အိန္ဒိယတပ်များက မြန်မာနယ်စပ်ကို ဖြတ်ကျော်ဝင်ရာက်၍ အိန္ဒိယ အရှေ့မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်များ၏ စခန်းကို တိုက်ခိုက်ခဲ့သည်။ သတင်းမီဒီယာ တချို့က အဆိုပါ အဖြစ်အပျက်ကို အလျှင်အမြန် ဖော်ပြ ရေးသားခဲ့ကြသော်လည်း အသေးစိတ် အကြောင်းအရာက အနည်းငယ်မျှသာ ပေါ်ထွက်ခဲ့သည်။ ထို့အပြင် ဖော်ပြမှုများကလည်း ဝိရောဓိများ ရှိနေခဲ့သည်။ အဆိုပါ စစ်ဆင်ရေးသည် အိန္ဒိယနှင့် မြန်မာ စစ်တပ်များ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ရေးသားခဲ့သည်။ တခြားသူများက ယခုကိစ္စသည် ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်ခဲ့သော်လည်း မြန်မာနိုင်ငံမှ စစ်ကိုင်းတိုင်းနှင့် နီးကပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်များ ဖြစ်သော နာဂလန်း (Nagaland)၊ မဏိပူရ (Manipur) နှင့် အာသံ (Assam) တို့မှ လက်နက်ကိုင် အဖွဲ့များကို တိုက်ခိုက်ရာတွင် အကူအညီပေးမည်ဟု မြန်မာ အစိုးရက ကတိပြုထားသည်ဟု ဆိုကြသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တရက်တွင် နေပြည်တော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တခုတွင် တိုက်ခိုက်မှုက အိန္ဒိယ ဘက်ခြမ်းတွင်သာ ဖြစ်ပွားခဲ့သည်ဟု အခိုင်အမာ ပြောကြားခဲ့ပြီး အိန္ဒိယ နိုင်ငံအတွင်းသို့ တိုက်ခိုက်ရန်အတွက် မြန်မာနိုင်ငံကို အခြေခံစခန်းအဖြစ် မည်သည့် ပြင်ပလက်နက်ကိုင် အဖွဲ့အစည်းကမျှ အသုံးပြုနေခြင်း မရှိဟုလည်း ငြင်းဆန်ခဲ့သည်။ အိန္ဒိယတပ်က နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ခြင်းသည် ဇွန်လ ၄ ရက်နေက မဏိပူရ ပြည်နယ်တွင် အိန္ဒိယ စစ်တပ်ယာဉ်တန်းတခု ခြုံခိုတိုက်ခိုက်ခြင်းခံရပြီး တပ်သား ၁၈ ဦးလသေဆုံး၍ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် လက်တုန့် ပြန်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် လများအတွင်းတွင် အိန္ဒိယ အရှေ့မြောက် ပြည်နယ်များအတွင်း အလားတူ တိုက်ခိုက်မှုများ အတွင်း အသေအပျောက် အများဆုံးလည်း ဖြစ်သည်။
အဆိုပါ အဖြစ်အပျက်များနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ အယူအဆက ချေပရန် လွယ်ကူပါသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက ဧရာဝတီသတင်းဌာနမှ ဖော်ပြချက်အရ အိန္ဒိယ စစ်တပ်က အိန္ဒိယ ဘက်ခြမ်းရှိ နာဂတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ စခန်းများကို တိုက်ခိုက်နှိမ်နင်းခဲ့သည့် ၁၉၇၀ နှစ်များ ကတည်းက မြန်မာနိုင်ငံ အနောက် မြောက်ပိုင်းတွင် နာဂ လက်နက်ကိုင်များ၏ စခန်းများရှိနေခဲ့သည်။ ၎င်းတို့သည် အိန္ဒိယ စစ်တပ်က လက်လှမ်းမမီသည့် နေရာဖြစ်သည့် ထိုနေရာများမှနေ၍ အိန္ဒိယ နိုင်ငံအတွင်းသို့ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင် အိန္ဒိယ သတင်းထောက် ရာဂျီးဗ် ဘတ္တာချရိယ (Rajeev Bhattacharyya) နှင့် ဓာတ်ပုံဆရာ ပရာဒစ်ပ် ဂိုဂိုရီ (Pradip