မြန်မာနိုင်ငံတွင် ၂၀၁၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကာလနှင့် ကျင်းပရန် နီးကပ်လာပြီ ဖြစ်သည့် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကာလကိုနှိုင်းယှဉ်ပါက ၂၀၁၅ ရွေးကောက်ပွဲကာလ၌ အွန်လိုင်းအသုံးပြုမှု အားကောင်းလာသည်ကို တွေ့ရမည်ဖြစ် သည်။
အဓိက လူမှုကွန်ရက်တခု ဖြစ်သည့် ဖေ့စ်ဘုတ် အသုံးပြုမှုသည်လည်း တနှစ်ထက်တနှစ် သိသိသာသာ မြင့်မားလာပြီး ဖေ့စ်ဘုတ် မှတဆင့် နိုင်ငံရေး ဆိုင်ရာ ပြောဆို ရေးသားမှုများသည်လည်း တဖြည်းဖြည်း များပြားလာသည်ကို တွေ့ရသည်။
အစိုးရကလည်း ရွေးကောက်ပွဲကာလအတွင်း လူမှုကွန်ရက် အွန်လိုင်း စာမျက်နှာများ၌ အမုန်းတရားများနှင့်ပတ်သက်ပြီး သွေးထိုး လှုံ့ဆော်မည့်သူများကို တားဆီးကာကွယ်ရန် အတွက် အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ဖော် အသိပေးထား သည်။
မကြာသေးခင် ကာလကစ၍လည်း ဖေ့စ်ဘုတ်တွင် အစိုးရအရာရှိများကို သရော်ထားသည်များနှင့် ပတ်သက်ပြီး ဖမ်းဆီး အရေးယူ မှုများလည်း ရှိလာသည်။
ဖေ့စ်ဘုတ် စာမျက်နှာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ခြေဖြင့် နင်းထားသည့်ပုံ ဖြန့်ဝေ(Share)ခဲ့သည့် အမျိုးသားတဦးကို ပထမဆုံး ဖမ်းဆီးမှု ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ ယင်းအမှုအပေါ် ပြည်သူများ အကြား သတိထားမှု နည်းပါးခဲ့ကြောင်း သိရသည်။
သို့သော် ဒုတိယမြောက် ဖမ်းဆီးခြင်း ခံရသည့် ဧရာဝတီတိုင်း မအူပင် မြို့နယ်မှ မချောစန္ဒီထွန်း အမှုမှ စပြီး အရပ်သား အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်တွင် အသက်သွင်းခဲ့သည့် ဆက်သွယ်ရေး ဥပဒေ၊ အီလက်ထရွန်နစ် ဥပဒေများနှင့် အရေးယူမှုကို သတိ ထားမိမှု များလာကြသည်။
ဖေ့စ်ဘုတ်တွင် ချစ်သမီး အမည်ဖြင့် အသုံးပြုသည့် မချောစန္ဒီထွန်းသည် မကြာခင် လပိုင်းကမှ ပြောင်းလဲ ဝတ်ဆင်ခဲ့သည့် တပ် မတော် ဝတ်စုံအရောင် အစိမ်းနုရောင်ကို ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သည့် ထဘီ အစိမ်းနုရောင်နှင့် နှိုင်းယှဉ်ပြီး ဓာတ်ပုံ ယှဉ် တွဲ ဖော်ပြခဲ့သည့်အတွက် ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)မှ ဒုဗိုလ်မှူးကြီး ကျော်ထင်က မအူပင်မြို့မ ရဲစခန်းတွင် တရားလို ပြုလုပ်၍ အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄(ဃ) ဖြင့် အောက်တိုဘာ ၁၂ ရက်နေ့က အမှုဖွင့်လှစ်ခဲ့ပြီး ချက်ချင်းဆိုသလို ဖမ်းဆီးအရေးယူခဲ့သည်ကို တွေ့ရသည်။
