အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စကားလုံးဖြစ်တဲ့ “ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ဆောင်ပုဒ်ဟာ ရှမ်းပြည်နယ် တောင်ပိုင်းက “ရွှေမည်း” လို့ တင်စားခေါ်တဲ့ “ဘိန်း” ကို စိုက်ပျိုးကြတဲ့ တောင်သူတွေရဲ့ ရင်ထဲ ထိထိ ရောက်ရောက် ဝင်ရောက်ခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြောင်းလဲချိန် တန်ပြီ ဆိုတဲ့ စကားလုံးအတိုင်း ကျနော်တို့လည်း ပြောင်းလဲချင်ပြီ။ ဒီဘိန်းကို မစိုက်ချင်တော့ဘူး။ ဒါပေမယ့် ဘယ်လို ပြောင်းလဲ ရမလဲ။ ခုကျနော်တို့ စိုက်နေတဲ့ သီးနှံတွေထဲမှာ ဘိန်းတခုပဲ ဝမ်းရေးအာမခံချက် ရှိတာ၊ ဘိန်းမစိုက်ရင် ဘာနဲ့စားရမလဲ”လို့ အသက်မွေးဝမ်းကျောင်း စိုက်ပျိုးရေးအဖြစ် စိုက်ပျိုးနေသူ ဘိန်းစိုက် တောင်သူတဦးက ပြောပြပါတယ်။
ဘိန်းစိုက် တောင်သူတွေဟာ ၂၀၁၀ မတိုင်ခင်က ကြက်သွန်၊ အာလူး၊ ပြောင်းဖူးနဲ့ စပါးတွေကို စိုက်ပျိုးခဲ့ကြပါသေးတယ်။ စိုက်တဲ့ သီးနှံတွေအားလုံး ဖြစ်ထွန်းပါတယ်။ ဒါပေမယ့် မြို့ပေါ်ကိုရောက်အောင် ပို့တဲ့အခါ၊ စိုက်ပျိုးတဲ့အခါမှာ လုပ်အားခ၊ သယ်ယူ ပို့ဆောင် စရိတ်၊ ကုန်ကျစရိတ် တွေနဲ့ မကာမိဘဲ အရှုံးကြီး ရှုံးခဲ့ကြပါတယ်။
ဒါ့အပြင် ဘိန်း အစားထိုးသီးနှံအဖြစ် ပန်းဂျုံကို စမ်းသပ်စိုက်ပျိုးခဲ့ကြပါသေးတယ်။ မြေကလည်းကောင်းတော့ ပန်းဂျုံလည်း ဖြစ်ထွန်း ပါတယ်။ ဒါပေမယ့်လည်း ဝယ်သူမရှိလို့ နောက်ဆုံး လွှင့်ပစ်လိုက်ရတဲ့အတွက် အချိန်တွေရော လုပ်အားခတွေပါ ဆုံးရှုံးခဲ့ရပြန်ပါတယ်။
တခါ ပြောင်းဖူးတွေကို မြင်သာထင်သာရှိတဲ့ တောင်ကုန်းတောင်တက်တွေမှာ တမျှော်တခေါ်စိုက်ကြသလို ရွာမျက်နှာစာနဲ့ လူမြင်ကွင်းတွေ၊ လမ်းဘေးတလျှာက်မှာ စိုက်ပျိုးခဲ့ကြပါတယ်။ ပြောင်းဖူးပင်တွေလည်း ဖြစ်ထွန်းသန်မာပါတယ်။ ပြောင်းဖူးခင်းတော်တော် များများကို ကြည့်လိုက်ရင် တပင်ကို ၈ ပေကနေ ၁၀ ပေလောက်ထိမြင့်ပါတယ်။ ပြောင်းဖူးတွေလည်း တပင်ကို ၃ ဖူး၊ ၄ ဖူးလောက်ထွက်တာကို တွေ့ရပါတယ်။
ဒါပေမယ့် အဝယ်ဒိုင်တွေက ကြိုပွိုင့်စနစ်နဲ့ဈေးနှိမ်ဝယ်တော့ ဈေးကာင်းမရတဲ့အဖြစ်က နှစ်တိုင်းကြုံနေရပါတယ်။ ပြောင်းဖူး မျိုးစေ့ ကိုလည်း ဓာတ်ခွဲထားတဲ့ ပြောင်းဖူးစေ့ကမှ အဖူးပိုထွက်တာမို့ ဈေးကြီးပေးဝယ်ရတော့ ဈေးကြီးပြန်၊ အလုပ်သမားခ၊ သယ်ယူပို့ဆောင် စရိတ်နဲ့ မကိုက်ပြန်တော့ ပြောင်းဖူးခင်းတွေဟာ ဘိန်းခင်းတွေရှေ့မှာ အပြစိုက်တဲ့ အခြေအနေ ရောက်သွားရပြန်ပါတယ်။
လက်ရှိ အစိုးရလက်ထက်မှာလည်း ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးဆိုတဲ့ အဖွဲ့တွေ နှစ်စဉ်ရောက်လာကြပေမယ့် ဟန်ပြ သက်သက် လောက်သာ ဖြစ်ပြီး ထိရောက်တဲ့ လက်တွေ့ကျကျ ဆောင်ရွက်မှုတွေ မရှိဘူးလို့ ဘိန်းစိုက်တောင်သူတွေက ဆိုပါတယ်။