Gogoi) တို့သည် နယ်စပ်ကို တောလမ်းခရီးမှ ဖြတ်ကျော်ပြီး ခန္တီးမြို့ မြောက်ဘက် ချင်းတွင်းမြစ် အနီးမှ တာဂါ ကျေးရွာသို့ ရောက်ရှိခဲ့သည်။ ထိုရွာတွင် United Liberation Front of Asom [Assam] (ULFA) ၏ တပ်မှူး ပါရက်ရှ် ဘာရူအာ (Paresh Barua)၊ National Socialist Council of Nagaland ၏ အဖွဲ့ခွဲတခုဖြစ်သည့် NSCN-K မှ ခေါင်းဆောင် ရှန်ဝမ် ရှန်ယန် ကပ္ပလန် (Shangwang Shangyung Khaplang) နှင့် အိန္ဒိယ နိုင်ငံ မဏိပူရပြည်နယ်မှ လက်နက်ကိုင်များနှင့် တွေ့ဆုံ၍ အင်တာဗျူး ပြုလုပ်ခဲ့သည်။ ကပ္ပလန်သည် မြန်မာဘက်ခြမ်းမှ နာဂ တယောက် ဖြစ်သော်လည်း အိန္ဒိယမှ မဏိပူရနှင့် နာဂလန်း ပြည်နယ်များတွင် သူ့ကိုထောက်ခံသူများ ရှိနေသည်။ မြန်မာနိုင်ငံ ဘက်ခြမ်းမှ နာဂ တောင်တန်းများတွင် ကပ္ပလန်၏ သြဇာလွှမ်းမိုးနိုင်မှုကြောင့် တခြားလက်နက်ကိုင် အဖွဲ့များ စခန်းချနိုင်ခြင်းဖြစ်သည်။ ရာဂျီးဗ် ဘတ္တာချရိယက မြန်မာနိုင်ငံ၏ ဝေးလံသော ထောင့်စွန်းဒေသသို့ သွားရောက်ခဲ့သည့် သူ၏ ခရီးစဉ်နှင့် အမြင်များကို အိန္ဒိယ မီဒီယာများတွင် ဆောင်းပါး အမြောက်အများ ရေးသားခဲ့သည်။ သူ၏ ထူးခြားသည့် စာအုပ် တအုပ်ဖြစ်သော သူပုန်များနှင့် ချိန်းဆိုခြင်း – အိန္ဒိယက အလိုအရှိဆုံး လူတယောက်နှင့် တွေ့ဆုံရန် ခရီးစဉ် (Rendezvous With Rebels: Journey to Meet India’s Most Wanted Man) ကို အိန္ဒိယ နိုင်ငံတွင် ယမန်နှစ်က ထုတ်ဝေခဲ့သည်။
တာဂါ (Taga) ရွာအနီးမှ စခန်းသည် အိန္ဒိယ-မြန်မာ နယ်စပ်မှ လက်နက်ကိုင်တပ်ဖွဲ့များ မဟာမိတ်အဖွဲ့သစ်တခု၏ ဌာန ချုပ်လည်းဖြစ်သည်။ United Liberation Front of Western Southeast Asia (ULFWSA) အမည်ရှိသည့် အဆိုပါ မဟ မိတ် အဖွဲ့တွင် NSCN-K၊ ULFA နှင့် အာသံပြည်နယ်မှ အဖွဲ့ငယ် ၂ ခုတို့ ပါဝင်ကြသည်။ မဏိပူရ လက်နက်ကိုင် အဖွဲ့များ နှင့်လည်း ဆက်သွယ်မှုရှိသည်။ ရာဂျီးဗ် ဘတ္တာချရိယ၏ အဆိုအရ မြန်မာနိုင်ငံအတွင်းတွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ စခန်းပေါင်း ၆၀ ခန့် ရှိသည်ဟု သိရသည်။ တချို့မှာ တာဂါ (Taga) ရွာအနီးမှ စခန်းကဲ့သို့ စခန်းကြီးများ ဖြစ်ကြပြီး တခြား စခန်းများမှာ အလတ်စားနှင့် အငယ်စားစခန်းများ ဖြစ်ကြသည်။
NSCN-K သည် ၂၀၀၁ ခုနှစ်တွင် အိန္ဒိယ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီး မြန်မာ အစိုးရနှင့်လည်း ၂၀၁၂ ခုနှစ် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူနိုင်ခဲ့သဖြင့် ဒေသတွင်းမှ အချုပ်အချာ အာဏာပိုင် နိုင်ငံ ၂ ခုနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရယူနိုင်ခဲ့သည့် တခုတည်းသော လက်နက်ကိုင် အဖွဲ့တခု ဖြစ်လာသည်။ သို့သော်လည်း NSCN-K က ယခုနှစ် မတ်လအတွင်းတွင် မြန်မာနိုင်ငံနှင့် အပစ်အခတ် ရပ်စဲရေးကို ဖောက်ဖျက်ခဲ့ပြီး အိန္ဒိယ ဘက်ခြမ်းတွင်လည်း ခြုံခိုတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။
