နိုဝင်ဘာလ ၁၃ ရက် ညပိုင်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် သေနတ်ဖြင့် ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၁၂၉ ဦး သေဆုံးခဲ့ရပြီး ၃၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အစ္စလမ်မစ် အကြမ်းဖက် ISIS အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပြင်သစ် သမ္မတ ဖရန်စစ် ဟော်လန် (François Hollande) က ညှာတာမှုမထားဘဲ လက်တုန့်ပြန်သွားမည်ဟု ကတိပြုခဲ့ပြီး ကမ္ဘာ့ခေါင်း ဆောင်များကလည်း ပြင်သစ်နိုင်ငံနှင့်အတူ ရပ်တည်သွားမည်ဟု ပြောကြားခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ သိထားပြီးသည့် အချက်များ၊ မသိသေးသည့် အချက်များကို ဖော်ပြလိုက်ပါသည်။
အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သိထားပြီးသည့် အချက်များ
စုစုပေါင်း လူ ၁၂၉ ဦး သေဆုံးခဲ့ရသည်။ အများစုမှာ Bataclan ကပွဲခန်းမတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ပါရီမှ အစိုးရ ရှေ့နေတဦး ဖြစ်သည့် ဖရန်စစ် မိုလင် (François Molins) ၏ အဆိုအရ သိရသည်။ ဒဏ်ရာ ရသူ ၃၅၂ ဦးရှိပြီး ၉၉ ဦးခန့်မှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်။
AP သတင်းဌာန၏ သတင်းဖော်ပြချက်အရ ပါရီမြို့ အနီးမှ Stade de France ဘောလုံးကွင်း အနီးတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားတွေက လေဟာပြင် စားသောက်ဆိုင်တွေ ရှိတဲ့နေရာမှာ သေနတ်တွေနဲ့ အရပ်မျက်နှာ အားလုံးကို စတင်ပစ်ခတ်ခဲ့ကြတယ်လို့ ပြင်သစ် ရုပ်သံလိုင်းတွေမှာ သတင်းဖော်ပြခဲ့ပါတယ်” ဟု BBC မှ Katya Adler က ဆိုသည်။ Bataclan ကပွဲရုံကို ပစ်ခတ်အပြီးတွင် သေနတ်သမားများက လူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ထိန်းသိမ်း ထားခဲ့သည်ဟု ပြင်သစ်ရဲအဖွဲ့က ပြောသည်။ နောက်ပိုင်းတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်၍ အခြေအနေကို ထိန်းသိမ်းခဲ့ရသည်။
အကြမ်းဖက်သမား ၇ ဦးသေဆုံးခဲ့ပြီး ၎င်းတို့ထဲမှ ၆ ဦးက အသေခံဗုံးခွဲမည့် ပေါက်ကွဲစေတတ်သော ကိုယ်ကျပ်ဝတ်စုံများ ဝတ်ဆင်ထားကြသည်ဟု ပြင်သစ်တာဝန်ရှိသူများက ပြောသည်။
ပြင်သစ်သမ္မတ ဖရန်စစ် ဟော်လန်က ပြင်သစ်နိုင်ငံ တခုလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ပြင်သစ်နိုင်ငံ နယ်စပ်တလျှောက်ကို ပိတ်ထားမည်ဟု ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏ ရုံးက တိုင်းပြည်ကို ပိတ်ထားမည်မဟုတ်ဘဲ နယ်စပ်ကိုသာ ထိန်းချုပ်ထားမည်ဟု ရှင်းလင်းခဲ့၏။
ပေါက်ကွဲမှုဖြစ်ပွားသည့် အချိန်တွင် ဂျာမန်နှင့် ပြင်သစ်လက်ရွေးစင် အသင်းများ ချစ်ကြည်ရေးကစားပွဲ ယှဉ်ပြိုင်နေချိန် ဖြစ်သည်။ ပွဲပြီးသည့် အချိန်တွင် အားကစားကွင်း အတွင်း၌သာ ဆက်နေကြရန် ပရိသတ်များကို ပြောခဲ့ကြသည်။ အကြမ်းဖက်သမားများထဲမှ တဦးကို အားကစားကွင်းအတွင်းသို့ မဝင်ရောက်ရန် လုံခြုံရေးများက တားဆီးခဲ့သည်ဟု လုံခြုံရေးတဦးနှင့် ရဲအဖွဲ့က Wall Street ဂျာနယ်သို့ ပြောသည်။
ISIS အဖွဲ့ကို တိုက်ခိုက်ရန်အတွက် မဟာမိတ်အဖွဲ့တခု ဖွဲ့စည်းရန် ပြင်သစ်သမ္မတ ဖရန်စစ် ဟော်လန်က အမေရိကန် နှင့် ရုရှားကို တောင်းဆိုလိုက်သည်။ အကြမ်းဖက်မှုကို ဆီးရီးယားတွင် စီစဉ်၍ ဘယ်လ်ဂျီယံတွင် လူစုပြီး ပြင်သစ်တွင် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ပြင်သစ် သမ္မတက ပြင်သစ်ပါလီမန်သို့ ပြောကြားခဲ့သည်။ လာမည့် ၂ နှစ် အတွင်းတွင် ရဲတပ်ဖွဲ့ဝင်ဦး ရေ ၅၀၀၀ ထပ်မံတိုးချဲ့ရန် နှင့် ကာကွယ်ရေး အသုံးစရိတ်ကို ထပ်မံဖြတ်တောက် လျှော့ချခြင်းများ မပြုလုပ်ရန် ပြင်သစ်သမ္မတက ပါလီမန်သို့ တောင်းဆိုခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက ဆိုသည်။