မိန်းကလေးဖြစ်သော်လည်း ချက်ချင်း အရေးယူခြင်းသည် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အစိုးရအရာရှိများ အပေါ် ပြည် သူ များ အကြည်ညိုပျက်စေမည့် ဝေဖန်မှု၊ သရော်မှုများ လုပ်ဆောင်လျှင် ချက်ချင်း အရေးယူနိုင်ကြောင်း သိရှိစေရန် အစိုးရ ဘက် က ဖေ့စ်ဘုတ် လူမှုကွန်ရက် သုံးစွဲသူများကို အသိပေး ခြိမ်းခြောက်လိုက်သည့် သဘော တွေ့ရသည်ဟု နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုကြသည်။
ထိုသို့ ဝေဖန်ပြောဆိုမှုများ ရှိနေဆဲမှာပင် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကချင်တိုင်းရင်းသား တဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ထပ်မံ ဖမ်းဆီးခဲ့သည်။
ယင်း ကချင်တိုင်းရင်းသားသည် အမျိုးသမီးအရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများ လှုပ်ရှားဆောင်ရွက်နေသည့် မမေစံပယ်ဖြူ၏ ခင်ပွန်း ပက်ထရစ် ခွန်ဂျာလီ ဆိုသူ ဖြစ်ကြောင်း သိရသည်။
ပက်ထရစ် ခွန်ဂျာလီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှော်ပြောင်သရော်ထားသည့် ဓာတ်ပုံကို ၎င်းအသုံးပြုနေသည့် ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် ရှယ်လိုက်သည့်ကိစ္စကြောင့် ဖမ်းဆီးတရားစွဲဆိုခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင် လူငယ်တဦး ဖြစ်သူ ချောစန္ဒီထွန်း၊ ကချင်တိုင်းရင်းသား ပက်ထရစ် ခွန်ဂျာလီ တို့ကို ဖမ်းဆီးထိန်းသိမ်း လိုက်ခြင်းသည် လွှတ်တော် နိုင်ငံရေး ပြင်ပတွင် တက်ကြွလှုပ်ရှားစွာ ဆောင်ရွက်နေသည့် ဒီမိုကရက်တစ် အင်အားစုများကို ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း ကျောင်းသား ခေါင်းဆောင် မင်းသွေးသစ်က ပြောကြားသည်။
“နိုင်ငံရေး သမားတယောက်ကို အစိုးရက ကြိုက်တဲ့ အချိန်မှာ ကြိုက်တဲ့ ပုဒ်မနဲ့ အချိန်မရွေး ဖမ်းထည့်နိုင်တယ်။ အခုက အရင်ပုံစံနဲ့ ဘာမှ မပြောင်းလဲသေးပါဘူး။ နောက်ပြီးတော့ တက်ကြွ လှုပ်ရှားသူတွေအတွက် ဆက်ပြီးတော့လည်း အန္တရာယ် ဖြစ်ဦးမှာ။ ဒီနေ့လွှတ်ပြီး မနက်ဖြန် ပြန်ထည့်လို့ ရလောက်အောင်ကို သူတို့ဘက်က အဆင်သင့် ရှိနေတယ်။ ဥပဒေတွေကလည်း အဲဒီလို ဖမ်းချုပ်နိုင်အောင် ပြဌာန်းထားတာတွေ ရှိတယ်။ အခု အီလက်ထရွန်နစ် ဥပဒေကလည်း ဒီအတိုင်းပဲ”ဟု ဖမ်းဆီးခံထားရပြီး အမှု ရင်ဆိုင် နေရသည့် ကျောင်းသား ခေါင်းဆောင် မင်းသွေးသစ် က ဆိုသည်။