NSCN-K က စစ်ပွဲအတွင်းသို့ ပြန်သွားရန် မည်သည့်အတွက်ကြောင့် ဆုံးဖြတ်ခဲ့သည် ဆိုခြင်းက ရှင်းလင်းမှု မရှိသော်လည်း ULFWSA ၏ နောက်တွင် ရှိနေသည့် ဉာဏ်ကြီးရှင်က ကပ္ပလန် မဟုတ်ဘဲ ပိုမိုငယ်ရွယ်၍ တက်ကြွသော ULFA ၏ ခေါင်းဆောင် ပါရက်ရှ် ဘာရူအာ ဖြစ်သည်။ အသက် ၇၀ ကျော်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှ နာဂတောင် တန်းဒေသများ၏ အကြီးအကဲဖြစ်သော ကပ္ပလန်က မဟာမိတ်အဖွဲ့၏ တရားဝင် ခေါင်းဆောင်ဖြစ်သည်။ ရာဂျီးဗ် ဘတ္တာချရိယ နှင့် ပရာဒစ်ပ် ဂိုဂိုရီ တို့က သူနှင့် တာဂါ (Taga) ရွာတွင် တွေ့ခဲ့စဉ် ကပ္ပလန်သည် တရုတ်နိုင်ငံတွင် သူ့ဘဝ၏ အချိန်အများစုကို ကုန်ဆုံးခဲ့ရသူ ဖြစ်ကြောင်း သိခဲ့ရသည်။ ULFA တပ်ဖွဲ့ဝင်များ အသုံးပြုသည့် လက်နက်များကို တရုတ် လက်နက်ကုန်သည်များထံမှ သို့မဟုတ် ကချင် ပြည်နယ်ဘက် နယ်စပ်မှ ပန်ဝါရှိ လက်နက်စက်ရုံမှ ရရှိခြင်း ဖြစ်သည်။ ပန်ဝါသည် ဗမာပြည်ကွန်မြူနစ်ပါတီမှ တပ်မှူးဟောင်းတယောက်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့သော ဦးစခုန်တိန့်ယိန်း၏ ထိန်းချုပ်မှု အောက်ရှိဒေသတခု ဖြစ်သည်။ ဦးစခုန်တိန့်ယိန်း သည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တယောက်လည်း ဖြစ်သည်။
အဆိုပါ စက်ရုံမှ မောင်းပြန်ရိုင်ဖယ်များ၊ ပစ္စတိုများ၊ ခြောက်လုံးပြူးများနှင့် ပြောင်းတို သေနတ်များ ထုတ်လုပ်ခဲ့သည်ဟု သိရသည်။ ဦးစခုန်တိန့်ယိန်း၏ ဖောက်သည်များထဲတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ လက်နက်ကိုင်များလည်း ပါဝင်သည်။ သေနတ်များကို မြစ်ကြီးနား၊ မိုးကောင်းနှင့် ကျောက်စိမ်းထွက်သည့် ဖားကန့်ဒေသတို့မှ လမ်းများတလျှောက် မော်တော်ယာဉ်များဖြင့် တင်ပို့ခြင်း ဖြစ်သည်။ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ထားသည့် ဒေသများကို ဖြတ်ကျော်နိုင်ရန် အတွက် အခွန်ကို ငွေကြေးဖြင့်ဖြစ်စေ ပို့ဆောင်သော ပစ္စည်းဖြင့်ဖြစ်စေ ပေးရသည်။ သေနတ်များကို ခန္တီးနှင့် တခြားနေရာများသို့ လမ်းငယ်များတလျှောက် ဆက်လက် ပို့ဆောင်ပေးသည်။ တရုတ်နိုင်ငံမှ လက်နက်များကို နယ်စပ်ရှိ ရွှေလီမှ မှောင်ခိုတင်သွင်းလာပြီး လားရှိုး၊ မန္တလေးနှင့် မုံရွာမြို့များမှ တဆင့် အိန္ဒိယ နယ်စပ်သို့ သယ်ယူခြင်း ဖြစ်သည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံသတင်းစာ အများအပြားက စွပ်စွဲရေးသားသည့်အတိုင်း အိန္ဒိယ လက်နက်ကိုင်များ ကိစ္စတွင် တရုတ်နိုင်ငံက ပါဝင်ပတ်သက်နေပါသလား။ တိုက်ရိုက်တော့ မဖြစ်နိုင်ပါ။ သို့သော်လည်း အနည်းဆုံးတော့ တရုတ်နိုင်ငံ၏ ဒေသတွင်း ပထဝီနိုင်ငံရေး အကျိုးစီးပွားအတွက် တရုတ် လုံခြုံရေး အဖွဲ့များက ပို့ဆောင်ရေးလမ်းကြောင်းကို မမြင်ချင် ယောင်ဆောင်နေခြင်း ဖြစ်ကြောင်းတော့ သက်သေပြနိုင်ပါသည်။ အာသံလူမျိုးများကို နေထိုင်ခွင့်ပေးခြင်း အပြင် တရုတ် ထောက်လှမ်းရေး အရာရှိများက တာဂါ (Taga) ရွာအနီးမှ စခန်းများသို့ တကြိမ်ထက်မက