အကြမ်းဖက်သမားများနှင့် ပတ်သက်၍ သိရှိပြီး အချက်များ
တိုက်ခိုက်မှုများကို ၎င်းတို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ISIS က ကြေညာခဲ့သည်။ ဆီးရီးယားနှင့် အီရတ်တွင် ၎င်းတို့အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်ရာတွင် ပြင်သစ်နိုင်ငံက ပါဝင်ခဲ့ခြင်းအတွက် ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း သူတို့၏ ပြောဆိုမှုက မှန်ကန်မှု ရှိ မရှိ မရှင်းလင်းသေးသော်လည်း တိုက်ခိုက်သူများသည် ISIS အဖွဲ့၏ လူသိများသည့် အဖွဲ့ဝင်များနှင့် ဆက်သွယ်မှု ရှိသူများ ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြသည်။
တိုက်ခိုက်သူ တဦးမှာ အသက် ၂၉ နှစ်အရွယ် ပြင်သစ်နိုင်ငံသား အစ္စမေးလ် အိုမာ မိုစတက်ဖိုင် (Ismaël Omar Mostefaï) ဖြစ်သည်ဟု ဖော်ထုတ်နိုင် ခဲ့သည်။
တခြား အကြမ်းဖက်သမားထဲမှ ၂ ဦးမှာ ပြင်သစ်တွင် မွေးဖွားခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံတွင် နေထိုင်သူများ ဖြစ်သည်ဟု ပြင်သစ် အစိုးရရှေ့နေ ဖရန်စစ် မိုလန်က ပြောသည်။ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည်ဟု ယူဆရသော ဘယ်လ်ဂျီယံတွင် နေထိုင်သည့် ပြင်သစ်နိုင်ငံသား အဗ်ဒယ်ဆလမ် ဆာလာ (Abdeslam Salah) ကို ရှာဖွေနေသည်ဟု ပြင်သစ်ရဲ အဖွဲ့ကပြောသည်။
ABC News, Reuters, The Guardian နှင့် တခြားသတင်းဌာနများ၏ အဆိုအရ (ဒုက္ခသည်တဦး ပိုင်ဆိုင်သည်ဟု ယူဆရသော) ဆီးရီးယား နိုင်ငံကူး လက်မှတ်တခုကို အကြမ်းဖက်သမားတဦး၏ အလောင်းအနီးတွင် တွေ့ရသည်ဟု သိရသည်။ ဂရိနိုင်ငံမှတဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း တွေ့ရသည်ဟုလည်း ဆိုသည်။ သို့သော်လည်း အဆိုပါ နိုင်ငံကူးလက်မှတ်သည် အကြမ်းဖက်သမား နှင့် သက်ဆိုင်ခြင်း ရှိ မရှိ ရှင်းလင်းစွာ မသိရသေးပါ။
ပူးပေါင်းကြံစည်သူများကို ဆက်လက်ရှာဖွေလျှက်ရှိပြီး ယခုအချိန်အထိ လူ ၇ ယောက်ကို ဖမ်းဆီးထားပြီး ဖြစ်သည်ဟု ဘယ်လ်ဂျီယံ အာဏာပိုင်များက ဆိုသည်။ သို့သော်လည်း နောက်ပိုင်းတွင် ၅ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
ပြင်သစ်နိုင်ငံတလွှားတွင် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ လုံခြုံရေးအဖွဲ့များက ဝင်ရောက် စီးနင်းရှာဖွေမှု ၁၆၈ ကြိမ်ပြုလုပ်ခဲ့ပြီး လူ ၂၃ ဦးကို ဖမ်းဆီးခဲ့၍ ၁၀၄ ဦးကို နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိသည်ဟု ဘီဘီစီ သတင်းတခုက ဆိုသည်။ ဒါဇင်နှင့် ချီသော လက်နက်များ ဖမ်းဆီးမိခဲ့သည်ဟုလည်း သိရသည်။
တိုက်ခိုက်ခံရသည့် နေရာများ
Bataclan ကပွဲရုံ။ ။ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လူ ၈၉ ဦးသေဆုံးခဲ့ရသည်။ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာတွင် အကြမ်းဖက်သမား ၄ ဦး အသေဖမ်းမိခဲ့သည်။
La Belle Equipe စားသောက်ဆိုင်။ ။ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦးသေဆုံးခဲ့ရသည်။
Le Carillon ဘား နှင့် Le Petit Cambodge စားသောက်ဆိုင်။ ။ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ရသည်။
La Casa Nostra စားသောက်ဆိုင်။ ။ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လူ ၅ ဦးသေဆုံးခဲ့ရသည်။
Stade de France အားကစားကွင်း။ ။ အကြမ်းဖက်သမား ၃ ဦးနှင့် ဘေးမှာရှိနေသူတဦး သေဆုံးခဲ့သည်။
မသိရသေးသည့် အချက်များ
အကြမ်းဖက်သမားများက မည်သူဖြစ်သည်ကို အလုံးစုံ မသိရသေးပါ။ ISIS က သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း သူတို့၏ ကြေညာချက်က မီဒီယာသတင်းများတွင် အကြိမ်ကြိမ်ပြောနေရုံမျှသာ ဖြစ်ပြီး သူတို့ အမှန်တကယ် ကျူးလွန်ခဲ့ခြင်း ဟုတ် မဟုတ် မသိရသေးပါ။
အသေအပျောက်စာရင်းအတိအကျကို မသိနိုင်သေးပါ။
Ref: Vox.com