ဒီလိုအခြေ အနေတွေကြောင့် ဘိန်းဟာ သူတို့ရဲ့ အဓိက အသက်မွေးဝမ်းကျောင်း စိုက်ပျိုးရေးအဖြစ်ကို ဆက်လက် နေရာယူနေဆဲဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကာလမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ(USDP) ဒေသ စည်းရုံးရေးမှူးတချို့က သူတို့ပါတီကို မဲထည့်လို့ ပါတီအနိုင်ရရင် ဘိန်း လွတ်လွတ်လပ်လပ် စိုက်ခွင့်ရမှာဖြစ်တဲ့အကြောင်း မဲဆွယ်စည်းရုံးမှုတွေလုပ်ခဲ့တော့ ဘိန်းစိုက် တောင်သူတွေဟာ USDP ကို ဝိုင်းဝန်း မဲထည့်ခဲ့ကြတယ်လို့ သိရပါတယ်။
ဘိန်းကိုလည်း ဆတိုးစိုက်ခဲ့ကြကြောင်း၊ အရင်က တဧက စိုက်သူတွေဟာ ၃ ဧကလောက်အထိ တိုးစိုက်ခဲ့ ကြကြောင်း၊ တချို့ရွာတွေ ဆိုရင် အိမ်ခြံဝင်းထဲအထိတောင် စိုက်လာကြောင်း ဘိန်းစိုက် တောင်သူတွေက ဆိုပါတယ်။
အဘိုး အဘွား လက်ထက်ကတည်းက ဘိန်းစိုက်လာခဲ့ကြတဲ့ တောင်ပေါ်သားတွေဟာ လွန်ခဲ့နှစ် ၂၀ လောက်ကအထိတောင် တရာသီကို တဧကလောက် စိုက်ထားရင် တမိသားစုလုံး နှစ်ပေါက် ထိုင်စားလို့ရတယ်လို့ ဆိုပါတယ်။ အခု လက်ရှိအချိန်မှာတော့ တနှစ်ကို မိုးသီး၊ ဆောင်းသီး စိုက်တဲ့အပြင် နွေကို ရေသွင်းပြီးပါ သုံးရာသီလုံး သုံးသီးစားစိုက်လာကြတယ်လို့လည်း ပြောပါတယ်။
ဆတိုးစိုက်ခဲ့ကြလို့ ဘိန်းစိုက်သူတွေ ပိုများလာပြီး အထွက်နှုန်းတွေ တိုးလာတဲ့အတွက် ဘိန်းဈေးတွေလည်း တရိပ်ရိပ်ထိုးကျ လာ တာ ကို သူတို့ လက်တွေ့ကြုံခဲ့ကြရပါတယ်။
၂၀၁၃ ခုနှစ်က ဘိန်းမည်း တပိဿာ ကို ကျပ် ၇ သိန်း ဈေး ပေါက်ရာကနေ အခု ၂၀၁၅ ခုနှစ်မှာ ဘိန်းမည်း တပိဿာ ကို ကျပ် ၄ သိန်းခွဲ သာ ရှိပါတော့တယ်။ ဒီအချိန်မှာ ကြိုပွိုင့် စနစ်နဲ့ ဝယ်နေတဲ့ ပြောင်းဖူးစေ့ တပိဿာရဲ့ ဈေးနှုန်းက ကျပ် ၃၀၀ ပါ။
အတိုက်အခံပါတီကြီး ဖြစ်တဲ့ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက် ပွဲ ထက် သက်ဝင်လှုပ်ရှားမှုတွေရှိပြီး လူထုရင်ခုန်သံကို နှိုးဆွခဲ့ပါတယ်။ မြို့ပြတွေမှာသာမကဘဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့ ဘိန်းစိုက် ဒေသတွေမှာပါ စိတ်လှုပ်ရှားဖွယ်ရာတွေ ကူးစက်ခဲ့ပါတယ်။
ရွေးကောက်ပွဲမဲဆွယ်ကာလမှာ မြို့ပြတွေပေါ်မှာ မဲဆွယ်စည်းရုံးမှုတွေ အပြိုင်အဆိုင် လုပ်နေကြသလို ဘိန်းစိုက် ဒေသက ကျေးရွာတွေမှာလည်း ဘိန်းစိုက်တောင်သူတွေဟာ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ကြတယ်။ မြို့ပေါ်မှာလိုပဲ ဒီရွာတွေမှာ အဓိက ပြိုင်ဆိုင်အား ပြင်းထန်တာကတော့ NLD နဲ့ USDP တို့ပဲဖြစ်ပါတယ်။
ရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးရေးအရှိန်ဟာ ဘိန်းစိုက်သူတွေကြားမှာတောင် ၂ ပိုင်းကွဲသွားပြီး “ဒါကတော့ ကြံ့ခိုင်ရေး ထောက်ခံ သူ အခင်း” “ဒါကတော့ NLD ထောက်ခံသူ အခင်း” ရယ်လို့ ဖြစ်သွားကြတာကို တွေ့ရပါတယ်။ ရွာထဲမှာလည်း “သူတို့ကတော့ NLD တွေ” “ငါတို့ကတော့ ကြံ့ခိုင်ရေးတွေ” ဆိုပြီး နှစ်ဖွဲ့ကွဲနေတာ တွေ့ရပါတယ်။