ပက်ထရစ် ခွန်ဂျာလီ ဖမ်းဆီးခံရပြီး နောက် အောက်တိုဘာလ ၁၆ ရက်နေ့က နိုင်ငံရေး လောကထဲက မဟုတ်သည့် ကိုလူဇော် စိုးဝင်း ဆိုသူ တဦးကိုလည်း အီလက်ထရွန်နစ် ဥပဒေ ပုဒ်မ ၆၆(ဃ) နှင့် အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ကိုလူဇော်စိုးဝင်း၏ အမှုသည် လက်တလော ဖမ်းဆီးခံရသည့် အမှုများနှင့် မတူသည့် အချက်မှာ ၎င်း နာမည်နှင့် ကိုယ်ပိုင် အချက် အလက်များ ပါသည့် မှတ်ပုံတင်ဓာတ်ပုံကို အသုံးပြုထားသည့် ဖေ့စ်ဘုတ်အကောင့် တခုက အစိုးရ အရာရှိများကို ဆဲဆိုခဲ့သည့် အတွက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ထို့ကြောင့် အီလက်ထရွေန်နစ် အမှုများ ဖွင့်ပြီး လက်ရှိ တရားစွဲဆိုခြင်းများကို ကြည့်မည် ဆိုလျှင် မိမိ သဘောနှင့် ဖြစ်စေ၊ မိမိ သဘောဆန္ဒမပါဘဲ အခြားတဦးဦး ပယောဂကြောင့် ဖြစ်စေ အစိုးရအား သရော်ဝေဖန်သည့် သဘော သက်ရောက်စေသော ကလစ်တချက် နှိပ်ရုံဖြင့် ဖေ့စ်ဘုတ်သုံးစွဲသူ ပိုင်ရှင်တွင် အပြစ်ရှိနေပြီ ဖြစ်ကြောင်း တွေ့ရသည်။
“သုံး လေးယောက်လောက် အဖမ်းခံရပြီ ဆိုတော့ တော်တော်လေးကို ဆင်ခြင်ရမယ့်ကိစ္စ ဖြစ်လာပြီ။ အရင်တုန်း ကတော့ ဥပဒေ တွေကတော့ ရှိတယ်။ ဒါပေမယ့် ဘာမှ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့တဲ့အတွက် ဥပမာ- လွတ်လွတ်လပ်လပ် ရေးလို့ရတယ်လို့ ယူဆခဲ့ကြတာပေါ့။ ဒီဥပဒေအရ အွန်လိုင်းအပေါ် သက်ရောက်မှု ရှိနေတာဆိုတော့ အဓိက ပြောချင်တာက ရွေးကောက်ပွဲ မတိုင် ခင် နည်းနည်း သတိထားဖို့ပါ”ဟု စစ်အစိုးရလက်ထက်က အီလက်ထရွန်နစ် ဥပဒေဖြင့် ပြစ်ဒဏ်ကျခံခဲ့ဖူးသူ ဘလော့ဂါကိုနေဘုန်းလတ် က ဆိုသည်။
ကိုလူဇော်စိုးဝင်း အရေးယူခံရပြီးနောက် သမ္မတ ဦးသိန်းစိန်ကို ကဗျာတွင် ထည့်သွင်း ရေးသား သရော်ခဲ့သဖြင့် NLD အဖွဲ့ဝင် လူ ငယ်တဦး ဖြစ်သည့် ကဗျာဆရာ မောင်ဆောင်းခ ကို အီလက်ထရွန်နစ် ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူထားကြောင်း အကြောင်း ပြန်ခဲ့သည်။
မောင်ဆောင်းခ အနေနှင့် သမ္မတကို သရော်ထားသည့် ကဗျာကို ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာတွင် တင်ပြီးနောက် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူသုံးစွဲနေသည့် ဖေ့ဘုတ်စာမျက်နှာတွင် ရှယ်ခဲ့ခြင်းကြောင့် လူသိပိုများသွားခဲ့ကြောင်း သိရသည်။
ရှယ်ပြီး မကြာခင် နာရီပိုင်းအတွင်း မောင်ဆောင်းခ နေထိုင်သည့် ရန်ကုန်မြို့ ရွှေပြည်သာ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ၏ စောင့်ကြည့်ခြင်းကို ခံနေရကြောင်း၊ မောင်ဆောင်းခ အနေနှင့်လည်း လုံခြုံသည့်နေရာတွင် ရှိနေကြောင်း ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် အသိပေး ရေးသားထားသည်ကို တွေ့ရသည်။
ဖေ့စ်ဘုတ်လို လူမှုကွန်ရက် သုံးစွဲမှု သိသိသာသာ တိုးတက်လာသည့် မြန်မာနိုင်ငံတွင် ယင်းသို့ သရော်စာများ၊ ဝေဖန်စာများ ရေးသား၊ ထောက်ခံ၊ ဖြန့်ဝေခြင်းများ ယဉ်ပါးနေကြသည့်အတွက် ယခုလိုအချိန်တွင် များစွာ သတိထားရမည် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုကြသည်။