လာရောက် လည်ပတ်ခဲ့ကြကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံက အိန္ဒိယ၏ အရှေ့မြောက်ပိုင်းတွင် မတည်ငြိမ်မှုများဖြစ်ရန် ပြုလုပ်ခြင်း မဟုတ်နိုင်ပါ။ သို့သော်လည်း တရုတ် အစိုးရက စိတ်ဝင်စားသည်မှာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ဆက်ဆံရေးတွင် ပွတ်တိုက်မှုများ၊ ကွဲလွဲမှုများ ဖြစ်ပေါ် လာစေရန် ဖြစ်သည်။ ပြီးခဲ့သည့် ၄ နှစ်ခန့် ကာလအတွင်းတွင် မြန်မာနိုင်ငံက ၎င်း၏ မိတ်ဆွေဟောင်း တရုတ်နိုင်ငံနှင့် ခပ်ခွာခွာ နေခဲ့ပြီး အနောက်နိုင်ငံများနှင့် သာမက အိန္ဒိယနိုင်ငံနှင့်ပါ ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ပိုမိုလှိုက်လှဲသော ဆက်ဆံရေး ရှိလာခြင်းက တရုတ်နိုင်ငံအတွက် အကျိုးမရှိပါ။ အိန္ဒိယနိုင်ငံ အတွင်းသို့ လက်နက်ကိုင် အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခြင်း၊ အိန္ဒိယ စစ်တပ်က လက်တုန့်ပြန်ခြင်း နှင့် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခြင်းစသည့် နယ်စပ်တလျှောက်မှ မတည်ငြိမ်မှုများက တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်ကို အကူအညီ ဖြစ်စေပါလိမ့်မည်။
မြန်မာ အာဏာပိုင်များက တိုင်းပြည်၏ အနောက်ဘက် နယ်စပ်မှ အဖြစ်အပျက်များနှင့် ပတ်သက်၍ စိတ်ဝင်စားမှု အနည်းငယ်သာ ရှိခြင်းကလည်း တရုတ်နိုင်ငံအတွက် အားသာချက် ဖြစ်စေခဲ့သည်။ အိန္ဒိယ လက်နက်ကိုင်များက မြန်မာစစ်တပ်ကို အနှောက်အယှက် မပေးသရွေ့ သူတို့ လွတ်လွတ်လပ်လပ် နေခွင့်ရနေကြသည်။ ဇွန်လက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော အိန္ဒိယ စစ်သားတယောက်၏ ထွက်ဆိုချက်အရနှင့် အိန္ဒိယ သတင်းစာများတွင် ဖော်ပြချက်အရ စစ်ဆင်ရေးများကို လျှို့ဝှက်ထားခဲ့ပြီး အဆိုပါဒေသမှ မြန်မာ စစ်အရာရှိများပင် မသိကြဟု သိရသည်။ အိန္ဒိယ လက်နက်ကိုင်များကို ကြိုတင် အသိပေးခြင်း မပြုလုပ်နိုင်ရန် ဖြစ်သည်။ ၎င်းအရာရှိများထဲမှ အများအပြားသည် အိန္ဒိယ လက်နက်ကိုင်များထံမှ ကာကွယ်စောင့်ရှောက်ပေးခ အနေဖြင့် ငွေကြေး ရရှိနေကြသည်ဟု အိန္ဒိယ စစ်သားက စွပ်စွဲခဲ့သည်။ ထို့ကြောင့် အိန္ဒိယ စစ်တပ်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခြင်းကို ဖြစ်ပြီးသွားသည့် အချိန်အထိ မြန်မာအစိုးရဘက်က မသိရှိခဲ့ကြောင်းလည်း ထင်ရှားစေခဲ့သည်။
ယခုကိစ္စအပြင် တခြားသော အကြောင်းများအရ မြန်မာနိုင်ငံက အိန္ဒိယ စစ်တပ်၏ စစ်ဆင်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောမတူဖို့က ပိုများနေသည်။ မြန်မာ အစိုးရသည် NSCN-K နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားပြီး အိန္ဒိယ စစ်တပ်က မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်သည့် အချိန်တွင် ကပ္ပလန်သည် အစိုးရ၏ ငြိမ်းချမ်းရေး ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ဆေးရုံတခုတွင် အနားယူနေသည်။
