကို ဖြေလျော့ဖို့ စိတ်ဓာတ်များကို ပြင်ဆင်ရန် လိုအပ်ကြောင်းနှင့် ခက်ခဲသည့် အရာများနှင့် ကြုံတွေ့ရတိုင်း အမျိုးသမီးများ စိတ်ဓာတ်မကျဖို့ အလွန် အရေးကြီးကြောင်း သူက ပြောသည်။
လက်ရှိတွင် သူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သူ၏ ခင်ပွန်းသည်နှင့်အတူ သားတဦး၊ သမီးတဦးနှင့် မွေးစားကလေး ၃ ဦး တို့ဖြင့် အခြေချ နေထိုင်နေသည့် မိခင်တဦးလည်း ဖြစ်ပြန်သည်။ သို့သော်လည်း သူက သားသမီးများ အရေးထက် နိုင်ငံ့အရေး၊ တိုင်းရင်းသားများ အရေးတို့ကို ဦးစားပေး လုပ်ဆောင်နေသူ ဖြစ်သည်။
“ကြမ်းတမ်းတယ်ဆိုတာ လူသားအားလုံး တွေ့ကြုံရမယ့် ကိစ္စပဲလေ။ အမျိုးသမီးတွေ မညည်းငြူဖို့ အရေးကြီးတယ်” ဟု သူက ဘဝတူ အမျိုးသမီးများအတွက် အားပေး ပြောဆိုလိုက်သည်။