ဖေ့စ်ဘုတ်တွင် ရှယ်ခြင်း၊ ဝေဖန်ပြစ်တင်ခြင်းများ ပြုလုပ်နေသည့် အစိုးရ အရာရှိ များစွာလည်း ရှိနေပြီး ၎င်းတို့၏ ဝေဖန်ပြစ် တင် သရော်မှုများသည်လည်း ဥပဒေ ပြင်ပတွင် ရှိမနေသင့်ကြောင်း နိုင်ငံရေး စောင့်ကြည့်လေ့လာသူ တဦးကလည်း ဝေဖန်ပြောကြား သည်။
“ဥပဒေရဲ့ အထက်မှာ အစိုးရ အရာရှိတွေ ရှိနေတယ်ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူး။ သူတို့ကြတော့ ပြောချင်သလို ပြော၊ ဝေဖန် ချင်သလို နာမည်တပ် ဝေဖန်ပြီး ဘာမှ အရေးမယူတာမျိုးတော့ မလုပ်နဲ့ပေါ့။ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်ရမှာပဲ”ဟု ၎င်းက ဆိုသည်။
ဖေ့စ်ဘုတ်နှင့် ပတ်သက်ပြီး ထင်ရှားသည့် ဖြစ်ရပ်တခုမှာ ဖေ့စ်ဘုတ်သုံးစွဲမှုဖြင့် လူသိများခဲ့သည့် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်၏ ဇနီးက ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာ ကျစေသော ကွန်ပျူတာဖြင့် ပြုပြင်ထားသည့် ဓာတ်ပုံကို မျှဝေခဲ့သည့်အတွက် ဦးရဲထွဋ် က ဒေါ်အောင်ဆန်းစုကြည်ကို လူချင်းတွေ့ တောင်းပန်ခဲ့သည်ဟု သတင်းများအရ သိရသည်။ သို့သော် ဦးရဲထွဋ်၏ ဇနီးအနေနှင့် တရားစွဲဆိုခံခဲ့ရခြင်းကိုတော့ မကြားသိရပါ။
ဖေ့စ်ဘုတ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုသည့် အစိုးရဘက်မှ ထင်ရှားသူများကို ပြောမည်ဆိုလျှင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေလည်း တဦး အပါအဝင် ဖြစ်သည်။ ဦးလှဆွေ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင်လည်း မကြာခဏ ဆိုသလို ဒေါ်အောင်ဆန်းစုကြည် ပါတီ ဖြစ်သည့် NLD ကို ဝေဖန်ရေးသားမှု ပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။
အစိုးရနှင့် တပ်မတော်ကို ဖေ့စ်ဘုတ်တွင် ဝေဖန်သရော်မှုများအား အမှုဖွင့် အရေးယူခြင်းများ ရှိလာသလို တဘက်တွင်လည်း အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘုတ်ပေါ်၌ ဝေဖန်သရော်ခဲ့သည့်အတွက် ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစည်သူအောင်က အောက်တိုဘာလ ၁၇ ရက်တွင် အမှုဖွင့်တရားစွဲဆိုခဲ့ပြီးနောက် ၃ ရက် အကြာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
လက်ရှိ အစိုးရဘက်မှ တရားစွဲဆိုနေသည့် ဥပဒေပုဒ်မများကို ကြည့်မည်ဆိုလျှင် ဥပဒေ နှစ်ခုဖြင့် တရားစွဲဆိုနေသည်ကို တွေ့ရ မည် ဖြစ်သည်။
