စီးပွားရေးဘွဲ့လွန် သင်တန်းတက်နေတဲ့ အသိမိတ်ဆွေတဦးက ၂၀၀၄ ခုနှစ်မှာ မိတ္တူပွားထားတဲ့ စာအုပ်တအုပ် လက်ဆောင်ပေးပါတယ်။ ဒီစာအုပ်က ဒီမှာတော့ တရားဝင် ဖြန့်တာ၊ ရောင်းတာ မရှိဘူး၊ ဒါပေမယ့် သင်တန်းတွေမှာတော့ ဆွေးနွေးတယ်၊ ဂျာနယ်လစ်ဆိုတော့ အသုံးဝင်လိမ့်မယ်ဆိုပြီး မိတ်ဆွေက လက်ဆောင်ပေးလိုက်တာပါ။
တဖြည်းဖြည်း ဖတ်ကြည့်လိုက်တော့ စိတ်ဝင်စားစရာ တော်တော် ကောင်းပါတယ်။ အဲဒီစာအုပ်ကို မှီးပြီး ဆောင်းပါးတချို့လည်း ရေးဖြစ်ခဲ့ပါတယ်။ အဲဒီစာအုပ်က Myat Thein ရဲ့ Economic Development of Myanmar ပါ။ စင်ကာပူနိုင်ငံရှိ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျုကနေ ၂၀၀၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ။
အဲဒီစာအုပ်ကို စင်ကာပူမှာ ထုတ်ဝေခဲ့ပြီး ၁၀ နှစ်အကြာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ “မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆန်းစစ်ချက်” ဆိုပြီး သက်ထွန်းဦးက ဘာသာပြန်ဆိုကာ ထုတ်ဝေလိုက်ပါပြီ။ ဆယ်စုနှစ်တခုအတွင်း မြန်မာဘာသာပြန် ထွက်ပေါ်မလာတာနဲ့ ပတ်သက်ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) လည်း ဖြစ်တဲ့ စာရေးသူ ဦးမြတ်သိန်းက “မိမိအနေဖြင့် စေတနာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မည်သူ၊ မည်သည့်အဖွဲ့အစည်းကိုမျှ ထိခိုက်စေလိုသော ဆန္ဒ မရှိသော်လည်း ထိုအချိန် အစိုးရအနေဖြင့် အထင်အမြင် လွဲမှားမည်စိုး၍ မပြန်လိုသေးပါ” ဟု ၂၀၀၆ ခုနှစ်က ပြောဖူးကြောင်း အမှာစာမှာ ရေးထားပါတယ်။
ပါမောက္ခ ဦးမြတ်သိန်းက ၁၉၄၈ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတက်အကျတွေကို ဖော်ပြထားပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်အုပ်ချုပ်ရေးအောက် ဆိုရှယ်လစ်ခေတ်၊ ၁၉၈၈ နောက်ပိုင်း စစ်အုပ်ချုပ်ရေးအောက်မှ ဈေးကွက်စီးပွားရေးစနစ်တို့ကို ကဏ္ဍအလိုက် ခြုံငုံသုံးသပ် ဖော်ပြထားပါတယ်။
ဗြိတိသျှ ကိုလိုနီလက်ထက်တွင် ပျိုးထောင်ခဲ့တဲ့ ပြည်သူ့ဝန်ထမ်းစနစ်ဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်ဘက်က ပုဂ္ဂိုလ်တွေနဲ့ အစားထိုး နေရာယူမှုကြောင့် ပျက်စီးခဲ့ကြောင်း၊ အမိန့်ပေး ထိန်းချုပ်တဲ့ စီးပွားရေးစနစ် ပေါ်ထွန်းခဲ့ကြောင်း ဦးမြတ်သိန်းက ထောက်ပြထားပါတယ်။ စစ်တပ်ပိုင် စီးပွားရေး ဦးပိုင်လီမိတက် (UMEHL) ရဲ့ လက်ဝါးကြီး အုပ်မှုများ၊ လက်တဆုပ်စာ လူတစုရဲ့ အခွင့်ထူးရယူမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ၊ ခရုနီလူတန်းစား ပေါ်ပေါက်လာပုံတွေ အကြောင်းလည်း သုံးသပ်ဖော်ပြထားပါတယ်။
