ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် NLD ပါတီ အောင်ပွဲခံနိုင်သည့်အတွက် ပြည်သူအများ ပျော်ရွှင်နေကြသော်လည်း လွတ်လွတ်လပ်လပ် မပျော်ရွှင်နိုင်သူများ ရှိနေပါသည်။ ၎င်းတို့ကတော့ အစ္စလမ်ဘာသာဝင်များ ဖြစ်ကြသည်။
အကြောင်းမဲ့ စိုးရိမ်မှုတော့ မဟုတ်ပါ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLDပါတီမှ နေရာအားလုံး အနိုင်ရပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သော အဓိကရုဏ်းများနှင့် အမျိုးဘာသာ သာသနာဆိုသည့် အဖွဲ့အစည်းများ အားကောင်းလာကာ မွတ်စလင် မုန်းတီးစိတ်များ ပေါ်ပေါက်လာလာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများစသည့် အကြောင်းခြင်းရာများကို အခြေခံကာ စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲ မတိုင်ခင်မှာ ကောလာဟလတွေကလည်း အများကြီးကြားရတော့ အရမ်းစိုးရိမ်မိတယ်” ဟု ချမ်းမြသာစည် မြို့နယ်၊ ချမ်းရှေ့ရပ်နေ အစ္စလမ် ဘာသာဝင်တဦးဖြစ်သူ ဦးခင်မောင်ထွေးက ပြောသည်။ “ရွေးကောက်ပွဲမတိုင်ခင် တရက် အလိုလောက်မှာ လူတွေ အမြဲစည်ကားနေတဲ့ လမ်းမကြီးတွေကို ခြောက်ကပ်ကုန်တယ်” ဟု သူကဆိုသည်။
ဘာသာရေးကို ဇောင်းပေးသည့် ပါတီများ ၂၀၁၅ ရွေးကောက်ပွဲတွင် ပေါ်ပေါက်လာသကဲ့သို့ ဘာသာရေး၊ လူမျိုးရေး ထိုးနှက်ချက်များဖြင့် မဲဆွယ်စည်းရုံးမှုများ ရှိခဲ့သည့်အတွက် အစ္စလမ် ဘာသာဝင်များ အနေဖြင့် ရွေးကောက်ပွဲ ကာလတွင် အဓိကရုဏ်းများ ဖြစ်လာလေဦးမလားဆိုသည့် ပူပန်မှုများရှိခဲ့ကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် ဦးညီညီကျော်က ပြောသည်။
“အခုမှပဲ စိတ်တော်တော် အေးသွားတယ်။ ရွေးကောက်ပွဲမှာ မဲသွားပေးဖို့ကို စိုးရိမ်ကြပေမယ့် သီးခြားခွဲထွက်နေခြင်းမရှိဘဲ တာဝန်သိ နိုင်ငံသား တယောက်အနေနဲ့ မဲရုံကို တန်းစီပြီး မဲသွားပေးခဲ့တဲ့ မွတ်စလင်တွေကိုလည်း ဂုဏ်ယူမိပါတယ်” ဟု ဦးညီညီကျော်က ရွေးကောက်ပွဲ ကျင်းပပြီးနောက် ငါးရက်အကြာတွင် ဧရာဝတီသို့ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲ ခုံရုံးအနေဖြင့် နေပြည်တော်တခုတွင်သာ ရှိသော်လည်း ၂၀၁၅ ရွေး ကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ် ၁၄ခုစလုံး၌ ရွေးကောက်ပွဲခုံရုံးများ ထားရှိသောကြောင့် ရွေးကောက်ပွဲလွန်ကာလတွင် အငြင်းပွားမှုများ ပိုမိုကြုံတွေ့ရနိုင်သည်ဆိုသော ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။ ထို့အတူပင် ရွေးကောက်ပွဲနောက်ပိုင်း မဲရလဒ် အငြင်းပွားမှုများမှ မြစ်ဖျားခံကာ တခြားသောပြဿနာများ တက်လာလေမလားဆိုသည့် စိုးရိမ်မှုများလည်း အစ္စလမ် ဘာသာဝင်များတွင် ရှိနေပေသေးသည်။