စစ်အစိုးရ လက်ထက်တွင် အတည်ပြု ပြဌာန်းခဲ့သည့် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပေဒ ဖြစ်ပြီး ယင်းဥပဒေဖြင့် စစ်အစိုးရလက်ထက်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ဇာဂနာ၊ နေဘုန်းလတ် အပါအဝင် နိုင်ငံရေး လှုပ်ရှားသူ များစွာကို တရားစွဲဆို ထောင်ချခဲ့သည်။
လက်ရှိ အရပ်သား အစိုးရဟု ခေါ်ဆိုနေသည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် အသစ်တဖန် ပြဌာန်းခဲ့သည့် ဆက်သွယ်ရေး ဥပဒေ နှင့်လည်း တရားစွဲဆိုနေသည်ကို တွေ့ရသည်။
“ဒီဥပဒေတွေက စစ်အစိုးရလက်ထက်ကတည်းက နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေကို နှိပ်ကွပ်ဖို့လုပ်ထား တာပဲ။ ဒါကို ဖိနှပ် ချုပ်ချယ်တဲ့ ဥပဒေလို့ပဲ ပြောရမှာဖြစ်ပါတယ်။ အခုလိုပဲ ပြည်သူလူထုအတွက် မလိုအပ်တဲ့ဥပဒေတွေ အများကြီးပဲ။ ဒါတွေဟာ ပြည်သူ အားလုံးလိုလားတဲ့ ဒီမိုကရေစီအစိုးရ လက်ထက်ဖြစ်လာရင် ဒါတွေကို ဖျက်ပစ်ရမှာပဲ”ဟု တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။
လက်ရှိတွင် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တို့ဖြင့် အဓိက တရားစွဲဆိုနေသည်ကို တွေ့ရသည်။
အီလက်ထရွန်နစ် ဆက်သွယ်ဆောက်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ) တွင် အဖွဲ့အစည်း တခုခု(သို့မဟုတ်) လူပုဂ္ဂိုလ် တဦးဦးကို ထိ ခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖြစ်စေ။ သတင်းအချက်အလက်များကို အီလက်ထရွန်နစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း(သို့မဟုတ်) ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလတ်ကို ဖြန့်ဝေခြင်းဟု ဖော်ပြထားသည်။
ယင်းပုဒ်မ အတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် ငွေဒဏ် ကျပ် သိန်း ၅၀ မှ ၁၀၀ အထိ ကျခံရနိုင်ပြီး ငွေဒဏ် မဆောင်ပါက ထောင် ဒဏ် တနှစ်မှ သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
နောက်ပုဒ်မ တခုဖြစ်သည့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦး ဦး အား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်း လုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။
ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။
ထို့ကြောင့် ဖေ့စ်ဘုတ် လူမှုကွန်ရက် အသုံးပြုသူများသည် ပြဌာန်းချက် အမျိုးမျိုးဖြင့် ရှိနေသည့် အီလက်ထရွန်နစ် ဥပဒေနှင့် ငြိစွန်း မှုမရှိစေရန်အတွက် ဖြန့်ဝေခြင်း(Share)များ၊ သဘောထား ထင်မြင်ချက်(Comment) ရေးသားခြင်းများ၊ Like လုပ်ခြင်းများကို အထူး သတိထားရမည့် အခြေအနေ ဖြစ်နေပါသည်။ ။
ဧရာဝတီ သတင်းထောက် ထွန်းထွန်း ပူးပေါင်း ရေးသားသည်။