USDP ပါတီ ရပ်ကျေး စည်းရုံးရေးမှူး တချို့ကလည်း NLD ကိုမဲပေးရင် ဘိန်းစိုက်ပျိုးမှုတွေ ရပ်တန့်သွားနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့အတွက် လွတ်လွတ်လပ်လပ် ဆက်ပြီး စိုက်ပျိုးချင်ရင် သူတို့ကို မဲပေးဖို့ စည်းရုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို စည်းရုံးမှုတွေကြားကပဲ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်းက ဘိန်းစိုက်သူတွေက NLD ကို မဲအပြတ်ပေးခဲ့ကြပါတယ်။ NLD လည်း ဒီဒေသမှာ မဲအပြတ်နိုင်ခဲ့ပါတယ်။
NLD ပါတီကို ထောက်ခံတဲ့ ဘိန်းစိုက်တောင်သူတဦးက“NLD အစိုးရဖြစ်လို့ ဘိန်းမစိုက်ရမှာကို ကျနော်တို့ မကြောက်လန့် ပါဘူး။ လက်ရှိ အစိုးရထက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလိမ့်မယ်လို့ ကျနော်တို့က ယုံကြည်တယ်”လို့ ပြောဆိုပါတယ်။
ဘိန်းစိုက် တောင်သူတွေဟာ တရာသီကို တအိမ်ထောင် ကျပ် ၅ သောင်းကနေ ၁ သိန်းအထိ ဒေသတွင်းမှာရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ကတဆင့် အခွန်ဆောင်ရတယ်လို့လည်း တောင်သူတွေက ပြောပြပါတယ်။
“ကျနော်တို့က ဘိန်းစိုက်ပြီး သူတို့ကိုလုပ်ကျွေးနေသလို ဖြစ်နေတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် သေနတ်ကိုင်ထားတဲ့ သူတွေ ဆိုရင် အကုန်အခွန်ပေးနေရတယ်။ ကိုယ်က ဘိန်းစိုက်နေရတဲ့ သူတွေဆိုတော့ ရွာကို လာရင်တောင် ရဲဘော်လောက်ပဲ ဖြစ်ဖြစ် အဘ၊ အဘ ခေါ်နေရတယ်။ ဒီဒုက္ခကလည်း မသေးဘူး”လို့ ဘိန်းစိုက်သူတဦးက ညည်းညူပါတယ်။
တောင်သူတွေက သူတို့စိုက်နေတဲ့ဘိန်းတွေဟာ မကောင်းဘူး အဆိပ်ရှိတယ်ဆိုတာကို သူတို့လည်း သိကြေပေမယ့် လက်ရှိ အခြေ အနေအရ ရွေးခြယ်စရာမရှိတဲ့အတွက် စိုက်ပျိုးနေကြရတာလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောသလို “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့အတိုင်း ဒီအပြောင်းအလဲမှာ သူတို့ ဓားမဦးချ စိုက်ပျိုးလာတဲ့ ဘိန်း စိုက်ပျိုးရေးကို ပြောင်းလဲချင်နေကြတယ်လို့လည်း ပြောပါတယ်။
ဘိန်းတောင်သူတွေက သူတို့ အဘိုးအဘွား လက်ထက်က စိုက်လာခဲ့တဲ့ ဘိန်းစိုက်ပျိုးမှုကို ပြောင်းလဲဖို့ဆိုရင် တတ်သိ ပညာရှင်တွေ စေလွှတ်ပြီး ဒေသရေမြေသဘာဝနဲ့ ကိုက်ညီတဲ့ အစားထိုးသီးနှံ စိုက်ပျိုးရေး ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့နဲ့ ဒေသထွက် သီးနှံတွေကို လွတ်လပ်ပြီး အာမခံချက်ရှိတဲ့ ဈေးကွက်တွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ပြောဆိုကြပါတယ်။ ။