ရွေးကောက်ပွဲဆိုင်ရာ မဲရလဒ် အငြင်းပွားမှုများမှတဆင့် ပထမအနိုင်ရရှိသူ ကိုယ်စားလှယ်လောင်းအား အကြောင်း တစုံတခုရှာကာ ပယ်ချလိုက်ပြီး ဒုတိယလူကို တင်မြှောက်လိုက်သည့် ဖြစ်စဉ်မျိုး ဖြစ်လာခဲ့ပါက လူထုအနေဖြင့် လမ်းပေါ်ကို တက်လာနိုင်ကြောင်း၊ ထိုအချိန်တွင် မိမိတို့အစ္စလမ် ဘာသာဝင်များမှာ အဖွဲ့အစည်း တစုံတခု၏ နိုင်ငံရေးကစားကွက်ထဲ ကျရောက်သွားလေမလားဆိုသည့် စိုးရိမ်မှုများတော့ ကျန်ရှိနေဆဲဖြစ်ကြောင်း ဦးညီညီကျော်က ပြောသည်။
ရွေးကောက်ပွဲ မကျင်းပခင်ကလည်း လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ပေါ်ပေါက်လာမည်ကို လွန်စွာစိုးရိမ်ခဲ့ပြီး ရွေးကောက်ပွဲလွန် ကာလကိုလည်း ပိုမို၍ စိတ်ပူမိကြောင်း မန္တလေးမြို့ စကြာနွယ်စင် ရပ်ကွက်နေ အစ္စလမ်ဘာသာဝင်တဦးက ပြောသည်။
စကြာနွယ်စင်ရပ်ကွက်မှာ အစ္စလမ်ဘာသာဝင် အများစုနေထိုင်သော ရပ်ကွက်ကြီးတခုဖြစ်ပြီး လွန်ခဲ့သော တနှစ်ကျော်က စကြာနွယ်စင်ရပ်ကွက်၊ ၇၅လမ်း၊ ၃၅လမ်းထောင့်၌ ယာဉ်မတော်တဆမှု အသေးစားတခုဖြစ်ပေါ်ပြီး ထိုမှတဆင့် လူစုလူဝေး ဖြစ်လာကာ ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်သူများ ပေါ်ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုစဉ်အချိန်က သံဃာတော်များ၊ မြို့မိမြို့ဖများ၊ လုံခြုံရေးတာဝန်ရှိသူများမှ အချိန်မီ ဝိုင်းဝန်း ထိန်းသိမ်းနိုင်လိုက်သောကြောင့် ပြဿနာ ကြီးကြီးကျယ်ကျယ် မတက်ခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုအနေဖြင့် အမှုအသေးအဖွဲ အနည်းငယ်သာ ရှိသေးပြီး မဲရလဒ်နှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်း အချင်းချင်း ကန့်ကွက်သည့်အမှုမျိုး ယနေ့အထိ လုံးဝမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ဒုညွှန်မှူး ဦးကျော်ကျော်စိုးက နိုဝင်ဘာ ၁၂ ရက်နေ့က ဧရာဝတီသို့ ပြောသည်။ ခရိုင်အစီရင်ခံစာ မိမိတို့ ထံတက်လာမှ အမှုအရေအတွက်ကို အတိအကျ ပြောနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
အမှန်တကယ်အားဖြင့်် မန္တလေးမြို့ခံ အစ္စလမ်ဘာသာဝင်များ စိုးရိမ်စိတ်ပေါ်လာသည်မှာ ရွေးကောက်ပွဲနီးမှ မဟုတ်ပါ။ မိထ္တီလာ အဓိကရုဏ်း နောက်ပိုင်းကတည်းက အစ္စလမ်ဘာသာဝင် အများစုနေထိုင်ရာ စကြာနွယ်စင်၊ ကုလားပျို၊ ဂျွန်းတန်း၊ ၄၁ ပန်းဆတ်၊ သိုးခြံအစရှိသည့် မန္တလေး ရပ်ကွက်ကြီးများတွင် ညစဉ်ညတိုင်း အစ္စလမ်လူငယ်များမှာ အလှည့်ကျ ကင်းစောင့် တာဝန်ယူခဲ့ရသည်ကို တွေ့မြင်နေရသည်။