၁၉၅၀ ပြည့်နှစ် အစောပိုင်းကာလက အရှေ့တောင်အာရှ နိုင်ငံများအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့ကြတဲ့ မြန်မာနိုင်ငံဟာ သယံဇာတ အလွန်အကျွံ ထုတ်ယူသုံးစွဲမှု၊ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြားမှာ ဘယ်လို ချွတ်ခြုံကျပြီး အဆင်းရဲဆုံး ဖြစ်သွားရသလဲဆိုတာကို သဘောပေါက် သိမြင်စေမယ့် ကိန်းဂဏန်း အချက်အလက်တွေ၊ ဇယားတွေ၊ မြန်မာနဲ့ နိုင်ငံတကာ ပညာရှင်အသီးသီးရဲ့ သုံးသပ်ချက်တွေနဲ့ တွေ့ရမှာဖြစ်ပါတယ်။
ပိုင်းခြားထားတဲ့ ခေတ်တခေတ်စီအလိုက် လယ်ယာ၊ စက်မှု၊ သစ်တော၊ သတ္ထု၊ သွင်းကုန်ပို့ကုန် စတာတို့နဲ့ ပတ်သက်ပြီး အသေးစိတ် သုံးသပ်ချက်တွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍ အတက်အကျ တို့ကိုလည်း ထည့်သွင်းထားပြီး ပညာရေးကို နိုင်ငံရေးအရ လိုသလို မူဝါဒပြောင်းလဲခဲ့ပုံကိုလည်း ခေတ်အလိုက် သုံးသပ်ထားပါတယ်။ စီးပွားရေးစနစ် အသွင်ကူးပြောင်းရာမှာ အစိုးရ ဝင်ရောက်စွက်ဖက်မှုနဲ့ စီးပွားရေးတည်ငြိမ်မှုတို့ အဆက်အစပ်ကိုလည်း ဗီယက်နမ်၊ လာအို၊ ဟောင်ကောင်၊ စင်ကာပူတိုနဲ့ နှိုင်းယှဉ် ဆွေးနွေးထားပါတယ်။
စစ်အစိုးရ အနေနဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို လက်မခံတာ၊ ခေတ်အဆက်ဆက် မှားယွင်းမှုတွေနဲ့ ပတ်သက်လို့ အဝေဖန် မခံတာတွေကိုလည်း ဖြစ်ရပ်အလိုက် တွေ့နိုင်ပါတယ်။ လမ်း၊ တံတား၊ အထပ်မြင့် အဆောက်အအုံများ ခေတ်မီလာမှုကို စီးပွားရေး တိုးတက် တည်ငြိမ်မှုလို့ မှားယွင်းထင်မှတ်နေပုံကို ဝေဖန်ထားပြီး စစ်အစိုးရလက်ထက် တလျှောက်လုံး ဓာတ်ပြားဟောင်းကြီး အဖြစ် ကြားခဲ့ရတဲ့ လမ်း၊ တံတား၊ အဆောက်အအုံ တိုးတက်မှုတွေဟာ ခိုင်မာတဲ့ စီးပွားရေးအခြေခံမရှိရင် အချည်းနှီး ဖြစ်တဲ့အကြောင်းလည်း ထောက်ပြထားပါတယ်။
လန်ဒန်မြို့ရှိ၊ အရှေ့တိုင်းနဲ့ အာဖရိကလေ့လာကျောင်းက ပါမောက္ခ အန်နီ ဘုသ် (Anne Booth) ကတော့ “အာရှမှ နားလည်ရန် မလွယ်ကူဆုံးသော နိုင်ငံတနိုင်ငံ၏ စီးပွားရေးကို လေ့လာရာတွင် မရှိမဖြစ် အရေးပါလှသော စာအုပ်တအုပ်” လို့ ညွှန်းပါတယ်။
ဒီနေ့ခေတ် အစိုးရအနေနဲ့ ပြီးခဲ့တဲ့ အစိုးရတလျှောက်က အမှားတွေ၊ သင်ခန်းစာယူစရာတွေ အများကြီးကို ထင်ဟပ် ဖော်ပြနေဆဲဖြစ်တဲ့ စာအုပ်ကောင်း တအုပ်ဖြစ်ပါတယ်။
ပါမောက္ခ ဦးမြတ်သိန်း နိဂုံးကောက်ချက်ချခဲ့ စကားတခုက ရွေးကောက်ပွဲဆီ တရွေ့ရွေ့ နီးကပ်လာတဲ့ မြန်မာနိုင်ငံအဖို့ အကောင်းဆုံး ဟောကိန်း ဖြစ်နေပါသေးတယ်။ “စိတ်လှုပ်ရှားဖွယ် ကောင်းသောအချိန်မှာ မြန်မာတို့အတွက် ခေါင်းဆောင်ကောင်း ရရှိမှုနှင့် ကောင်းမွန်စွာ ပြဋ္ဌာန်းနိုင်သည့် အစိုးရတရပ်ကို ရှာဖွေတွေ့ရှိသည့်အချိန်ဖြစ်ပြီး ယင်းအချိန်တွင် မြန်မာတို့အနေနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတနိုင်ငံကို ကောင်းစွာ တွေ့မြင်နိုင်မည် ဖြစ်ပါသည်” ဆိုတဲ့ ပါမောက္ခ ဦးမြတ်သိန်းရဲ့ ဟောကိန်းပါပဲ။
* ***
စာအုပ်အမည် – မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆန်းစစ်ချက် – မြတ်သိန်း
ဘာသာပြန်သူ – သက်ထွန်းဦး
ထုတ်ဝေသူ – Wisdom House
ပထမအကြိမ် – စက်တင်ဘာ၊ ၂၀၁၅
တန်ဖိုး – ၆၀၀၀ ကျပ်