ပို၍ အရေးပါနိုင်သည်မှာ မြန်မာစစ်တပ်သည် ကချင်နှင့် ရှမ်းပြည်နယ်များတွင် စစ်မျက်နှာ အများအပြား ဖွင့်လှစ်ထားရပြီး ကချင်၊ ပလောင်နှင့် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဆင်နွဲနေရသည်မှာ နှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိခိုက်ကျဆုံးမှုလည်း များပြားနေသည်။ မြန်မာစစ်တပ်တွင် တိုင်းပြည်အတွင်း တခြားသော စစ်မျက်နှာများ ထပ်ဖွင့်ရန်အတွက် အရင်းအမြစ်ရော လူအင်အားပါ မရှိပါ။ အိန္ဒိယနိုင်ငံ၏ စစ်ပွဲများက မြန်မာစစ်တပ် အတွက် ဦးစားပေး မဟုတ်သလို အစီအစဉ်တွင်လည်း မပါဝင်ပါ။ အကယ်၍ မြန်မာစစ်တပ်က အိန္ဒိယနှင့် ပူးပေါင်း စစ်ဆင်ရေးအတွက် သဘောတူလိုက်လျှင် အစိုးရက အစဉ်တစိုက် ငြင်းပယ်ခဲ့သော အချက်တခုဖြစ်သည့် မြန်မာဘက် အခြမ်း နယ်စပ်တွင် အိန္ဒိယ လက်နက်ကိုင် အဖွဲ့များ၏ စခန်းများ ရှိနေသည်ကို ဝန်ခံလိုက်သလို ဖြစ်သွားပါလိမ့်မည်။ ထိုသို့ဝန်ခံဖွယ်လည်း မရှိပါ။
ထို့ကြောင့် လက်နက်ကိုင်အဖွဲ့များက နယ်စပ်ဖြတ်ကျော်၍ အိန္ဒိယ နိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခြင်း နှင့် အိန္ဒိယ စစ်တပ်က မြန်မာ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်၍ တုန့်ပြန် တိုက်ခိုက်ခြင်းများကို ပိုမို မြင်တွေ့လာရနိုင်ပါသည်။ ထို့ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် မတည်ငြိမ်မှုများ ဆက်လက် ဖြစ်ပေါ်နေလိမ့်မည် ဖြစ်သည့်အတွက် နောက်ဆုံးတွင် တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့ အလိုရှိရာကို ရရှိသွားနိုင်ပြီး မြန်မာနိုင်ငံက လက်တွေ့ အခြေအနေများကို ငြင်းပယ်နေသည်နှင့် အမျှ အနာဂတ်တွင် အိန္ဒိယနှင့် မြန်မာနိုင်ငံကြားမှ ဆက်ဆံရေးအပေါ် သက်ရောက်မှုတခု ဖြစ်ပေါ်စေ နိုင်ပါသည်။
သို့သော်လည်း အိန္ဒိယစစ်တပ်က နယ်စပ်ကို ကျော်ဖြတ်၍ အိန္ဒိယ လက်နက်ကိုင် အဖွဲ့များကို ဝင်ရောက် တိုက်ခိုက်ရန် မြန်မာဘက်က သဘောတူညီခဲ့သည်ဟု ဇူလိုင်လ ၂၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံမှ The Asian Age သတင်းဌာနက ရေးသားခဲ့သည်။ မြန်မာနိုင်ငံသားများ ထိခိုက်မှု မရှိစေရဆိုသည့် ကန့်သတ်ချက်ဖြင့် သဘောတူညီခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုသည်။
ဇူလိုင်လ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရာဂျ်နတ် ဆင်း (Rajnath Singh) တို့ တွေ့ဆုံခဲ့ပြီးနောက် ထိုသို့ သဘောတူခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်များက ၎င်းတို့ကို ပြောကြားကြောင်း The Asian Age သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး အဂျစ် ဒိုဗယ် (Ajit Doval) နှင့် ပူးတွဲထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ အာ. အန်. ရာဗီ R.N. Ravi တို့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Bertil Lintner ၏ Mysterious Motives: India’s Raids on the Burma Border ကို နိုင်မင်းသွင် ဘာသာပြန်သည်။