ထို့အတူပင် သင်္ကြန်၊ သီတင်းကျွတ် စသည့် မြန်မာ့ရိုးရာ ပွဲတော်ကြီးများတွင် ယခင်တုန်းက မန္တလေးမြို့ခံ မွတ်စလင် လူငယ်များ ဝင်ရောက် ဆင်နွှဲလေ့ရှိသော်လည်း ၂၀၁၂ နောက်ပိုင်းတွင်မူ မြင်တွေ့ရခြင်း မရှိတော့ပါ။
မိမိတို့ဘက်မှလည်း မွတ်စလင် လူငယ်များအား လူအများအပြား ဆင်နွှဲသော ပွဲတော်များတွင် ဝင်ရောက် ဆင်နွှဲခြင်းမပြုရန် ပြောဆို ထိန်းသိမ်းထားကြောင်း အမျိုးသားညီညွှတ်ရေး ကွန်ဂရက်ပါတီမှှ ဒုဥက္ကဌ (၄) ဦးခင်မောင်သိန်းက ပြောသည်။ ဦးခင်မောင်သိန်းသည် ချမ်းအေးသာစံ မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အထက်မြန်မာပြည်၏ တဦးတည်းသော မွတ်စလင် ကိုယ်စားလှယ်လောင်း ဖြစ်သည်။
“မြန်မာရိုးရာ ပွဲတော်တွေထဲမှာ ဆင်နွှဲရင်း လူငယ်သဘာဝ ရန်တွေဘာတွေဖြစ်ခဲ့ရင် မုတ်ဆိတ်တွေနဲ့ဆိုပြီး ပြဿနာက ပိုကြီးသွားနိုင်လို့ အတတ်နိုင်ဆုံး ထိန်းသိမ်းရတာပါ” ဟု ၎င်းက ရှင်းပြသည်။
နိုင်ငံတော်သည်လည်း အသွင်ကူးပြောင်းကာလကို အေးအေးဆေးဆေးနှင့် သွားနေသည်ဟု ယုံကြည်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွန်စွာ အမျှော်အမြင်ကြီးသော ခေါင်းဆောင်တဦး ဖြစ်သကဲ့သို့ နိုင်ငံတကာမှလည်း စောင့်ကြည့်နေခြင်းကြောင့် ပြဿနာ အသေးအမွှားမှတပါး တခြားကိစ္စများ ဖြစ်လာနိုင်စရာမရှိဟု ဦးခင်မောင်သိန်းက ယူဆသည်။
မိမိတို့ ရွေးကောက်ပွဲ ကော်မရှင်တွင် အားနည်းချက်၊ ချို့ယွင်းချက်များ ရှိသော်လည်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ကြောင်း၊ ထွက်ပေါ်လာသည့်ရလဒ်ကို ရှုံးတဲ့လူကလည်း ကျေနပ်ပါ။ နိုင်တဲ့သူကလည်း အေးအေးဆေးဆေး နေပါဟု အကြံပြုလိုကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ဒုညွှန်မှူး ဦးကျော်ကျော်စိုးက ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲလွန် ကာလတွင် စိုးရိမ်စိတ်များ လျှော့နည်းလာပြီ ဖြစ်သော်လည်း အစိုးရသစ် မဖွဲ့နိုင်မချင်း စိုးရိမ်မှုများတော့ ကျန်ရှိနေဦးမည်ဖြစ်ကြောင်း မန္တလေးမြို့ခံမွတ်စလင် တဦးဖြစ်သူ ဦးနေဝင်းက ပြောသည်။
“အသိစိတ်ထဲမှာတော့ သိပ်မစိုးရိမ်တော့ဘူး။ မသိစိတ်ထဲတော့ စိုးရိမ်နေတုန်းပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။
(ဖိုးစမ်းချောင်း (GG)သည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)